အခန်း ၉၅
Vol. 10 Ch. 95
အခန်း (၉၅) - ရုတ်တရက် ရောက်ရှိလာခြင်း
ထူထူက ပခုံးတွန့်လိုက်ရင်း ပြောလိုက်သည်။
"ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ... ကျွန်တော်က သခင်မလေးရဲ့ ဘေးကနေ တစ်ဖဝါးမှ မခွာခဲ့ဘူးလေ... သူတို့ကို နောက်ဆုံးတွေ့ခဲ့တာ ငါးရက်တောင် ရှိသွားပြီ..."
ကျူးလင်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။
"သူတို့က ငါတို့ကို ကြောက်လို့ နောက်ထပ် မလာတော့တာလား..."
ထူထူက သူမ၏ ဝမ်းနည်းနေသော မျက်နှာအမူအရာကို ကြည့်ကာ မေးလိုက်သည်။
"သခင်မလေး... သူတို့ကို လွမ်းနေတာလား..."
ထူထူ၏ မေးခွန်းကို ကြားရသောအခါ ကျူးလင်က ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။
"ငါ သူတို့ကို နည်းနည်းတော့ လွမ်းမိတာ အမှန်ပဲ... သူတို့က ငါရဲ့ ပထမဆုံး သူငယ်ချင်းတွေလေ... ပြီးတော့ ငါတို့တွေက အဆင်ပြေပြေ ဖြတ်သန်းခဲ့ကြတာ... အခြားလူသားတွေထက်စာရင် သူတို့ကို ငါ ပိုပြီး သဘောကျတယ်..."
သူမ၏ စကားများကို နားထောင်ပြီးနောက် ထူထူက နားလည်သလို ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။
"သခင်မလေး... သူတို့ကို လွမ်းနေတယ်ဆိုရင် သူတို့ လာရှာမှာကို ထိုင်စောင့်နေမယ့်အစား သခင်မလေးကိုယ်တိုင် သွားရှာလို့ ရတာပဲလေ..."
ကျူးလင်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် မျက်မှောင်အနည်းငယ် ကြုတ်ကာ ပြောလိုက်သည်။
"ဒါပေမဲ့ ငါ့ရဲ့ အစ်ကိုတော်က ပြောဖူးတယ်... မိန်းကလေးတစ်ယောက်က ယောကျာ်းလေးတစ်ယောက်ဆီကို သွားရောက်လည်ပတ်တာက မသင့်တော်ဘူးတဲ့..."
သူမ၏ စကားများကို စဉ်းစားပြီးနောက် ထူထူက ခေါင်းကို စောင်းလိုက်ရင်း ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဒါပေမဲ့ သခင်မလေးက သူတို့ကို ကလေးလေးတွေလို သဘောထားတာ မဟုတ်ဘူးလား... မိန်းကလေးတစ်ယောက်က ကလေးလေးတွေဆီ သွားလည်တာ ဘာမှ မမှားပါဘူး... ဟုတ်တယ်မလား..."
သူမသည် ထူထူပြောသော စကားကို သေချာစဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"နင်ပြောတာ မှန်တယ်လို့ ငါ ထင်တယ်... သူတို့က ကလေးလေးတွေပဲ ရှိသေးတာဆိုတော့ ငါ သူတို့ကို လွမ်းလို့ သွားရှာတာ ဘာပြဿနာမှ မရှိနိုင်ပါဘူး..."
ထူထူက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။
"ဒါပေါ့... ဒါဆို သခင်မလေး ညဈေးကို သွားဦးမှာလား..."
ကျူးလင်က ခေါင်းခါပြလိုက်ရင်း ပြောလိုက်သည်။
"ဒီညတော့ သူတို့ကို သွားရှာလိုက်မယ်... ငါတို့ မတွေ့ဖြစ်တာ ငါးရက်တောင် ရှိပြီဆိုတော့ သူတို့ တစ်ခုခု ဖြစ်နေမှာကို စိုးရိမ်မိတယ်..."
သူမ ထိုသို့ ပြောပြီးနောက် ထူထူက သူမကို ကြည့်ကာ ပြောလိုက်သည်။
"သခင်မလေး... ကျွန်တော့်မှာ မေးစရာ မေးခွန်းတစ်ခု ရှိတယ်..."
ကျူးလင်က ကြမ်းပြင်ပေါ်မှ ထရပ်လိုက်ရင်း မေးလိုက်သည်။
"ဘာမေးခွန်းလဲ..."
ထူထူက သူမ၏ ရေခဲပြာရောင်ဝတ်ရုံကို ထုတ်ယူနေသည်ကို ကြည့်ကာ မေးလိုက်သည်။
"သခင်မလေးက ရှို့ဝူကိုလည်း ကလေးလေးတစ်ယောက်လိုပဲ သဘောထားတာလား..."
ဤမေးခွန်းကို ကြားလိုက်ရသောအခါ ကျူးလင်၏ ရေခဲပြာရောင် ဝတ်ရုံကို ဝတ်ဆင်နေသော လှုပ်ရှားမှုများမှာ တုံ့ခနဲ ရပ်တန့်သွားချေသည်။ သူမ တစ်နေရာတည်းတွင် ကြောင်အမ်းကာ ရပ်နေသည်ကို မြင်သောအခါ ထူထူက ပြောလိုက်သည်။
"သိသားပဲ... သခင်မလေးက ကျီယန်နဲ့ ထန်ဝေ့ကို ကြည့်သလိုမျိုး သူ့ကို ကလေးတစ်ယောက်လို မမြင်နိုင်ဘူး... ဘာလို့လဲဆိုတော့ သူက မိစ္ဆာနတ်ဘုရားဖြစ်ဖို့ အခွင့်အရေး အရမ်းများနေတယ်ဆိုတာ သခင်မလေး သိနေလို့ပဲ..."
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျူးလင်က ရေခဲပြာရောင်ဝတ်ရုံကို ဆက်လက်ဝတ်ဆင်လိုက်ရင်း ပြောလိုက်သည်။
"လောလောဆယ်တော့ သက်သေအထောက်အထား မလုံလောက်သေးဘူး...”
“ဒါကြောင့် အလျင်စလို ဆုံးဖြတ်ချက် မချတာကောင်းတယ်... တကယ်လို့ သူက မိစ္ဆာနတ်ဘုရား မဟုတ်ရင်ကော... ငါကတော့ ကိုယ့်သူငယ်ချင်းအပေါ် သံသယစိတ်တွေ ထားမထားချင်ဘူး..."
သူမက ဤအကြောင်းအရာကို ဆက်မပြောချင်တော့သည်ကို မြင်သောအခါ ထူထူက ပခုံးတွန့်လိုက်ရင်း ပြောလိုက်သည်။
"သခင်မလေး စိတ်ချမ်းသာသလိုသာ လုပ်ပါတော့..."
ကျူးလင်က ထူထူကို တစ်ချက်ကြည့်လိုက်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူမ၏ လက်က တံခါးလက်ကိုင်ကို ထိလိုက်ရုံရှိသေး တံခါးခေါက်သံ ထွက်ပေါ်လာချေသည်။
ဒေါက်... ဒေါက်... ဒေါက်...
တံခါးကို ဖွင့်လိုက်သောအခါ ကျူးလင်သည် မော့ရန်၏ နောက်ကွယ်တွင် ရပ်နေသော စစ်သားအချို့ကို မြင်လိုက်ရသည်။ မော့ရန်က သူမကို မြင်သောအခါ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာညချမ်းပါ... မိန်းကလေးကျူး..."
ကျူးလင်က သူ့ကို ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။
"မင်္ဂလာညချမ်းပါ... ဘယ်လိုလေညင်းက ဗိုလ်ကြီးကို ဒီအထိ သယ်ဆောင်လာပေးတာလဲ..."
မော့ရန်က ပြုံးလိုက်ရင်း ပြောလိုက်သည်။
"ကျွန်တော်က မိန်းကလေးကျူးဆီကနေ ရေနဲ့ ရိက္ခာတွေ လာဝယ်တာပါ..."
သူမ အပြင်သွားရန် ပြင်ဆင်နေသည်ကို မြင်သောအခါ သူက မေးလိုက်သည်။
"ကျွန်တော်တို့ စကားခဏလောက် ပြောဖို့ အချိန်ပေးနိုင်မလား..."
သူမက ခေါင်းညိတ်လိုက်ပြီး ဘေးသို့ ဖယ်ပေးလိုက်ရင်း ပြောလိုက်သည်။
"ဝင်ခဲ့ပါ..."
တိုက်ခန်းထဲသို့ ဝင်လာပြီးနောက် မော့ရန်က ကျူးလင်ကို စဉ်းစားစရာတစ်ခုခု ရှိနေသကဲ့သို့ မသိမသာ ကြည့်လိုက်မိသည်။ သူ သိထားသလောက်ဆိုလျှင် အဓိက လုပ်ငန်းဆောင်ရွက်ရာ နေရာများနှင့် အတွင်းဘက်အကွင်း နယ်မြေများတွင်သာ လျှပ်စစ်မီး ရရှိနိုင်ပေသည်။
ထို့ကြောင့် ကျူးလင်အနေဖြင့် လျှပ်စစ်မီး ထုတ်လုပ်ရန် မီးစက် သို့မဟုတ် နေရောင်ခြည်စွမ်းအင်သုံး အပြားများကို မသုံးဘဲ မည်သည့် လျှပ်စစ်ပစ္စည်းကိုမျှ အသုံးပြုနိုင်မည် မဟုတ်ချေ။
မော့ရန်သည် အပြင်ဘက်တွင် တပ်ဆင်ထားသော နေရောင်ခြည်စွမ်းအင်သုံး အပြားများ သို့မဟုတ် မီးစက်များကို မတွေ့ရသဖြင့် ကျူးလင်တွင် အပူချိန်ကို ထိန်းညှိပေးနိုင်သော လျှို့ဝှက်နည်းလမ်းတစ်ခု ရှိနေမည်ဟု ယုံကြည်နေမိသည်။
ခဏအကြာတွင် သူသည် စူးစမ်းလိုစိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။
"မိန်းကလေးကျူး... ကျွန်တော် မေးပါရစေ... တိုက်ခန်းထဲက အပူချိန်ကို အေးမြနေအောင် ဘယ်လိုလုပ်ထားတာလဲ..."
ကျူးလင်က သူ့ကို မပြောပြချင်သဖြင့် ထိုင်ရန် လက်ဟန်ပြလိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ ဝင်သွားချေသည်။
သူမက မပြောပြချင်သည်ကို သိလိုက်ရသဖြင့် မော့ရန်က အနည်းငယ် စိတ်ပျက်သွားသော်လည်း မျက်နှာတွင် အပြုံးကို ဆက်လက်ထိန်းထားဆဲပင် ဖြစ်သည်။
သူက အခန်းတွင်းနှင့် အပြင်ဘက် အပူချိန် ကွာခြားရခြင်း၏ လျှို့ဝှက်ချက်ကို ရှာဖွေရန် တိုက်ခန်းပတ်ပတ်လည်ကို လိုက်လံကြည့်ရှုနေစဉ် ကျူးလင်က မီးဖိုချောင်ထဲမှ လင်ဗန်းတစ်ခုကို သယ်ဆောင်ကာ ထွက်လာခဲ့သည်။
သူမက မော့ရန်နှင့် စစ်သားလေးဦးကို ကြည့်ကာ ပြောလိုက်သည်။
"ဖရဲသီးဖျော်ရည် သောက်လိုက်ကြပါဦး..."
တောက်ပသော အနီရောင်ရှိပြီး လတ်ဆတ်လှသော ဖရဲသီးဖျော်ရည်ကို ကြည့်ကာ မော့ရန်ပင် တံတွေးမြိုချလိုက်မိသည်။
ကံဆိုးစွာဖြင့် သူ၏ ခြောက်သွေ့နေသော လည်ချောင်းကို လှုပ်ရှားလိုက်သောအခါ စူးရှသော နာကျင်မှုကို ခံစားလိုက်ရလေသည်။
သူက ကျူးလင်ကို ကျေးဇူးတင်စကား ပြောလိုက်ရင်း လင်ဗန်းထဲမှ ဖရဲသီးဖျော်ရည်တစ်ခွက်ကို ယူလိုက်သည်။
"ကျေးဇူးတင်ပါတယ်... မိန်းကလေးကျူး..."
အေးစက်နေသော ဖန်ခွက်ကို ထိမိလိုက်သောအခါ သူ ခဏမျှ ကြောင်အမ်းသွားပြီး ကျူးလင်ကို ထပ်မံကြည့်လိုက်မိသည်။
အေးစက်နေသော ဖန်ခွက်ကို ကိုင်ထားရင်း မော့ရန်သည် ကျူးလင်က ရေခဲသေတ္တာကို အသုံးပြုနိုင်သည်ဟု ပိုမိုသေချာသွားချေသည်။
သူမက ဖျော်ရည်ကို အေးအောင်ပြုလုပ်ရန် ရေခဲများကို အသုံးပြုခြင်းမှာ အလွန်အမင်း ဖြုန်းတီးရာကျသည်ဟု တွေးမိကာ ကျူးလင်က အဆောင်လက်ဖွဲ့များကို အသုံးပြု၍ ရေခဲများ ဖန်တီးနိုင်သည်ဟူသော အချက်ကိုမူ သူ မသိစိတ်ကပင် လျစ်လျူရှုထားမိသည်။
မော့ရန် ထိုင်နေသော ဆိုဖာဟောင်းကြီး၏နောက်တွင် စစ်သားများက မလှုပ်မယှက် ရပ်နေကြသည်ကို မြင်သောအခါ ကျူးလင်က မျက်ခုံးအနည်းငယ် ပင့်လိုက်ရင်း မေးလိုက်သည်။
"ရှင်တို့က ဖရဲသီးဖျော်ရည် မသောက်ကြဘူးလား..."
သူမက ဤသို့ မေးလိုက်သည်နှင့် စစ်သားလေးဦးလုံးက မော့ရန်ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။ မော့ရန်က ဖရဲသီးဖျော်ရည်ကို တစ်ငုံသောက်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါက မိန်းကလေးကျူးရဲ့ စေတနာပဲ... လက်ခံလိုက်ကြပါ..."
သူ့စကားကို ကြားရသောအခါ စစ်သားများ၏ မျက်ဝန်းများ တောက်ပသွားကြသည်။
သူတို့က ဖရဲသီးဖျော်ရည်ခွက်များကို တစ်ယောက်တစ်ခွက်စီ ယူလိုက်ကြပြီး ကျူးလင်ကို ကျေးဇူးတင်စကား ပြောလိုက်ကြသည်။
ဖရဲသီးဖျော်ရည်ကို သောက်ပြီးနောက် မော့ရန်နှင့် စစ်သားများမှာ စိတ်ရွှင်လန်းကာ အမောပြေသွားကြချေသည်။
ကုန်သွားသော ဖန်ခွက်ကို ချလိုက်ရင်း မော့ရန်က ပြောလိုက်သည်။
"မိန်းကလေးကျူး... ကျွန်တော်က ဒီကို အရောင်းအဝယ်ကိစ္စအတွက် လာတာအပြင် မစ္စကျူးကို ဒါလေးပေးဖို့ သီးသန့်လာခဲ့တာလည်း ဖြစ်ပါတယ်..."
သူက အိတ်ကပ်ထဲမှ သေတ္တာအသေးလေးတစ်ခုကို ထုတ်ယူကာ စားပွဲပုလေးပေါ်တွင် တင်လိုက်သည်။ ကျူးလင်က သူ့ကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်လိုက်ပြီးနောက် ထိုသေတ္တာလေးကို ယူကာ ဖွင့်ကြည့်လိုက်လေသည်။