အခန်း ၈၈၆
Vol. 84 Ch. 886
အခန်း (၈၈၆) - ဆယ့်ရှစ်လွှာ ရွှေငွေမိုးကြိုးကပ်ဘေး၊ နောက်ဆုံးတွင် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းသွားသော ထောင်ချီလီ (၁)
"ဒီမှာ လျှောက်ပြီး တွေးမနေကြစမ်းနဲ့... တာအိုရောင်းရင်းထောင်ကလည်း ငတုံးမှမဟုတ်တာ၊ ဘေးဒုက္ခကို ကျော်ဖြတ်ဖို့ ဘယ်လောက် ခက်ခဲလဲဆိုတာ သူ မသိဘဲ နေမလား...”
"သူမက မူလချီကပ်ဘေးကို ဖြစ်ပေါ်စေပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေတယ်ဆိုရင် သူမဆီမှာ ကြီးမားတဲ့ ယုံကြည်ချက် ရှိနေလို့ ဖြစ်ရမယ်...”
"မဟုတ်ရင်တော့ သူမလည်း ဒီလိုလမ်းကို ရွေးချယ်မှာ မဟုတ်ဘူး...”
လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ဦးက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ဒါလည်း ဟုတ်တာပဲ...”
ထိုစကားကို ကြားလိုက်ရသည့်အခါ အခြားသော ဘိုးဘေးများစွာသည်လည်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
၎င်းတို့သည်လည်း ထောင်ချီလီကို ဤမျှ မိုက်မဲသော ကျင့်ကြံသူတစ်ဦးအဖြစ် မထင်မြင်ကြဘဲ သူမအနေဖြင့် ပြင်ဆင်မှုများ ရှိထားသောကြောင့်သာ ဤကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယူဆကြသည်။
သို့သော် ၎င်းတို့သည်လည်း ထောင်ချီလီက မည်ကဲ့သို့သော လျှို့ဝှက်ချက်များကို ပြင်ဆင်ထားသဖြင့် ဤမျှအထိ ယုံကြည်မှု ရှိနေရသနည်းဟု အလွန်တရာ စိတ်ဝင်တစား ရှိနေကြရသည်။
မည်သို့ပင်ဆိုစေကာမူ အကယ်၍ ထောင်ချီလီတစ်ယောက် အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ပါက ဖုန်းရှီးကျွန်းအတွက် ကြီးမားသော သတင်းကောင်းတစ်ခု ဖြစ်ပေလိမ့်မည်။
ဤသည်က ဖုန်းရှီးကျွန်းပေါ်တွင် ဒုတိယမြောက် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ပေါ်ထွက်လာခြင်းကို ပြသနေခြင်း မဟုတ်ပါလော။
ထိုမှတစ်ဆင့် လူသားများ၏ စွမ်းအားမှာလည်း အဆမတန် တိုးတက်သွားပေလိမ့်မည်။
၎င်းမှ ရရှိမည့် အကျိုးကျေးဇူးများမှာ ရေတွက်၍ပင် မရနိုင်ပေ။
ဝုန်း…။
ထိုစဉ် အဆုံးမဲ့သော ကောင်းကင်နှင့်မြေကြီးစွမ်းအားများမှာ ထောင်ချီလီ၏ ခန္ဓာကိုယ်အတွင်းသို့ စဉ်ဆက်မပြတ် စီးဝင်သွားခဲ့၏။
ထိုက်ရွှမ်အံ့ဖွယ်တစ်သောင်းဆေးလုံးကို စားသုံးထားသော ထောင်ချီလီသည်လည်း လုံးဝ စိုးရိမ်ခြင်းမရှိဘဲ ခန္ဓာကိုယ်တွင်းရှိ ကျင့်စဉ်ကို လည်ပတ်ကာ ထိုစွမ်းအားများကို အပြည့်အဝ စုပ်ယူလိုက်တော့သည်။
ဝုန်း…။
လေဟာနယ်သန့်စင်ခြင်းအဆင့် ပြည့်စုံခြင်းထက် သာလွန်သော ဖိအားတစ်ခု ပေါ်ထွက်လာကာ ဖုန်းရှီးမြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး နေရာတိုင်းသို့ သက်ရောက်သွားခဲ့၏။
မြို့တွင်းရှိ ကျင့်ကြံသူအားလုံးသည် မကြုံစဖူး ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသဖြင့် မည်သည့်အလုပ်ကို လုပ်ဆောင်နေစေကာမူ ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြားပြားဝပ်သွားကြရပြီး ခန္ဓာကိုယ်ပေါ်တွင် တောင်ကြီးတစ်လုံး တင်ထားသကဲ့သို့ လုံးဝ မလှုပ်ရှားနိုင် ဖြစ်သွားကြရသည်။
လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများပင် ထိုနည်းတူ ခံစားလိုက်ရသည်။
၎င်းတို့သည် မြေပြင်ပေါ်သို့ ပြားပြားဝပ်မသွားစေကာမူ ခြေတစ်လှမ်း တိုးရန်အတွက် အလွန်တရာ ခက်ခဲနေခဲ့ရသည်။
အသက်ရှူရန်ပင် ခက်ခဲလွန်းလှပေသည်။ ယင်းက မြေကမ္ဘာအင်မော်တယ်တစ်ပါး ပေါ်ထွက်လာသကဲ့သို့ ထင်မှတ်ရစေသည်။
"မြန်လွန်းတယ်... တကယ်ကို မြန်လွန်းတယ်...”
"ဒီလိုနဲ့ပဲ မူလချီကပ်ဘေးကို ကျော်ဖြတ်ပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့်ရဲ့ အတားအဆီးကို ဖြတ်ကျော်သွားတာလား...”
"တာအိုရောင်းရင်းထောင်ရဲ့ အခြေခံစွမ်းအားက ဒီလောက်အထိ ခိုင်မာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”
"မဟုတ်ဘူး... ဒီလောက် မြန်မြန်ဆန်ဆန် ဖြတ်ကျော်နိုင်တာက အခြေခံ ခိုင်မာရုံတင်မကဘူး။ သူမက ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်စေမယ့် ဆေးပင် ဒါမှမဟုတ် ဆေးလုံးတစ်မျိုးမျိုးကို စားသုံးထားလို့ပဲ ဖြစ်ရမယ်...”
"ဒါက သဘာဝကျပါတယ်... တာအိုရောင်းရင်းထောင်က သတ္တမအဆင့် အစီအရင်ပညာရှင်လေ။ တာအိုရောင်းရင်းကျိုး မပေါ်လာခင်ကဆိုရင် သူမက ငါတို့ ဖုန်းရှီးမြို့ရဲ့ တစ်ဦးတည်းသော သတ္တမအဆင့် အစီအရင်ပညာရှင်ပဲ။ သူမရဲ့ ပါရမီက တကယ်ကို တုနှိုင်းမရအောင် မြင့်မားလှတယ်...”
"ဧကရာဇ်မြို့တော်မှာတောင် သူမက တုနှိုင်းမဲ့ ပါရမီရှင်တစ်ယောက် ဖြစ်နေတာပဲ... သူမက ဒီလိုရတနာမျိုးကို စောစောစီးစီး ရရှိထားလို့ပဲ အဆင့်တက်ဖို့ ကြိုးစားတာ ဖြစ်ရမယ်...”
"ကြည့်ရတာတော့ တာအိုရောင်းရင်းထောင် အောင်မြင်ဖို့ ရာခိုင်နှုန်း တော်တော်များတယ်... မူလချီကပ်ဘေးကိုတောင် ဒီလောက် လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်တယ် မဟုတ်လား...”
"တုံးလိုက်ကြတာကွာ... ဒါက အလွယ်ကူဆုံး ကပ်ဘေးတစ်ခုပဲ ရှိသေးတာ။ လေဟာနယ်သန့်စင်ခြင်းအဆင့် ပြည့်စုံခြင်းမှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ တစ်ဝက်လောက်က ကျော်ဖြတ်နိုင်ကြတာပဲ။ နောက်ထပ်လာမယ့် စိတ်မိစ္ဆာကပ်ဘေးကမှ တကယ့် အခက်အခဲကြီးပဲ...”
“ကျင့်ကြံသူ ကိုးဆယ်ရာခိုင်နှုန်းကျော်က အဲ့ဒီမှာ ကျဆုံးကြရတာ။ ဒါက ခန္ဓာပေါင်းစည်းခြင်းအဆင့်ရဲ့ စိတ်မိစ္ဆာကပ်ဘေးလေ... ဘယ်လောက်အထိ ခက်ခဲမလဲဆိုတာ မတွေးဝံ့စရာပဲ...”
ကျင့်ကြံသူများစွာသည် စိတ်လှုပ်ရှားကာ ဝမ်းသာနေကြသော်လည်း တစ်ဖက်တွင်လည်း စိုးရိမ်ပူပန်မှုများ ရှိနေကြဆဲ ဖြစ်သည်။
အကယ်၍ ထောင်ချီလီသာ အောင်မြင်သွားပါက ဖုန်းရှီးကျွန်းတွင် ဒုတိယမြောက် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ရှိလာပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ယခင်အချိန်များက လူသားမျိုးနွယ်စုတစ်ခုလုံးတွင်ပင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ရာကျော်မျှသာ ရှိခဲ့သောကြောင့် ဖြစ်ပေသည်။
ထို့ကြောင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ တန်ဖိုးမှာ လေဟာနယ်သန့်စင်ခြင်းအဆင့်နှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားလှချေတော့သည်။
'နောက်ဆုံးတော့ ခန္ဓာပေါင်းစည်းခြင်းအဆင့်ရဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ပြီပဲ...'
'အတားအဆီးတွေကို ဖြတ်ကျော်တဲ့နေရာမှာ အံ့ဖွယ်အာနိသင်ရှိတဲ့ ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ...'
'အကယ်လို့ လူသားမျိုးနွယ်ကသာ ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံး အမြောက်အမြားကို ဖော်စပ်နိုင်ခဲ့မယ်ဆိုရင် ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်တွေ ဘယ်လောက်တောင် များလာမလဲဆိုတာ မသိနိုင်တော့ဘူး...'
ထောင်ချီလီသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေရင်း အလွန်တရာ ဝမ်းသာပီတိ ဖြစ်နေလေသည်။
ခန္ဓာပေါင်းစည်းခြင်းအဆင့်၏ အတားအဆီးအား အလွန်လွယ်ကူစွာ ဖြတ်ကျော်နိုင်ခဲ့သည်ကို သူမ ခံစားလိုက်ရ၏။
ဤသည်မှာ သူမ ပုံမှန်စုဆောင်းထားခဲ့သော ခိုင်မာသည့် အခြေခံအုတ်မြစ်နှင့် ကြီးမားသော ဆက်စပ်မှုရှိနေသည့်အပြင်၊ ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံး၏ ဆေးစွမ်းကလည်း ကူညီပေးခဲ့သောကြောင့်သာ ဤမျှလွယ်ကူစွာ အတားအဆီးကို ဖြတ်ကျော်ကာ ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ထို့ကြောင့်ပင် ဤသတ္တမအဆင့် အဆင့်နိမ့် ရတနာဆေးလုံး၏ အစွမ်းထက်မြက်မှုကို သူမ နားလည်သွားခဲ့ရချေပြီ။
ထိုထိပ်တန်းမျိုးနွယ်စုကြီးများက ဤသို့သော ဆေးလုံးမျိုးကို လက်ဝါးကြီးအုပ်ထားပြီး အခြားမျိုးနွယ်စုများမှ ကျင့်ကြံသူများကို မရရှိစေရန် တားဆီးထားခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
ဝုန်း…။
သူမအနေဖြင့် ခန္ဓာပေါင်းစည်းခြင်းအဆင့်၏ နက်နဲသော အနှစ်သာရကို သေချာစွာ နားလည်သဘောပေါက်ရန် အချိန်မရလိုက်ခင်မှာပင်၊ ပတ်ဝန်းကျင်ရှိ လေဟာနယ်က အက်ကွဲသွားကာ လေဟာနယ်အက်ကြောင်းများ ပေါ်ထွက်လာချေသည်။
ထို့နောက် နယ်ပယ်ပြင်ပ ကောင်းကင်မိစ္ဆာများ၏ အငွေ့အသက် အမြောက်အမြားသည် လှိုင်းလုံးကြီးများပမာ ရိုက်ခတ်လာကာ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်မိစ္ဆာကို ဆွဲဆောင်သွားလေ၏။
ခန္ဓာပေါင်းစည်းခြင်း စိတ်မိစ္ဆာကပ်ဘေး…။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းရန်အတွက် ဒုတိယမြောက် ကပ်ဘေးသည် ချက်ချင်း ရောက်ရှိလာပြီး၊ ထောင်ချီလီအား တုံ့ပြန်ရန် အချိန်အနည်းငယ်မျှပင် မပေးခဲ့ချေ။
သူမသည် အဆုံးအစမဲ့သော ပုံရိပ်ယောင်ကမ္ဘာထဲသို့ ချက်ချင်း ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
"ဟဟ... နောက်ထပ် ကျင့်ကြံသူတစ်ယောက် ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေပြန်ပြီ။ ဒါက အရမ်းကောင်းတဲ့ အခွင့်အရေးပဲ..."
"အရမ်းကို အရသာရှိမယ့် ဝိညာဉ်လေးပဲ။ ဒါက ငါတို့ ကောင်းကင်မိစ္ဆာတွေအတွက် သွားရည်စာဖြစ်လာမှာ သေချာတယ်..."
"တက်ကြ… ခုချက်ချင်း ပြေးဝင်ပြီး ဒီလူသားကျင့်ကြံသူရဲ့ မူလဝိညာဉ်ကို ဆွဲဖြဲပစ်လိုက်ကြ..."
နယ်ပယ်ပြင်ပ ကောင်းကင်မိစ္ဆာ အများအပြားသည် များစွာ စိတ်လှုပ်ရှားနေကြပြီး ဟိန်းဟောက်သံများကို ထုတ်လွှတ်လိုက်ကြ၏။
၎င်းတို့သည် လေဟာနယ်အက်ကြောင်းများထဲမှ ထွက်ပေါ်လာကြပြီး ဒီရေလုံးကြီးများပမာ အုံနှင့်ကျင်းနှင့် ပြေးဝင်လာကာ၊ သူမ၏ ဝိညာဉ်အား ကိုက်ဖြဲပြီး ဝါးမြိုရန် ကြိုးစားလာကြလေသည်။
ဂူစံအိမ်တစ်ခုလုံးသည် အမှောင်ထုနှင့် ကောင်းကင်မိစ္ဆာအငွေ့အသက်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး လက်တစ်ကမ်းအကွာကိုပင် မမြင်ရလောက်အောင် မှောင်မိုက်သွားခဲ့ချေပြီ။
သို့ရာတွင် ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံး၏ စွမ်းအားက အကူအညီပေးနေသောကြောင့်၊ သူမ၏ ဉာဏ်အလင်း တစ်စိတ်တစ်ပိုင်းကို ကာကွယ်ပေးထားနိုင်ခဲ့ပြီး၊ ပြီးပြည့်စုံသော သတိတရားရှိသည့် အခြေအနေတွင် ရှိနေစေကာ ပုံရိပ်ယောင်များကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိစေခဲ့၏။
‘ပြဿနာပဲ။ စိတ်မိစ္ဆာအငွေ့အသက်တွေက အရမ်းကို ပြင်းထန်လွန်းနေတယ်...'
'ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးရဲ့ ဆေးစွမ်းကလည်း ကုန်ခမ်းတော့မယ်...'
'နယ်ပယ်ပြင်ပ ကောင်းကင်မိစ္ဆာတွေက ဘာလို့ ဒီလောက်တောင် အများကြီး ထွက်ပေါ်လာရတာလဲ။ ရှေးမှတ်တမ်းတွေနဲ့ မတူဘူးနော်...'
'စိတ်မိစ္ဆာကပ်ဘေးရဲ့ စွမ်းအားက ပိုမိုပြင်းထန်လာတာများလား...'
ထိုအချိန်မှာပင် ထောင်ချီလီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး၊ ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံး၏ စွမ်းအားက လျင်မြန်စွာ ကုန်ခမ်းသွားကာ သူမ၏ ဝိညာဉ်သည်လည်း စွမ်းအားအကာအကွယ်မဲ့သွားသဖြင့် စိတ်မိစ္ဆာများ၏ ပုံရိပ်ယောင်ကမ္ဘာထဲသို့ ချက်ချင်း ဆွဲသွင်းခံလိုက်ရကြောင်းကို သတိပြုမိလိုက်လေသည်။
သူမသည် ဒုက္ခပင်လယ်ထဲသို့ နစ်မြုပ်သွားတော့မည့်ပုံပေါ်ပြီး၊ ထိုအထဲမှ ရုန်းထွက်ရန် မဖြစ်နိုင်တော့ချေ။
ခန္ဓာပေါင်းစည်းခြင်း စိတ်မိစ္ဆာကပ်ဘေး၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှပေသည်။
သူမအား အတုနှင့်အစစင်ကိုပင် ခွဲခြား၍မရအောင် ဖြစ်စေခဲ့၏။
လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ အများအပြားသည် စိတ်မိစ္ဆာကပ်ဘေးထဲတွင် ကျဆုံးသွားကြသည်မှာလည်း အံ့သြစရာမဟုတ်ချေ။ အများအားဖြင့် လူတစ်ယောက်၏ အကြီးမားဆုံး ရန်သူမှာ မိမိကိုယ်တိုင်ပင် မဟုတ်ပါလော။
အကယ်၍ စိတ်မိစ္ဆာကိုသာ ထိုးထွင်းမသိမြင်နိုင်ပါက၊ ဒုက္ခပင်လယ်ထဲတွင် နစ်မြုပ်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာ ရှိမည်မဟုတ်ဘဲ၊ မည်သို့မျှ ရုန်းထွက်နိုင်မည် မဟုတ်ချေ။
အကယ်၍ ပုံမှန် ခန္ဓာပေါင်းစည်းခြင်း စိတ်မိစ္ဆာကပ်ဘေးသာ ဖြစ်ခဲ့မည်ဆိုလျှင်၊ ထောင်ချီလီအား ဒုက္ခပေးနိုင်မည် မဟုတ်သည်မှာ သဘာဝပင်။
သို့ရာတွင် ကံဆိုးသည်မှာ၊ ငရဲမိစ္ဆာကမ္ဘာသည် အနီးသို့ ချဉ်းကပ်လာပြီး အစစ်အမှန်ဝိညာဉ်ကမ္ဘာနှင့် တွေ့ဆုံသွားသောကြောင့် မိစ္ဆာအငွေ့အသက် အမြောက်အမြားသည် လှိုင်းလုံးကြီးများပမာ ဝင်ရောက်လာခဲ့လေ၏။
ထိုအရာက နယ်ပယ်ပြင်ပ ကောင်းကင်မိစ္ဆာများ၏ စွမ်းအားကို အဆပေါင်းများစွာ မြင့်တက်သွားစေခဲ့တော့သည်။