← Chapters

အခန်း ၈၈၃

Vol. 84 Ch. 883

အခန်း ၈၈၃

Vol. 84 Ch. 883

အခန်း (၈၈၃) - သက်ရှိအားလုံး၏ ဓားနယ်ပယ် (၃)

"မကောင်းတော့ဘူး... ဒီကောင်က မိစ္ဆာတစ်ကောင်ပဲ...”

"သူ့ကိုယ်ပေါ်မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ မကောင်းတဲ့အတွေးတွေနဲ့ နာကျည်းမှုတွေ ရှိနေတာကို သူက ဘာလို့ မသေသေးတာလဲ...”

"ဘာလို့ စွမ်းအားတွေရဲ့ တန်ပြန်တိုက်ခိုက်တာကို မခံရတာလဲ...”

အဆိပ်ကျီးကန်းမျိုးနွယ်စုမှ ကျင့်ကြံသူများသည် လုံးဝ မယုံကြည်နိုင် ဖြစ်နေကြ၏။ ၎င်းတို့၏ အထင်အရ ဤကဲ့သို့သော လူသည် သေလူနှင့် မခြားနားသင့်ပေ။ အဘယ်ကြောင့်ဆိုသော် မည်သည့်ကျင့်ကြံသူကမျှ မိမိ၏ကိုယ်ပေါ်တွင် ဤမျှများပြားသော နာကျည်းမှုများကို တင်ဆောင်ထားရန် မဝံ့ရဲသောကြောင့် ဖြစ်၏။

ဤသို့သာ လုပ်ဆောင်ပါက အချိန်တိုင်းတွင် နာကျင်ခံစားရမည်ဖြစ်ပြီး ရူးသွပ်သွားရပေလိမ့်မည်။

ဘန်း…။

သို့သော် ၎င်းတို့အား စဉ်းစားရန် အချိန်မပေးဘဲ ကျိုးစွေ့က ဓားဖြင့် ချက်ချင်း ခုတ်ပိုင်းလိုက်ချေပြီ။

ကောင်းကင်နှင့် မြေကြီးအကြားတွင် မဟူရာ ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့၏။

၎င်းသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို ထက်ခြမ်းခွဲပစ်လိုက်သကဲ့သို့ ထင်မှတ်ရစေသည်။

ပို၍ ကြောက်စရာကောင်းသည်မှာ ထိုဓားအလင်းသည် ၎င်းတို့၏ ခန္ဓာကိုယ်စွမ်းအားများကို လုံးဝ ပိတ်ဆို့ထားသဖြင့် မည်သို့မျှ ရှောင်တိမ်းရန် လမ်းမရှိတော့ပေ။

အုန်း…။

နောက်တစ်စက္ကန့်တွင် ၎င်းတို့ မည်သည့်စကားမျှ မပြောနိုင်သေးမီနှင့် မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်နိုင်သေးမီ၌ပင် ထိုမဟူရာ ဓားအလင်းက ဖြတ်သန်းသွားကာ ကျီးနက်ဓမ္မသဏ္ဌာန်ကြီးကို ထက်ပိုင်းဖြတ်တောက်လိုက်ပြီး ၎င်းတို့၏ နယ်ပယ်ကိုလည်း အပိုင်းပိုင်း ချေမှုန်းပစ်လိုက်တော့သည်။။

"ဒါ... ဒါက ဘယ်လိုလုပ်..."

အဆိပ်ကျီးကန်းမျိုးနွယ်စုမှ ကျင့်ကြံသူများသည် မျက်လုံးများ ပြူးကျယ်သွားကြပြီး ငုံ့ကြည့်လိုက်သည့်အခါ မိမိတို့၏ လည်ပင်းထက်တွင် မည်သည့်အချိန်ကတည်းက ပေါ်ပေါက်လာမှန်းမသိသော သွေးအစင်းရာလေးတစ်ခုကို တွေ့ရှိလိုက်ကြရသည်။

ထို့နောက်တွင် ခန္ဓာကိုယ်၏ ဟန်ချက်ပျက်သွားပြီး ၎င်းတို့၏ ဦးခေါင်းများသည် ကိုယ်ထည်မှ တဖြည်းဖြည်း ပြုတ်ထွက်သွားခဲ့၏။

ဦးခေါင်းများနှင့် ကိုယ်ထည်များ သီးခြားစီဖြစ်ကာ ပင်လယ်ပြင်ထဲသို့ ကျဆင်းသွားပြီး ရေစက်ရေမှုန်များ လွင့်စင်သွားတောသည်။

ပင်လယ်ရေပြင်သည်ကား သွေးနီရောင်များဖြင့် ချက်ချင်းပင် နီရဲသွားစေခဲ့၏။

၎င်းတို့၏ မျက်ဝန်းများမှာ ပြူးကျယ်နေဆဲဖြစ်ပြီး တွန့်ချိုးနေသော မျက်ခုံးများတွင် ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေဆဲပင်။

မိမိတို့ ဤကဲ့သို့ လွယ်ကူစွာဖြင့် သေဆုံးသွားရလိမ့်မည်ဟု လုံးဝ မယုံကြည်နိုင်ကြခြင်းပင် ဖြစ်ပေသည်။

"တကယ်ကို အစွမ်းထက်တာပဲ... ဒါက ကျူးရှန်းဓားသိုင်းရဲ့ အစွမ်းလား...”

"ဓားတစ်ချက်တည်းနဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဆယ့်သုံးယောက်ကို သတ်ပစ်နိုင်တာ... တကယ်ကို အတားအဆီးမရှိတဲ့ စွမ်းအားပဲ...”

ကျိုးစွေ့သည်လည်း စိတ်ထဲမှ အံ့ဩတသ ဖြစ်သွားမိသည်။

သူသည် ကျူးရှန်းဓားသိုင်း၏ အဆင့်အတန်း မြင့်မားလာလေလေ ၎င်း၏ စွမ်းအားက ပိုမိုပြင်းထန်လာလေလေဖြစ်ကြောင်း သတိပြုမိလိုက်သည်။

အဆင့်နိမ့်စဉ်က သိသာထင်ရှားခြင်း မရှိသော်လည်း ပိုမိုနက်ရှိုင်းသော နယ်ပယ်သို့ ရောက်ရှိလာသည့်အခါတွင်မူ အဆမတန် ကြောက်စရာကောင်းလာခဲ့ချေပြီ။

ဤသည်မှာ အင်မော်တယ်လောက၏ ဂိုဏ်းကြီးတစ်ခုမှ ဆင်းသက်လာသော တုနှိုင်းမဲ့ကျင့်စဉ်တစ်ခု ဖြစ်သည်နှင့် ထိုက်တန်ပေသည်။

လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိလာသည့်အခါမှသာ ဤဓားကျင့်စဉ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို အပြည့်အဝ ဖော်ပြနိုင်ခဲ့ခြင်း ဖြစ်၏။

ဆန်းစစ်ကြည့်လျှင် ဤသည်မှာ သူသည် သက်ရှိများစွာ၏ သတ်ဖြတ်လိုစိတ်များကို စုပ်ယူထားခြင်းနှင့်လည်း များစွာ သက်ဆိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် ဖေးဟော်လျှို့ဝှက်နယ်မြေအတွင်း၌ ဖေးဟော်မျိုးနွယ်၏ သတ်ဖြတ်လိုစိတ်နှင့် နာကျည်းမှုများစွာ ကျန်ရှိနေခဲ့သဖြင့် ၎င်းက သူ၏ ဓားလမ်းစဉ်ကျင့်ကြံမှုကို လျင်မြန်စွာ တိုးတက်စေခဲ့သောကြောင့် ဖြစ်၏။

မိမိအနေဖြင့် ဤစွမ်းအားများကို ထိန်းချုပ်နိုင်သရွေ့ တိုက်ခိုက်မှုအရှိန်ကို အကန့်အသတ်မရှိ မြှင့်တင်နိုင်ပေလိမ့်မည်။

အဝေးတစ်နေရာရှိ မျိုးနွယ်ခြား ကျင့်ကြံသူများစွာသည်လည်း ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြကာ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားကြရသည်။

၎င်းတို့သည် ယခင်က ဤရွှမ်ဟွမ်တာအိုအရှင် သေဆုံးရတော့မည်ဟု ထင်မှတ်ထားခဲ့ကြခြင်း မဟုတ်ပါလော။

အဆိပ်ကျီးကန်းမျိုးနွယ်စုမှ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဆယ့်သုံးဦး၏ ဝိုင်းရံမှုကို ရင်ဆိုင်ရသဖြင့် မည်သို့ ခုခံနိုင်ပါမည်နည်း။

သို့သော် မည်သူက ထင်မှတ်ထားပါမည်နည်း။ မျက်စိတစ်မှိတ်အတွင်း၌ပင် အခြေအနေအားလုံးက ပြောင်းလဲသွားခဲ့ချေပြီ။

ဓားတစ်ချက်တည်းဖြင့်သာ ဤရွှမ်ဟွမ်တာအိုအရှင်သည် အဆိပ်ကျီးကန်းမျိုးနွယ်စုမှ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဆယ့်သုံးဦးစလုံးကို တစ်ပြိုင်နက်တည်း သုတ်သင်ရှင်းလင်းပစ်လိုက်၏။

ဤကဲ့သို့သော တိုက်ခိုက်နိုင်စွမ်းမှာ တကယ်ကို ကြောက်စရာကောင်းလွန်းလှ‌သည်။

အကယ်၍ မိမိကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရခြင်း မဟုတ်ပါက ဤမျှ အံ့ဩဖွယ်ကောင်းသော ကိစ္စရပ်ကို မည်သူက ယုံကြည်နိုင်ပါမည်နည်း။

"ဒီရွှမ်ဟွမ်တာအိုအရှင်က ဘယ်လိုနောက်ခံမျိုးလဲ... ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းရတာလဲ။ ဓားတစ်ချက်တည်းနဲ့ အဆိပ်ကျီးကန်းမျိုးနွယ်စုရဲ့ ကျင့်ကြံသူ ဆယ့်သုံးယောက်ကို သတ်ပစ်လိုက်တာ... အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုရဲ့ ထူးချွန်တဲ့ တပည့်တွေတောင် ဒီလောက်ပဲရှိမယ် ထင်တယ်...”

မျိုးနွယ်ခြား ကျင့်ကြံသူတစ်ဦးမှာမူ လုံးဝ ဆွံ့အသွားရလေသည်။

၎င်းသည် ခုနက ဓားချက်၏ ပြင်းထန်မှုကို အပြည့်အဝ ခံစားမိလိုက်ရသဖြင့် ဤသူသည် တုနှိုင်းမဲ့ ဓားကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သိရှိလိုက်ရသည်။ အကယ်၍ မိမိကိုယ်တိုင် ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပါကလည်း ခေါင်းပြတ်ကာ ပြာအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

မိုင်အနည်းငယ်မျှ ကွာဝေးနေစေကာမူ ထိုကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်ကို ခံစားနေရဆဲဖြစ်ပြီး ၎င်းသည် ကောင်းကင်နှင့်မြေကြီးကိုပင် ဆုတ်ဖြဲပစ်နိုင်မည့်အလား ရှိနေချေသည်။

"ဟဟ... ဒီလောက်ပါပဲ...”

"ငါတို့ ထျန်းဖန်မျိုးနွယ်စုရဲ့ ပါရမီရှင်တွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး... ဟာသလာလုပ်မနေနဲ့...”

ထိုစကားကို ကြားလိုက်ရသည့်အခါ ဘေးနားရှိ ထျန်းဖန်မျိုးနွယ်စုမှ ကျင့်ကြံသူတစ်ဦးက ချက်ချင်းပင် မကျေမနပ်ဖြင့် တုံ့ပြန်ပြောဆိုလိုက်၏။

၎င်း၏အမြင်အရ အားနည်းသော မျိုးနွယ်စုလေးမှ ကျင့်ကြံသူတစ်ဦးက မည်မျှပင် ထူးချွန်စေကာမူ မိမိတို့မျိုးနွယ်စုရှိ ပါရမီရှင်များကို မီနိုင်လိမ့်မည် မဟုတ်ပေ။ ထိုပါရမီရှင်များ၏ နည်းစနစ်များနှင့် ရတနာများမှာ ဤလူငယ် ယှဉ်နိုင်သောအရာများ မဟုတ်ပေ။

သို့သော်ငြား ၎င်းက ဤလူငယ်သည် ထျန်းဖန်မျိုးနွယ်စုမှ သာမန်ကျင့်ကြံသူ အများစုထက် သာလွန်ကြောင်းကိုမူ ဝန်ခံလိုက်ရပေသည်။

ဤသူ၏ စွမ်းအားမှာ တကယ်ကို မသေးလှပေ။

မဟုတ်ပါက လူတစ်ဦးတည်းဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဆယ့်သုံးဦးကို တစ်ပြိုင်နက်တည်း သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

၎င်းသည်လည်း စိတ်ထဲမှ စိုးရိမ်ထိတ်လန့်သွားမိသည်။

မျိုးနွယ်ခြား ကျင့်ကြံသူတစ်ဦးက ဤမျှအထိ စွမ်းအားကြီးမားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

"ခုနက တစ်ယောက်ယောက် ပြောတာတော့ ဒီရွှမ်ဟွမ်တာအိုအရှင်က လူသားမျိုးနွယ်စုကဖြစ်ပြီး နဂါးပြာတိုက်ကြီးက လာတာတဲ့... ဒါဆို လူသားမျိုးနွယ်စုက နဂါးပြာတိုက်ကြီးရဲ့ အင်အားကြီးမျိုးနွယ်စု ဖြစ်နေတာလား။ ဒါမှမဟုတ် တိုက်ကြီးပေါ်က မျိုးနွယ်စုတွေအားလုံးက ဒီလိုပဲ ကြောက်စရာကောင်းကြတာလား...”

အချို့သူများသည် ကျိုးစွေ့၏ ဇာတ်မြစ်ကို ချက်ချင်းပင် စိတ်ဝင်တစား စုံစမ်းလိုကြသည်။

ယခင်က ၎င်းတို့သည် လူသားမျိုးနွယ်စုကို အားနည်းသော အုပ်စုလေးတစ်ခုအဖြစ် ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ ဤကဲ့သို့သော စွမ်းအားကို ပြသနိုင်ခဲ့သဖြင့် အမှန်တကယ်ပင် အားနည်းသော မျိုးနွယ်စု ဖြစ်ပါဦးမည်လော။ တစ်ခုခုသော အင်အားကြီးမျိုးနွယ်စုများ ဖြစ်နေပါသလော။

အမှန်တကယ်တမ်း ဤသည်က ဖြစ်နိုင်ခြေ ရှိပေသည်။

အဘယ်ကြောင့်ဆိုသော် အစစ်အမှန်ဝိညာဉ်လောကကြီးသည် အလွန်တရာ ကျယ်ပြောလှပြီး မျိုးနွယ်စုများစွာ ရှိနေသဖြင့် မည်သည့်မျိုးနွယ်စုက မည်ကဲ့သို့သော လျှို့ဝှက်စွမ်းအားများကို ပိုင်ဆိုင်ထားသည်ကို မည်သူက သိနိုင်ပါမည်နည်း။

လူသားမျိုးနွယ်စုသည် ဤခွန်ဖန်ပင်လယ်ဒေသတွင်သာ လူသိမများခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် အခြားသော နေရာဒေသများတွင်မူ နာမည်ကျော်ကြားပြီးသား ဖြစ်နေနိုင်သည်။

"မသိဘူး... ငါလည်း လူသားမျိုးနွယ်စုကို တစ်ခါမှ မမြင်ဖူးသလို မျိုးနွယ်စုရဲ့ မှတ်တမ်းတွေထဲမှာလည်း သူတို့အကြောင်း ရှိမနေဘူး...”

"ဒါမှမဟုတ် မကြာသေးခင်ကမှ ပေါ်ပေါက်လာတဲ့ မျိုးနွယ်စု ဖြစ်မလား... ဘာပဲဖြစ်ဖြစ် မျိုးနွယ်စုတွေရဲ့ အတက်အကျက အမြဲတမ်း တည်ငြိမ်နေတာမှ မဟုတ်တာ။ အားနည်းတဲ့ မျိုးနွယ်စုတွေကလည်း အင်အားကြီးလာနိုင်သလို အင်အားကြီးမျိုးနွယ်စုတွေလည်း ပျက်စီးသွားနိုင်တာပဲ... ဘယ်အရာက ထာဝရ တည်မြဲနေမှာလဲ...”

"အမှန်ပဲ... အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုတွေထဲကတောင် သမိုင်းတစ်လျှောက် ပျက်စီးသွားခဲ့တာတွေ အများကြီး ရှိခဲ့တာပဲ...”

"အဆိပ်ကျီးကန်းမျိုးနွယ်စုက ကျင့်ကြံသူတွေကတော့ ဒီတစ်ခါ တကယ်ပဲ ကျောက်ဆောင်ကို တိုက်မိတာပဲ။ သတ်ဖြတ်လုယက်ဖို့ ကြိုးစားတာ မအောင်မြင်တဲ့အပြင် အသတ်တောင် ခံလိုက်ရသေးတယ်... တကယ်ကို ရယ်စရာကောင်းတာပဲ။ မြစ်ကမ်းဘေးမှာ လမ်းလျှောက်နေမှတော့ ဖိနပ်မစိုဘဲ ဘယ်နေပါ့မလဲ...”

"အဆိပ်ကျီးကန်းမျိုးနွယ်စုရဲ့ အကြီးအကဲတွေတော့ ဒေါသတကြီး ဖြစ်ကုန်တော့မယ် ထင်တယ်။ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော် တစ်ပြိုင်နက်တည်း သေသွားတာက သာမန်ဆုံးရှုံးမှု မဟုတ်ဘူး... သူတို့ ဒီသတင်းကို သိရတဲ့အချိန် ဘယ်လိုဖြစ်သွားမလဲဆိုတာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်...”

"ဒါပေမဲ့ ဒီလူငယ်ကတော့ ဒုက္ခရောက်ပြီပဲ... အဆိပ်ကျီးကန်းမျိုးနွယ်စုကို သွားရှုပ်မိမှတော့ ဒီပင်လယ်ပြင်မှာ ဆက်ပြီး ရှင်သန်ဖို့ မလွယ်တော့ဘူး...”

"မိုက်မဲလိုက်တာကွာ... သူက ပြန်မခုခံရင်ရော အဆိပ်ကျီးကန်းမျိုးနွယ်စုနဲ့ ရန်သူမဖြစ်တော့ဘူးတဲ့လား...”

"ဟုတ်တယ်... အဆိပ်ကျီးကန်းမျိုးနွယ်စုက ဘယ်လောက်ပဲ တော်တော် ကမ္ဘာပတ်ပြီး ဘယ်လိုလိုက်ရှာနိုင်မှာမို့လို့လဲ။ သူက တစ်နေရာရာမှာ သွားပုန်းနေလိုက်ရင် အဆိပ်ကျီးကန်းမျိုးနွယ်စုလည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး...”

"တကယ်လို့ ဟောကိန်းထုတ်တဲ့အတတ်ကို သုံးရင်ရော... သူ လွတ်အောင် ပြေးနိုင်ပါဦးမလား...”

"ဟာသပဲ... ဟောကိန်းထုတ်တဲ့အတတ်ကသာ အဲ့လောက်စွမ်းရင် ဒီပင်လယ်ပြင်မှာ ဝရမ်းပြေးတွေ ဒီလောက်အများကြီး ရှိနေပါ့မလား...”

"ဒါလည်း ဟုတ်တာပဲ... ဟောကိန်းထုတ်တာကို နှောင့်ယှက်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတာပဲ။ ဒီလိုအတတ်ကို အရမ်းတန်ခိုးကြီးတယ်လို့ မထင်နဲ့...”

"အချို့သော ကျင့်ကြံသူတွေဆိုရင် ထျန်းဖန်မျိုးနွယ်စုဝင်တွေကိုတောင် သတ်ပစ်ခဲ့ကြတာ... ဒါက အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုလေ။ ဒါပေမဲ့ သူတို့လည်း လွတ်လွတ်လပ်လပ် ရှင်သန်နေကြတာပဲ...”

"ဒီရွှမ်ဟွမ်တာအိုရောင်းရင်း ဘေးကင်းကင်းနဲ့ လွတ်မြောက်နိုင်ပါစေလို့ပဲ မျှော်လင့်ရမယ်... အဆိပ်ကျီးကန်းမျိုးနွယ်စုရဲ့ ကလဲ့စားချေမှုက အလွယ်လေး မဟုတ်ဘူး...”

မျိုးနွယ်ခြား ကျင့်ကြံသူများစွာသည် စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြပြီး အလွန်တရာ တုန်လှုပ်နေကြတော့သည်။

All Chapters