အခန်း ၈၄
Vol. 9 Ch. 84
အပိုင်း ၈၄ - ဟောင်ကောင်မြို့သို့ ရောက်ရှိခြင်း
အာရုံဦး အလင်းရောင် ပျိုးစပြုချိန်... ချန်လိီလိီ၏ အခန်းထဲမှ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အော်ဟစ်သံတစ်သံက သူမကို လန့်နိုးသွားစေသည်။ မည်သူ အော်ဟစ်နေသည်ကိုပင် မကြည့်အားသေးမီ ခေါင်းထဲမှ ပြင်းထန်သော နာကျင်မှုနှင့်အတူ ကြေမွသွားသော ဒူးခေါင်းနှစ်ဖက်၏ ဝေဒနာက သူမကို အလူးအလဲ ခံစားရစေတော့သည်။
“လောင်... လောင်ချန်ရေ၊ မြန်မြန်လာပါဦး။ ငါ့ခြေထောက်! ငါ့ခြေထောက် ကျိုးသွားပြီ! လိီလီ... လိီလီ ကို သရဲပူးနေပြီ...”
တစ်ညတည်းနှင့် ဆယ်စုနှစ်ပေါင်းများစွာ အိုစာသွားသလို ဖြစ်နေသော လီလီကိုကြည့်ကာ လန်ရှို့ယင်း၏ စိတ်ထဲတွင် ‘အပူးခံရသည်’ ဟူသော အတွေးသာ ရှိတော့သည်။ ထို့နောက်တွင်တော့ သူမ၏ ရင်ထဲမှနေ၍ ချန်လိီလိီအပေါ် အားနာစိတ်နှင့် နောင်တများ လှိုင်းလုံးကြီးသဖွယ် ရိုက်ခတ်လာလေသည်။
“လိီလီ... ငါ့သမီးလေး၊ မကြောက်နဲ့နော်။ မေမေနဲ့ ဖေဖေ ခဏနေရင် ဆေးရုံလိုက်ပို့မယ်” လန်ရှို့ယင်း၏ အော်ဟစ်ငိုယိုသံများက ချန်လိီလိီကို ယခုခံစားနေရသမျှ ဒုက္ခအားလုံးသည် သူမမိခင်၏ လက်ချက်ဖြစ်ကြောင်း ချက်ချင်းသတိရသွားစေသည်။ သူမသည် ကုတင်ပေါ်တွင် တွားသွားရင်း လန်ရှို့ယင်း၏ ရင်ဘတ်ဆီသို့ ခေါင်းနှင့် အရှိန်ပြင်းပြင်း တိုးဝင်တိုက်ခိုက်လိုက်တော့သည်။
“နင် ငါ့ဘဝကို ဖျက်ဆီးလိုက်တာ! နင်က တကယ့်ကို ရက်စက်တဲ့ မိန်းမပဲ! လန်ရှို့ယင်း... နင် သေရမှာ၊ ငရဲသွားလိုက်တော့!” ချန်လိီလိီသည် ဒေါသအလိပ်လိပ် ထွက်နေသည်။ လန်ရှို့ယင်းသည် သူမ၏ မှတ်ဉာဏ်များ ပြောင်းလဲခြင်း ခံထားရသောကြောင့် အပြင်းအထန် အရိုက်ခံရလျှင်ပင် ထုံးစံအတိုင်း ပြန်လည်တွန်းလှန်ခြင်း သို့မဟုတ် အပြစ်ပုံချခြင်းမျိုး မလုပ်တော့ဘဲ ငြိမ်ခံနေခဲ့သည်။
သို့သော်လည်း ချန်ကျန့်ယဲ့ကမူ လန်ရှို့ယင်း အနှိပ်စက်ခံရသည်ကို ကြည့်မနေနိုင်ပေ။ သူသည် လေပြင်းရှူးတိုက်သကဲ့သို့ ချန်လိီလိီကို ပြန်လည်တိုက်ခိုက်တော့သည်။
မကြာမီပင် နှစ်ယောက်သား မညှာမတာ လက်သီးချင်း ဖလှယ်ကြတော့သည်။ ချန်လိီလိီသည် ခြေထောက်ကျိုးနေသဖြင့် အခြေအနေမဟန်သော်လည်း နာကျည်းလွန်းသဖြင့် သူမ၏ သွားများကိုပင် အားကိုးကာ ကိုက်ခဲတိုက်ခိုက်လေတော့သည်။
လန်ရှို့ယင်း၏ ခင်ပွန်းဖြစ်သူမှာတော့ အိမ်ထဲမှ ပြိုလဲပျက်စီးနေသော ပရိဘောဂများ၊ ကြေမွနေသော အလှဆင်ပစ္စည်းများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်နေသော သားနှင့်သမီးကို ကြည့်ရင်း— “အားလုံး ရပ်လိုက်စမ်း! မရပ်တဲ့သူ အခုချက်ချင်း ဒီအိမ်က ဆင်းသွားရမယ်!” ဟု ဒေါသတကြီး အော်ဟစ်ကာ ရုန်းရင်းဆန်ခတ်မှုကို ခေတ္တထိန်းလိုက်သည်။ ထို့နောက် လန်ရှို့ယင်းနှင့် ချန်လိီလိီကို ဆေးရုံပို့ရန် ချန်ကျန့်ယဲ့ကို လှည်းသွားငှားခိုင်းလိုက်သည်။
ဆေးရုံတွင်မူ ဆရာဝန်က ချန်လိီလိီနှင့် လန်ရှို့ယင်းတို့၏ ခြေထောက်များသည် ဘယ်တော့မှ ပြန်ကောင်းတော့မည်မဟုတ်ကြောင်း အကြောင်းကြားလိုက်သည်။ အကောင်းဆုံး ကုသမှုခံယူလျှင်ပင် ထော့နဲ့ထော့နဲ့သာ လမ်းလျှောက်နိုင်တော့မည် ဖြစ်သည်။
ဤအခြေအနေက ဖခင်ဖြစ်သူ ချန်ကို ဒေါသထွက်စေသလို ဘာမှမတတ်နိုင်သည့် ခံစားချက်ကိုလည်း ပေးစွမ်းသည်။ အကြောင်းမှာ ဇနီးနှင့် သမီးထံမှ အမှန်တရားကို မည်သို့မျှ မေးမြန်း၍ မရသောကြောင့်ဖြစ်သည်။
ချန်လိီလိီက သူမကို လန်ရှို့ယင်းက ဒုက္ခပေးသည်ဟု ပြောပြီး လန်ရှို့ယင်းကလည်း ဝေဝေဝါးဝါး ဝန်ခံသော်လည်း သူမ၏ ဒူးခေါင်းများ မည်သို့ ကြေမွသွားသည်ကိုမူ ရှင်းပြနိုင်ခြင်း မရှိပေ။
သံသယဖြစ်စရာများစွာ ရှိနေသော်လည်း လန်ရှို့ယင်းကိုယ်တိုင်က အပြစ်ရှိသည်ဟု ဝန်ခံနေသောကြောင့် ဖခင်ဖြစ်သူ ချန်သည် ရဲစခန်းသို့ မတိုင်ရဲပေ။ အကယ်၍ လန်ရှို့ယင်း ထောင်ကျသွားပါက မိသားစုတစ်ခုလုံး ပြိုကွဲသွားမည်ကို သူ စိုးရိမ်နေမိသည်။
လင်းစုယွိီကမူ ချန်မိသားစု၏ ပြဿနာများ မည်သို့အဆုံးသတ်မည်ကို ဂရုမစိုက်ပေ။ သူမ သိသည်မှာ ကိစ္စအားလုံး အဆုံးသတ်သွားပြီဟူသော အချက်သာဖြစ်သည်။
ယခုအချိန်မှစ၍ လန်ရှို့ယင်းနှင့် သူမသမီး၏ မှတ်ဉာဏ်ထဲတွင် ‘လင်းစုယွီ’ ဟူသော အမည်သည် လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။ မြို့တော်သို့ သွားခဲ့သော ဤခရီးတိုလေးအတွင်း လင်းစုယွီသည် ရွှေအချို့နှင့် နိုင်ငံတော်အဆင့် ရတနာဖြစ်သော ကျောက်စိမ်းတံဆိပ်တုံး တစ်ခုကိုပါ ရရှိခဲ့သည်။
ကျင်းမန်မြို့တွင် ပိုင်ချီမင်သည် လင်းစုယွီ ဘေးကင်းစွာ ပြန်လာရန် စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်။ သူမ ကျောင်းခွင့်ယူရန်အတွက် အကြောင်းပြချက်ကိုလည်း သူ ကြိုတင်စဉ်းစားထားပြီးဖြစ်သည်။
မြို့တော်မှ ပြန်လာသည်နှင့် သူတို့သည် သင်္ဘောစီးကာ ပင်လယ်ပြင်သို့ ထွက်ခွာပြီး ဟောင်ကောင်ရှိ ပင်လယ်ကွေ့ဆိပ်ကမ်းသို့ တိုက်ရိုက် ဦးတည်ခရီးဆက်ကြမည်ဖြစ်သည်။
ကျင်းမန်မြို့သို့ ပြန်ရောက်ပြီး နောက်တစ်နေ့တွင် လင်းစုယွီသည် ခွင့်ရက်ရှည်ယူရန် ကျောင်းသို့ သွားခဲ့သည်။ ပိုင်ချီမင်က ကျောင်းအုပ်ကြီးယွမ်နှင့် ကြိုတင်စကားပြောထားပြီးဖြစ်၍ ခွင့်တိုင်ခြင်းက အလွန်ချောမွေ့ခဲ့သည်။
ထို့နောက်တွင်တော့ သူမ အကြာကြီးခွင့်ရက်ရှည်ယူ၍ စိတ်ကောက်နေသော လျန်ဟွေ့ကို ချော့မော့ခဲ့ပြီး အဒေါ်ထောင်ကိုလည်း အိမ်ကြည့်ပေးရန် အကူအညီတောင်းခဲ့သည်။
တရုတ်နှစ်သစ်ကူး နီးကပ်လာပြီဖြစ်သလို လင်းစုယွီအနေဖြင့် မည်သည့်အချိန်တွင် ပြန်လာနိုင်မည်ကို မသိသောကြောင့် ချန်နှင့် ကျူး မိသားစုများကို ဆန်ရောင်းသူ ပြန်ပေါ်လာတော့မည်မဟုတ်ကြောင်း သတိပေးခဲ့သည်။ ထို့ပြင် နောက်ဆုံးအကြိမ်အဖြစ် သူတို့ကို စားနပ်ရိက္ခာများ ထပ်မံရောင်းချပေးခဲ့သည်။
“အဒေါ်ထောင်၊ သမီး ဆွေမျိုးတွေဆီ သွားလည်ရင်း အဲဒီမှာပဲ နှစ်သစ်ကူးကို ဖြတ်သန်းဖြစ်မယ် ထင်တယ်။ အဒေါ်ကိုပဲ အိမ်ကို အပ်ခဲ့မယ်နော်။ ခြံထဲက စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေလည်း စားလို့ရတော့မှာဆိုတော့ အဒေါ်တို့ပဲ အဆင်ပြေသလို ခူးစားလိုက်တော့”
“ပြီးတော့ သမီးရဲ့ ဆန်အိုးထဲမှာ ဆန်ကြမ်းလေး နည်းနည်း ကျန်သေးတယ်။ အဒေါ်တို့ အိမ်မှာ စားစရာ မလောက်ရင် အဲဒါကို အရင်ယူစားထားလိုက်ပါ၊ သမီး ပြန်လာမှပဲ ပြန်ပေးပေါ့”
လင်းစုယွီ၏ စီစဉ်မှုများက စနစ်တကျ ရှိလှသော်လည်း အဒေါ်ထောင်မှာတော့ စိုးရိမ်စိတ်ကြောင့် သူမ၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားမိသည်။
“စုယွီ၊ သမီး တစ်ယောက်တည်း ဒီလောက်ဝေးတဲ့နေရာကို သွားရမှာ အဒေါ် စိတ်မချလိုက်တာ။ အဲဒီ အထိန်းတော်လင်းရဲ့ ဇာတိက အရမ်းဝေးတာပဲ။ လမ်းမှာ သတိထားဦးနော်၊ ရထားပေါ်မှာလည်း လုံးဝ ပေါ့ပေါ့ဆဆ မနေနဲ့ဦး”
မှန်ပါသည်။ ဤခရီးစဉ်အတွက် လင်းစုယွီက သူမကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ခဲ့သော အထိန်းတော်လင်းကို သွားရှာမည်ဖြစ်ကြောင်းနှင့် ထိုနေရာ၌ပင် နှစ်သစ်ကူးမည်ဖြစ်ကြောင်း လူတိုင်းကို ပြောခဲ့သည်။
အားလုံး အဆင်သင့်ဖြစ်သောအခါ ထိုညတွင်ပင် လင်းစုယွီသည် ပိုင်ချီမင်နောက်သို့လိုက်ကာ ကျင်းမန်မြို့ ဆိပ်ကမ်းမှ ငါးဖမ်းသင်္ဘောဖြင့် ပင်လယ်ပြင်သို့ ထွက်ခွာခဲ့တော့သည်။
ခရီးစဉ်တစ်လျှောက် အလှည့်အပြောင်းများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ ကံမကောင်းစွာဖြင့် မိုးရွာပြီး မြူထူထပ်သော ရာသီဥတုကြောင့် လမ်းပျောက်လုနီးပါး ဖြစ်ခဲ့ရသည်။ ထို့ပြင် ငါးဖမ်းလှေမှာလည်း အလွန်အမင်း လှုပ်ခါသဖြင့် ပိုင်ချီမင်မှာ ခရီးစဉ်အတော်များများကို အန်ရင်းဖြင့်သာ ကုန်ဆုံးခဲ့ရသည်။
ထိုခေတ်ကာလက ပင်လယ်ထွက်သူများတွင် ရေဒါမြေပုံကဲ့သို့ အဆင့်မြင့်နည်းပညာများ မရှိသေးပေ။ အရာအားလုံးသည် အိမ်မြှောင်နှင့် ပဲ့ကိုင်ရှင်ဖြစ်သူ ကပ္ပတိန်၏ အတွေ့အကြုံအပေါ်တွင်သာ မူတည်နေသည်။
ငါးဖမ်းလှေသည် လေနှင့်လှိုင်းဒဏ်ကို တစ်ပတ်နီးပါး အံတုခဲ့ရသည်။ ဤအတောအတွင်း ကပ္ပတိန်သည် လမ်းကြောင်းကို အကြိမ်ကြိမ် ပြင်ဆင်ခဲ့ရသည်။ နောက်ဆုံးတွင်တော့ လင်းစုယွီနှင့် အဖွဲ့သည် ဝေးလံသော ကုန်းမြေစွန်းကို လှမ်းမြင်လိုက်ရတော့သည်။
“သခင်လေး ချီမင်၊ ထတော့! ကျွန်တော်တို့ ဟောင်ကောင်ရဲ့ ပင်လယ်ကွေ့ဆိပ်ကမ်းကို ရောက်ပြီ”
ထပ်အန်ရမည်ကို ကြောက်သဖြင့် ခရီးတစ်လျှောက်လုံး အိပ်နေခဲ့သော ပိုင်ချီမင်သည် အားကွမ်း၏ အော်သံကို ကြားသည်နှင့် ချက်ချင်းပင် လန်းဆန်းသွားသည်။
“ကောင်းတယ်၊ ရောက်ပြီဆိုတော့လည်း ကောင်းတာပေါ့။ နောက်ဆုံးတော့ လှိုင်းမမူးရတော့ဘူး။ ဒီထက်သာ ထပ်လှုပ်နေရင် ငါ့ခေါင်းတွေ အရည်ပျော်သွားတော့မှာ”
ပိုင်ချီမင်၏ ဝမ်းသာမှုနှင့် ယှဉ်လျှင် လင်းစုယွီကမူ စူးစမ်းလိုစိတ် ပိုများနေသည်။
ဤခေတ်ကာလက ဟောင်ကောင်၏ စီးပွားရေးသည် အလွန်အမင်း မတိုးတက်သေးပေ။ အထက်တန်းလွှာ သူဌေးကြီးများနှင့် ဆင်းရဲသားလူတန်းစားများမှာ ကမ္ဘာနှစ်ခုလို ကွာခြားလွန်းလှသည်။ ဆိပ်ကမ်းတွင် ငါးဖမ်းလှေများဖြင့် ပြည့်နှက်နေပြီး အများစုမှာ ဆယ်မီတာခန့်ရှည်သော သစ်သားလှေငယ်လေးများသာ ဖြစ်ကြသည်။
“ဟိုဘက်က သင်္ဘောကြီးတွေကဘာလဲ။ လူတွေလည်း အများကြီးပဲ။ တချို့ဆို ကမ်းပေါ်ကို ရေကူးတက်နေကြတာပဲ” ဟုလင်းစုယွီက မေးလိုက်သည်။
“ကမ်းပေါ်က ယူနီဖောင်းဝတ်ထားတဲ့လူတွေကို တွေ့လား။ အဲဒါ ဟောင်ကောင်ရဲတွေပေါ့၊ ဒီမှာတော့ သူတို့ကို ‘ချာလောင်’ လို့ ခေါ်တယ်။ သူတို့က ခိုးဝင်လာတဲ့သူတွေကို လိုက်ဖမ်းနေကြတာ” ဟု ပိုင်ချီမင်က ပြန်ဖြေသည်။
ဟောင်ကောင်တွင် ဤမျှစောစောကတည်းက တရားမဝင် ခိုးဝင်သူများစွာ ရှိနေသည်မှာ အံ့ဩစရာပင်။ ထိုရဲများသည် လက်နက်ကိုင်ဆောင်ထားပြီး ခိုးဝင်သူများကို သေလုမတတ် ရက်ရက်စက်စက် ရိုက်နှက်ဖမ်းဆီးနေကြသည်။
“အဖမ်းခံရတဲ့သူတွေ ဘာဖြစ်သွားကြလဲ”
“အဖမ်းခံရရင်တော့ အရှေ့တောင်အာရှက စိုက်ပျိုးရေးခြံတွေဆီ ‘ဝက်ကလေး’ တွေလို ရောင်းစားခံရတာ ဒါမှမဟုတ် နေရပ်ကို ပြန်ပို့ခံရတာပေါ့။ ဟောင်ကောင်မှာ ဆက်နေချင်ရင်တော့ ပိုက်ဆံဘယ်လောက်ရှိလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်”
ယခုတစ်ကြိမ်တွင်တော့ အားကွမ်းက လင်းစုယွီကို ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင်၏ အောက်ခြေလူတန်းစားများ ရှင်သန်ရန် မည်မျှခက်ခဲကြောင်းကို အားကွမ်က ပိုင်ချီမင်ထက် ပိုသိရှိနေသည်မှာ သိသာလှသည်။
လင်းစုယွီကမ်းပေါ်သို့ တက်လိုက်သည်နှင့် ခိုးဝင်သူများကို လိုက်ဖမ်းနေသူများက သူတို့ထံ ချဉ်းကပ်လာကြသည်။
“မင်းတို့ အကြီးအကဲ ကျန်းဝေ မရှိဘူးလား။ ဒါက ငါတို့ ပိုင်မိသားစုရဲ့ သခင်လေးပဲ၊ အခုမှ ပင်လယ်ပြင်ကနေ ပြန်လာတာ”
အားကွမ်းက ကျန်းဝေ၏ အမည်ကို ပြောရင်း အိတ်ကပ်ထဲမှ ငွေစက္ကူအချို့ကို ထုတ်ပေးလိုက်သည်။ ထိုလူမှာလည်း လာဘ်စားနေကျဖြစ်၍ ငွေကို အိတ်ထဲသို့ အမြန်ထည့်လိုက်ပြီး ခါးညွှတ်ကာ ရိုသေပြနေတော့သည်။
“ဪ... သခင်လေးပိုင်ကိုး။ အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်။ ကြွပါ... ကြွပါ၊ ကျွန်တော် လမ်းမပိတ်တော့ပါဘူး”
ထိုလူသည် သူနှင့် ပိုင်မိသားစုသခင်လေးမှာ အဆင့်အတန်းချင်း ကွာခြားလွန်းမှန်း သိသဖြင့် နာမည်ပင် မပြောရဲဘဲ နောက်ဆုတ်သွားတော့သည်။
ထိုစဉ်မှာပင် အမျိုးသမီးတစ်ဦးသည် ပိုင်ချီမင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး သူ၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ အကူအညီတောင်းလေတော့သည်။
“ကယ်ပါဦး! ကျွန်မကို ကယ်ပါဦး သခင်လေး! တောင်းပန်ပါတယ်၊ ဒီကျေးဇူးကို နောင်ကျရင် အကြွေးပြန်ဆပ်ပါ့မယ်!”
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း