အခန်း ၉၇
Vol. 10 Ch. 97
အခန်း (၉၇) - ဒါကို လျှို့ဝှက်ချက်အဖြစ် ထားလိုက်ပါ
မုန့်ကျယ်လန်၏ မေးခွန်းကို ကြားလိုက်ရသောအခါ ကျူးလင်က သူမဘက်သို့ လှည့်ကြည့်လိုက်ရင်း ပြောလိုက်သည်။
"အင်း..."
မုန့်ကျယ်လန်နှင့် ဝမ်နတို့သည် တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြပြီးနောက် မုန့်ကျယ်လန်က ပြောလိုက်သည်။
"ကျွန်မ လွန်ခဲ့တဲ့ ငါးရက်က ဗိုလ်ကြီးရှို့ ထွက်သွားတာကို မြင်လိုက်ပြီး အခုထိ ပြန်မလာသေးဘူးလေ... အဲဒါကြောင့် ရှင်တို့နှစ်ယောက် တာဝန်တစ်ခုခုကို အတူတူသွားလုပ်ကြတာလို့ ထင်နေတာ..."
သူမ၏ စကားကို ကြားရသောအခါ ကျူးလင်က ပိတ်ထားသော တံခါးဆီသို့ တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးနောက် မုန့်ကျယ်လန်ကို ပြန်ကြည့်ကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
ထိုစကားကို ချန်ထားခဲ့ပြီးနောက် သူမသည် မိမိ၏ တိုက်ခန်းထဲသို့ ပြန်ဝင်ကာ တံခါးကို ပိတ်လိုက်လေသည်။
ဝမ်နက သူမ၏ မေးစေ့ကို စဉ်းစားသကဲ့သို့ ပွတ်သပ်ရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"သူတို့ ရန်ဖြစ်ထားကြတာလား..."
မုန့်ကျယ်လန်က ပခုံးတွန့်လိုက်ရင်း ပြောလိုက်သည်။
"ဒါ ငါတို့နဲ့ မဆိုင်ပါဘူး... ငါတို့ မြန်မြန်သွားကြရအောင်... မဟုတ်ရင် တခြားလူတွေက ငါတို့ရဲ့ နေရာကောင်းကို လုသွားလိမ့်မယ်..."
ထိုသို့ ပြောပြီးနောက် ၎င်းတို့နှစ်ဦးသည် ရေရောင်းရန်အတွက် ညဈေးသို့ အပြေးအလွှား သွားကြလေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အပူချိန် လျော့ကျသွားသဖြင့် ၎င်းတို့၏ အရောင်းအဝယ်မှာ ယခင်ကကဲ့သို့ မကောင်းတော့ချေ။
ကံကောင်းထောက်မစွာဖြင့် ၎င်းတို့ထံတွင် ပုံမှန်လာဝယ်နေကျ ဖောက်သည်များ ရှိနေသောကြောင့်သာ တော်တော့သည်။ သို့မဟုတ်ပါက လကုန်လျှင် ၎င်းတို့သည် အပြင်ဘက်အလွှာ၌ သွားရောက်နေထိုင်ရပေလိမ့်မည်။
နောက်တစ်နေ့တွင် အပြင်ဘက်မှ ဆူညံသံများကြောင့် နေမထွက်မီကပင် ကျူးလင် နိုးလာခဲ့သည်။
သူမ မျက်လုံးဖွင့်ကာ ကုတင်ဘေးရှိ စားပွဲတင်နာရီကို ကြည့်လိုက်သောအခါ နံနက် သုံးနာရီသာ ရှိသေးသည်။
သူမဘေးတွင် အိပ်ပျော်နေသော ယုန်ကလေးကို ကြည့်လိုက်ပြီးနောက် ဟောက်နေသော ထူထူကို မနှိုးမိစေရန် သတိထားကာ ကုတင်ပေါ်မှ ဆင်းလိုက်လေသည်။
ဧည့်ခန်းပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ အပြင်ဘက်မှ ဆူညံသံများမှာ ပိုမိုပြတ်သားစွာ ကြားလာရသည်။
သူမသည် ဝရန်တာသို့ ထွက်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ အောက်ရှိ လူများသည် ပျော်ပွဲရွှင်ပွဲ ကျင်းပနေကြသကဲ့သို့ ဖြစ်နေသဖြင့် ကျူးလင် အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်သွားရသည်။
သူမသည် နှစ်တစ်ထောင် ရေခဲပိုးထည် ဝတ်ရုံကို ထုတ်ယူဝတ်ဆင်ပြီး တိုက်ခန်းမှ ထွက်လာခဲ့သည်။
တိုက်ခန်းအဆောက်အအုံပြင်ပသို့ ရောက်သည်နှင့် လူတိုင်းသည် အသားကင်တုတ်ထိုးများကို ကိုင်ဆောင်ကာ ပျော်ရွှင်စွာ စားသောက်ရင်း စကားပြောနေကြသည်ကို မြင်လိုက်ရသည်။
ထိုအသားများပေါ်သို့ သူမ၏ အကြည့် ရောက်ရှိသွားသောအခါ အသားထဲတွင် အားနည်းသော ဝိညာဉ်စွမ်းအင်များ ကိန်းအောင်းနေသည်ကို ကျူးလင် အံ့ဩဖွယ် တွေ့ရှိလိုက်ရလေသည်။
သူမအနေဖြင့် ဘာဖြစ်နေသည်ကို စုံစမ်းရန် မပြင်ရသေးမီမှာပင် အမျိုးသမီးစစ်သည်တစ်ဦးက သူမ စူးစမ်းလိုစိတ်ဖြင့် လိုက်ကြည့်နေသည်ကို မြင်သွားသည်။ ထိုအမျိုးသမီးစစ်သည်က သူမအနီးသို့ ချဉ်းကပ်လာပြီး မေးလိုက်သည်။
"မင်္ဂလာပါ မိန်းကလေး... မိန်းကလေးရဲ့ ဝေစုကို ရရှိပြီးပြီလားရှင့်..."
သူမ၏ မေးခွန်းကို ကြားရသောအခါ ကျူးလင်က သူမဘက်သို့ လှည့်ကြည့်လိုက်ရင်း မေးလိုက်သည်။
"ဘယ်လိုဝေစုလဲ... ဘာတွေ ဖြစ်နေတာလဲ..."
အမျိုးသမီးစစ်သည်က သူမကို ပြုံးပြရင်း ပြောလိုက်သည်။
"စခန်းကနေ အသားတွေ ဝေပေးနေတာပါ... လူတိုင်း ဝေစုရနိုင်ပါတယ်ရှင့်..."
ထိုသို့ ပြောပြီးနောက် အမျိုးသမီးစစ်သည်သည် သူမ၏ ကျောပိုးအိတ်ထဲမှ စက္ကူပန်းကန်ပြားတစ်ခုကို ထုတ်ယူလိုက်ပြီး သူမ သယ်ဆောင်လာသော ပလတ်စတစ်ပုံးထဲမှ အသားကင်တုတ်ထိုး ဆယ်ချောင်းကို ထုတ်ယူကာ ပြောလိုက်သည်။
"မိန်းကလေးကလည်း ဒီစခန်းရဲ့ နေထိုင်သူတစ်ဦး ဖြစ်တဲ့အတွက် ဒါက သခင်မလေးရဲ့ ဝေစုပါ..."
ကျူးလင်က အသားကင်တုတ်ထိုးများကို လှမ်းယူလိုက်ရင်း မေးလိုက်သည်။
"ဒါက ဟိုသန္ဓေပြောင်းသားရဲတွေရဲ့ အသားလား..."
အမျိုးသမီးစစ်သည်သည် ကျူးလင်က အသား၏ အရင်းအမြစ်ကို သိနေသဖြင့် အံ့အားသင့်သွားရသည်။
သူမသည် ခေါင်းညိတ်ပြရင်း ကျူးလင်၏ မျက်နှာအမူအရာကို အကဲခတ်ကာ ပြောလိုက်သည်။
“ဟုတ်ပါတယ်ရှင့်... ဒါပေမဲ့ ဒီအသားတွေက စားသုံးဖို့ ဘေးကင်းပါတယ်... ဓာတ်ခွဲခန်းကနေ ဘယ်အပိုင်းက စားလို့ရပြီး ဘယ်အပိုင်းက အဆိပ်ရှိလဲဆိုတာကို ရှာဖွေတွေ့ရှိထားလို့ပါ...”
“စားတဲ့အခါမှာ ဂရုတစိုက် စားမယ်ဆိုရင် သန္ဓေပြောင်းသားရဲရဲ့ အသားကို စားပြီးနောက် အဆိပ်သင့်မှာ မဟုတ်ပါဘူး..."
ထိုသို့ ပြောပြီးနောက် အမျိုးသမီးစစ်သည်သည် ကျူးလင်က ခေါင်းညိတ်ပြကာ အသားကို တည်ငြိမ်စွာ စားသုံးလိုက်သည်ကို မြင်လိုက်ရသည်။ သူမ၏ တည်ငြိမ်သော အမူအရာကို မြင်သောအခါ အမျိုးသမီးစစ်သည်က ပြုံးလျက် ပြောလိုက်သည်။
"ဒါတွေက သန္ဓေပြောင်းသားရဲရဲ့ အသားတွေလို့ ကြားပြီးတာတောင် ဒီလောက်အထိ တည်တည်ငြိမ်ငြိမ် ရှိနိုင်တဲ့လူက အလွန်ရှားပါတယ်... မိန်းကလေးက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ..."
ကျူးလင်က အသာအယာ ပြုံးလိုက်ပြီး အသားကို တစ်ကိုက် ကိုက်လိုက်ရင်း ပြောလိုက်သည်။
"တကယ်လို့ အသားထဲမှာ အဆိပ်တွေ ပါနေမယ်ဆိုရင် စခန်းကနေ ပြည်သူတွေကို ဝေငှပေးမှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်..."
သူမ၏ စကားကို ကြားရသောအခါ အမျိုးသမီးစစ်သည်သည် ၎င်းတို့အပေါ် ယုံကြည်မှုရှိသည့်အတွက် ဝမ်းသာသွားရသည်။
သူမသည် ပုံးထဲမှ အသားကင်တုတ်ထိုး ငါးချောင်းကို ထပ်မံထုတ်ယူကာ ကျူးလင်၏ စက္ကူပန်းကန်ပြားပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် အမျိုးသမီးစစ်သည်က သူမ၏ လက်ညှိုးကို နှုတ်ခမ်းပေါ် တင်လိုက်ရင်း ပြုံးလျက် ပြောလိုက်သည်။
"ဒါကို လျှို့ဝှက်ချက်အဖြစ် ထားလိုက်ပါနော်..."
ကျူးလင်အနေဖြင့် ကျေးဇူးတင်စကား မပြောရသေးမီမှာပင် အမျိုးသမီးစစ်သည်သည် အဘိုးအိုတစ်ဦးထံသို့ လျှောက်သွားကာ အသားကင်တုတ်ထိုး ဆယ်ချောင်းကို ကမ်းပေးလိုက်လေသည်။
စက္ကူပန်းကန်ပြားပေါ်ရှိ ပိုနေသော အသားကင်တုတ်ထိုး ငါးချောင်းကို ကြည့်ရင်း ကျူးလင်သည် ပြုံးလျက် ထွက်ခွာလာခဲ့သည်။
ကျူးလင်သည် အသားကို စားရင်း စခန်းပတ်ပတ်လည်သို့ လျှောက်သွားရာ စစ်သားအများအပြားက အသားကင်တုတ်ထိုးများနှင့် ရေများကို လိုက်လံဝေငှပေးနေကြသည်ကို မြင်တွေ့လိုက်ရလေသည်။
ကျူးလင်က တွေးလိုက်မိသည်။
'ရှို့ဝူနဲ့ တခြားလူတွေက ဒီအချက်အလက်တွေကို စခန်းနဲ့ မျှဝေပေးခဲ့တာ ဖြစ်ရမယ်... သူတို့ ဒီရက်ပိုင်း အလုပ်ရှုပ်နေကြတာ ဒါကြောင့်မို့လို့လား...'
သူမသည် စဉ်းစားရင်း စားသောက်နေစဉ်မှာပင် ညဈေးဆီသို့ မသိစိတ်ဖြင့် လျှောက်လှမ်းသွားမိလေသည်။
ညဈေးတွင် လူများဖြင့် စည်ကားနေသည်ကို မြင်လိုက်ရသောအခါ ကျူးလင်၏ မျက်ခုံးအစုံမှာ အနည်းငယ် မြင့်တက်သွားရသည်။
စခန်းအတွင်း ရေနှင့် ရိက္ခာပြတ်လပ်မှု သတင်းများ ပြန့်နှံ့သွားစဉ်က ဈေးဧရိယာမှာ လူသူကင်းမဲ့နေခဲ့သည်ဟု ပြောနိုင်ပေသည်။
ညတိုင်း သူမ ရေနှင့် အစားအစာများ လာရောက်ရောင်းချချိန်တွင် သူမ၏ ဆိုင်ခန်းအပြင် အခြားဆိုင်ခန်း အနည်းငယ်သာ ရှိခဲ့သည်။ သို့သော် ယနေ့ညတွင်မူ လူတိုင်းသည် အင်အားအပြည့်နှင့် ပျော်ရွှင်နေကြပုံရလေသည်။
ထိုအပြုံးမျက်နှာများကို မြင်ရသောအခါ သူမ၏ နှုတ်ခမ်းထောင့်စွန်းများလည်း အနည်းငယ် ကွေးညွတ်သွားရသည်။
သူမသည် ဈေးပတ်ပတ်လည်သို့ လျှောက်သွားရင်း လူတိုင်းသည် တူညီသောအရာများကို ရောင်းချနေကြသည်ကို သတိပြုမိလိုက်သည်။ ခေတ္တမျှ လျှောက်လှမ်းပြီးနောက် ကျူးလင်သည် လူများ ဝိုင်းအုံနေသော ဆိုင်ခန်းတစ်ခုကို မြင်လိုက်ရလေသည်။
ကျူးလင်တွင် လုပ်စရာမရှိသဖြင့် ဘာဖြစ်နေသည်ကို ကြည့်ရန် လူအုပ်ထဲသို့ တိုးဝင်သွားလိုက်သည်။ သူမ အနီးသို့ မချဉ်းကပ်ရသေးမီမှာပင် ရှေ့ဘက်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။
"ဟုတ်ပါတယ်... ဒါတွေက အသစ်တွေ့ရှိထားတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ လက်နက်တွေပါ..."
ကျူးလင်သည် ရှေ့ဘက်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ရာ အခြားအမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရပြန်သည်။
ထိုအမျိုးသားက သံသယစိတ်ဖြင့် မေးလိုက်သည်။
"တကယ်လား... မင်းပြောတဲ့ အသစ်တွေ့ရှိထားတဲ့ ပစ္စည်းအကြောင်းကို ငါ ဘာလို့ မကြားမိရတာလဲ..."
ရှေ့ဆုံးတွင် ရပ်နေသော ကျူးလင်သည် ဆိုင်ရှင်၏ မျက်နှာကို မြင်လိုက်ရသည်။ သူ ရောင်းချနေသော ပစ္စည်းများပေါ်သို့ သူမ၏ အကြည့် ရောက်ရှိသွားသောအခါ ကျူးလင်က တွေးလိုက်မိသည်။
'သူပဲကိုး... သန္ဓေပြောင်းသားရဲကို သတ်ပြီး တခြားပစ္စည်းတွေကို လွှင့်ပစ်တာကို ရပ်လိုက်ပြီပေါ့...'
ကျူးလင် စဉ်းစားနေဆဲမှာပင် ရန်ယွမ်က သူမကို မြင်သွားသည်။ သူသည် ခေတ္တမျှ ဆွံ့အသွားပြီးမှ ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်သွားလေသည်။
သူသည် ဝယ်ယူသူကို ကြည့်ကာ ပြောလိုက်သည်။
“ပစ္စည်းအသစ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ထုတ်ပြန်ထားတာပါ...”
“ခင်ဗျားအနေနဲ့ တာဝန်ပေးခန်းမ ဒါမှမဟုတ် ကုန်သွယ်ရေးခန်းမကို သွားပြီး ဒီအချက်အလက်တွေကို စစ်ဆေးနိုင်ပါတယ်... ဒါပေမဲ့ ခင်ဗျား မသိသေးဘူးဆိုတော့ အဲဒီနေရာတွေကို မရောက်သေးဘူး ထင်တယ်...”