အခန်း ၈၂
Vol. 9 Ch. 82
အပိုင်း ၈၂ - ဇာတ်လိုက်မင်းသမီး၏ ကံကောင်းမှုကို ကြားဖြတ်လုယူခြင်း
ယခုအချိန်တွင် လင်းစုယွီ ဘာတွေးနေသနည်း။ အမှန်တော့ သူမသည် လင်းရှင်းယောင် ဇာတ်လိုက်မင်းသမီးအဖြစ် ပါဝင်သည့် ဝတ္ထုတစ်ပုဒ်အကြောင်း ပြန်တွေးနေခြင်းဖြစ်သည်။
ထိုဝတ္ထုထဲတွင် လင်းရှင်းယောင်သည် ၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်း၌ ပြည်တွင်းသို့ ပြန်လာပြီး ရှေးဟောင်းခြံဝင်းအိမ်ကြီး တစ်လုံးကို ဝယ်ယူရာမှ မမျှော်လင့်ဘဲ ကြီးမားသည့် ရတနာသိုက်တစ်ခုကို တွေ့ရှိသွားသည့် ဇာတ်ကွက်တစ်ခု ရှိခဲ့သည်။
ယခု သူမ မြို့တော်သို့ ရောက်ရှိနေသည့် အခွင့်အရေးကို အသုံးချကာ ဝတ္ထုထဲက လိပ်စာအတိုင်း ကြိုတင်သွားရောက် စစ်ဆေးပြီး ရတနာရှာဖွေခြင်းက နစ်နာစရာ မရှိပေ။
ဤဘဝတွင် သူမသည် စိတ်ဝိဉာဉ်စမ်းရေတွင်း နေရာလွတ်ကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ လင်းရှင်းယောင် ပါဝင်သည့် မူရင်းဝတ္ထုထဲက ဖြစ်ရပ်အားလုံးသည်လည်း လမ်းကြောင်းလွဲကုန်ခြင်း သို့မဟုတ် ဖြစ်နိုင်ခြေ မရှိတော့ပေ။ ထို့ကြောင့် ထိုရတနာသိုက်သည် သူမအတွက်သာ အကျိုးရှိသွားစေရမည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူမအနေဖြင့် မကြာမီ ငွေအမြောက်အမြား လိုအပ်လာတော့မည်။ ယခု ဟောင်ကောင်ခရီးစဉ်အတွင်း အခွင့်ကောင်းယူကာ ရွှေချောင်းအချို့ကို လဲလှယ်ပြီးနောက် ဟောင်ကောင် အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံကာ အိမ်လခကောက်ရင်း အေးအေးဆေးဆေး နေထိုင်ကာ အိမ်ခြံမြေဈေးတက်လာသည်ကို စောင့်ဆိုင်းရုံသာ ရှိတော့သည်။
သူမဟည် အရင်ဘဝတုန်းက တရုတ်နိုင်ငံ၏ သာယာဝပြောသည့် ခေတ်ကာလတွင် မွေးဖွားခဲ့သူဖြစ်သည်။ ဒေသအချို့၌ သဘာဝဘေးအန္တရာယ်ကြောင့် အကူအညီလိုအပ်တိုင်း သူမ တတ်နိုင်သမျှ ပစ္စည်းများ လှူဒါန်းခဲ့ဖူးသည်။ ထို့ကြောင့် ယခုဘဝတွင်လည်း တရုတ်နိုင်ငံရှိ လူအများအပြား အစားအသောက် ရှားပါးမှုကြောင့် အသက်ဆုံးရှုံးရမည်ကို သူမ မကြည့်ရက်နိုင်ပေ။
ဟောင်ကောင်သည် အလွန်ကောင်းမွန်သော ကုန်စည်ကူးသန်းရာ နေရာတစ်ခုဖြစ်သဖြင့် ထိုနေရာမှတစ်ဆင့် ပြည်မကြီးသို့ ရိက္ခာနှင့် အစားအစာများ လှူဒါန်းခြင်းဖြင့် သူတစ်ပါး၏ သံသယကို ရှောင်ကွင်းနိုင်မည် ဖြစ်သည်။
အမှန်စင်စစ် ပိုင်မိသားစုရှိနေသဖြင့် သူတို့၏ လမ်းကြောင်းများကို အသုံးပြုကာ သူမကိုယ်သူမ လုံခြုံစွာ ဖုံးကွယ်ထားနိုင်မည်ဖြစ်သည်။ သူမသာ လူမိသွားနိုင်သည့် အခွင့်အရေး အနည်းငယ်မျှ ရှိနေပါက ဤအလုပ်ကို စွန့်စားလုပ်ကိုင်မည် မဟုတ်ပေ။
လင်းစုယွီသည် ဝတ္ထုထဲက ရှေးဟောင်းခြံဝင်းအိမ်ကြီးကို ရှာဖွေအတည်ပြုရန် နှစ်နာရီခန့် အချိန်ပေးခဲ့ရသည်။ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ဤအိမ်ကြီးကို လူနေဝန်းကြီးတစ်ခုအဖြစ် ခွဲခြမ်းလိုက်သဖြင့် ယခုအခါ အနည်းဆုံး အိမ်ထောင်စု ဆယ်စုခန့် နေထိုင်လျက်ရှိသည်။ လျှို့ဝှက်အခန်းမှာ အလယ်ခြံဝင်းအတွင်းရှိ ရေတွင်းထဲတွင် တည်ရှိပြီး ထိုရေတွင်းကို အိမ်ဝန်းအတွင်းရှိ လူများ ယခုထက်တိုင် အသုံးပြုနေကြဆဲဖြစ်သည်။
သူမ၏ စိတ်ဝိဉာဥ်စွမ်းအားသည် ခြံစည်းရိုးအပြင်ဘက်မှနေ၍ ရတနာများကို အာရုံခံနိုင်သော်လည်း အကွာအဝေးမှာ ဝေးလွန်းလှသည်။ အပြင်ဘက်မှနေ၍ စိတ်ဝိဉာဥ်စွမ်းအားဖြင့် နေရာလွတ်ထဲသို့ တိုက်ရိုက်ဆွဲယူရန်မှာလည်း စိတ်ပင်ပန်းလွန်းပေလိမ့်မည်။ အလုပ်ရှုပ်စရာပင်။ ထို့ကြောင့် သူမအနေဖြင့် ရုပ်ဖျက်ပြီး အလယ်ခြံဝင်းထဲသို့ ဝင်ရန် အကြောင်းပြချက် တစ်ခုခုရှာရမည်ဖြစ်သည်။
ဤခြံဝန်းထဲတွင် "ကပ်စေးနှဲ အဘိုးကြီး ယန်" သို့မဟုတ် "ဒေါ်ကျားကျန်း" ကဲ့သို့ ဒုက္ခပေးမည့်သူမျိုးများ မရှိပါစေနှင့်ဟု သူမ ဆုတောင်းနေမိသည်။
ထို့နောက် လင်းစုယွီသည် မိတ်ကပ်လိမ်းခြယ် ရုပ်ဖျက်ပြီးနောက် ဝါးခြင်းတောင်းတစ်လုံးကို လက်တွင်ဆွဲကာ ခြံဝန်းအပြင်ဘက်သို့ ပြန်လာခဲ့သည်။ အဝင်ဝတွင် အဒေါ်ကြီးနှစ်ဦးမှာ ခေါက်ကုလားထိုင်လေးများပေါ်တွင် ထိုင်ရင်း ဟင်းသီးဟင်းရွက်များ သင်ကာ စကားစမြည် ပြောနေကြသည်။
"ဟယ်... တူမလေး၊ တူမလေးကို အရင်ကလည်း မမြင်ဖူးပါလား တို့ခြံထဲမှာ ဘယ်သူ့ကို လာရှာတာလဲ"
လင်းစုယွီ စကားမပြောရသေးမီ အဒေါ်ကြီးတစ်ဦးက အရင်ဦးအောင် မေးလိုက်သည်။ သူမသည် လင်းစုယွီ၏ ဝတ်စုံကို ခိုးကြည့်ကာ အကဲခတ်ပြီးနောက် လက်ထဲက ခြင်းတောင်းကိုလည်း မကြာခဏ ဝေ့ကြည့်နေသည်။
"မင်္ဂလာပါ အဒေါ်တို့။ ဒါ လော့ကူလမ်း၊ အမှတ် ၄၂ လားဟင်။ သမီးရဲ့ အဒေါ် ရွီဟွေ့ကျိန်းကို လာရှာတာပါ။ အမေက အဒေါ့်အတွက် ဆပ်စပါး လာပေးခိုင်းလို့ပါ။ သမီးက မြို့ထဲကို ပထမဆုံးအကြိမ် လာဖူးတာဆိုတော့ လမ်းမသိလို့ပါ"
လင်းစုယွီသည် ကြောက်ရွံ့နေသည့် တောသူမလေးတစ်ဦးကဲ့သို့ သရုပ်ဆောင်နေသဖြင့် အဒေါ်ကြီးနှစ်ဦးမှာ သူမ လမ်းပျောက်နေသည်ကို မသင်္ကာမဖြစ်ကြပေ။ သို့သော် လင်းစုယွီက ဆပ်စပါး လာပို့သည်ဟု ကြားလိုက်ရချိန်တွင်မူ သူတို့မျက်လုံးများမှာ အရောင်တောက်သွားကြသည်။
"ဒီမှာ ရွီဟွေ့ကျိန်း ဆိုတဲ့လူ မရှိဘူးကွဲ့၊ တူမလေး လိပ်စာမှားနေပြီ ထင်တယ်..."
"ဒါဆို ဘယ်လိုလုပ်ရမလဲဟင်။ သမီးအဖေက ဖျားနေလို့ အဒေါ့်ဆီမှာ ဆေးဖိုးလေး ချေးဖို့ လာတာပါ။ အခုတော့... အခုတော့..."
"မစိုးရိမ်ပါနဲ့ တူမလေးရယ်၊ မပူနဲ့။ တူမလေးရဲ့ အဒေါ်ကို ရှာမတွေ့ရင်တောင် ပါလာတဲ့ ဆပ်စပါးကို ပိုက်ဆံနဲ့ လဲသွားလို့ ရတာပဲ မဟုတ်လား!"
လင်းစုယွီမှာ စိုးရိမ်တကြီးဖြင့် ငိုတော့မလို ဖြစ်နေသည်ကို မြင်သောအခါ အဒေါ်ကြီးတစ်ဦးက ကျန်တစ်ဦးကို အချက်ပြလိုက်သည်။ သူမက လင်းစုယွီကို ချော့မော့ရင်း လူကွယ်ရာ ထောင့်တစ်ခုသို့ ဆွဲခေါ်သွားသည်။
"တူမလေး အမှန်အတိုင်း ပြောရရင် တို့အိမ်တွေမှာလည်း စားစရာ ပြတ်နေပြီ။ အဲဒီ ဆပ်စပါးတွေကို အဒေါ်တို့ကိုပဲ လဲပေးလို့ မရဘူးလား"
"အခုချိန် မြို့ထဲမှာ ဆန်ကောင်း၊ စပါးကောင်း ဝယ်ဖို့က အရမ်းခက်နေတာ။ အိမ်က လူကြီးတွေနဲ့ ကလေးတွေလည်း အားပြတ်နေကြပြီ၊ တူမလေး ခြင်းတောင်းထဲက ဆပ်စပါးတွေ အကုန်လုံး တို့ကိုပဲ လဲပေးပါလား။ တို့တွေ ဈေးမနှိမ်ပါဘူးကွယ်"
အဒေါ်ကြီးနှစ်ဦးမှာ တစ်ယောက်တစ်ပေါက်နှင့် လင်းစုယွီကို ဝိုင်းဖျောင်းဖျကြသည်။ လင်းစုယွီ၏ တွေဝေနေသည့် အမူအရာကို မြင်သောအခါ သူတို့က ပို၍ အားစိုက်ကြပြန်သည်။
"အို... တူမလေးရယ် ရောက်လာပြီပဲ၊ ရွာက မိဘတွေရော နေကောင်းကြရဲ့လား။ လာလာ... အိမ်ထဲမြန်မြန်ဝင်၊ အဒေါ် စောင့်နေတာ ကြာပြီ"
စိတ်မရှည်သည့် အဒေါ်ကြီးက ပြောပြောဆိုဆိုနှင့် လင်းစုယွီကို ခြံဝန်းထဲသို့ ဆွဲခေါ်ကာ နောက်ဖေးခြံဘက်သို့ ဦးတည်သွားတော့သည်။
"ဟဲ့ အဖွားကြီးကျန်း၊ နင်တစ်ယောက်တည်း အပိုင်စီးလို့ မရဘူးနော်"
နောက်က လိုက်လာသည့် အဒေါ်ကြီးက တိုးတိုးလေး ကန့်ကွက်ရင်း ခြံထဲက တခြားအိမ်ထောင်စုတွေ လင်းစုယွီမှာ ရိက္ခာပါလာတာ သိသွားမှာစိုး၍ ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။
"နင့်ကို မေ့ပါ့မလား၊ တိုးတိုးနေစမ်းပါ၊ အိမ်ထဲ အရင်ဝင်ရအောင်"
ဤသို့ဖြင့် လင်းစုယွီမှာ အဒေါ်ကြီး၏ အိမ်ထဲသို့ အတင်းဆွဲခေါ်ခြင်း ခံလိုက်ရသည်။ အိမ်ထဲရောက်သည်နှင့် ဆပ်စပါးများကို ထုတ်ပြရန် အသည်းအသန် တောင်းဆိုကြတော့သည်။
"အင်း... ဒီဆပ်စပါးထုပ်က လေးကျင်း လောက် ရှိမယ်။ အခု မှောင်ခိုဈေးကွက်မှာ ရိက္ခာလက်မှတ် မပါဘဲ ဝယ်ရင် တစ်ကျင်းကို တစ်ယွမ် နှစ်ဆယ်ပြား ပေါက်နေတာ၊ ဒီဈေးနဲ့ပဲ လဲကြမလား"
အဒေါ်ကြီးမှာ လက်နှင့် တစ်ချက်မလိုက်ရုံဖြင့် အလေးချိန်ကို အတိအကျ သိနေပြီး တရားမျှတသည့် ဈေးနှုန်းကိုလည်း ပေးခဲ့သည်။
"ကဲ... ကောင်းပါပြီ။ ဒါပေမဲ့ သမီးက ပိုက်ဆံနဲ့ လဲချင်လို့ လဲတာ မဟုတ်ဘူးနော်။ ဒီတံခါးက ထွက်သွားတာနဲ့ ဘာမှ ဝန်ခံမှာ မဟုတ်ဘူး"
လင်းစုယွီသည် ပြဿနာတက်မည်ကို ကြောက်ရွံ့သည့် တောသူမလေးပုံစံ ဖမ်းလိုက်ရာ အဒေါ်ကြီးနှစ်ဦးမှာ ပို၍ သဘောကျသွားသည်။ ဤကဲ့သို့သော လူမျိုးက နောက်နောင်တွင် ဒုက္ခမပေးနိုင်သောကြောင့် ဖြစ်သည်။
အရောင်းအဝယ် ပြီးသွားသောအခါ အဒေါ်ကြီးနှစ်ဦးက လင်းစုယွီကို အပြင်သို့ ပြန်လိုက်ပို့ကြရာ အလယ်ခြံဝင်းကို ထပ်မံ ဖြတ်ကျော်ရသည်။
"အဒေါ်တို့... သမီး လက်ဆေးဖို့ ရေတွင်းက ရေလေး နည်းနည်း ခပ်လို့ ရမလားဟင်"
လင်းစုယွီသည် အကြောင်းပြချက်ရှာကာ ရေတွင်းအနီးသို့ ကပ်သွားပြီး ရတနာရှိသည့် နေရာနှင့် အနီးကပ်ဆုံးတွင် ရပ်လိုက်သည်။ သူမ၏ စိတ်စွမ်းအားဖြင့် ရတနာများကို လွှမ်းခြုံလိုက်ရာ ခဏချင်းအတွင်းမှာပင် ၎င်းတို့မှာ သူမ၏ နေရာလွတ်ထဲသို့ ရောက်ရှိသွားတော့သည်။
အနီးကပ်အကွာအဝေးမှ ပစ္စည်းများကို စိတ်စွမ်းအားဖြင့် သိမ်းဆည်းခြင်းမှာ လင်းစုယွီ တောင့်ခံနိုင်သည့် အတိုင်းအတာအတွင်းသာ ရှိသည်။ ခြံဝန်းထဲမှ ထွက်လာပြီးနောက် သူမသည် နတ်စမ်းရေ တစ်စက်ကို အမြန်သောက်လိုက်ရာ ခေါင်းထဲတွင် လေးလံထိုင်းမှိုင်းနေမှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။
ညနေစောင်းနေပြီဖြစ်ရာ လင်းစုယွီသည် လန်ရှို့ယင်း၏ အိမ်ဘက်သို့ လှည့်ပတ်သွားရန် စီစဉ်လိုက်သည်။ အကယ်၍ သူမနှင့် ချန်လီလီတို့ အိမ်မှာ ရှိနေပါက တိုက်ရိုက် မေ့လဲအောင် လုပ်ပြီး ခေါ်သွားမည်။ အကယ်၍ မရှိပါက တည်းခိုခန်းသို့ ပြန်ကာ အားကွမ်းနှင့်အတူ ညစာစားမည်ဟု တွေးထားသည်။
" သခင်မလေး နောက်ဆုံးတော့ ရှာတွေ့ပြီ။ သခင်မလေးကိုသာ ပျောက်သွားရင် သခင်လေး ပိုင်ချီမင်က ကျွန်တော့်ကို ပင်လယ်ထဲ ပစ်ချပြီး ငါးစာ ကျွေးမှာ အသေအချာပဲ"
လင်းစုယွီမှာ နေ့လယ်စာစားချိန်ကတည်းက လစ်ထွက်သွားခြင်းဖြစ်သည်။ အားကွမ်းမှာ အကြိမ်ကြိမ် ပတ်ရှာသော်လည်း မတွေ့သဖြင့် လင်းစုယုသည် လန်ရှို့ယင်းတို့ သားအမိထံ သွားမည်ဟု ထင်ကာ ဤနေရာတွင် လာစောင့်နေခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် လန်ရှို့ယင်း၏ အိမ်အနီးတွင် ပုန်းအောင်းစောင့်ဆိုင်းနေခဲ့သည်။ နေ့တစ်ဝက်ခန့် စောင့်ဆိုင်းနေစဉ်အတွင်း စိုးရိမ်စိတ်ဖြင့် သေမတတ် ဖြစ်နေခဲ့ရသည်။ ယခု လင်းစုယွီကို မြင်လိုက်ရချိန်တွင် သူက အသနားခံတော့သည်။
"မမလေး စုယွီ၊ ဘယ်တွေ သွားနေတာလဲ။ နောက်တစ်ခါ ကျွန်တော့်ကို အဲဒီလို မခြောက်ပါနဲ့တော့။"
... တော်တော်လည်း အပိုတွေ လုပ်နိုင်တဲ့သူပဲ။
ထိုအချိန်တွင် လန်ရှို့ယင်းနှင့် သမီးဖြစ်သူတို့မှာ အိမ်၌ မရှိကြသဖြင့် လင်းစုယွီသည် အားကွမ်းနှင့်အတူ ညစာ အရင်သွားစားရန် ဆုံးဖြတ်လိုက်သည်။
"ဆောရီးပါ အားကွမ်း၊ ငါ အချိန်ကို မကြည့်လိုက်မိဘူး။ မြို့တော် ကုန်တိုက်ကြီးမှာ လျှောက်ကြည့်နေတာနဲ့ နောက်ကျသွားတာ။ အရင်ဆုံး ညစာ သွားစားရအောင်၊ မနက်ဖြန် မွန်းလွဲပိုင်းကျရင် ကျင်းမန်မြို့ကို ရထားနဲ့ ပြန်ကြမယ်"
သူမကို အနီးကပ် စောင့်မကြည့်နိုင်အောင် အားကွမ်းအတွက် အလုပ်တစ်ခုခု ရှာပေးရမည်ဟု သူမ တွေးမိသည်။ လင်းစုယွီ ခဏစဉ်းစားလိုက်ပြီးနောက် လျန်ကတော် ပြောဖူးသည့် ဒေသထွက်ပစ္စည်း ကြိုက်တတ်သော ဒါရိုက်တာလျိုကို သတိရသွားသည်။
အားကွမ်းကို သူ့ထံလွှတ်ပြီး ကိစ္စအချို့ ဆောင်ရွက်ခိုင်းခြင်းမှာ အကောင်းဆုံးပင်။ လန်ရှို့ယင်း၏ ခင်ပွန်းမှာ ဇနီးသည်ကို ကောင်းကောင်း မထိန်းနိုင်သဖြင့် ဒါရိုက်တာလျိုမှတစ်ဆင့် သတိပေးခိုင်းခြင်းက ပို၍ သင့်တော်ပေလိမ့်မည်။
လင်းစုယွီက အလုပ်တစ်ခု ခိုင်းသည်ကို ကြားသောအခါ အားကွမ်းမှာ ချက်ချင်း တက်ကြွသွားသည်။ လင်းစုယွီကို ကူညီပေးနိုင်ပါက ပြန်ရောက်လျှင် ပိုင်ချီမင်ကို အစီရင်ခံစရာ အကြောင်းအရာ ရှိသွားပြီဟု သူ တွေးလိုက်သည်။
"မမလေး စုယွီ၊ စိတ်မပူပါနဲ့။ မမလေး ပေးတဲ့တာဝန်ကို အကောင်းဆုံး ဆောင်ရွက်ပါ့မယ်။ မနက်ဖြန် ကျင်းမန်မြို့ကို ပြန်ဖို့ ရထားလက်မှတ်တွေကို အခုပဲ သွားဝယ်လိုက်ပါ့မယ်"
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း