အခန်း ၂၄၀
Vol. 24 Ch. 240
အပိုင်း ၂၄၀
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဆိုလွန်၏ စကားများအပေါ် ယန်ရွှမ်းက မည်သည့်ခံစားချက်ကိုမှ မပြချေ။ သူမက မေးလိုက်သည်။ "ရှင်လည်း တခြားလူတွေလိုပဲ ကျွန်မအတွက် ဒီကို ရောက်လာတာလား။"
သူမ ကိုယ်၌၏ လက်ထပ်မည့်ကိစ္စကို ဆွေးနွေးနေသည့်တိုင် တည်ငြိမ်နေဆဲပင်။
ဆိုလွန်က ခေါင်းရမ်းကာ ဆိုသည်။ "မဟုတ်ဘူး။ ကလဲ့စားချေဖို့အတွက် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ဆီ ရောက်လာတာပါ။"
ယန်ရွှမ်းက မျက်နှာသေဖြင့် ပြန်ပြောသည်။ "ကလဲ့စားချေဖို့ ဟုတ်လား။ ရှင့်ရဲ့ ရန်သူက ကျွန်မတို့ ဝင်တိုက်ပေးရလောက်တဲ့အထိကို အင်အားကြီးနေလို့လား။"
သူမ၏ ထက်မြက်မှုမှာ အံ့မခန်းပင်။ ရန်သူက မည်သူနည်းဟု မေးမည့်အစား ရန်သူ၏ အင်အားကိုသာ မေး၏။
ဆိုလွန်က အတည်ပြုပေးလိုက်သည်။ "အရမ်းကို အင်အားကြီးပါတယ်။"
သူမက အေးစက်စွာ ပြော၏။ "ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ရှင့်အတွက် တိုက်ပွဲဝင်ပေးဖို့ဆိုတာ လွယ်မှာတော့ မဟုတ်ဘူး။ ရှင့်အနေနဲ့ တန်ဖိုးတူညီတဲ့ အရာတစ်ခုခုကို ပြန်ပြီး ပေးဆပ်ရလိမ့်မယ်။"
"ကျွန်တော် နားလည်ပါတယ်။"
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ယန်ရွှမ်းက ပြောသည်။ "ရှင့်မှာ မေးစရာ မေးခွန်းတစ်ခု ရှိနေတယ်။ မေးလိုက်ပါ။"
ဆိုလွန်တစ်ယောက် လန့်သွားရ၏။ သူမ၏ စိတ်ဝိညာဉ်စွမ်းအားက ထက်ရှလွန်းသည်။
သူမက ထပ်ပြောလိုက်သေးသည်။ "လိမ်မပြောနဲ့။ အားကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားတဲ့သူ တစ်ယောက်ကို လိမ်ပြောနေတာက အလကားပဲ။"
ခဏတာ တုံ့ဆိုင်းနေပြီးနောက် ဆိုလွန်က မေးလိုက်၏။ "သခင်မလေး ယန်ရွှမ်း...။ သခင်မလေးမှာ ညီမလေး ရှိလား။"
"ဘာလို့လဲ။ ရှင် သူ့ကို မြင်ဖူးလို့လား။"
"လွန်ခဲ့တဲ့ နှစ်အတော်ကြာက မြင်ဖူးခဲ့တယ်လို့ ထင်ပါတယ်။ သူ့ရဲ့ နာမည်က ယန်နိုင်အာပါ။"
ယန်ရွှမ်း၏ အေးစက်နေသည့် မျက်ဝန်းများထက်၌ ခံစားချက်တစ်ခုက ဖြတ်ပြေးသွား၏။ "ရှင် သူ့ကို ဘယ်မှာ မြင်ခဲ့တာလဲ။"
"တောင်တစ်သောင်း တောင်တန်းမှာပါ။"
ယန်ရွှမ်းက ပြောဘာသည်။ "ကျွန်မ အဖေမှာ ယန်နိုင်အာဆိုတဲ့ သမီးတစ်ယောက် ရှိခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ သူ သေသွားပြီ။"
"သေသွားပြီ။" ဆိုလွန်၏ နှလုံးသားမှာ တုန်လှုပ်သွားရ၏။ အသေအချာ သိနိုင်ရန်အတွက် သူမ၏ မျက်နှာအား အကဲခတ်လိုက်သည်။
သို့သော် သူမ၏ မျက်နှာအမူအရာမှာ ခဲနေသည့် ရေခဲတုံးကြီးကဲ့သို့ပင်။ တကယ်ပဲ ယန်နိုင်အာ ဟုတ်မဟုတ် ဆိုသည်ကို ဆိုလွန် မခွဲခြားတတ်တော့ချေ။
အကယ်၍ ယန်နိုင်အာ ဖြစ်နေခဲ့မည်ဆိုလျှင် ဤကဲ့သို့ ခံစားချက်မဲ့လာရန်အတွက် စိတ်ကူးနှင့်ပင် မမှန်းဆနိုင်လောက်အောင် ဆင်းရဲဒုက္ခများ ခံစားခဲ့ရမည်မှာ သေချာလှသည်။
ဆိုလွန်ပေးခဲ့သည့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှု တစ်ခုတည်းက သူမအား ဤမျှလောက်အထိ ကြီးမားသည့် အပြောင်းအလဲကို ဖြစ်ပေါ်စေမည်တော့ မဟုတ်ချေ။
ထို့အပြင် ဆိုလွန် သူမထံမှ အားကောင်းလှသည့် သိုင်းပညာကို ခံစားမိနေ၏။ နဂါးစစ်သည်တော် အဆင့်သို့ သေချာပေါက် ရောက်နေလေပြီ။ အတိတ်က အားနည်းလှသည့် ယန်နိုင်အာနှင့် လုံးဝကို ကွာခြားလွန်းလှသည်။
ဤယန်ရွှမ်း၏ ခွန်အားက မုန်ထိုလော့နှင့်ပင် ယှဉ်နိုင်စွမ်း ရှိနေနိုင်လောက်၏။
သို့သော် ယန်နိုင်အာ အစစ် ဖြစ်နေမည်ဆိုပါက အသက် နှစ်ဆယ့်နှစ်နှစ်သာ ရှိသေးဦးမည် ဖြစ်သည်။ ထိုအသက်အရွယ်နှင့် နဂါးစစ်သည်တော် အဆင့်သို့ ရောက်ရှိလာရန်မှာ လက်တွေ့၌ မဖြစ်နိုင်သလောက်ပင်။
ဆိုဟန်ရီနှင့် ကျန်းနင်တို့ကဲ့သို့ ထူးကဲသည့် ပါရမီရှင်များပင် အသက် နှစ်ဆယ်ကျော် နှောင်းပိုင်းရောက်မှသာ ထိုအဆင့်သို့ ရောက်ရှိလာကြခြင်း ဖြစ်၏။ မြင့်မြတ်နတ်နဂါးကျောင်းတော်မှ လေ့ကျင့်သင်ကြားပေးထားသည့် ပါရမီရှင် မုန်ထိုလော့ပင်လျှင် အသက် နှစ်ဆယ့်နှစ်နှစ်ဖြင့် ထိုအဆင့်သို့ မရောက်ရှိခဲ့ချေ။
သူ့ရှေ့ရှိ အမျိုးသမီးက ယန်ရွှမ်း ဖြစ်စေ ၊ ယန်နိုင်အာ ဖြစ်စေ အရေးမကြီးချေ။ ဆိုလွန်အနေဖြင့် သူ (မ) မှတစ်ဆင့် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ထိန်းချုပ်နိုင်ရန် လိုအပ်နေဆဲပင်။
သူ့ထံ၌ သတင်းကောင်းနှင့် သတင်းဆိုး တစ်ခုစီ ရှိနေ၏။ သတင်းကောင်းမှာ ယန်ယန်ကို မည်သည့်နေရာ၌မျှ မတွေ့ရခြင်းပင်။ ဆိုလိုသည်မှာ ယန်ရွှမ်းက အလုံးစုံ ထိန်းချုပ်ထားခြင်း ဖြစ်သည်။
သတင်းဆိုးကမူ ယခု ယန်ရွှမ်းမှာ အလွန်တရာ ခိုင်မာပြတ်သားပြီး လုံးဝကို အေးစက်ခက်ထန်လွန်းနေ၏။ ဤမျှ အားကောင်းလှသည့် စိတ်ဆန္ဒနှင့် သိုင်းပညာကို ပိုင်ဆိုင်ထားသူတစ်ယောက်အား အောင်နိုင်ရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲပေလိမ့်မည်။
ယန်ရွှမ်းက မေးလိုက်သည်။ "အစောက ဖန်မို ထွက်သွားတာကို ရှင် မြင်လိုက်လား။"
"ဟုတ်ကဲ့။ မြင်လိုက်ပါတယ်။"
"ဘာလို့ လာတာလဲလို့ သူ့ကို ကျွန်မ မေးခဲ့တယ်။ သူက ကျွန်မကို လက်ထပ်ဖို့ဆိုပြီး တိုက်ရိုက်ပဲ ပြောတယ်။ ကျွန်မ ဘယ်လို ပြန်ဖြေလိုက်လဲ ရှင် သိလား။"
"မသိပါဘူး။"
"ကျွန်မ သူ့ကို အခွင့်အရေး တစ်ခုပေးမယ်လို့ ပြောလိုက်တယ်။"
ဆိုလွန်တစ်ယောက် အံ့အားသင့်သွားရ၏။
သူမက ဆက်မေးလာသည်။ "ကျွန်မက နောက်ထပ် ဝံပုလွေဘုရင် ဖြစ်လာဖို့ ခင်ပွန်းတစ်ယောက် ရွေးချယ်နေတယ်ဆိုတဲ့ သတင်းကို ဘယ်သူ ဖြန့်လိုက်တာလဲဆိုတာ ရှင် သိလား။"
ဆိုလွန် ခန့်မှန်းလိုက်၏။ "သခင်မလေးရဲ့ အဖေလား။"
ယန်ရွှမ်းက ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး။ ကျွန်မ ဖြန့်ခဲ့တာ။ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ဦးဆောင်နိုင်ဖို့အတွက် ကျွန်မကို ကူညီပေးမယ့် အမျိုးသားတစ်ယောက်ကို လိုအပ်နေတယ်။ ကျွန်မ လက်ထပ်ပြီးသွားတာနဲ့ ကျွန်မရဲ့ ခင်ပွန်းက ဝံပုလွေဘုရင်အသစ် ဖြစ်လာလိမ့်မယ်။ ပြီးရင် ကျွန်မကလည်း ရာထူးကနေ ဆင်းပေးမယ်။"
သူမ၏ ပွင့်လင်းလှသော စကားများကြောင့် ဆိုလွန်တစ်ယောက် အံ့အားသင့်ကာ မှင်သက်သွားရ၏။
သူမက ဆက်ပြောလာသည်။ "လတ်တလောမှာ နဂါးစစ်သည်တော် တချို့အပါအဝင် အမျိုးသား အများအပြားကို ကျွန်မ စမ်းသပ်ခဲ့တယ်။ ဒါပေမဲ့ ရလဒ်တွေကတော့ စိတ်ပျက်စရာချည်းပဲ။ ကျွန်မ လက်ထပ်မယ့်သူက အထူးချွန်ဆုံး သိုင်းပညာ ၊ ဉာဏ်ပညာနဲ့ ခိုင်မာတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားရမယ်။ ဒါကြောင့် ရှင်က ကလဲ့စားချေဖို့ လာခဲ့တာလို့ ပြောပေမယ့်လည်း ရှင့်ကို တူညီတဲ့ အခွင့်အရေးတစ်ခု ပေးမယ်။"
ဆိုလွန်မှာ ပြောစရာစကားပင် ဆွံ့အသွား၏။
ယန်ရွှမ်းက ဆိုလွန်အား အကဲခတ်ကာ ပြောလိုက်သည်။ "ရှင့် မျက်နှာပေါ်က ရုပ်ဖျက်ထားမှုက တကယ့် အသက်ကို ဖုံးကွယ်မထားနိုင်ဘူး။ ရှင်က သေချာပေါက် အသက် နှစ်ဆယ့်တစ်နှစ်ထက် မကြီးသေးဘူး။ အသက်အရွယ် မတူညီတဲ့ အမျိုးသားတွေက လုံးဝကို ကွဲပြားခြားနားတဲ့ စိတ်ဝိညာဉ်အငွေ့အသက်တွေကို ထုတ်လွှတ်တတ်ကြတယ်။"
ဆိုလွန်မှာ တိတ်ဆိတ်စွာပင် ဆက်ရှိနေ၏။
သူမက ထပ်ပြောသည်။ "ရှင့်ရဲ့ သိုင်းပညာက ဖန်မိုထက် အားနည်းတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရှင် ပိုပြီး အင်အားကြီးလာနိုင်ပါတယ်။ ကိုယ်စားလှယ်လောင်း တစ်ယောက်ချင်းစီတိုင်းရဲ့ စိတ်နေသဘောထား ၊ ဉာဏ်ပညာနဲ့ စိတ်ဆန္ဒတွေကို ကျွန်မ စမ်းသပ်တယ်။ နောက်ထပ် ငါးရက်နေရင် တိုက်ပွဲဝင်ဖို့ တပ်တစ်တပ်ကို ကျွန်မ ဦးဆောင်သွားမယ်။ ကျွန်မရဲ့ ဘေးမှာ ရှင် ဒါမှမဟုတ် ဖန်မို တစ်ယောက်ယောက်ကို ခေါ်သွားမယ်။"
ဆိုလွန် ရင်ထဲ၌ လှုပ်ခတ်သွားရ၏။
"အမျိုးသားတိုင်းက စမ်းသပ်မှု တစ်ခုစီ ရလိမ့်မယ်။ အောင်မြင်တဲ့ သူကို ကျွန်မ လက်ထပ်မယ်။ ပြောစမ်းပါ။ ရှင့်ကို ခေါ်သွားရမလား ဒါမှမဟုတ် ဖန်မိုကို ခေါ်သွားရမလား။"
ဆိုလွန်က ချက်ချင်း ဖြေလိုက်သည်။ "ကျွန်တော့်ကိုပါ။"
ယန်ရွှမ်းက သူ့မျက်လုံးများထဲသို့ စူးစိုက်ကြည့်လိုက်၏။ "ဆိုတော့ကာ ရှင်က ကျွန်မအတွက် လာခဲ့တာပဲ"
ဆိုလွန်က ခေါင်းငုံ့လိုက်သည်။ "ဟုတ်ပါတယ်။"
စိတ်ထဲ၌မူ သူ ကျိန်ဆဲချင်နေမိ၏။ သူမသည် မည်သို့သော အဖြစ်ဆိုးမျိုးကိုများ ကြုံတွေ့ဖြတ်သန်းခဲ့ရသနည်း။ ထက်ရှလှသော စိတ်ဝိညာဉ်စွမ်းအားကြောင့် သူ့မှာ ပုန်းကွယ်စရာ နေရာပင် မရှိတော့ချေ။ လိမ်ပြောလိုက်ပါက သူမက ချက်ချင်းပင် သိမြင်ပေလိမ့်မည်။
ယန်ရွှမ်းက မျက်နှာသေဖြင့် ထပ်မေးသည်။ "ကျွန်မအတွက် လာတယ်ဆိုတာကို ဝန်ခံဖို့ အဲ့ဒီလောက်တောင် ခက်နေလို့လား။ ကျွန်မရဲ့ ရုပ်ရည်က ပြိုင်ဘက်ကင်းသလို ကျွန်မကို လက်ထပ်တာနဲ့ အင်အားကြီးမားတဲ့ တပ်ကြီးတစ်ခုကိုပါ ရရှိမှာလေ။"
သူ လုံးဝကို အရေးနိမ့်နေမှန်း ဆိုလွန် သဘောပေါက်လိုက်၏။ သူမ၏ အေးစက်ခက်ထန်လှသည့် မာနက အလွန်တရာ ခြိမ်းခြောက်နိုင်စွမ်း ရှိလှသည်။ သူမအား အောင်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက် ရှိသော်လည်းပဲ သူ့၌ ရွေးချယ်စရာ မရှိချေ။
လက်ထပ်ခြင်းကသာ ဝံပုလွေဘုရင် ဖြစ်လာရန်အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေ၏။
ယန်ရွှမ်းက အေးစက်စွာ ပြောသည်။ "ကျွန်မက ရှင်နဲ့ ဖန်မိုကြားထဲကနေ တစ်ယောက်ပဲ ရွေးချယ်မယ်။ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့က နဂါးလေးကိုင်စစ်သည် နှစ်ယောက်ကို လက်မခံနိုင်ဘူး။ ဖန်မိုကလည်း ရှင်နဲ့ အတူတူ တိုက်ပွဲဝင်ဖို့ ငြင်းဆိုထားတယ်။"
ဆိုလွန်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။ "ကျွန်တော်လည်း ဒီလိုပဲ ခံစားရပါတယ်။"
"ဒါဆိုရင် သဘောတူညီမှု ရပြီပေါ့။ ရှင်တို့ နှစ်ယောက်လုံးကို တူညီတဲ့ တာဝန်တစ်ခုကို ကျွန်မ ပေးမယ်။ ဘယ်သူပဲဖြစ်ဖြစ် အရင်ပြီးတဲ့သူက နိုင်လိမ့်မယ်။"
"တာဝန်က ဘာများလဲ။"
သူမက မျက်နှာသေဖြင့် ရှင်းပြသည်။ "လူတစ်ယောက်ကို သတ်ရမယ်။ သွေးတစ္ဆေလို့ လူသိများတဲ့ အဆိပ်မြွေ သဲကန္တာရဓားပြအဖွဲ့ရဲ့ ခေါင်းဆောင်ကိုပေါ့။ မကြာသေးခင်ကပဲ သူတို့က ကျွန်မတို့ရဲ့ လူဆယ့်ငါးယောက်ပါ အစောင့်အရှောက်အဖွဲ့နဲ့ ရှီးလျန်ဘုရင့်နိုင်ငံဆီ သွားနေတဲ့ ကုန်သည်အဖွဲ့ အများအပြားကို သတ်ဖြတ်ခဲ့ကြတယ်။ လက်ရှိအချိန်မှာ သဲကန္တာရ ကုန်သွယ်ရေးလမ်းကြောင်းက ထိတ်လန့်နေကြပြီ။"
ဆိုလွန်က ခပ်ပြတ်ပြတ် မေးသည်။ "တည်နေရာက။"
ယန်ရွှမ်းကလည်း ခပ်ပြတ်ပြတ် ပြန်ဖြေ၏။ "မဟူရာအိုအေစစ်။"
"သိုင်းပညာအဆင့်ကရော။"
"အဆင့်မြင့်စစ်သည် တစ်ယောက်ဖြစ်ပြီး လက်အောက်မှာ ကျွမ်းကျင်သူ ရာပေါင်းများစွာလည်း ရှိတယ်။ သူ့ရဲ့ ခေါင်းကို ယူလာခဲ့နိုင်ရင် ရှင် နိုင်ပြီပဲ။"
"စည်းကမ်းချက်တွေကော ရှိလား။"
ယန်ရွှမ်းက ပြတ်သားစွာ ပြောသည်။ "စည်းကမ်း မရှိဘူး။ သူ့ခေါင်းကိုပဲ ကျွန်မ လိုချင်တာ။ ဖန်မိုကတော့ အရင် ထွက်သွားနှင့်ပြီ။"
"နားလည်ပါပြီ။ အခု ချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်။"
"ကျွန်မတို့ဆီက အကောင်းဆုံး လေးနဲ့ မြှားတွေကို ရွေးချယ်သွားလိုက်ပါ။ ရှင့်မှာ အချိန် ငါးရက် ရှိတယ်။"
ဆိုလွန်က အရိုအသေပေးလိုက်ပြီး ခန်းမထဲမှ ထွက်ခွာလာလိုက်၏။
**--**--**--**--**--**--**--**
အပြင်သို့ရောက်လာသည်နှင့် ဆိုလွန်က မေးလိုက်သည်။ "အသူရာမိစ္ဆာကြယ်...။ ငါ့ရဲ့ စွမ်းရည်လောက်နဲ့ အဆင့်မြင့်စစ်သည် တစ်ယောက်ကို သတ်နိုင်မလား။"
အသူရာမိစ္ဆာကြယ်က ပြတ်သွားစွာ ပြန်ဖြေလာ၏။ "မဖြစ်နိုင်ပါဘူး။"
"ဘာလို့လဲ။"
"အဆင့်မြင့်စစ်သည် တစ်ယောက်ရဲ့ အမြန်နှုန်းနဲ့ တုံ့ပြန်နိုင်စွမ်းက သခင့်ရဲ့ မြှားတွေထက် အများကြီး သာလွန်ပါတယ်။ အကယ်၍ သခင့်မြှားက သူ့ရဲ့ ဆယ်ပေအကွာအဝေးကို ရောက်လာတာနဲ့ သူ သတိထားမိလိမ့်မယ်။ မြှားကို ရှောင်တိမ်းတာ ဒါမှမဟုတ် ပုတ်ထုတ်တာမျိုးကို ထမင်းစား ရေသောက်သလို အလွယ်လေး လုပ်နိုင်တယ်။"
ဆိုလွန်လည်း ထိုအချက်ကို သိထားပြီး ဖြစ်၏။ မြှားတစ်စင်း၏ အမြန်နှုန်းမှာ ကျည်ဆန်ထက် များစွာ နှေးကွေးလှသည်။ အဆင့်မြင့် လေးကိုင်စစ်သည် တစ်ယောက်သာလျှင် ပစ်မှတ်၏ တုံ့ပြန်နိုင်စွမ်းကို ကျော်လွန်လောက်အောင် မြန်ဆန်သည့် မြှားတစ်စင်းအား ပစ်ခတ်နိုင်မည် ဖြစ်၏။
ဆိုလွန်၌ ပေ ၁၆၄၀ အထိ ပစ်ခတ်နိုင်သော အပြစ်အနာအဆာကင်းသည့် တိကျမှုမျိုး ရှိနေသည့်တိုင် တိကျမှု တစ်ခုတည်းက ရလဒ်ကို ပြောင်းလဲပေးနိုင်မည်တော့ မဟုတ်ချေ။
တတိယအဆင့် လေးကိုင်စစ်သည် တစ်ယောက်အနေဖြင့် အဆင့်မြင့်စစ်သည် တစ်ယောက်အား သတ်ဖြတ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ပို၍ အင်အားကြီးမားသည့် ရန်သူများနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းထက် အားနည်းချက်များကို အခွင့်ကောင်းယူ တိုက်ခိုက်ရသည်ကို ပို၍ နှစ်သက်သည်။
ဥပမာအားဖြင့် ကွေ့ချင်းရှောင်းနှင့် ဓားရေးယှဉ်ပြိုင်ခဲ့စဉ်က နဂါးစွမ်းအားကို အသုံးမပြုရန် စည်းကမ်းသတ်မှတ်ခဲ့ပြီး ကပ်ဘေးကိုးသွယ်ဓားသိုင်း အပေါ်၌သာ မှီခိုခဲ့၏။
သို့သော် ဤသည်က အစစ်အမှန် တိုက်ပွဲတစ်ခု ဖြစ်သည်။ ရန်သူက စည်းကမ်းများကို လိုက်နာမည် မဟုတ်သောကြောင့် လှည့်ကွက်များ အသုံးပြုရန် နေရာမရှိချေ။
ဖန်မိုအား တွေးတောရင်း ဆိုလွန်က ထပ်မေးလိုက်၏။ "အလယ်အလတ်အဆင့် လေးကိုင်စစ်သည် တစ်ယောက်ကကော အဆင့်မြင့်စစ်သည် တစ်ယောက်ကို သတ်နိုင်မလား။"
အသူရာမိစ္ဆာကြယ်က ထပ်ပြောလာသည်။ "မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ သူတို့က လုံလောက်တဲ့ အနီးကပ်အကွာအဝေးကို ရောက်သွားပြီး မြှားတွေကို အဆက်မပြတ် မိုးရွာချသလို ပစ်ခတ်နိုင်မယ်ဆိုရင်တော့ အခွင့်အရေး နည်းနည်းလေးတော့ ရှိနိုင်ပါတယ်။"
ယခင်က ဖန်မိုနှင့် ယှဉ်ပြိုင်ခဲ့စဉ်က ဖန်မို၏ မျက်လုံးကို စည်းပြီ ပစ်ခတ်မှုတိုင်းကို တန်ပြန်နိုင်ရန်အတွက် ဆိုလွန်က မြှားဆယ့်ကိုးစင်းကို အဆက်မပြတ် ပစ်ခတ်ခဲ့၏။ ကြည့်ရှုနေသူများအတွက်မူ သူတို့နှစ်ယောက်၏ ချိန်ခွင်မှာ မျှတနေပုံပေါ်သည်။
သို့သော် အမှန်တကယ်၌မူ ဖန်မို၏ မြှားများက ပို၍ မြန်ဆန်လှ၏။ ဖန်မိုက ဆွဲအား ကျင်းတစ်ထောင်ကျော်ရှိသည့် လေးတစ်လက်ကို အလွယ်တကူပင် ဆွဲနိုင်လေပြီး ဆန်းကြယ်ရွှေနက်မြှားများကို ပစ်ခတ်နိုင်စွမ်း ရှိသည်။
အင်အားအပြည့်နှင့်သာဆိုပါက ဖန်မို၏ မြှားများက ဆိုလွန်ထက် ပိုမို၍ မြန်ဆန်ကာ ဖျက်ဆီးအားလည်း ပိုမိုပြင်းထန်ပေလိမ့်မည်။
နှိုင်းယှဥ်လိုက်ပါက ဖန်မို၏ စွမ်းရည်တို့က ဆိုလွန်ထက် များစွာ သာလွန်နေသည်ကို မြင်ရပေလိမ့်မည်။
ထိုသို့ဖြစ်နေသည့်တိုင် ဆိုလွန်၌ ရွေးချယ်စရာ မရှိနေချေ။ ဤတိုက်ပွဲ၌ အနိုင်ရရှိရန်သာ လိုအပ်နေသည်။ သူ ရှုံးနိမ့်၍ လုံးဝ မဖြစ်ချေ။
နယ်ရုပ်တစ်ရုပ်အနေဖြင့် တစ်ခါရှုံးသွားလျှင် ပွဲသည်လည်း အဆုံးသတ်သွားပေလိမ့်မည်...။
အပိုင်း ၂၄၀ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team