← Chapters

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း ၂၃၉

Vol. 24 Ch. 239

အပိုင်း ၂၃၉

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ထို့အပြင် ဤနေရာသို့ ရောက်ပြီးကတည်းက ဝံပုလွေဘုရင် ယန်ယန်အား ဆိုလွန် မမြင်ခဲ့ရချေ။ ထိုအစား ယန်နိုင်အာကသာ တပ်ကို ဦးဆောင်နေ၏။

ယန်နိုင်အာ တိုက်ပွဲဝင်ရန် တပ်များကို ခေါ်ဆောင်သွားသည့် အချိန်တိုင်း၌ လူအနည်းငယ်ကိုသာ ခေါ်သွားလေ့ရှိသည်။ တစ်ခါတစ်ရံ၌ လူတစ်ရာအောက် သို့မဟုတ် ဆယ်ယောက်အောက်ပင် နည်းပါးတတ်သေး၏။

သို့သော်လည်း သူမက တိုက်ပွဲတိုင်းကို အလွယ်တကူပင် အနိုင်ရရှိခဲ့သည်။ သိုင်းပညာစွမ်းရည်များမှာ သိသာစွာပင် ထူးကဲလှ၏။

သူမ၏ စွမ်းအားနှင့် ပတ်သက်၍ ယွမ်ကျဲ့အား တစ်ခါက ဆိုလွန် မေးဖူး၏။

ယွမ်ကျဲ့က ပြန်ဖြေခဲ့သည်။ “မင်း စိတ်ကူးယဉ်နိုင်တာထက်ကို ပိုမြင့်တယ်။”

အခြားနာမည်တစ်ခုဖြစ်သည့် ယန်ရွှမ်းနှင့် ပတ်သက်၍လည်း ဆိုလွန် စပ်စုချင်နေမိ၏။ အသည်းကွဲပြီးနောက်၌ နာမည်ပြောင်းလိုက်ခြင်းလော။

**--**--**--**--**--**--**--**

တစ်နေ့၌ ယန်နိုင်အာ ပြန်ရောက်လာ၏။

အရာရှိတစ်ဦးက အော်ဟစ်လိုက်သည်။ “သခင်မလေး ပြန်လာပြီ...။ တံခါးတွေ ဖွင့်လိုက်...။”

ယန်နိုင်အာက ထုံးစံအတိုင်း တပ်များနှင့်အတူ မြင်းစီး၍ ဝင်ရောက်လာသည်။ သို့သော် ဤတစ်ကြိမ်၌မူ မြင်းသည်တော်များမှာ ရှုံးနိမ့်လာသည့်ပုံ ပေါက်နေ၏။

သူတို့၏ တစ်ကိုယ်လုံး သွေးများ ပေကျံနေပြီး လူအများအပြားလည်း ပျောက်ဆုံးနေသည်။ ယန်နိုင်အာ၏ ငွေရောင်သံချပ်ကာမှာလည်း ဆိုးရွားစွာ ပျက်စီးနေ၏။ စခန်းတစ်ခုလုံး တုန်လှုပ်သွားကြရသည်။ ရှုံးပွဲမရှိလှသည့် ယန်နိုင်အာ တစ်ယောက် တကယ်ပဲ ရှုံးနိမ့်လာခဲ့ပြီလော။

သူမ စကားတစ်ခွန်းမှ မဆိုဘဲ ဗဟိုစစ်တန်းလျားအတွင်းသို့သာ တန်းတန်းမတ်မတ် ဝင်ရောက်သွား၏။

နေဝင်ဆည်းဆာအချိန်၌ လေးကိုင်စစ်သည်စခန်းခေါင်းဆောင်က ဆိုလွန်အနားသို့ ချဉ်းကပ်လာ၏။

“လန်လင်း...။ ငါနဲ့ လိုက်ခဲ့။ သခင်မလေးက မင်းကို တွေ့ချင်နေတယ်။”

**--**--**--**--**--**--**--**

ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့သို့ ဝင်ရောက်ပြီးကတည်းက ဆိုလွန်တစ်ယောက် လေးကိုင်စစ်သည်စခန်း၌ အချိန်ဖြုန်းနေခဲ့ရသည်က များ၏။

ကြေးစားစစ်သည်များ ဖြစ်သည့်တိုင် သူတို့သည် တပ်တစ်တပ်ကို တစ်ခဏတာ အသုံးပြုရန်အတွက် ရက်ပေါင်းတစ်ထောင်ကြာအောင် လေ့ကျင့်ပေးရမည် ဆိုသည့် စည်းမျဉ်းဖြင့် နေထိုင်ကြသည်။

လူသုံးထောင် ပါဝင်သည့် ကြေးစားစစ်သည်အဖွဲ့ကို တပ်စုပေါင်းများစွာ ခွဲခြားထားသော်လည်း နေ့စဉ်နှင့်အမျှ တာဝန်ထမ်းဆောင်ရန် ထွက်ခွာသွားသူ အနည်းငယ်သာ ရှိ၏။

အကြီးစား တာဝန်များမှာ ရှားပါးလှသည်။ အားလပ်ချိန်များ၌ ကြေးစားစစ်သည်များသည် စခန်းအတွင်း၌သာ လေ့ကျင့်ကြပြီး တစ်လလျှင် သုံးရက်ခန့် ထျန်ယဲ့မြို့သို့ သွားရောက်လည်ပတ်ရန် ခွင့်ရကြသည်။

သာမန် ကြေးစားစစ်သည်တစ်ယောက်၏ အခြေခံလစာမှာ တစ်လလျှင် ငွေဒင်္ဂါး ငါးပြားဖြစ်ပြီး နုလန်ဘုရင့်နိုင်ငံ၌ မိသားစုတစ်စုကို ထောက်ပံ့ရန် လုံလောက်လှ၏။

သို့သော် သူတို့သည် အသက်ကိုရင်းပြီး အလုပ်လုပ်နေကြရသောကြောင့် ထိုထက်ပို၍ လိုချင်ကြသည်မှာ သိသာလှသည်။ တာဝန်ဆုကြေးများက ကောင်းမွန်လှ၏။

အဆင့်နိမ့် ကြေးစားစစ်သည်တစ်ယောက်ပင် အလုပ်တစ်ခုမှ လအနည်းငယ်စာ လစာကို ရရှိနိုင်သည်။ သဘာဝကျစွာပင် သူတို့အနေဖြင့် ငွေများစွာအား ရှာဖွေနိုင်ရန်အတွက် တာဝန်များကိုသာ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေတတ်ကြ၏။

တာဝန်များမှာ အခက်အခဲပေါ် မူတည်၍ ကွဲပြားကြ၏။ သာမန်တာဝန်များကို လူတစ်ရာတပ်မှူး ၊ အလယ်အလတ်အဆင့် စစ်သည်မှ ဦးဆောင်ပြီး ပိုခက်ခဲသည်များကိုမူ လူတစ်ထောင်တပ်မှူး ၊ အဆင့်မြင့် စစ်သည်မှ ဦးဆောင်ကြသည်။ အခက်ခဲဆုံး တာဝန်များကိုမူ ဝံပုလွေဘုရင်မှ တိုက်ရိုက် ဦးဆောင်လေ့ရှိ၏။

ယန်ယန် မရှိသည့်အချိန်၌ သူ၏ သမီးဖြစ်သူ ယန်ရွှမ်းက ဝံပုလွေသခင်မလေးအဖြစ် တာဝန်ယူကာ အမြင့်ဆုံးအဆင့် တာဝန်များကို တာဝန်ယူရသည်။

ဝံပုလွေသခင်မလေးက ဆိုလွန်အား ဆင့်ခေါ်လိုက်ကြောင်းကို လေးကိုင်စစ်သည်စခန်းမှ ကြားသိလိုက်ရသောအခါ သူတို့အားလုံး ဒေါသထွက်ပြီး မနာလိုဖြစ်သွားကြရ၏။

ဝါရင့်စစ်သည်တစ်ဦးက ညည်းတွားလိုက်သည်။ “ငါ ဒီမှာ နေလာတာ သုံးနှစ်ရှိပြီ။ သခင်မလေးနဲ့ အတူတူ တစ်ခါမှ တိုက်ပွဲမဝင်ခဲ့ရဘူး။”

အခြားတစ်ယောက်ကလည်း မြည်တွန်တောက်တီးလိုက်၏။ “ငါဆိုရင် ဒီကိုရောက်နေတာ ငါးနှစ်ရှိပြီ။ သခင်မလေးကို လက်ချိုးရေလို့ရတဲ့ အကြိမ်လောက်ပဲ မြင်ဖူးသေးတယ်။ ဒီကောင်လေးက အခုမှ ရောက်လာတာကို သခင်မလေးက သူ့ကို ခေါ်နေပြီ။”

ကြေးစားစစ်သည်အဖွဲ့၌ ပုံမှန်စစ်တပ်တစ်ခုကဲ့သို့ပင် တင်းကျပ်လှသည့် ရာထူးအဆင့်ဆင့် သတ်မှတ်ချက် ရှိ၏။

သာမန် ကြေးစားစစ်သည် ၊ လူဆယ်ယောက်တပ်မှူး ၊ လူတစ်ရာတပ်မှူး ၊ လူတစ်ထောင်တပ်မှူး ၊ ဝံပုလွေသခင်မလေးနှင့် နောက်ဆုံး၌ ဝံပုလွေဘုရင်တို့ ဖြစ်ကြသည်။

ပုံမှန် တပ်သားသစ်တစ်ယောက်အနေဖြင့် လူတစ်ရာတပ်မှူးအထက်ရှိသူများကိုပင် မြင်တွေ့ရခဲလှ၏။ ရာထူးတိုးခြင်းနှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးများ ရရှိရန်အတွက် တိုက်ပွဲဝင်စွမ်းဆောင်ရည်များဖြင့် သက်သေပြရန် လိုအပ်သည်။

သူတို့၌ နတ်အဆင့် မြှားပစ်ပါရမီရှိနေသည့်တိုင် ဆိုလွန်နှင့် ဖန်မိုတို့မှာ သာမန် တပ်သားသစ်များသာ ဖြစ်နေဆဲပင်။ စခန်း၏ မနာလိုသည့် အကြည့်များကို လျစ်လျူရှုကာ ဆိုလွန်က ယွမ်ကျဲ့၏ နောက်မှလိုက်၍ ဗဟိုစစ်တန်းလျားထံသို့ သွားလိုက်၏။

**--**--**--**--**--**--**--**

ဗဟိုစစ်တန်းလျားမှာ သာမန် သစ်သားတန်းလျားများထက် မြင့်မားစွာ မားမားမတ်မတ် ရှိနေသည့် အထပ်ငါးထပ်ပါ အဆောက်အဦးတစ်ခု ဖြစ်၏။ ပုံမှန်အားဖြင့် ထိုနေရာမှာ ဝံပုလွေဘုရင် ယန်ယန်၏ နေအိမ်ဖြစ်သော်လည်း သူ မရှိသည့်အချိန်၌ ယန်ရွှမ်းက နေရာယူထားသည်။

ခြံခတ်ထားသည့် အဆောက်အဦး၏ အပြင်ဘက်၌ သက်တော်စောင့်နှစ်ဦး ရပ်နေကြ၏။

ယွမ်ကျဲ့က တောင်းဆိုလိုက်သည်။ “သခင်မလေးကို ယွမ်ကျဲ့က လန်လင်းကို ခေါ်လာပြီလို့ သွားပြောပေးပါ။”

သက်တော်စောင့်တစ်ဦးက ပြန်ပြောသည်။ “ဒီမှာ ခဏစောင့်ပါ။ သခင်မလေးက တခြားလူတစ်ယောက်နဲ့ တွေ့နေတယ်။”

သူတို့ စောင့်ဆိုင်းနေလိုက်ကြ၏။ ဆယ့်ငါးမိနစ်ခန့် အကြာ၌ ဖန်မို ထွက်လာသည်။ သူ၏ ဆံပင်များက ရှုပ်ပွနေပြီး မျက်လုံးများက နက်ရှိုင်းကာ မာနကြီးသည့် အငွေ့အသက်များ ဖြာထွက်နေ၏။

ယွမ်ကျဲ့ မျက်မှောင်ကြုတ်သွားရသည်။ ဖန်မိုက သူ၏ လေးကိုင်စစ်သည်စခန်းမှ ဖြစ်သော်ငြား သူ့အား ကျော်ကာ ယန်ရွှမ်းထံသို့ တိုက်ရိုက် ဝင်တွေ့နေသည်လော။

ထိုစဉ် အမျိုးသမီးသက်တော်စောင့်တစ်ဦးက ဆိုလွန်အနားသို့ ချဉ်းကပ်လာ၏။ ထို့နောက် သူမက မေးသည်။ “မင်းက လန်လင်းလား...။”

ဆိုလွန်က ခေါင်းညိတ်ပြလိုက်၏။

အမျိုးသမီးသက်တော်စောင့်က ပြောသည်။ “ဝင်သွားလိုက်တော့။”

ယွမ်ကျဲ့အား အပြင်၌ ချန်ထားရစ်ခဲ့ကာ ဆိုလွန် တစ်ယောက်တည်းသာ ဝင်သွားလိုက်၏။

**--**--**--**--**--**--**--**

ကြီးမားလှသည့် အပြာရောင် ကျောက်တုံးခန်းမကြီးကို ငွေရောင်ဝံပုလွေ ပန်းပုရုပ်များဖြင့် အလှဆင်ထား၏။ မြင့်မားသည့် စင်မြင့်ထက်၌ ခက်ထန်ကြမ်းကြုတ်သည့် ဝံပုလွေရုပ်တုတစ်ခုဖြင့် တန်ဆာဆင်ထားသော ဧရာမ ငွေရောင်နန်းပုလ္လင်ကြီးတစ်ခု ရှိနေသည်။

ခေါင်းပါတွဲလျက် ရှိနေသေးသည့် ကျားဖြူသားရေတစ်ချပ်ကို ထိုင်ခုံထက်၌ ဖြန့်ခင်းထား၏။

အပြင်ဘက်၌ ဆောင်းဦးရာသီ၏ ပူပြင်းလှသော ရာသီဥတု ရှိနေသော်ငြား ခန်းမထဲ၌မူ အေးစက်ကာ ဖိနှိပ်ထားသည့် ခံစားချက်မျိုးကို ခံစားနေရသည်။ ယန်ရွှမ်းက သူ့အား ကျောခိုင်းလျက် ရပ်နေလေပြီး ငွေရောင်ဝံပုလွေရုပ်တုကို မော့ကြည့်နေ၏။

“လန်လင်း...” သူမ၏ အသံက ရေခဲတမျှ အေးစက်နေ၏။ “မင်းရဲ့ နတ်အဆင့် မြှားပစ်ပါရမီနဲ့ဆိုရင် ဘယ်နေရာမှာမဆို အထက်တန်းလွှာ တစ်ယောက် အလွယ်တကူ ဖြစ်နိုင်သလို မြင့်မြတ်နတ်နဂါး ကောင်းကင်ကြယ်တာရာ ကျောင်းတော်ကိုလည်း ဝင်လို့ရတယ်။ ဘာလို့ ငါ့ရဲ့ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ထဲကို ဝင်လာရတာလဲ။”

ဆိုလွန် အံ့အားသင့်သွားရ၏။ ဤသည်က အမှန်တကယ်ပင် ယန်နိုင်အာ ဟုတ်ရဲ့လော။ သူ၏ အစ်မဖြစ်သူ ဆိုနင်ပင်းက ယန်နိုင်အာမှာ အပြင်ပန်းသာ အေးစက်ဟန်ဆောင်နေသော်လည်း အတွင်းစိတ်မှာမူ အပြစ်ကင်းစင်သည်ဟု ပြောခဲ့ဖူးသည်။ သို့သော် ဤအမျိုးသမီး၏ အေးစက်လွှမ်းမိုးနိုင်မှုမှာ လုံးဝကို သဘာဝကျနေ၏။

သူမက သူ့အား လှည့်၍ စူးရဲစွာ စိုက်ကြည့်ကာ မေးလိုက်သည်။ “ဘာလို့ မဖြေတာလဲ...။ ဒါမှမဟုတ် မင်းမှာ တခြား ရည်ရွယ်ချက် ရှိနေလို့လား။”

နောက်ဆုံး၌ ဆိုလွန် သူမ၏ မျက်နှာကို မြင်လိုက်ရလေပြီး သူမ၏ ရင်သပ်ရှုမောဖွယ် အလှတရားကြောင့် အေးခဲသွားရသည်။

ဆိုနင်ပင်းနှင့် ကျိနင်တို့မှာ နူးညံ့ပြီး လှပကြကာ ကွေ့ချင်းရှောင်းကမူ စိတ်ဝိညာဉ်ကို လုယူဖမ်းစားနိုင်သည့် မီးတောက်မီးလျှံကဲ့သို့ ဆွဲဆောင်မှုမျိုးကို ပိုင်ဆိုင်ထား၏။

ကွေ့ချင်းရှောင်းကို ယှဉ်နိုင်မည့်သူ မရှိဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယန်ရွှမ်းက ယှဉ်နိုင်စွမ်း ရှိနေသည်။ အကယ်၍ ကွေ့ချင်းရှောင်းအား ခက်ထန်ရက်စက်သည့် အနီရောင် နှင်းဆီတစ်ပွင့်ဟု ပြောရမည်ဆိုလျှင် ယန်ရွှမ်းကမူ နှင်းများဖုံးလွှမ်းနေသည့် အပြစ်အနာအဆာကင်းသော အပြာရောင် နှင်းဆီတစ်ပွင့်ပင်။

သူမ၏ နှင်းကဲ့သို့ ဖြူဖွေးနေသည့် အသားအရေနှင့် ကြယ်တာရာများကဲ့သို့ တောက်ပနေသည့် မျက်ဝန်းတို့မှ အေးစက်စူးရှမှုများ ဖြာထွက်နေ၏။

ဆိုလွန်က သူမမှာ ယန်နိုင်အာ ဖြစ်ကြောင်းကိုပင် သံသယဝင်သွားမိသည်။ သူမြင်ဖူးခဲ့သည့် ပုံတူပန်းချီကားထဲမှ မျက်နှာနှင့် ကွက်တိတူညီနေသော်လည်း ယခု သူမက အလွန်တရာ ရင့်ကျက်ပြီး ဩဇာလွှမ်းမိုးနိုင်စွမ်း ရှိလွန်းနေသည်။

အလိုအလျောက်ပင် သူ အောက်ဘက်သို့ ငုံ့ကြည့်လိုက်မိ၏။ သူမ၏ ခန္ဓာကိုယ်အချိုးအစားက ဆွဲဆောင်မှုရှိလွန်းနေပြီး ကွေ့ချင်းရှောင်းထက်ပင် ပိုမို ကောက်ကြောင်းပေါ်လွင်နေသည်။

အရပ်အမောင်းမှာလည်း အနည်းဆုံး ၅ ပေ ၉ လက်မခန့် ရှိကာ ခြေတံရှည်ရှည် ၊ သေးသွယ်သော ခါးလေးနှင့် ရင်သပ်ရှုမောဖွယ် ပြည့်ဖြိုးလှသည့် ရင်အုပ်ကို ပိုင်ဆိုင်ထား၏။

ပုံမှန်အားဖြင့် အမျိုးသမီး ကြေးစားစစ်သည်ခေါင်းဆောင် တစ်ယောက်သည် ခန္ဓာကိုယ်အချိုးအစားကို ဖုံးကွယ်ရန် ရင်ဘတ်ကို စည်းနှောင်ကာ အမျိုးသားတစ်ယောက်ကဲ့သို့ ဝတ်ဆင်လေ့ရှိကြသည်။

သို့သော် ယန်ရွှမ်းကမူ ထိုသို့ မလုပ်ခဲ့ချေ။ အေးစက်ခက်ထန်နေဆဲဖြစ်သော်လည်း သူမ၏ ဆွဲဆောင်မှုရှိလှသည့် ခန္ဓာကိုယ်အချိုးအစားကို အပြည့်အဝ ဖော်ပြထားခြင်းက သူမ၏ ကိုယ်ပိုင် စွမ်းအားအပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိနေကြောင်း သက်သေပြနေ၏။

သို့သော် ဤအမျိးးသမီးက ယန်နိုင်အာ မဟုတ်ကြောင်းကို ဆိုလွန် တစ်ရာရာခိုင်နှုန်းနီးပါး သေချာသွားသည်။ ယန်နိုင်အာမှာ အသက် နှစ်ဆယ့်နှစ်နှစ်သာ ရှိသေး၏။

ဤအမျိုးသမီး၏ အသားအရေကမူ ဆယ်ကျော်သက်တစ်ဦးကဲ့သို့ အပြစ်အနာအဆာ ကင်းစင်နေသည့်တိုင် သူမ၏ အရှိန်အဝါတို့ကြောင့် အသက် နှစ်ဆယ့်ခုနစ် သို့မဟုတ် နှစ်ဆယ့်ရှစ်နှစ်အရွယ်ဟု ထင်မှတ်ရစေ၏။

သူမက အေးစက်စွာဖြင့် မေးလိုက်သည်။ “ဘာဖြစ်သွားတာလဲ...။ ငါ့မေးခွန်းက ဖြေဖို့ အဲ့ဒီလောက်တောင် ခက်နေလို့လား။”

ဆိုလွန်က ချက်ချင်းပင် ပြန်ဖြေလိုက်၏။ “မဟုတ်ပါဘူး...။ သခင်မလေးရဲ့ အလှတရားကြောင့် ကျွန်တော် ညို့ယူဖမ်းစားခံလိုက်ရလို့ ခေါင်းထဲမှာ ဗလာကျင်းသွားတာပါ။”

အပိုင်း ၂၃၉ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆရာကိတ်မုန့်ရယ်။ အပိုင်းတစ်ပိုင်းရဲ့ တစ်ဝက်လောက် ဘယ်လောက်လှကြောင်းကို ရေးထားတယ်။ ရသလောက်တော့ လိုက်ဖျက်ထားတယ်ဗျ။ 😅

All Chapters