အခန်း ၈၈၂
Vol. 84 Ch. 882
အခန်း (၈၈၂) - သက်ရှိအားလုံး၏ ဓားနယ်ပယ် (၂)
ကျင့်ကြံသူတစ်ဦးတည်းကို သတ်ဖြတ်လုယက်ခြင်းက မည်မျှအထိ ရနိုင်မည်နည်း။
မျိုးနွယ်စုတစ်ခုလုံးကိုသာ ဖျက်ဆီးပစ်နိုင်ပါက အားနည်းသော မျိုးနွယ်စုလေးဖြစ်စေကာမူ ၎င်းတို့အတွက် ကြီးမားသော ရတနာသိုက်ကြီးကို ရရှိသွားခြင်းနှင့် တူပေသည်။
ထိုမှတစ်ဆင့် ရရှိလာသော အရင်းအမြစ်များဖြင့် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းရန်အတွက် လိုအပ်သော ကုန်ကျစရိတ်ကိုပင် အလွယ်တကူ ဖြည့်ဆည်းနိုင်ပေလိမ့်မည်။
"ပိုက်ဆံချေးတယ်ဆိုရင်လည်း ကောင်းကောင်းမွန်မွန် ချေးရမှာကို..."
"မင်းတို့က ငါ့ကို အဆိပ်ခတ်ဖို့တောင် ပြင်နေကြသေးတယ်...”
"အဆိပ်ကျီးကန်းမျိုးနွယ်စုက တကယ်ကို နာမည်ကြီးတဲ့အတိုင်း ကောက်ကျစ်စဉ်းလဲတဲ့ မျိုးနွယ်စုပဲ...”
ကျိုးစွေ့က မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်၏။
သူသည် ဤအဆိပ်ကျီးကန်းမျိုးနွယ်စု ကျင့်ကြံသူများနှင့် တွေ့ဆုံသည့် စက္ကန့်ပိုင်းအတွင်း၌ပင် ၎င်းတို့က အသံမထွက်သော အဆိပ်ငွေ့များကို တိတ်တဆိတ် ထုတ်လွှတ်နေပြီး သူ့ကို မေ့လဲသွားစေရန် ကြိုးပမ်းနေကြသည်ကို အာရုံခံမိလိုက်သည်။ သူ အားအင်ကုန်ခမ်းသွားပါက ၎င်းတို့ စိတ်ကြိုက် ခြယ်လှယ်နိုင်မည် မဟုတ်ပါလော။
သို့သော်ငြား စိုးရိမ်စရာမရှိသည်မှာ သူသည် ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’၏ အစွမ်းကြောင့် အဆိပ်ပေါင်းစုံ မတိုးသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ ဤမျှလောက်သော အဆိပ်အတောက်က သူ့ကို မည်သို့မျှ မထိခိုက်စေနိုင်ပေ။
ဤမျှလောက်သော အဆိပ်ငွေ့လေးက သူ့ကို ဘာလုပ်နိုင်မည်နည်း။
"စိတ်ဝင်စားဖို့ကောင်းသားပဲ... ငါတို့ အဆိပ်ကျီးကန်းမျိုးနွယ်စုရဲ့ ဆဋ္ဌမအဆင့် အဆိပ်ကိုတောင် မင်းက ရိပ်မိတာလား။ မင်းက သာမန်တော့ မဟုတ်ဘူးပဲ...”
"ဒီလိုမှတော့ ငါတို့လည်း အချိန်ဖြုန်းမနေတော့ဘူး... ကောင်းကောင်းမွန်မွန် အဖမ်းခံပြီး မင်းကိုယ်ပေါ်က ရတနာတွေကို အကုန်အပ်လိုက်စမ်း...”
"မဟုတ်ရင်တော့ ဒီနေ့ မင်း အသက်ရှင်လျက် ပြန်ရမှာမဟုတ်ဘူး...”
အဆိပ်ကျီးကန်းမျိုးနွယ်စုမှ ယာယွန်းဖန်သည် မျက်နှာပျက်သွားကာ ဟန်ဆောင်မနေတော့ဘဲ တစ်ဖက်လူက မိမိတို့၏ ရည်ရွယ်ချက်ကို သိရှိသွားပြီဖြစ်ရာ အင်အားသုံး၍သာ ဖြေရှင်းရန် ဆုံးဖြတ်လိုက်တော့သည်။
၎င်းအနေဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့် အလယ်အလတ်ရှိသော ကျင့်ကြံသူတစ်ဦးတည်းက ၎င်းတို့ကို မည်သို့ တုံ့ပြန်နိုင်မည်နည်းဟု အထင်သေးနေဆဲ ဖြစ်၏။
ဝုန်း…။
ထိုခဏ၌ ဘေးပတ်ပတ်လည်ရှိ အဆိပ်ကျီးကန်းမျိုးနွယ်စု ကျင့်ကြံသူအချို့သည် မစောင့်ဆိုင်းနိုင်တော့ဘဲ နက်မှောင်သော သုံးခွလှံများကို ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်ကြသည်။ ထိုလက်နက်များထက်တွင် ကျီးကန်းပုံသဏ္ဌာန် မန္တန်အက္ခရာများ ယှက်နွှယ်နေပြီး မှောင်မိုက်သော စွမ်းအားများကို ထုတ်လွှတ်နေပေသည်။
ထိုအခိုက်အတန့်တွင် ကြီးမားလှသော နတ်ဘုရားဓမ္မသဏ္ဌာန်ကြီးတစ်ခု ပေါ်ထွက်လာကာ မိုင်ပေါင်းထောင်ချီသော ပင်လယ်ပြင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားခဲ့၏။
ဤစက္ကန့်ပိုင်းအတွင်း၌ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်မိုက်သော နယ်ပယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလား ခံစားရစေသည်။
ကောင်းကင်ယံထက်တွင် ဧရာမနက်မှောင်လှသော ကျီးကန်းကြီးတစ်ကောင် ပေါ်လာခဲ့သည်။
၎င်းသည် မှောင်မိုက်လှသော ငရဲတွင်းနက်ကြီးထဲမှ ထွက်ပေါ်လာသည့် နတ်ဆိုးတစ်ကောင်ကဲ့သို့ ထူးခြားသော မန္တန်အက္ခရာများစွာ ခြံရံလျက် ရှိနေ၏။
ဤသည်မှာ အဆိပ်ကျီးကန်းမျိုးနွယ်စု၏ သီးသန့်ဓမ္မသဏ္ဌာန်ဖြစ်သော 'ကျီးနက်ဓမ္မသဏ္ဌာန်' ဖြစ်ပေသည်။
၎င်းသည် ရန်သူများ၏ အာရုံငါးပါးကို ပိတ်ဆို့နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားရုံသာမက ပြင်းထန်သော အဆိပ်အတောက်များကိုလည်း သယ်ဆောင်ထားသဖြင့် အနည်းငယ်မျှ ထိခိုက်ရှနာရုံဖြင့် ပြင်းထန်စွာ အဆိပ်သင့်စေနိုင်သည်။
ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းသော ကျင့်ကြံသူများပင် ဖြစ်စေကာမူ ခဏချင်းအတွင်း၌ အဆိပ်သင့်ကာ အသက်ဆုံးရှုံးရပေလိမ့်မည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ဤကျင့်ကြံသူများ၏ ဓမ္မသဏ္ဌာန်များသည် အချင်းချင်း ပေါင်းစပ်သွားနိုင်ပြီး ကြီးမားသော ထိုးစစ်အစီအရင်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ပိုမိုပြင်းထန်သော စွမ်းအားကို ထုတ်လွှတ်နိုင်ခြင်း ဖြစ်သည်။
ဤသည်က အင်အားများ ပေါင်းစပ်သွားရုံသာမကဘဲ ဆဋ္ဌမအဆင့် အစီအရင်တစ်ခုကို တည်ဆောက်လိုက်သကဲ့သို့ သူတို့၏ မူလစွမ်းအားထက် ဆယ်ဆမက ပိုမိုပြင်းထန်သော တိုက်ခိုက်မှုကို ဖြစ်ပေါ်စေသဖြင့် သာမန် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအနေဖြင့် လုံးဝ ခုခံနိုင်စွမ်းမရှိပေ။
"ဒါ ဘာဖြစ်တာလဲ... တစ်ယောက်ယောက်က ဟယ်ဖုန်းကျွန်းအနားမှာ တိုက်ခိုက်နေကြတာလား...”
ထိုစဉ် ဟယ်ဖုန်းကျွန်းပေါ်တွင် ရှိနေကြသော ကျင့်ကြံသူများစွာသည်လည်း ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားလှိုင်းများ လှုပ်ခတ်သွားသည်ကို ခံစားမိလိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲဖြစ်ပွားရာနေရာမှာ မိုင်အနည်းငယ်မျှသာ ကွာဝေးသဖြင့် အလွန်နီးကပ်လွန်းသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ နတ်ဘုရားအာရုံများကို အသုံးပြုကာ ထိုပင်လယ်ပြင်တွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို လှမ်းမျှော် စောင့်ကြည့်လိုက်ကြတော့သည်။
"အဆိပ်ကျီးကန်းမျိုးနွယ်စုပဲ... အဆိပ်ကျီးကန်းမျိုးနွယ်စုက ကျင့်ကြံသူတွေ တိုက်ခိုက်နေကြတာ...”
"သူတို့ရဲ့ ပြိုင်ဘက်က လူသားမျိုးနွယ်စုရဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူဖြစ်တဲ့ ရွှမ်ဟွမ်တာအိုအရှင် ထင်တယ်...”
အချို့သော ကျင့်ကြံသူများသည် တိုက်ခိုက်နေကြသူများ၏ ဇာတ်မြစ်ကို ချက်ချင်းပင် ရိပ်မိသွားကြသည်။
"လူသားမျိုးနွယ်စုလား... တစ်ခါမှ မကြားဖူးပါဘူး။ ဘယ်နေရာက အားနည်းတဲ့ မျိုးနွယ်စုလေးလဲ...”
"ငါကတော့ နဂါးပြာတိုက်ကြီးပေါ်မှာ လူသားမျိုးနွယ်စုအကြောင်း တစွန်းတစ ကြားဖူးတယ်... ဒါပေမဲ့ ကြယ်ကွဲပင်လယ်ထဲမှာ လူသားမျိုးနွယ်စုနဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ တကယ်ကို အံ့သြစရာပဲ...”
"သူတို့က မကြာသေးခင်ကမှ ငါတို့ရဲ့ ခွန်ဖန်ပင်လယ်ဒေသကို ပြောင်းရွှေ့လာကြတာလား... တကယ်လို့သာ ဟုတ်ရင်တော့ ဒီလူသားကျင့်ကြံသူ သေပြီသာမှတ်တော့။ အဆိပ်ကျီးကန်းမျိုးနွယ်စုရဲ့ စောင့်ကြည့်တာ ခံလိုက်ရမှတော့ အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး...”
"ဒီရွှမ်ဟွမ်တာအိုအရှင်က ဟယ်ဖုန်းကျွန်းပေါ်မှာ ကျင့်ကြံရေးအရင်းအမြစ်တွေကို အမြဲတမ်း အမြောက်အမြား ဝယ်ယူလေ့ရှိတယ်လို့ ကြားရတယ်။ သူက အလွန်ချမ်းသာလို့ပဲ အဆိပ်ကျီးကန်းမျိုးနွယ်စုရဲ့ မျက်စိကျပြီး အလုယက်ခံရတာ ဖြစ်မယ်...”
"အဆိပ်ကျီးကန်းမျိုးနွယ်စုက လောဘကြီးပြီး ရက်စက်ကြမ်းကြုတ်တယ်ဆိုတာ ကြာပါပြီ... ဒီနေ့ ကြည့်ရတာတော့ တကယ်ပဲ။ အားနည်းတဲ့ မျိုးနွယ်စုတစ်ခုက ကျင့်ကြံသူရဲ့ ရတနာတွေကိုတောင် လုယူဖို့ ကြိုးစားနေကြတယ်... အင်အားကြီးမျိုးနွယ်စုတစ်ခုရဲ့ သိက္ခာကို လုံးဝ ဆွဲချလိုက်တာပဲ...”
"ဟဟ... ဒါက ကြယ်ကွဲပင်လယ်ရဲ့ နိယာမပဲ။ အားနည်းသူကို အားကြီးသူက အနိုင်ကျင့် ဗိုလ်ကျတာ သဘာဝပဲ။ သူက ကိုယ့်ရဲ့ အစွမ်းအစက အားနည်းနေတာကိုတောင် ချမ်းသာကြွယ်ဝမှုကို ထုတ်ပြမိတာကိုး... သူမှမသေ ဘယ်သူ သေမှာတုန်း...”
ကျင့်ကြံသူများစွာသည် စိတ်ဝင်တစားဖြင့် အချင်းချင်း ဆွေးနွေးပြောဆိုနေကြ၏။
၎င်းတို့အားလုံးသည် ကျိုးစွေ့ကို သနားကရုဏာသက်စွာဖြင့် ကြည့်ရှုနေကြပြီး ဤလူသားကျင့်ကြံသူခမျာ ယနေ့တွင် သေဆုံးရတော့မည်ဟု ထင်မြင်နေကြသည်။
အဆိပ်ကျီးကန်းမျိုးနွယ်စု၏ ပစ်မှတ်ဖြစ်သွားရုံမျှမက သူ့ကို မည်သူကမျှ ကူညီပေးနိုင်လိမ့်မည် မဟုတ်ပေ။
မှန်ပေသည်၊ ၎င်းတို့သည်လည်း ဤလူငယ်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိသဖြင့် ဝင်ရောက်ကူညီပေးရန် လုံးဝ မဖြစ်နိုင်ပေ။
အကယ်၍ ဝင်ရောက်ကူညီပါက အဆိပ်ကျီးကန်းမျိုးနွယ်စုနှင့် ရန်သူဖြစ်သွားမည်ဖြစ်ရာ မိမိတို့အတွက် ဆုံးရှုံးမှုသာ ရှိပေလိမ့်မည်။
"ကျီးနက်ဓမ္မသဏ္ဌာန်လား..."
"အရမ်းကို အားနည်းလွန်းတယ်... ဒီလောက်ပဲလား...”
ကျိုးစွေ့သည်ကား အလွန်အေးဆေး တည်ငြိမ်နေဆဲ ဖြစ်၏။
သူသည် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် တိုက်ပွဲများမှာ ဓမ္မသဏ္ဌာန်ချင်း တိုက်ခိုက်ကြခြင်းသာ ဖြစ်ကြောင်း နားလည်ထားသည်။
လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် ရတနာများကို အသုံးပြုကြသော်လည်း ၎င်းသည် ဓမ္မသဏ္ဌာန်၏ စွမ်းအားကို မြှင့်တင်ရန်အတွက်သာ ဖြစ်ပေသည်။
ဓမ္မသဏ္ဌာန်ဟူသည်မှာ မိမိကျင့်ကြံထားသော လမ်းစဉ်နှင့် စည်းမျဉ်းများကို ပုံဖော်ခြင်းပင် ဖြစ်ချေသည်။
ပုံသဏ္ဌာန်မရှိသော စည်းမျဉ်းများကို ဒြပ်ရှိအရာတစ်ခုအဖြစ်သို့ ပြောင်းလဲခြင်းသည် ဓမ္မသဏ္ဌာန်အဆင့်၏ အနှစ်သာရ ဖြစ်၏။
သူသည် လေဟာနယ်သန့်စင်ခြင်းအဆင့် အလယ်အလတ်သို့ ရောက်ရှိသွားပြီးနောက် သူ၏ စွမ်းအားနှင့် တိုက်ခိုက်နိုင်စွမ်းမှာလည်း အဆပေါင်းများစွာ တိုးတက်သွားခဲ့ပြီ ဖြစ်သည်။
ယခင်အချိန်များနှင့် နှိုင်းယှဉ်ပါက လုံးဝ ခြားနားသွားခဲ့ချေပြီ။
ထို့ကြောင့် အဆိပ်ကျီးကန်းမျိုးနွယ်စုမှ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဆယ့်သုံးဦး၏ ဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း သူ လုံးဝ ဂရုမစိုက်ပေ။
ရွှပ်…။
ထိုခဏ၌ သူသည် ခန္ဓာကိုယ်ထဲမှ ဓားပျံတစ်စင်းကို ဆွဲထုတ်လိုက်ရာ ပုံသဏ္ဌာန်မဲ့သော ဓားနယ်ပယ်စွမ်းအားတစ်ခု ချက်ချင်း ပေါ်ထွက်လာပြီး မိုင်ပေါင်းသောင်းချီသော ပင်လယ်ပြင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားခဲ့၏။
ဆဋ္ဌမအဆင့် အထွတ်အထိပ်ဓားလမ်းစဉ် ဖြစ်သည့် 'သက်ရှိအားလုံး၏ဓားနယ်ပယ်' ပင် ဖြစ်ပေသည်။
ဤနှစ်တစ်ရာအတွင်း ကျိုးစွေ့၏ ဓားလမ်းစဉ်ကျင့်ကြံမှုကို ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ မြှင့်တင်နိုင်ခဲ့ပြီး ကျူးရှန်းဓားသိုင်း၏ အနှစ်သာရကို ပိုမိုနားလည်သဘောပေါက်သွားကာ ဤသက်ရှိအားလုံး၏ဓားနယ်ပယ်ကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဝုန်း…။
ဓားနယ်ပယ်၏ ဖုံးလွှမ်းမှုအောက်တွင် အဆုံးမဲ့သော ကောင်းကင်နှင့်မြေကြီးစွမ်းအားများနှင့် သက်ရှိအားလုံး၏ သတ်ဖြတ်လိုစိတ်များ စုစည်းသွားကာ နက်မှောင်သော ဓားအလင်းတန်းများစွာအဖြစ်သို့ ပြောင်းလဲသွားပြီး အရေအတွက်အားဖြင့်လည်း ရေတွက်၍မရနိုင်အောင် များပြားလှသည်။
ထိုနက်မှောင်သော ဓားအလင်းတန်းတိုင်းတွင် သက်ရှိအပေါင်း၏ နာကျည်းမှု၊ မုန်းတီးမှုနှင့် ဒေါသတရားများ ပြည့်နှက်နေသကဲ့သို့ ခံစားရစေသည်။
သူသည် ဓားပျံကို ကိုင်ဆောင်ထားစဉ် ကမ္ဘာလောက၏ သတ်ဖြတ်ခြင်းအာဏာကို ဆုပ်ကိုင်ထားပြီး သက်ရှိအားလုံးကိုယ်စား ပြစ်ဒဏ်ပေးနေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်ချေသည်။
"မင်းတို့မှာ အပြစ်ရှိတယ်... သေဒဏ်ပေးရမယ်...”
ကျိုးစွေ့က တည်ငြိမ်စွာ ပြောဆိုလိုက်ရာ ထိုစကားသံသည် ကောင်းကင်ဘုံဧကရာဇ်၏ အမိန့်တော်ကဲ့သို့ တုန်လှုပ်ဖွယ်ရာ နတ်ဘုရားအရှိန်အဝါများ ပြည့်နှက်နေသည်။
ဘာ…။
ထိုအခိုက်အတန့်တွင် အဆိပ်ကျီးကန်းမျိုးနွယ်စုမှ ကျင့်ကြံသူများသည် မျက်လုံးများ ပြူးကျယ်သွားကြပြီး တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထလာကာ မကြုံစဖူး ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသည်။
သူတို့၏ရှေ့မှ လူသားကျင့်ကြံသူသည် သာမန်လူတစ်ဦးမဟုတ်ဘဲ အထက်ဘုံလောကမှ ဆင်းသက်လာသည့် အင်မော်တယ်တစ်ပါးကဲ့သို့ ခန္ဓာကိုယ်တွင် ကြီးမြတ်သော အရှိန်အဝါများ ကိန်းအောင်းနေသည်ဟု ထင်မှတ်ရစေသည်။
ဤကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်တွင် သက်ရှိပေါင်းများစွာ၏ နာကျည်းမှုနှင့် မကောင်းသော အတွေးများ ကပ်ညှိနေသကဲ့သို့ပင်။