အခန်း ၉၄
Vol. 10 Ch. 94
အခန်း (၉၄) - ဆက်လက်ပြေးလွှားခြင်း
ထန်ဝေ့က စိတ်ထဲတွင် စကားလုံးများကို သေချာစီစဉ်ပြီးနောက် ရှို့ဝူကို ကြည့်ကာ အားနာသလို ပြုံးလျက် ပြောလိုက်သည်။
"လောင်ရှို့... ကိုယ့်ထက်အသက်ကြီးတဲ့ အမျိုးသမီးနဲ့ တွဲတာက ပုံမှန်ပါပဲ... မင်း အများကြီး တွေးမနေပါနဲ့... ရှောင်လင်ကလည်း မင်းကို သဘောကျနေတာ ဖြစ်နိုင်တာပဲ..."
ရှို့ဝူက သူ့ကို စိုက်ကြည့်ကာ မေးလိုက်လေသည်။
"ကလေးတစ်ယောက်ကို သူမက ချစ်မိသွားဖို့ ဖြစ်နိုင်တယ်လို့ မင်း ထင်လို့လား..."
ရှို့ဝူ၏ စကားကို ကြားလိုက်ရချိန်တွင် ထန်ဝေ့ ပြောချင်သမျှ စကားလုံးအားလုံးမှာ လည်ချောင်းဝတွင် တစ်ဆို့သွားရချေသည်။
သူတို့နှစ်ဦးမှာ ရှို့ဝူ စိတ်ရှုပ်ထွေးနေရခြင်းမှာ အသက်ကွာဟချက်ကြောင့် မဟုတ်သလို ကျူးလင်၏အသက်ကို မယုံနိုင်၍ မဟုတ်ဘဲ ကျူးလင်က သူတို့ကို ကလေးငယ်များကဲ့သို့ သဘောထားနေခြင်းကြောင့် ဖြစ်ကြောင်း နားလည်သွားကြလေသည်။
ကျီယန်က မေးစေ့ကို ပွတ်သပ်ရင်း ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။
"ဒီကိစ္စက တကယ်ပဲ နည်းနည်းတော့ ခက်ခဲလိမ့်မယ်... ရှောင်လင်က မင်းကို ကလေးတစ်ယောက်လို ဆက်ဆံနေရင် မင်းကို ယောက်ျားတစ်ယောက်လို သဘောထားဖို့က လုံးဝ မဖြစ်နိုင်ဘူး..."
ထိုစကားကို ကြားလိုက်ရသဖြင့် ရှို့ဝူမှာ စိတ်ဓာတ်ကျစွာဖြင့် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိလေသည်။
သူ့မျက်နှာ ညှိုးကျသွားသည်ကို မြင်ရသောအခါ ထန်ဝေ့နှင့် ကျီယန်တို့မှာ တစ်ယောက်ကိုတစ်ယောက် ပြန်လည်ကြည့်ရှုလိုက်ကြပြီးနောက် သူ၏ပုခုံးကို ပုတ်ကာ သက်ပြင်းချလိုက်ကြတော့သည်။
အချစ်ရေးအတွက် စိုးရိမ်ပူပန်ရန် အချိန်များနေသည့် ရှို့ဝူနှင့် မတူဘဲ ထန်ပိုင်နှင့်သူ့၏စစ်သားများမှာမူ အလုပ်ရှုပ်နေကြသည်။
အရပ်မျက်နှာအနှံ့မှ ဝိုင်းရံလာကြသော ဖုတ်ကောင်များကို ကြည့်ရင်း ထန်ပိုင်က အံကြိတ်လိုက်သည်။
သူသည် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး သူ၏ သဘာဝလွန်စွမ်းရည်ကို ချက်ချင်း အသက်သွင်းလိုက်လေသည်။
နောက်တစ်စက္ကန့်တွင် သူ၏ ပတ်ပတ်လည် မီတာနှစ်ဆယ်အတွင်းရှိ သတ္တုဖြင့် ပြုလုပ်ထားသော အရာအားလုံးမှာ လေထဲတွင် ပျံဝဲလာခဲ့သည်။
ထန်ပိုင်က သူ၏ စွမ်းရည်ကို ထိန်းချုပ်ကာ ထိုအရာများကို ထက်မြက်သော ဆူးချွန်များအဖြစ် ပုံဖော်လိုက်ပြီးနောက် ဖုတ်ကောင်များဆီသို့ ပစ်လွှတ်လိုက်တော့သည်။
စိုက်ဝင်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
"ဂါး..."
သူ စတင်လှုပ်ရှားလိုက်သည်နှင့် ဖုတ်ကောင်များမှာ ဒေါသတကြီး ဖြစ်သွားကြတော့သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ဖုတ်ကောင်အမြောက်အမြားကို တစ်ပြိုင်နက်တည်း သတ်ဖြတ်နိုင်ခဲ့သည်။
ဝိုင်းရံထားသည့် ကြားထဲတွင် လမ်းပွင့်သွားသော အပေါက်ငယ်လေးတစ်ခုကို မြင်လိုက်ရသဖြင့် သူက အော်ဟစ်လိုက်လေသည်။
"ငါ့နောက်က လိုက်ခဲ့ကြ..."
သူ၏ အမိန့်ကို ကြားရသည်နှင့် ကျန်ရှိနေသော စစ်သားများအားလုံးမှာ ဖုတ်ကောင်များကို သေနတ်ဖြင့် ပစ်ခတ်ရင်း နောက်ဆုတ်လိုက်ကြသည်။
ဝိုင်းရံထားသည့် ကြားမှ လမ်းပွင့်သွားသော နေရာလေးမှာ ဖုတ်ကောင်အသစ်များဖြင့် ထပ်မံပိတ်ဆို့သွားသည်ကို ထန်ပိုင် မြင်လိုက်ရသည်။
သူသည် ရှေ့သို့ ပြေးဝင်သွားပြီး သူ၏ စွမ်းရည်ကို အသက်သွင်းလိုက်လေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ဆူးချွန်များ ဖုံးလွှမ်းနေသော ဧရာမ သတ္တုဒိုင်းကာကြီးတစ်ခုမှာ သူ၏ ရှေ့တွင် ဖြစ်တည်လာခဲ့ချေသည်။
ထိုဧရာမဒိုင်းကာကြီးကို မြင်လိုက်ရသဖြင့် စစ်သားများမှာ ဖုတ်ကောင်များကို ပစ်ခတ်ခြင်းကို ရပ်တန့်လိုက်ပြီး အစွမ်းကုန် ပြေးကြတော့သည်။
ထန်ပိုင်က လမ်းဖွင့်ပေးထားသဖြင့် သူတို့သည် နောက်ထပ် သုံးနာရီခန့် ဆက်တိုက် ပြေးလွှားပြီးနောက်တွင်မှ ဖုတ်ကောင်များ၏ ဝိုင်းရံမှုကြားမှ ရုန်းထွက်နိုင်ခဲ့ကြလေသည်။
စစ်သားများမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီး သူတို့၏ ပြေးနှုန်းမှာလည်း သိသိသာသာ နှေးကွေးသွားသည်ကို မြင်ရသဖြင့် ထန်ပိုင်က အော်ပြောလိုက်သည်။
"မသေချင်ရင် ဆက်ပြေးကြစမ်း..."
စစ်သားအချို့မှာ နောက်သို့ လှည့်ကြည့်လိုက်ရာ ဖုတ်ကောင်များမှာ သူတို့နောက်သို့ လိုက်လံ လိုက်ပါနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသဖြင့် အံကြိတ်ကာ ခြေထောက်များကို အားတင်း၍ ဆက်လက်ပြေးလွှားကြတော့သည်။
နောက်ထပ် နှစ်နာရီခန့် ပြေးပြီးနောက်တွင်မူ ဖုတ်ကောင်များ၏ အရှိန်မှာ ရုတ်တရက် နှေးကွေးသွားသည်ကို ထန်ပိုင် သတိပြုမိလိုက်လေသည်။
သူသည် ခေါင်းပေါ်ရှိ ပူပြင်းလှသော နေမင်းကြီးကို တစ်ချက်ကြည့်လိုက်ပြီး မောဟိုက်စွာဖြင့် ပြောလိုက်သည်။
"ဆက်ပြေးကြ... အခုက မွန်းတည့်ချိန် ရောက်နေပြီမို့ ဖုတ်ကောင်တွေရဲ့ လှုပ်ရှားမှုက ပိုနှေးသွားလိမ့်မယ်..."
သူ၏ အဆက်မပြတ် အားပေးမှုကြောင့် စစ်သားများမှာ မြို့ငယ်လေး၏ အပြင်ဘက်သို့ ရောက်ရှိသည်အထိ အားတင်းကာ ခရီးဆက်နိုင်ခဲ့ကြသည်။
သူတို့နောက်တွင် လိုက်ပါလာသော ဖုတ်ကောင်အနည်းငယ်သာ ကျန်ရှိတော့သည်ကို မြင်ရသောအခါ ထန်ပိုင်က သူ၏ စွမ်းရည်ကို အသုံးပြု၍ ၎င်းတို့အားလုံးကို သတ်ဖြတ်ပစ်လိုက်လေသည်။
သူသည် မြို့ငယ်လေးမှ ထွက်ခွာရာ လမ်းဘေးရှိ ကုန်စုံဆိုင်လေးတစ်ခုကို ညွှန်ပြရင်း ပြောလိုက်သည်။
"ငါတို့ ဟိုနေရာကို သွားပြီး ခဏလောက် နားကြရအောင်..."
ကုန်စုံဆိုင်လေး၏ ပတ်ပတ်လည်ရှိ ဖုတ်ကောင်များကို ရှင်းလင်းပြီးနောက် စစ်သားများမှာ ဆိုင်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။
တံခါးကို ဖွင့်လိုက်သည့် အချိန်တွင် ပုပ်စော်နံလှသော အသားပုပ်နံ့ကြီးမှာ သူတို့၏ နှာခေါင်းထဲသို့ အလုံးအရင်း ဝင်ရောက်လာခဲ့သော်လည်း မည်သူမျှ ဂရုမစိုက်နိုင်ကြတော့ချေ။
သူတို့သည် ဆိုင်ထဲရှိ စားပွဲနှင့် ကုလားထိုင်များကို အကြမ်းဖျင်း ဖယ်ရှားလိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ လဲကျကာ ပြင်းထန်စွာ မောဟိုက်နေကြတော့သည်။
အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော သူ၏ လက်အောက်ငယ်သားများကို ကြည့်ရင်း ထန်ပိုင်က ပြောလိုက်သည်။
"နှစ်နာရီလောက် နားကြမယ်..."
စစ်သားများက ခေါင်းညိတ်လိုက်ကြပြီးနောက် သူတို့၏ ကျောပိုးအိတ်ထဲမှ စစ်သုံးရိက္ခာအိတ်ငယ်လေးများကို ထုတ်ယူကာ စတင်စားသောက်ကြတော့သည်။
သူတို့တွင် အနားယူရန်နှင့် အင်အားပြန်လည်ဖြည့်တင်းရန်အတွက် အချိန် နှစ်နာရီသာ ရရှိချေသည်။
ဖုတ်ကောင်များ၏ ဝိုင်းရံခြင်းကို လေးနာရီကျော်ကြာ ခံခဲ့ရပြီးနောက် သူတို့တွင် ကျည်ဆန်အနည်းငယ်သာ ကျန်ရှိတော့ပြီး သူတို့၏ သဘာဝလွန်စွမ်းရည်များမှာလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ထို့ပြင် သူတို့၏ ရဲဘော်ရဲဘက်အချို့ကိုလည်း ဆုံးရှုံးခဲ့ရချေသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့နှင့်အတူ ထန်ပိုင် ရှိနေခဲ့သည်။
သို့မဟုတ်ပါက သူတို့အားလုံးမှာ ဖုတ်ကောင်များ၏ နေ့လယ်စာ ဖြစ်သွားကြပေလိမ့်မည်။
ထန်ပိုင်က ရေတစ်ငုံ သောက်လိုက်ပြီး မေးလိုက်သည်။
"မင်းတို့ မျိုးစေ့အိတ် ဘယ်နှစ်အိတ် ရခဲ့လဲ..."
ဒုတိယဗိုလ်ကြီးက သူ၏ ကျောပိုးအိတ်ကို ဖွင့်ကာ မျိုးစေ့များကို ရေတွက်ပြီးနောက် ပြောလိုက်သည်။
"ကျွန်တော့်ဆီမှာတော့ မျိုးစေ့အိတ်အသေး သုံးအိတ်ပဲ ရှိတယ်..."
အခြားစစ်သားများကလည်း သူတို့၏ ကျောပိုးအိတ်များကို ဖွင့်ကာ မျိုးစေ့များကို ရေတွက်လိုက်ကြသည်။
သူတို့ ရေတွက်ပြီးနောက် ဒုတိယဗိုလ်ကြီးက ပြောလိုက်သည်။
"ဗိုလ်ကြီး... ကျွန်တော်တို့ အရင်က စုဆောင်းထားတဲ့ မျိုးစေ့တွေရဲ့ ထက်ဝက်ကျော်က ဆုံးရှုံးသွားပြီ... နောက်ထပ် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ... ကျွန်တော်တို့ နောက်ထပ် မျိုးစေ့တွေ သွားယူဖို့ ပြန်သွားရမလား..."
ထန်ပိုင်က ပင်ပန်းနွမ်းနယ်နေသော စစ်သားများကို ကြည့်ကာ ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
“ကျွန်တော်တို့ဆီမှာ ကျည်ဆန်လည်း အနည်းငယ်ပဲ ကျန်တော့တယ်... ရေနဲ့ အစားအစာလည်း ကုန်လုနီးပါး ဖြစ်နေပြီ...”
“ပြီးတော့ ကျွန်တော်တို့ ရှောင်ယွီကို ဆုံးရှုံးခဲ့ရတယ်... ကျွန်တော်တို့ရဲ့ ရိက္ခာတွေနဲ့ မျိုးစေ့အများစုက သူ့ရဲ့ နေရာလွတ်ထဲမှာ ရှိနေခဲ့တာ...”
“ဒီတစ်ခေါက် ကျွန်တော်တို့ အသက်ရှင်လျက် လွတ်မြောက်လာတာက တခြားသူတွေထက် ကံကောင်းလို့ပဲ... မျိုးစေ့တွေ ထပ်ရှာဖို့ ပြန်သွားလို့ မဖြစ်တော့ဘူး...”
မျိုးစေ့များကို ရှာဖွေခြင်းမှာ အရေးကြီးသော တာဝန်တစ်ခု ဖြစ်သော်လည်း သူ၏ လက်အောက်ငယ်သားများ၏ အသက်မှာလည်း အရေးကြီးပေသည်။
ထန်ပိုင်က ရေနောက်တစ်ငုံ သောက်လိုက်ပြီးနောက် ပြောလိုက်သည်။
"နားပြီးရင် စခန်းကို ပြန်ကြမယ်..."
စစ်သားများက ညီညီညာညာ ဖြေကြားလိုက်ကြသည်။
"ဟုတ်ကဲ့ပါ ဗိုလ်ကြီး..."
နှစ်နာရီ ကြာပြီးနောက် ထန်ပိုင်နှင့် စစ်သားများမှာ သူတို့၏ ပစ္စည်းများကို သိမ်းဆည်းကာ စခန်းသို့ ပြန်ခဲ့ကြသည်။
ဖုတ်ကောင်များ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် သူတို့သည် နေရာလွတ်စွမ်းရည်ရှိသော စစ်သားကို ဆုံးရှုံးခဲ့ရသဖြင့် ခြေကျင်ဖြင့်သာ စခန်းသို့ ပြန်နိုင်ခဲ့ကြတော့သည်။
ထန်ပိုင်နှင့် အခြားအဖွဲ့များမှာ ရေ၊ အစားအစာနှင့် မျိုးစေ့များကို ရှာဖွေရန် အလုပ်ရှုပ်နေကြစဉ် ကျူးလင်မှာလည်း ညဈေးတွင် ရေ၊ ဟင်းသီးဟင်းရွက်များနှင့် အဓိက စားသောက်ကုန်များကို ရောင်းချရန် အလုပ်ရှုပ်နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ငါးရက်တာ အချိန်ကာလမှာ ကုန်ဆုံးသွားခဲ့လေသည်။
ထူထူက ဟောင်းနွမ်းနေသော ဆိုဖာပေါ်တွင် ထိုင်ကာ သူ၏ သခင်မကို ကြည့်ရင်း ပြောလိုက်သည်။
"သခင်မ... အခု ညခုနစ်နာရီတောင် ရှိနေပြီ..."
ထူထူ၏ သတိပေးမှုကို ကြားရသဖြင့် ကျူးလင်က ညကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်လေသည်။
"ထူထူ... ရှို့ဝူတို့တစ်သိုက် ဘယ်သွားကြလဲဆိုတာ နင် သိလား..."