← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

အပိုင်း ၈၅ - ဟောင်ကောင်သို့ ဆိုက်ရောက်ခြင်းနှင့် ဓားကိုင်လူမိုက်များ၏ ကြားဖြတ်တိုက်ခိုက်မှု

တစ်စုံတစ်ယောက်က အကူအညီတောင်းရန် ရှေ့သို့ တိုးထွက်လာချိန်တွင် ပိုင်ချီမင်၏ ပထမဆုံး တုံ့ပြန်မှုမှာ "တောက်... ကံဆိုးလိုက်တာ" ဟူ၍ ဖြစ်သည်။

အကယ်၍ သူ၏ ယခင်စရိုက်အတိုင်းဆိုလျှင် ထိုအမျိုးသမီးကို လှည့်ပင်မကြည့်ဘဲ ထွက်သွားမိမည်မှာ သေချာသည်။ သို့သော် ယခုမူ... သူ သူမကို ကယ်သင့်လား။

အကယ်၍ ကယ်လိုက်လျှင်လည်း နောက်က တကောက်ကောက် လိုက်နေမည့် ဒုက္ခတစ်ခု ဖြစ်လာနိုင်ပြီး၊ မကယ်ပြန်လျှင်လည်း ဝမ်းကွဲညီမဖြစ်သူ စုယွီက သူ့ကို မိန်းမသားတစ်ယောက်အပေါ် ရက်စက်လွန်းသည်ဟု ထင်သွားမလားဟု သူ တွေးပူနေမိသည်။

"ကျွန်မကို ကယ်ပါဦး! ကျွန်မအစ်ကိုက ကော့လွန်းခံတပ်မြို့က ဖုန်ထောင်ပါ! ရှင်တို့သာ ကျမကို ကယ်မယ်ဆိုရင် ကျွန်မအစ်ကိုက ကျေးဇူးဆပ်မှာပါ!"

(*ကော့လွန်းခံတပ်မြို့ - ၆.၄ ဧက (ဘောလုံးကွင်း ၅ ကွင်းစာခန့်) သာ ရှိသည်။ ၁၈၉၈ ခုနှစ်မှာ ဗြိတိသျှတို့က ဟောင်ကောင်ကို တရုတ်ထံကနေ ၉၉ နှစ် ငှားရမ်းခဲ့စဉ်က ဒီကော့လွန်းနယ်မြေထဲက စစ်စခန်း နေရာလေးတစ်ခုကိုတော့ တရုတ်အစိုးရက ဗြိတိသျှလက်ထဲ မထည့်ဘဲ ချန်လှပ်ထားခဲ့ပါသည်။ တရုတ်စစ်သားတွေ နေထိုင်ပြီး ဗြိတိသျှတို့ကို စောင့်ကြည့်ဖို့အတွက် ထိုနေရာကို ကျောက်တံတိုင်းကြီးတွေ (Walls) ခတ်ပြီး ခံတပ်မြို့အဖြစ် တည်ဆောက်ခဲ့တာကြောင့် Kowloon Walled City (ကော့လွန်း ခံတပ်မြို့) လို့ သမိုင်းတွင်သွားရခြင်း ဖြစ်ပါသည်။ နောက်ပိုင်း ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ဒီ ၆ ဧကကျော်ပဲရှိတဲ့ နေရာလေးထဲမှာ လူဦးရေ ၅၀,၀၀၀ကျော်အထိ နေထိုင်ခဲ့ကြကာ တစ်စတုရန်းကီလိုမီတာမှာ လူဦးရေ ၁.၉ သန်းနီးပါး နှုန်းရှိတာမို့ ကမ္ဘာ့သမိုင်းမှာ လူဦးရေ သိပ်သည်းဆအများဆုံးနေရာ အဖြစ် စံချိန်တင်ခဲ့သည်။ ဗြိတိသျှဟောင်ကောင်ရဲတွေလည်း ဝင်ဖမ်းလို့မရ၊ တရုတ်အစိုးရကလည်း လာရောက်အုပ်ချုပ်လို့မရတဲ့ ဥပဒေကင်းလွတ်ခွင့်ရ နယ်မြေ ဖြစ်ခဲ့ကာ နောက်ပိုင်းမှာ ဟောင်ကောင်အစိုးရနဲ့ တရုတ်အစိုးရတို့ သဘောတူညီမှုရယူပြီး ၁၉၉၃ ခုနှစ်မှာ ဒီမြို့ပြကြီးတစ်ခုလုံးကို လုံးဝဖြိုချဖျက်ဆီး လိုက်ပြီး Kowloon Walled City Park ဆိုတဲ့ အများပြည်သူအပန်းဖြေနားနေတဲ့ ပန်းခြံကြီးအဖြစ် ပြောင်းလဲတည်ဆောက်ထားကာ ရှေးဟောင်းခံတပ်မြို့ရဲ့ အကြွင်းအကျန် အစိတ်အပိုင်းအချို့နဲ့ မြို့ပုံစံတူ ကြေးသွန်းမော်ဒယ်တို့ကို ပြသထားပါသည်။)

ပိုင်ချီမင် အချိန်အကြာကြီး ဝေခွဲမရဖြစ်မနေခင်မှာပင် ထိုအမျိုးသမီးက သူမ၏ နောက်ခံကို ထုတ်ပြောလိုက်သည်။ လင်းစုယွီက ဖုန်ထောင်ဆိုသည်မှာ မည်သူမှန်း မသိသော်လည်း အားကွမ်းမှာမူ ကော့လွန်းခံတပ်မြို့မှ လာသူဖြစ်ရာ ထိုဖုန်ထောင်နှင့် အနည်းငယ် ပတ်သက်မှုရှိသည်။

"မင်းအစ်ကိုက ဖုန်ထောင်လား။ ဒါဆို မင်းနာမည်က ဘယ်သူလဲ"

အားကွမ်း၏ မေးခွန်းက ထိုအမျိုးသမီးအတွက် မျှော်လင့်ချက် ရောင်ခြည်သန်းသွားစေပြီး သူမ၏ နာမည်ကို အမြန်ဖြေလိုက်သည်။

"ကျွန်မနာမည် ဖုန်ကျောက်ပါ။ သခင်လေးတို့ ကျွန်မကို ကော့လွန်းခံတပ်မြို့အထိ ပို့ပေးမယ်ဆိုရင် ကျွန်မအစ်ကိုက မုချ ကျေးဇူးဆပ်ပါလိမ့်မယ်"

ထိုစဉ်မှာပင် တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးသည့် အရာရှိ ရောက်ရှိလာသည်။ ထိုသူမှာ အစောက အရာရှိပင် ဖြစ်သည်။

"သခင်လေးပိုင်... ဒါ ခင်ဗျားရဲ့ သူငယ်ချင်းလား"

"အားကွမ်း... ဒီကိစ္စကို မင်းပဲ ကိုင်တွယ်လိုက်တော့၊ သူ့ကိုလည်း ပို့စရာရှိတာ ပို့ပေးလိုက်။ ငါ ငါ့ညီမနဲ့ အိမ်ကို အရင်ပြန်နှင့်တော့မယ်" ဟု ပိုင်ချီမင်က ပြောလိုက်သည်။

ပိုင်ချီမင်သည် ယခုကဲ့သို့ သေးနုပ်သော ကိစ္စများတွင် စိတ်ရှည်လေ့မရှိပေ။ ဟောင်ကောင်မြေကို နင်းမိသည်နှင့် သူ၏ ချမ်းသာကြွယ်ဝသော သခင်လေးစတိုင်မှာ ပို၍ သိသာလာသည်။ အလုပ်ရှုပ်ရမှာကို အလွန်အမင်း မုန်းတီးသော စရိုက်ပင် ဖြစ်သည်။

"စုယွီ... သွားရအောင်။ ဟိုဘက်မှာ လန်ချားတစ်စီး ငှားစီးကြမယ်၊ ငါတို့ ဟောင်ကောင်ရဲ့ ထူးခြားတဲ့ သွားလာရေးပုံစံကို မင်း စမ်းကြည့်ရတာပေါ့"

၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ဟောင်ကောင်တွင် လန်ချားများ ရှိနေသေးသော်လည်း ခရီးတိုများအတွက်သာ အသုံးပြုကြသည်။ ဆိပ်ကမ်းတွင် သွားလာနေသူအများစုမှာ တံငါသည်များ သို့မဟုတ် ကုန်ထမ်းသမားများသာ ဖြစ်ကြပြီး ပိုင်ချီမင်တို့ကဲ့သို့ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသူမှာ အလွန်ရှားပါးသည်။

ဟောင်ကောင်သို့ မဝင်မီကတည်းက သခင်လေးဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားသဖြင့် ပိုင်ချီမင်မှာ အထက်တန်းလွှာ တစ်ယောက်နှင့် အပြည့်အဝ တူနေသည်။ သာမန်ဝတ်စုံ ဝတ်ထားသူများသည် သူ့ကို မြင်သည်နှင့် အလိုအလျောက်ပင် လမ်းဖယ်ပေးကြသည်။ ဟောင်ကောင်သည် လူထက် အဝတ်အစားကို ကြည့်၍ ဆက်ဆံသည့်နေရာ ဖြစ်ကြောင်း ပေါ်လွင်နေပေသည်။

ထိုစဉ် ပိုင်ချီမင်နှင့် လင်းစုယွီတို့ လန်ချားမငှားရသေးမီမှာပင် လူမိုက်ပုံစံ ဝတ်ဆင်ထားသည့် လူတစ်စု သူတို့ထံ အလျင်အမြန် ချဉ်းကပ်လာသည်။ လင်းစုယွီက အကျင့်အတိုင်း စိတ်အာရုံစွမ်းအားကို လွှတ်၍ စစ်ဆေးကြည့်ရာ ထိုလူများ၏ ခါးနောက်တွင် ဓားမကြီးများ အသီးသီး ဝှက်ယူလာကြသည်ကို မြင်လိုက်ရသည်။

"ပိုင်ချီမင်... ရှင့်မှာ ဒီနေ့ ဟောင်ကောင်ပြန်လာတာကို သိတဲ့ ရန်သူရှိလား"

"မရှိပါဘူး! ဘာလို့ မေးတာလဲ"

ပိုင်ချီမင် ကြောင်သွားသည်။ ဟောင်ကောင်မှာ သူက ပိုင်မိသားစုရဲ့ သခင်လေးလေ၊ ဘယ်သူက သူ့ကို လာထိရဲမှာလဲ။

"ဟိုရှေ့က လူစုကို သိလား။ သူတို့ ခါးမှာ ဓားတွေပါတယ်"

လင်းစုယွီက ရှင်းပြရင်း ပိုင်ချီမင်ကို အသာဆွဲ၍ နောက်သို့ ဆုတ်လိုက်သည်။ ထိုလူများမှာ သူတို့ထံ ဦးတည်လာနေခြင်းဖြစ်ပြီး လင်းစုယွီ၏ လှုပ်ရှားမှုကို မြင်သည်နှင့် သူတို့က အပြေးအလွှား ချဉ်းကပ်လာကြတော့သည်။

"ပိုင်ချီမင်... ပြေး!"

လင်းစုယွီမှာ နေရာစိမ်းဖြစ်နေသဖြင့် ပိုင်ချီမင်ကို ဆွဲကာ ပြေးရုံမှတစ်ပါး အခြားမရှိပေ။ သူမသည် စိတ်အာရုံစွမ်းအားကို သုံး၍ ထိုသူများ၏ အရှိန်ကို တားဆီးရန် ကြိုးစားလိုက်သည်။

သို့သော် စိတ်အာရုံ တိုက်ခိုက်မှုကြောင့် ထိုလူမိုက်များ ခေါင်းအနည်းငယ် မူးနောက်သွားကာ ခြေလှမ်းများ ခေတ္တတန့်သွားရုံသာ ရှိသည်။ ဤငှားရမ်းထားသော လူမိုက်များသည် ရန်ပွဲပေါင်းများစွာကို ဖြတ်သန်းဖူးသူများ ဖြစ်သဖြင့် ဝေဒနာကို အောင့်ခံနိုင်စွမ်း အလွန်မြင့်မားကြသည်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်အရူးက ငါ့ကို ပစ်မှတ်ထားရဲတာလဲ။ ခွေးတစ်အုပ်လွှတ်ပြီး ငါ့ကို ကြားဖြတ်တိုက်ခိုက်ခိုင်းတယ်ပေါ့"

ပိုင်ချီမင်မှာ သူ့ကို တကယ်လာသတ်မည်ဟု မယုံနိုင်သေးဘဲ ဆဲဆိုနေသည်။ လင်းစုယွီကမူ သူ၏ ဆဲဆိုသံများကို ဂရုမစိုက်နိုင်ဘဲ သူမကိုယ်တိုင်ပင် ပြန်၍ ညည်းတွားချင်နေမိသည်။

"ပိုင်ချီမင်... ရှင်ပြောတဲ့ ဟောင်ကောင်က 'ကောင်းမွန်တဲ့ဘဝ' ဆိုတာ ဒါလား... လှေပေါ်က ဆင်းဆင်းချင်း ဓားနဲ့ အလိုက်ခံရတာပေါ့"

လင်းစုယွီသာ တစ်ယောက်တည်းဆိုလျှင် အသာလေး ပြေးလွတ်သော်လည်း ပိုင်ချီမင်မှာ တစ်ပတ်လုံး လှေမူးထားသဖြင့် ခြေလှမ်းများက ယိုင်နဲ့နေပြီး အမောဆို့ကာ မျက်နှာတစ်ခုလုံးလည်း နီရဲနေလေပြီ။

"ငါ... ငါ ဆက်မပြေးနိုင်တော့ဘူး... နင်... နင်ပဲ အရင်ပြေးတော့!"

ပိုင်ချီမင် ရပ်လိုက်သည်။ သူကိုယ်တိုင် အဖမ်းခံပြီး လင်းစုယွီ လွတ်အောင် ပြေးနိုင်ရန် အချိန်ဆွဲပေးဖို့ သူ ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီ၊ မပြေးနဲ့တော့။ ဘေးမှာပဲ ကပ်နေပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထား။ ဒီနေရာက တိုက်ခိုက်ဖို့ ကောင်းတယ်၊ ကျွန်မ ရှင့်ကို ဆွဲပြေးလာတာက လူရှင်းတဲ့ နေရာရှာဖို့ပဲ"

လူသူကင်းဝေးပြီး ကွင်းပြင်ကျယ်သည့် နေရာရောက်မှ လင်းစုယွီ စိတ်အေးသွားသည်။ ဤနေရာတွင် တိုက်ခိုက်လျှင် အပြစ်မဲ့သူများ ထိခိုက်မည်မဟုတ်ပေ။

ပထမဆုံး လူမိုက် ပြေးဝင်လာချိန်တွင် လင်းစုယွီက ဘေးသို့ ကိုယ်ကို ရှောင်လိုက်ပြီး ဓားကို လုယူကာ တစ်ပြိုင်နက်တည်းမှာပင် တောင်ဝှေးဖြင့် ထိုသူ၏ ရင်ဘတ်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ ရိုက်ချက်က ပြင်းထန်လွန်းသဖြင့် ထိုလူမိုက်မှာ သွေးအန်ကာ လဲကျသွားပြီး နံရိုးနှစ်ချောင်းပင် ကျိုးသွားသည်။

ဓားကို ကိုင်ထားရင်းနှင့် လင်းစုယွီက ဓားဖြင့် ခုတ်ရသည်မှာ သွေးအလွန်ထွက်မည်ဟု ခံစားရပြီး သူမက သွေးအရောင်ကို မကြိုက်ပေ။ ထို့ကြောင့် ဓားကို ပစ်ချကာ လက်သီးနှင့် လက်ဝါးသိုင်းကိုသာ အသုံးပြုလိုက်သည်။ အမှန်စင်စစ် သူမ၏ နေရာလွတ်စွမ်းအား မြှင့်တင်မှုမှ ရရှိခဲ့သည်မှာ လက်သီးနှင့် လက်ဝါးသိုင်းကျမ်းသာ ဖြစ်ပြီး သူမသည် ဓား ကျွမ်းကျင်သူ မဟုတ်ပေ။

လင်းစုယွီ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လက်မောင်းများ သို့မဟုတ် နံရိုးများ ကျိုးကျေသွားကြသည်။ အချို့မှာမူ ခြေထောက်များ ရိုက်ချိုးခံရသဖြင့် ပို၍ပင် သနားစရာ ကောင်းနေသည်။

သုံးမိနစ်ပင် မပြည့်မီ၊ ပိုင်ချီမင် အမောဖြေ၍ပင် မဝသေးခင်မှာပင် လင်းစုယွီက လူမိုက်အားလုံးကို မြေပြင်ပေါ် လဲကျစေခဲ့ပြီ ဖြစ်သည်။ တစ်ယောက်ချင်းစီမှာ ဒဏ်ရာများကို ဖိထားရင်း အော်ဟစ်ညည်းတွားနေကြသည်။

"ဒီလောက်တောင် မြန်တာလား"

ကောင်းပြီ၊ အခု ငါ့အလှည့်ရောက်ပြီ။ ပိုင်ချီမင်က မြေပေါ်က ဓားတစ်လက်ကို ကောက်ယူကာ အနီးဆုံး လူမိုက်ရှေ့တွင် ဝေ့ယမ်းလိုက်သည်။

"ဘယ်သူက ငါ့ကို ခုတ်ခိုင်းတာလဲ။ အမှန်အတိုင်း ပြောရင် အသက်ချမ်းသာပေးဖို့ စဉ်းစားမယ်။ မဟုတ်ရင်တော့... သိတယ်မလား၊ ဆိပ်ကမ်းက ဒီနားတင်ဆိုတော့ မင်းတို့ကို မြေဖို့ဖို့ သုံးလိုက်ရင် အရမ်းလွယ်တယ်နော်"

လင်းစုယွီကတော့ အသစ်အဆန်းတစ်ခုကို သင်ယူလိုက်ရသလိုပင်။ 'ဟောင်ကောင်က လူတွေက ဒီလို စစ်ဆေးမေးမြန်းကြတာလား' ဟု တွေးနေမိသည်။

သူမ၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားလိုသဖြင့် ပိုင်ချီမင်ရှေ့တွင် စိတ်အာရုံစွမ်းအားကို အလွန်အကျွံ မသုံးတော့ဘဲ ပိုင်ချီမင်၏ စစ်ဆေးပုံကိုသာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူ မမေးနိုင်မှ သူမ၏ စွမ်းအားကို သုံးမည်ဖြစ်သည်။

"သခင်လေးလင်းပါ! သခင်လေးလင်းက ဒီမှာ စောင့်နေဖို့ ခိုင်းလိုက်တာပါ!"

"သူက လွန်ခဲ့တဲ့ သုံးရက်ကတည်းက စောင့်ခိုင်းထားတာ၊ မှားမှာစိုးလို့ ဓာတ်ပုံပါ ပေးထားတယ်" လူမိုက်က ချက်ချင်း ဝန်ခံလိုက်သည်။

လူမိုက်ဆိုသည်မှာ ပိုက်ဆံအတွက် လုပ်ဆောင်သူများ ဖြစ်သဖြင့် သစ္စာရှိမှုဟူသည် မရှိပေ။ သူတို့ အသက်ရှင်ဖို့အတွက်ဆိုလျှင် သခင်လေးလင်းကို သစ္စာဖောက်ရန် ဝန်မလေးကြပေ။

"သခင်လေးလင်း! လွန်ခဲ့တဲ့ သုံးရက်ကတည်းကလား! တစ်ကယ်လို့ ငါတို့ လှေက မိုးနဲ့ မြူတွေနဲ့ မတိုးခဲ့ရင် တကယ်ပဲ လွန်ခဲ့တဲ့ သုံးရက်ကတည်းက ရောက်မှာပဲ" ဟု ပိုင်ချီမင်က တွေးတောရင်း ပြောလိုက်သည်။

"တစ်ယောက်ယောက်က ငါတို့ ခရီးစဉ်ကို သိပြီး လင်းမိသားစုကို သတင်းပေးလိုက်တာပဲ။ ပြီးတော့ ငါ နင့်ကို ခေါ်လာတာကိုပါ သူတို့ သိနေတာလား။ ဒီနေ့က ငါတို့ကို နှုတ်ပိတ်ဖို့ ကြိုးစားတာပေါ့"

ပိုင်ချီမင် တွေးလေလေ ထိတ်လန့်လေလေ ဖြစ်လာသည်။ တော်သေးသည်မှာ ဝမ်းကွဲညီမ စုယွီမှာ သိုင်းပညာ ထူးချွန်နေခြင်းပင်။ မဟုတ်လျှင် ယနေ့ သူ အိမ်ကို အလောင်းအဖြစ် ပြန်ရပေမည်။

"မင်းတို့က ဘယ်သူ့လူတွေလဲ။ ကော့လွန်းခံတပ်မြို့က ဖုန်ထောင်ရဲ့ လူတွေလား"

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကျွန်တော်တို့က လှောင်အိမ်အိမ်ရာ (Caged Homes) က သာမန်လူတွေပါ၊ စားဝတ်နေရေးအတွက် လုပ်မိတာပါ။ ဆရာကြီးတို့... ကျွန်တော်တို့ မှားသွားပါတယ်၊ အသက်ကိုတော့ ချမ်းသာပေးပါ!"

(Caged Homes လှောင်အိမ်အိမ်ရာ - ၁၉၅၀ ပြည့်လွန်နှစ်များတွင် တရုတ်ပြည်မကြီးမှ ဟောင်ကောင်သို့ ထွက်ပြေးလာသည့် ဆင်းရဲသားအလုပ်ကြမ်းသမားများ အိမ်ငှားခအပြည့်မပေးနိုင်၍ တိုက်ခန်းပိုင်ရှင်တွေက တိုက်ခန်းအဟောင်းတွေကို ကုတင်တွေအဆင့်ဆင့်ထည့်၊ သံဇကာတွေကာပြီး "အိပ်ရာတစ်ခုစာ သီးသန့်နေရာလေး" အဖြစ် ပထမဆုံး စတင်ငှားရမ်းခဲ့ရာမှ ပေါ်ပေါက်လာခဲ့သည်။ ထိုနေရာများသည် ဟောင်ကောင်ရဲ့ ရှေးအကျဆုံးနဲ့ လူဦးရေအထူထပ်ဆုံး ဖြစ်တဲ့ ရှံဆွီပို (Sham Shui Po)၊ မောက်ကောက် (Mong Kok)၊ ထိုခွာဝမ် (To Kwa Wan) နဲ့ ကော့လွန်းခံတပ်မြို့(Kowloon City) ထဲက သက်တမ်းရင့် တိုက်အို၊ တိုက်ဟောင်းကြီးတွေရဲ့ အတွင်းထဲမှာ တည်ရှိကြပါသည်။)

ပိုင်ချီမင်က ဖုန်ကျောက်နှင့် တွေ့ဆုံခြင်းမှာ ထောင်ချောက်တစ်ခုဟု ထင်ခဲ့သော်လည်း ယခုအခါ သူတို့မှာ ဖုန်ထောင်၏ လူများမဟုတ်ကြောင်း သိလိုက်ရသဖြင့် အနည်းငယ် စိတ်အေးသွားသည်။

"အသက်ချမ်းသာပေးရမယ်လား။ စောစောက ငါ့ကို ဓားနဲ့ လိုက်ခုတ်တုန်းကတော့ မင်းတို့ပုံစံက ဒီလို မဟုတ်ပါလား!"

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters