← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

အခန်း (၉၈) - အရေးကြီးသော သတင်းထူး သုံးရပ်

ရန်ယွမ် ပြောလိုက်သည်ကို ကြားသောအခါ ထိုလူက မျက်မှောင်ကြုတ်လိုက်ရင်း ပြောလိုက်သည်။

"ငါ အရင်သွားကြည့်လိုက်ဦးမယ်... မင်းပြောတာ တကယ်မှန်တယ်ဆိုရင် ဒီလက်နက်ကို ဝယ်ဖို့ ငါ ပြန်လာခဲ့မယ်... ငါ့အတွက် သိမ်းထားပေးဦးနော်..."

ရန်ယွမ်က ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်သည်။

"အဲဒီလိုတော့ မလုပ်နိုင်ဘူး... တကယ်လို့ မင်း ပြန်မလာရင် ဘယ်လိုလုပ်မလဲ... ငါ့လက်နက်က အလကား သောင်တင်နေမှာပေါ့..."

ထိုစကားကို ကြားသောအခါ ထိုလူက လှောင်ပြုံးပြုံးလိုက်ရင်း ပြောလိုက်သည်။

"ငါ တာဝန်ပေးခန်းမ ဒါမှမဟုတ် ကုန်သွယ်ရေးခန်းမကို သွားပြီး စုံစမ်းလိုက်ရင် မင်းရဲ့ အလိမ်ညာတွေ ပေါ်သွားမှာ ကြောက်နေတာလား... အဲဒါကြောင့် ငါ့ကို ဒီလက်နက် အတင်းဝယ်ခိုင်းနေတာမလား..."

ရန်ယွမ်သည် ထိုလူနှင့် စကားအရှည်ကြီး ပြောမနေချင်တော့သဖြင့် ထိုလူ့လက်ထဲမှ သေနတ်ကို ပြန်လည်လုယူလိုက်ရင်း ပြောလိုက်သည်။

"ဝယ်ဖို့ ပိုက်ဆံမရှိရင် ငါဈေးရောင်းတာကို လာမရှုပ်နဲ့..."

သူ့စကားကို ကြားလိုက်ရသဖြင့် ထိုလူသည် အရှက်ရ ဒေါသထွက်သွားကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"မင်း သေချင်နေတာပဲ..."

သူသည် လက်ကို မြှောက်ကာ သူ၏ စွမ်းရည်ကို အသက်သွင်းလိုက်၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ၏ လက်ထဲတွင် မီးလုံးတစ်လုံး ဖြစ်တည်လာပြီး ထိုမီးလုံးကို ရန်ယွမ်ထံသို့ ပစ်လွှတ်လိုက်လေသည်။

ထိုလူက ရန်ယွမ်ကို ရုတ်တရက် တိုက်ခိုက်လိုက်သည်ကို မြင်သောအခါ ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြချေသည်။

မီးလုံးသည် ရန်ယွမ်အနီးသို့ မရောက်ရှိမီမှာပင် ရန်ယွမ်သည် သူ၏ သတ္တုစွမ်းရည်ကို အသုံးပြု၍ လက်ဖဝါးကို ဖုံးအုပ်လိုက်ပြီးနောက် ထိုမီးလုံးလေးကို ဖမ်းဆုပ်ကာ အားစိုက်စရာပင် မလိုဘဲ ချေမှုန်းပစ်လိုက်လေသည်။

ရှဲ...

သူ လက်ဖဝါးကို ဖြန့်လိုက်သောအခါ မီးလုံးမှ ပါးလျသော မီးခိုးငွေ့လေးတစ်မျှင်သာ ကျန်ရှိတော့၏။

မိမိ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုက ရန်ယွမ်၏ လက်ဖဝါးပေါ်တွင် အစွန်းအထင်းလေးတစ်ခုမျှပင် မကျန်ရစ်စေသည်ကို မြင်လိုက်ရသဖြင့် ထိုလူ၏ မျက်နှာသည် ချက်ချင်းပင် ဖြူလျော်သွားတော့သည်။

သူ၏ နဖူးပြင်ထက်တွင် ချွေးစေးများ စီးကျလာပြီး မသိစိတ်အရ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရင်း ပြောလိုက်သည်။

"အစ်... အစ်ကို... ကျွန်တော် နောက်လိုက်တာပါ... စိ... စိတ်ထဲ မထားပါနဲ့နော်..."

ရန်ယွမ်က သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ရင်း ပြောလိုက်သည်။

"ထွက်သွားစမ်း..."

ထိုလူသည် ဆန်ဖွတ်သည့် ကြက်ပမာ ခေါင်းကို အဆက်မပြတ် ညိတ်လိုက်ရင်း ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်..."

သူ၏ ထွက်ပြေးသွားသော ကျောပြင်ကို ကြည့်ရင်း လူတိုင်းမှာ သူ၏ သနားစဖွယ် အဖြစ်ကို ကြည့်ကာ ရယ်မောမိကြလေသည်။

ခဏအကြာတွင် လူအုပ်ကြီးမှာ လူစုကွဲသွားပြီး ဆိုင်ခန်းရှိ ပစ္စည်းများကို စိတ်ဝင်စားသည့် လူအနည်းငယ်သာ ကျန်ရစ်တော့၏။

ရန်ယွမ်က မော့ကြည့်လိုက်သောအခါ အသားကင်များကို စားရင်း သူ၏ ကုန်ပစ္စည်းများကို လိုက်လံကြည့်ရှုနေသော ကျူးလင်ကို မြင်တွေ့လိုက်ရသည်။

သူသည် ခုံပုလေးပေါ်တွင် ထိုင်လိုက်ရင်း မေးလိုက်သည်။

"သခင်မလေး... ဘယ်လိုလက်နက်မျိုးကို ရှာနေတာလဲ..."

ကျူးလင်က မျက်လုံးများကို ပင့်ကာ သူ့ကို ကြည့်လိုက်ပြီး ခုနက မရောင်းလိုက်ရသော သေနတ်ကို ညွှန်ပြရင်း မေးလိုက်သည်။

"ဒီလက်နက်က ဘယ်လောက်လဲ..."

ရန်ယွမ်သည် သူမ ညွှန်ပြနေသော သေနတ်ကို ကြည့်လိုက်ရင်း ပြောလိုက်သည်။

"အဆင့် ၂ သာမန်ပုံဆောင်ခဲအမြုတေ သုံးခုပါ... တကယ်လို့ မိန်းကလေးဆီမှာ သတ္တုဓာတ်ပုံဆောင်ခဲအမြုတေ ရှိရင်တော့ အဆင့် ၂ သတ္တုဓာတ်ပုံဆောင်ခဲအမြုတေ တစ်ခုတည်းနဲ့ တင် ရပါတယ်..."

သူသည် ရေနှင့် အစားအစာများအစား ပုံဆောင်ခဲအမြုတေများကိုသာ လိုချင်နေသည်ကို ကြားသောအခါ ကျူးလင်က ခဏမျှ စဉ်းစားလိုက်ပြီး မေးလိုက်သည်။

"ကျွန်မ ရေ ဒါမှမဟုတ် အစားအစာနဲ့ ပေးချေလို့ ရမလား..."

သူမ၏ ပုံမှန်ဖောက်သည်တစ်ဦးအနေဖြင့် ရန်ယွမ်သည် သူမထံတွင် ရေနှင့် အစားအစာများစွာ ရှိကြောင်း သိထားပေသည်။

သို့သော် ပုံဆောင်ခဲအမြုတေများထဲတွင် ပါဝင်သော စွမ်းအင်က သဘာဝလွန်စွမ်းအားရှင်များ၏ စွမ်းရည်အဆင့်ကို မြှင့်တင်ပေးနိုင်သည်ဟူသော သတင်း ပျံ့နှံ့သွားကတည်းက ပုံဆောင်ခဲအမြုတေများ၏ တန်ဖိုးမှာ မကြုံစဖူး မြင့်တက်သွားခဲ့ချေပြီ။

ကျူးလင်သည် သူက အစားအစာနှင့် ရေကို စိတ်မဝင်စားသည်ကို သိရှိသွားသဖြင့် မေးလိုက်သည်။

"ရှင် ဘာလို့ ရေ ဒါမှမဟုတ် အစားအစာတွေအစား ပုံဆောင်ခဲအမြုတေတွေကိုပဲ လိုချင်နေရတာလဲဆိုတာ ကျွန်မကို ပြောပြနိုင်မလား..."

သူမသည် အစားအစာနှင့် ရေ၏ ဈေးကွက်ပေါက်ဈေးကို သိချင်နေသည်ဟု ထင်မှတ်ကာ ရန်ယွမ်က မေးလိုက်သည်။

"စခန်းထဲမှာ မကြာသေးခင်က ပျံ့နှံ့နေတဲ့ သတင်းတွေကို မိန်းကလေး မကြားမိဘူးလား..."

ကျူးလင်က ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်သည်။

"ဒီရက်ပိုင်း ကျွန်မ အလုပ်ရှုပ်နေလို့ အိမ်ပြင်မထွက်ဖြစ်ဘူး..."

သူမ၏ အဖြေကို ကြားသောအခါ ရန်ယွမ်က အနည်းငယ် ပြုံးလိုက်ရင်း ပြောလိုက်သည်။

"ဒါကြောင့်မို့လို့ ဒီရက်ပိုင်း ညဈေးမှာ မိန်းကလေးကို မတွေ့မိတာကိုး..."

ကျူးလင်က တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူက အနည်းငယ် ချောင်းဟန့်လိုက်ရင်း ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ရက်က စခန်းကနေ အရေးကြီးတဲ့ သတင်းထူး သုံးရပ်ကို ထုတ်ပြန်ခဲ့တယ်...”

“ပထမသတင်းကတော့ သန္ဓေပြောင်းသားရဲတွေရဲ့ အသားနဲ့ သန္ဓေပြောင်းအပင်တွေရဲ့ အစိတ်အပိုင်းတချို့ကို စားသုံးလို့ ရတယ်...”

“ဒါပေမဲ့ အဆိပ်မရှိတဲ့ အစိတ်အပိုင်းတချို့ကိုပဲ ဘေးကင်းကင်းနဲ့ စားလို့ရမှာပါ...”

“ဒုတိယသတင်းကတော့ သန္ဓေပြောင်းသတ္တဝါတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပိုပြီး ခိုင်ခံ့တဲ့ လက်နက်တွေနဲ့ ချပ်ဝတ်တန်ဆာတွေ ပြုလုပ်ဖို့ အသုံးပြုနိုင်တယ်ဆိုတာပဲ..."

ထို့နောက် သူသည် ဖျာပေါ်ရှိ လက်နက်များကို ညွှန်ပြရင်း ပြောလိုက်သည်။

"ဒီသတင်းအချက်အလက်တွေကြောင့်ပဲ ကျွန်တော် ပိုက်ဆံရှာဖို့ တခြားနည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာ..."

ကျူးလင်က သူ့ကို ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။

"ဂုဏ်ယူပါတယ်..."

သူမက တည်ငြိမ်အေးဆေးစွာဖြင့် ဂုဏ်ယူကြောင်း ပြောသည်ကို မြင်သောအခါ ရန်ယွမ်က ပြုံးလိုက်ရင်း ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်... တတိယသတင်းကတော့ ကျွန်တော်တို့အတွက် အရေးအကြီးဆုံး သတင်းပဲ..."

ခုနက သူပြောပြခဲ့သော သတင်းနှစ်ရပ်ကို စဉ်းစားကြည့်ရင်း ကျူးလင်က ခဏမျှ တွေးတောလိုက်ပြီးနောက် အနည်းငယ် ပြုံးကာ ပြောလိုက်သည်။

"တတိယသတင်းက ပုံဆောင်ခဲအမြုတေထဲမှာ ပါဝင်တဲ့ စွမ်းအင်က စွမ်းရည်အဆင့်ကို မြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ အကြောင်းမလား..."

သူမ၏ စကားကို ကြားသောအခါ ရန်ယွမ်က မေးလိုက်သည်။

"မိန်းကလေးက သိပြီးသားပဲကို ဘာလို့ မေးနေသေးတာလဲ..."

ကျူးလင်က ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်သည်။

"စခန်းက ထုတ်ပြန်တဲ့ သတင်းတွေအကြောင်း ကျွန်မ ဘာမှမသိပါဘူး...”

“ဒါပေမဲ့ ရှင်က ပုံဆောင်ခဲအမြုတေတွေကိုပဲ လက်ခံမယ်လို့ ဆုံးဖြတ်ထားတာကို ကြည့်ပြီး ကျွန်မ ခန့်မှန်းလိုက်တာ...”

“သဘာဝလွန်စွမ်းအားရှင်တစ်ယောက်အနေနဲ့ ပိုပြီး မြင့်မားတဲ့ စွမ်းရည်အဆင့်ကို ပိုင်ဆိုင်ဖို့က အစားအစာနဲ့ ရေထက် ပိုပြီး အရေးကြီးတယ်မလား..."

သူမ၏ ရှင်းပြချက်ကို ကြားပြီးနောက် ရန်ယွမ်သည် ဆွံ့အသွားကာ စိတ်ထဲမှ တွေးလိုက်မိသည်။

'ငါတို့ရဲ့ တိုတောင်းတဲ့ စကားပြောဆိုမှုလေးကနေ ဒီလိုသတင်းအချက်အလက်တွေကို တကယ်ပဲ ခန့်မှန်းနိုင်တာလား...'

သူ၏ သံသယဖြစ်နေသော မျက်နှာအမူအရာကို မြင်သောအခါ ကျူးလင်က ပြောလိုက်သည်။

"ကျွန်မ မှတ်မိသလောက်တော့ ဒီလက်နက်ကို အသုံးပြုဖို့အတွက် တခြားအရာတစ်ခု လိုအပ်သေးတယ်မလား..."

ရန်ယွမ်က ခေါင်းညိတ်လိုက်ပြီး သူ၏ ကျောပိုးအိတ်ထဲမှ သေတ္တာအသေးလေးတစ်လုံးကို ထုတ်ယူလိုက်ရင်း ပြောလိုက်သည်။

"ကျွန်တော် ကျည်ဆန်တွေလည်း ရောင်းပါတယ်... မိန်းကလေးက ကျွန်တော့်ရဲ့ ပထမဆုံး ဖောက်သည်ဖြစ်တဲ့အတွက် ဒီသေနတ်ကို ဝယ်မယ်ဆိုရင် ကျည်ဆန်တစ်သေတ္တာကို လက်ဆောင်အဖြစ် ထည့်ပေးလိုက်ပါ့မယ်..."

ကျူးလင်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရေခဲပန်းပွင့်ဆွဲသီးထဲမှ အဆင့် ၂ သာမန်ပုံဆောင်ခဲအမြုတေ သုံးခုကို ထုတ်ယူကာ ဖျာပေါ်သို့ တင်လိုက်ရင်း ပြောလိုက်သည်။

"သဘောတူတယ်..."

ရန်ယွမ်က သေနတ်နှင့် ကျည်ဆန်သေတ္တာကို ကျူးလင်ထံသို့ ကမ်းပေးလိုက်သောအခါ ဘေးပတ်ဝန်းကျင်ရှိ လူများကလည်း သူတို့၏ အောင်မြင်သော အရောင်းအဝယ်ကို မြင်တွေ့သွားကြချေသည်။

ကျူးလင်က သေနတ်ကို ဝယ်ယူပြီးနောက် ထွက်ခွာသွားသည်ကို မြင်သောအခါ ရန်ယွမ်၏ ကုန်ပစ္စည်းများကို ကြည့်ရှုနေကြသော အခြားလူများမှာလည်း လက်နက်များကို ဝယ်ယူရန်အတွက် ချက်ချင်းပင် အလုအယက် ဖြစ်သွားကြတော့သည်။

အကယ်၍ သူတို့သည် ယခုကဲ့သို့ သက်သာသော လက်နက်ကို ချက်ချင်း မဝယ်ယူပါက သူတို့၏ ဦးနှောက်တွင် ပြဿနာတစ်ခုခု ရှိနေ၍သာ ဖြစ်ပေလိမ့်မည်။

All Chapters