အခန်း ၉၉
Vol. 10 Ch. 99
အခန်း (၉၉) - ဖိတ်ခေါ်ခြင်း
မိမိ၏ စီးပွားရေးမှာ ရုတ်တရက် အလွန်အမင်း ရောင်းကောင်းသွားသည်ကို မြင်လိုက်ရသဖြင့် ရန်ယွမ်က ကျူးလင်၏ ကျောပြင်ကို လှည့်ကြည့်ကာ ပြုံးလျက် တွေးလိုက်မိသည်။
'သူမကျေးဇူးကြောင့် ဒီညတော့ စောစောပြန်ရတော့မယ် ထင်တယ်...'
ကျူးလင်သည် ရန်ယွမ်၏ ဆိုင်ခန်းမှ ထွက်ခွာလာပြီးနောက် ညဈေးတန်းတစ်လျှောက် လျှောက်လည်ကာ စူးစမ်းလိုစိတ်ဖြင့် စိတ်ဝင်စားစရာကောင်းသော ပစ္စည်းအချို့ကို ဝယ်ယူခဲ့လေသည်။
အရုဏ်ချိန်၌ ကျူးလင်သည် သူမ၏ တိုက်ခန်းအဆောက်အအုံဆီသို့ ပျော်ရွှင်စွာဖြင့် ပြန်လျှောက်လာခဲ့တော့သည်။
ဤသို့ ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ညဈေးတန်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း သူမသည် စိတ်ဝင်စားဖွယ်ရာ ပစ္စည်းများစွာကို ရရှိခဲ့ရုံသာမက သတင်းအချက်အလက်များစွာကိုလည်း စုံစမ်းသိရှိခဲ့ရပေသည်။
ဥပမာအားဖြင့် ရှို့ဝူ၊ ကျီယန်နှင့် ထန်ဝေ့တို့သည် ယခုရက်ပိုင်းအတွင်း မည်သည့်အရာများဖြင့် အလုပ်ရှုပ်နေကြသည်ကို သူမ သိရှိသွားခဲ့သည်။
ကျူးလင်က တိုက်ခန်းအဆောက်အအုံထဲသို့ လှမ်းဝင်လိုက်ချိန်တွင် ဧည့်ခန်းမဆောင်ဧရိယာ၌ မုန့်ကျယ်လန်နှင့် ဝမ်နတို့ကို တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့လိုက်ရသည်။
သူမ လာနေသည်ကို မြင်သောအခါ ထိုအမျိုးသမီးငယ်နှစ်ဦးက ပြုံးရွှင်စွာဖြင့် ယဉ်ကျေးသမှုရှိစွာ နှုတ်ဆက်ကြလေသည်။
"မင်္ဂလာနံနက်ခင်းပါ အစ်မကြီး... အလကားပေးတဲ့ အသားတွေကို သွားယူပြီးပြီလား..."
ဝမ်နက ပြုံးလျက် မေးလိုက်သည်။
ကျူးလင်က ခေါင်းညိတ်ပြပြီး မေးလိုက်သည်။
"အင်း... ယူပြီးပါပြီ... ညီမတို့နှစ်ယောက် အပြင်သွားမလို့လား..."
"ဟုတ်ကဲ့... ကျွန်မတို့ တာဝန်ပေးခန်းမကို သွားမလို့ပါ... ဒီရက်ပိုင်း အပူချိန်က တော်တော်လေး ကျသွားတော့ ပံ့ပိုးမှုအမှတ်တွေ ရအောင် ရိုးရှင်းတဲ့ တာဝန်တချို့ကို ယူပြီး လုပ်မလို့ စိတ်ကူးထားတာ..."
မုန့်ကျယ်လန်က တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။
သူမ၏ တည်ငြိမ်သော အမူအရာကို ကြည့်ရင်း မုန့်ကျယ်လန်က ရုတ်တရက် မေးလိုက်သည်။
"အစ်မကြီး... ကျွန်မတို့နဲ့အတူ တာဝန်တစ်ခုခု သွားလုပ်မလား... ဒီရက်ပိုင်း အစ်မကြီး အိမ်ထဲမှာပဲ နေနေတာ တွေ့လို့လေ... ပျင်းစရာမကောင်းဘူးလား... ကျွန်မတို့ အပြင်ထွက်ပြီး ရိက္ခာပစ္စည်းတချို့ သွားရှာကြည့်လို့ရတယ်..."
သူမ၏ သူငယ်ချင်းဖြစ်သူ ပြောသည်ကို ကြားသောအခါ ဝမ်နကလည်း အလျင်အမြန် ခေါင်းညိတ်ထောက်ခံရင်း ပြောလိုက်သည်။
"ဟုတ်ပ... ဆောင်းရာသီအတွက် တတ်နိုင်သမျှ စောစောပြင်ဆင်ထားဖို့ လိုမယ်လို့ ထင်တယ်..."
ထိုသို့ပြောပြီးနောက် ဝမ်နက အသံကိုနှိမ့်ကာ ပြောလိုက်ပြန်သည်။
"အစ်မကြီး... ကျွန်မသိတဲ့သူတစ်ယောက်ဆီက ကြားတာတော့ သုံးရက်အတွင်းမှာတင် အပူချိန်က ငါးဒီဂရီလောက် ကျသွားတယ်တဲ့...”
“အခုအထိ ရထားတဲ့ သတင်းတွေအရဆိုရင် နောက်လလောက်ဆို ဆောင်းရာသီ ရောက်လာတော့မယ် ထင်တယ်...”
“ဆောင်းတွင်းအတွက် ပြင်ဆင်ဖို့ ကျွန်မတို့မှာ အချိန်က တစ်လတောင် မပြည့်တော့ဘူး... ဒါကြောင့် ပံ့ပိုးမှုအမှတ်တွေ တတ်နိုင်သမျှ အများကြီးရအောင် မြန်မြန်လုပ်ရမယ်..."
မုန့်ကျယ်လန်က ခေါင်းညိတ်လျက် ပြောလိုက်သည်။
"အစ်မကြီးလည်း တစ်ယောက်တည်း နေတာဆိုတော့ ကြိုတင်ပြင်ဆင်ထားမှ ဖြစ်မယ်...”
“အရေးကြုံလာရင် ကျွန်မတို့ အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာ..."
“အဆင်မပြေတဲ့သူတွေဆိုရင် ကိုယ့်ကိုယ်ကိုယ် ရောင်းစားရတာမျိုး ဒါမှမဟုတ် ပြည့်တန်ဆာလောကထဲ ရောက်သွားတာမျိုး ဖြစ်ကုန်ကြတာ... တွေးကြည့်ရုံနဲ့တင် ကြောက်စရာကြီး..."
၎င်းတို့နှစ်ဦး၏ စကားကို နားထောင်ပြီးနောက် ကျူးလင်သည် နက်နက်နဲနဲ တွေးတောလိုက်မိသည်။ သူတို့ပြောသကဲ့သို့ပင် အရေးကြုံလာပါက မိမိကိုယ်ကိုယ်သာ အားကိုးရပေမည်။ ထို့ပြင် သူမသည် အပြင်ဘက်တွင် မည်သို့သော အခြေအနေများ ဖြစ်ပျက်နေသည်ကိုလည်း သွားရောက်ကြည့်ရှုလိုစိတ် ရှိနေသည်။
ထိုသို့ တွေးတောပြီးနောက် ကျူးလင်က မုန့်ကျယ်လန်နှင့် ဝမ်နတို့ကို ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ... အရင်ဆုံး တာဝန်ပေးခန်းမကို သွားကြည့်ကြတာပေါ့... ကျွန်မ ညီမတို့နဲ့အတူ လိုက်မလိုက်ဆိုတာကတော့ နောက်မှ ရွေးချယ်မယ့် တာဝန်အမျိုးအစားပေါ်မှာပဲ မူတည်လိမ့်မယ်..."
သူမ၏ အဖြေကို ကြားလိုက်ရသဖြင့် မုန့်ကျယ်လန်နှင့် ဝမ်နတို့သည် အလွန်အမင်း ဝမ်းသာသွားကြပြီး အလျင်အမြန် ပြောလိုက်ကြသည်။
"ဟုတ်ကဲ့ပါ..."
ကျူးလင်တွင် နေရာလွတ်စွမ်းရည်တစ်ခုသာ ရှိသော်လည်း သူမသာ ၎င်းတို့နှင့် ပူးပေါင်းပါက မပြန်မီ ရိက္ခာပစ္စည်းများကို ပိုမိုရှာဖွေနိုင်မည် ဖြစ်သည်။
ဤအချက်က လမ်းခရီးတွင် အချိန်ကုန်သက်သာစေမည်ဖြစ်ပြီး ကျူးလင်သည် ရှို့ဝူ၏အဖွဲ့ထဲသို့ ဝင်ရောက်နိုင်သူဖြစ်သဖြင့် အလွန်အစွမ်းထက်လိမ့်မည်ဟုလည်း ၎င်းတို့ ယုံကြည်ထားကြသည်။
မည်သို့ပင်ဖြစ်စေ ရှို့ဝူ၏အဖွဲ့မှာ ဤစခန်းရှိ အကောင်းဆုံး ကြေးစားအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့အဖွဲ့ထဲသို့ ဝင်ရောက်နိုင်ရန်အတွက် အရည်အချင်းမှာ အလွန်မြင့်မားရမည် မဟုတ်ပါလော။
ထူထူမှာ အိပ်ပျော်နေဆဲဖြစ်သည်ကို သတိရသွားသဖြင့် သူမက ၎င်းတို့ကို ကြည့်ကာ မေးလိုက်သည်။
"ညီမတို့ ကျွန်မကို ခဏလောက် စောင့်ပေးလို့ရမလား... ကျွန်မ ယုန်လေးကို အရင်သွားခေါ်လိုက်ဦးမယ်..."
ကျူးလင်၏ နောက်တွင် အမြဲတစေ လိုက်ပါနေတတ်သော ယုန်ဖြူလေးတစ်ကောင် ရှိသည်ကို ဝမ်န သတိရသွားသည်။
ယနေ့ ထိုယုန်လေးကို မတွေ့ရသည်မှာ မဆန်းတော့ပေ။ ယုန်လေးမှာ အိမ်တွင် အိပ်ပျော်နေဆဲ ဖြစ်နေသောကြောင့်ပင်။
မုန့်ကျယ်လန်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"ဟုတ်ကဲ့... ကျွန်မတို့ ဒီမှာပဲ စောင့်နေပါ့မယ်... အေးအေးဆေးဆေး သွားခေါ်ပါ အစ်မကြီး..."
ထို့နောက် ကျူးလင်သည် အထပ်နှစ်ဆယ်ရှိ သူမ၏ တိုက်ခန်းဆီသို့ ပြန်လာခဲ့သည်။ တိုက်ခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ထူထူက သူမထံသို့ ရုတ်တရက် ပြေးဝင်လာပြီး စူးစမ်းလိုစိတ်ဖြင့် ပတ်ပတ်လည် ဝိုင်းအုံနေတော့သည်။
"သခင်မလေး... ဘယ်သွားနေတာလဲ... သခင်မလေးဆီက အသားကင်နံ့တွေ ရနေတယ်..."
ထူထူက သူမ၏ အဝတ်အစားများကို နမ်းရှုပ်ရင်း မေးလိုက်သည်။
ကျူးလင်က ယုန်လေးကို ပွေ့ချီလိုက်ရင်း ပြောလိုက်သည်။
"ငါ စခန်းနဲ့ ညဈေးတန်းဘက်ကို လျှောက်လည်ခဲ့တာ... ဒီနေ့ စခန်းက လူတိုင်းကို အသားကင်တွေ ဝေပေးနေလို့ ငါလည်း နည်းနည်းစားခဲ့တယ်... တော်တော်လေး အရသာရှိသား..."
သူမ၏ စကားကို ကြားသောအခါ ထူထူက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"ဒါဆို ဒါက အသားကင်နံ့ပေါ့..."
ယုန်လေးက သူမ၏ အဝတ်အစားများနှင့် ခန္ဓာကိုယ်ကို စူးစမ်းလိုစိတ်ဖြင့် နမ်းရှုပ်နေဆဲဖြစ်သည်ကို မြင်သောအခါ ကျူးလင်က ပြောလိုက်သည်။
"ငါ မုန့်ကျယ်လန်၊ ဝမ်နတို့နဲ့အတူ တာဝန်ပေးခန်းမကို သွားမလို့... နင် ငါတို့နဲ့ လိုက်ချင်လား...”
“ဒီနေ့ တာဝန်ယူပြီး စခန်းအပြင်ဘက်ကို ထွက်ဖြစ်ရင် ထွက်ဖြစ်လိမ့်မယ်... အပြင်မသွားချင်ဘူးဆိုရင်လည်း ဒီမှာပဲ နေခဲ့လို့ရတယ်..."
သူမ၏ စကားကို ကြားသောအခါ ထူထူက အဝတ်အစားများကို နမ်းရှုပ်နေခြင်းကို ရပ်တန့်လိုက်ပြီး သူမကို ကြည့်ကာ မေးလိုက်သည်။
"သခင်မလေးက ရှို့ဝူတို့အဖွဲ့ထဲ ဝင်ထားပြီးပြီ မဟုတ်ဘူးလား... ဘာလို့ အဲဒီမိန်းကလေးငယ်နှစ်ယောက်နဲ့အတူ တာဝန်သွားလုပ်ချင်ရတာလဲ..."
"ရှို့ဝူတို့ ဘယ်တော့ပြန်လာမလဲဆိုတာ ငါမသိဘူး...”
“ခုနက ငါအပြင်သွားတုန်းက သူတို့တွေ စခန်းကို သန္ဓေပြောင်းသားရဲရဲ့ အသားနဲ့ ပစ္စည်းတွေအကြောင်း သတင်းပို့နေတာ တွေ့ခဲ့တယ်... သူတို့တွေ ဒီရက်ပိုင်း အဲဒီကိစ္စနဲ့ပဲ အလုပ်ရှုပ်နေကြပုံရတယ်..."
သူမက တိုက်ခန်းထဲရှိ ပစ္စည်းအားလုံးကို ချန်ခွန်းအိတ်ထဲသို့ ပြန်ထည့်ရင်း ပြောလိုက်သည်။
သူမ၏ စကားကို ကြားပြီးနောက် ထူထူက ခေါင်းညိတ်လျက် ပြောလိုက်သည်။
"ဒါကြောင့် သူတို့တွေ ရောက်မလာနိုင်ကြတာကိုး... ဒါနဲ့ သခင်မလေးက ဘာလို့ အဲဒီမိန်းကလေးနှစ်ယောက်နဲ့ လိုက်သွားဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်ရတာလဲ..."
ကျူးလင်က ဗလာကျင်းနေသော တိုက်ခန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထူထူကို ကြည့်ကာ ပြောလိုက်သည်။
"ဝမ်နက ဆောင်းရာသီ ရောက်တော့မယ်ဆိုတဲ့ သတင်းကို ရထားတယ်လေ..."
“ဒါကြောင့် သင့်တော်တဲ့ တာဝန်တွေ ရှိမရှိ သွားကြည့်ဖို့ ငါ့ကို တာဝန်ပေးခန်းမဆီ ဖိတ်ခေါ်ကြတာ... လမ်းခရီးမှာ ရိက္ခာပစ္စည်းတွေ ရှာဖွေပြီး ဆောင်းတွင်းအတွက် ပြင်ဆင်လို့ရတာပေါ့..."
ထူထူက သူမ၏ စကားကို နားထောင်ပြီးနောက် ခဏမျှ တွေးတောကာ ပြောလိုက်သည်။
"နားလည်ပါပြီ... ဒါဆို မြန်မြန်သွားကြရအောင် သခင်မလေး..."
“ဆောင်းတွင်းမရောက်ခင် ရိက္ခာပစ္စည်းတွေ ပိုရှာထားရမယ်..."
“ဘာပဲဖြစ်ဖြစ် သခင်မလေးရဲ့ ခန္ဓာကိုယ်က အခု သာမန်လူသားခန္ဓာကိုယ် ဖြစ်နေတာဆိုတော့ ဆောင်းတွင်းမှာ သာမန်လူသားတွေ လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ထားဖို့ လိုအပ်တယ်..."