← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အပိုင်း ၈၆ - အစီအစဉ်များ အပြိုင်အဆိုင်

ဤလူမိုက်များမှာ လူသတ်သမားဘဝကို ခံယူထားကြသူများပီပီ တစ်ပါးသူကို မသတ်နိုင်လျှင် မိမိတို့ကိုယ်တိုင် ပြန်အသတ်ခံရမည်ကို ကြိုတင်ပြင်ဆင်ထားသင့်ပေသည်။ ယခုအချိန်တွင် ပိုင်ချီမင်မှာလည်း သူတို့ကို လွှတ်ပေးရန် လုံးဝရည်ရွယ်ချက်မရှိပေ။

သူနှင့် စုယွီတို့မှာ ကမ်းခြေသို့ ခြေချလိုက်သည်နှင့် အမဲလိုက်သတ်ဖြတ်ခြင်းကို ချက်ချင်းခံခဲ့ရသည်။ စုယွီ၏ အစွမ်းထက်လှသော တုံ့ပြန်တိုက်ခိုက်မှုသာ မရှိခဲ့လျှင် ပိုင်ချီမင်တစ်ယောက် သေတွင်းထဲ ရောက်သွားလောက်ပြီ ဖြစ်သည်။

ဤဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် လင်းမိသားစုဝင်များသည် ၎င်းတို့၏ ခရီးစဉ်ကို အသေးစိတ်သိရှိနေပြီး ကြိုတင်ပြင်ဆင်ကာ လူသတ်သမားများလွှတ်၍ ကြားဖြတ်တိုက်ခိုက်စေခဲ့ခြင်းမှာ ထင်ရှားလှသည်။ ကျင်းမန် မြို့တွင်လည်း သူလျှိုများ ရှိနေနိုင်ဖွယ်ရှိသည်။ ဝမ်းကွဲညီမလေး စုယွီ ကျင်းမန်မြို့သို့ ပြန်မည့်အစီအစဉ်ကို နောင်တွင် ပြန်လည်သုံးသပ်ရမည် ဖြစ်သည်။

“စုယွီ... ငါ ဖုန်းတစ်ချက်ဆက်လိုက်ဦးမယ်။ ဦးလေးပိုင်ကို လင်ရှင်းယောင်ကို ချက်ချင်း ထိန်းသိမ်းထားခိုင်းပြီး ငါတို့ကို လာခေါ်ဖို့ လူလွှတ်ခိုင်းလိုက်မယ်”

ယခုအချိန်တွင် အရေးအကြီးဆုံးမှာ သူတို့၏လုံခြုံရေးနှင့် လင်ရှင်းယောင် ထွက်မပြေးနိုင်အောင် ဟန့်တားရန်သာဖြစ်ရာ ပိုင်ချီမင်သည် မြေပြင်ပေါ်တွင် လဲကျနေသော လူမိုက်များကို တစ်ချက်လေးမျှ လှည့်မကြည့်တော့ပေ။

“ဒါဆို ဒီလူတွေကို ဘယ်လိုလုပ်ရမလဲ။ သူတို့ ထွက်မပြေးနိုင်အောင် ခြေထောက်တွေ ရိုက်ကျိုးပစ်လိုက်ရမလား၊ ဒါမှမဟုတ် လည်ပင်းပဲ လိမ်ချိုးလိုက်ရမလား”

စုယွီ၏ ပြင်းထန်လှသော အငြိုးအတေးကို အာရုံခံမိသည့်အလား ထိုလူမိုက်များမှာ မလှုပ်ရဲကြတော့ပေ။ အချို့က သတိလစ်ချင်ယောင်ဆောင်နေကြပြီး အချို့မှာမူ ခွေခွေလေးလဲလျောင်းကာ ညည်းတွားနေကြသည်။

“အင်း... သူတို့ ပြေးဖို့ကြိုးစားရင် အပြတ်ရှင်းပစ်လိုက်ရုံပဲ။ မင်းတို့ ငါ့အကြောင်းကို မသိသေးဘူးထင်တယ်။ ငါ့နာမည် ပိုင်ချီမင်၊ ပိုင်မိသားစုရဲ့ သခင်လေးပဲ”

ပိုင်ချီမင်က အသက်သေဆုံးခြင်းကို အမှုမဲ့အမှတ်မဲ့ ပြောဆိုနေခြင်းထက် သူသည် "ပိုင်မိသားစု၏ သခင်လေး" ဖြစ်ကြောင်း ပြောလိုက်ခြင်းက ထိုလူသတ်သမားများကို ပို၍ တုန်လှုပ်သွားစေသည်။ သူတို့မှာ ယခုချက်ချင်းပင် မြေမြှုပ်မှိုကဲ့သို့ ပျောက်ကွယ်သွားချင်စိတ် ပေါက်သွားကြသည်။

“သခင်လေးပိုင်... ကျွန်တော်တို့ ဒါ သခင်လေးမှန်း တကယ်မသိလို့ပါ။ လင်းမိသားစုက သခင်ကြီးက ကျွန်တော်တို့ကို ဓာတ်ပုံပဲ ပေးတာပါ၊ ဘယ်သူဘယ်ဝါဆိုတာ မပြောခဲ့ပါဘူး။ ကျွန်တော်တို့ တကယ်မှားသွားပါတယ်။ ကျွန်တော်တို့ အရိုက်ခံသင့်ပါတယ် သေသင့်ပါတယ်"

ယခုအခါတွင် သူတို့မှာ ဆက်၍ သတိလစ်ချင်ယောင် မဆောင်ရဲကြတော့ပေ။ ကျိုးပဲ့နေသော ခြေလက်များ၏ နာကျင်မှုကို အောင့်အည်းကာ တရွတ်တိုက်တွားသွားပြီး ဒူးထောက်တောင်းပန်ကြတော့သည်။

လင်းမိသားစု၏ သားကြီးဖြစ်သူသည် ပစ်မှတ်မှာ ပိုင်မိသားစု၏ သခင်လေး ပိုင်ချီမင်ဖြစ်ကြောင်းကို မပြောခဲ့ပေ။ သိခဲ့လျှင် ဤကဲ့သို့သော အလုပ်မျိုးကို သူတို့ လုံးဝ လက်ခံရဲကြမည်မဟုတ်ပေ။

ဟောင်ကောင်မြို့၏ အကြီးဆုံးမိသားစုကြီးလေးစုတွင် တစ်စုအပါအဝင်ဖြစ်သော ပိုင်မိသားစု၏ ဂုဏ်သတင်းမှာ အလွန်ကြီးမားလှသည်။ အမည်မရှိ၊ အရှိန်အဝါမရှိသော သူတို့ကဲ့သို့ လူမိုက်လေးများအတွက် ပိုင်မိသားစုမှာ လုံးဝမထိပါးဝံ့သည့် အရာပင်။

ယခုအချိန်တွင် လူမိုက်များ၏ စိတ်ထဲတွင် နောင်တများ ပြည့်နှက်နေပြီး သူတို့ကို လှည့်စားခဲ့သော လင်းမိသားစု၏ သားကြီးကိုလည်း ပို၍ပင် မုန်းတီးသွားကြသည်။

“ကောင်းပြီ။ ဒီမှာပဲ ဒူးထောက်နေကြ။ ငါ ဖုန်းဆက်ပြီး ပြန်လာတဲ့အချိန်မှာ တစ်ယောက်ယောက်များ ပျောက်သွားခဲ့ရင် မင်းတို့ နောင်တရစေရမယ်လို့ ငါ အာမခံတယ်”

ထိုသို့ ခြိမ်းခြောက်ပြောဆိုပြီးနောက် ပိုင်ချီမင်သည် ဦးလေးပိုင်ထံ ဖုန်းဆက်ရန် အပြေးထွက်သွားတော့သည်။

“သခင်လေးလင်း... အစီအစဉ် ပျက်သွားပြီ။ အားထျန်း လှမ်းကြည့်တာတော့ လူသတ်သမားတွေအားလုံး ရှုံးသွားကြပြီတဲ့။ သူတို့နဲ့အတူ သိုင်းပညာတော်တဲ့ မိန်းကလေးတစ်ယောက် ပါလာတယ်တဲ့”

လက်ဖက်ရည်ဆိုင်တစ်ခုတွင် သတင်းစောင့်နေသော လင်းမိသားစု၏ သားကြီးမှာ ဒေါသထွက်လွန်းသဖြင့် ရှေ့ရှိ လက်ဖက်ရည်ခွက်ကိုပင် တိုက်ချမိသွားသည်။

“အသုံးမကျတဲ့ အကောင်တွေ! တောက်... အဲဒီလူသတ်သမားတွေက သူတို့ကိုယ်သူတို့ အတော်ဆုံးဆို! အလုပ်ဖြစ်အောင် လူအများကြီးခေါ်ဖို့ ငါ ပိုက်ဆံတွေ အပုံလိုက်ပေးထားတာလေ!”

သူ အသေအချာ ယုံကြည်ထားသော ကိစ္စကြီးမှာ ရုတ်တရက် ပျက်ပြားသွားသဖြင့် လင်းမိသားစု၏ သားကြီးမှာ ထိတ်လန့်တုန်လှုပ်သွားသည်။ ယခု ပိုင်ချီမင်က စုယွီကို ဟောင်ကောင်သို့ ခေါ်ဆောင်လာနိုင်ပြီဖြစ်ရာ သူ၏ညီမ လင်ရှင်းယောင်သည် ပိုင်မိသားစု၏ သွေးသားမဟုတ်ကြောင်းမှာ ချက်ချင်းပင် ပေါ်ပေါက်တော့မည် ဖြစ်သည်။

“အခုချက်ချင်း နောက်ထပ်လူတစ်စု ရှာလို့ရမလား။ ပိုက်ဆံဘယ်လောက်ကုန်ကုန် ငါ ဂရုမစိုက်ဘူး။... ထားလိုက်တော့၊ မင်း ဒီလက်ဖက်ရည်ဆိုင်မှာပဲ ငါ့သတင်းကို စောင့်နေ”

ပိုင်ချီမင်ကို ကြားဖြတ်တိုက်ခိုက်ရန် လူသတ်သမားများ ထပ်လွှတ်နေခြင်းမှာ အလုပ်မဖြစ်တော့မှန်း သိလိုက်သဖြင့် သူသည် မိခင်ဖြစ်သူ သခင်မကြီးလင်းနှင့် နောက်ထပ်လုပ်ဆောင်မည့် အစီအစဉ်များကို ဆွေးနွေးရန် နေအိမ်သို့ အမြန်ပြန်ရန် ဆုံးဖြတ်လိုက်သည်။

လက်ဖက်ရည်ဆိုင်မှာ လင်းအိမ်နှင့် နီးသောကြောင့် သူ အိမ်သို့ ခပ်မြန်မြန်ပင် ရောက်သွားသည်။ တစ်လမ်းလုံး အပြေးပြန်လာသဖြင့် မောဟိုက်နေသော်လည်း အသက်ပင် ဝဝမရှူနိုင်ဘဲ မိခင်ထံ အခြေအနေများကို အလျင်အမြန် အစီရင်ခံတော့သည်။

“အမေ... လူသတ်သမားတွေ ရှုံးသွားပြီ။ ပိုင်ချီမင်နဲ့ စုယွီ ဘာမှမဖြစ်ဘူး။ ပိုင်မိသားစုကတော့ ရှင်းယောင်ဟာ သူတို့မျိုးနွယ်မဟုတ်တာကို အသေအချာ သိသွားပြီ။ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ ပိုင်မိသားစုရဲ့ ဒေါသကို ကျွန်တော်တို့ လင်မိသားစုက ဘယ်လိုမှ ခံနိုင်မှာမဟုတ်ဘူး!”

သခင်မကြီးလင်း၏ မျက်ဝန်းထဲမှ နွေးထွေးမှုများမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းထားရင်း ဆုပ်ထားသည့်လက်သီးထဲမှ လက်သည်းများမှာ လက်ဖဝါးထဲသို့ပင် စူးဝင်နေတော့သည်။

“ဒီလောက် အရေးကြီးတဲ့ကိစ္စ ဘာလို့ ပျက်ရတာလဲ။ အမေ ပြောသားပဲ၊ ပိုက်ဆံကို နှမြောမနေဘဲ အရည်အချင်းရှိတဲ့သူတွေကို များများရှာပါလို့။ နင့်ရဲ့ အလုပ်လုပ်ပုံက ဒါပဲလား”

သားဖြစ်သူကို စိတ်ပျက်လက်ပျက် ဆူပူကြိမ်းမောင်းပြီးနောက် သခင်မကြီးလင်းသည် ဖုန်းကိုကောက်ကိုင်ကာ ဒုတိယသားဖြစ်သူထံ ဖုန်းဆက်လိုက်သည်။

“သားလတ်... နင်နဲ့ နင့်မိန်းမ အခုချက်ချင်း နင့်အဖေကို သွားရှာပြီး အိမ်ကို ချက်ချင်းပြန်လာခဲ့ကြ”

“သားကြီး... နင် အပြင်ထွက်ပြီး ရှင်းယောင်ကို ဖုန်းဆက်လိုက်။ ပိုင်မိသားစုရဲ့ သက်တော်စောင့်တွေမျက်စိကို လှည့်စားပြီး ဆေးရုံကနေ တိတ်တိတ်လေး ထွက်လာခဲ့ဖို့ ပြောလိုက်။ ဖြစ်နိုင်ရင် အရင်က ငါတို့တွေ တိုင်ပင်ထားတဲ့ နေရာမှာ သွားပုန်းနေခိုင်း”

လင်ရှင်းယောင်ကို ပိုင်မိသားစု၏ မျိုးဆက်ဖြစ်ဟန်ဆောင်ရန် ဆုံးဖြတ်ခဲ့စဉ်ကတည်းက သခင်မကြီးလင်းသည် မတော်တဆ အစီအစဉ်ပျက်ကွက်ခဲ့လျှင် သို့မဟုတ် ဖုံးကွယ်ထားသည်များ ပေါ်ပေါက်သွားခဲ့လျှင် မည်သို့လုပ်ဆောင်မည်ကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။

ပိုင်ချီမင်သည် စုယွီကို ဟောင်ကောင်သို့ ခေါ်ဆောင်လာမည်ဟူသော သတင်းကို သူတို့ ကြိုတင်ရရှိခဲ့ကြသည်။ ၎င်းတို့ကို နှုတ်ပိတ်ရန် လူသတ်သမားများကိုသာ အောင်မြင်စွာ စေလွှတ်နိုင်ခဲ့လျှင် ဤကိစ္စ ပေါ်ပေါက်လာစရာ အကြောင်းမရှိပေ။ လွန်ခဲ့သော နှစ်ရက်ကပင် လင်ရှင်းယောင်သည် ပိုင်မိသားစု၏ အိမ်တော်ထိန်းပိုင်ကို လာဘ်ထိုးထားပြီး အားလုံးကို စီစဉ်ထားခဲ့ပြီး ဖြစ်သည်။

ယခုမူ အရေးအကြီးဆုံးအလုပ်မှာ ပျက်စီးသွားချေပြီ။ သခင်မကြီးလင်းမှာ သူမ၏သားကြီးကို အသားကုန် ရိုက်နှက်ပစ်ချင်စိတ် ပေါက်သွားသည်။

“အမေ... ပိုင်ချီမင်ကတော့ အိမ်တော်ထိန်းပိုင်ကို သေချာပေါက် ဆက်သွယ်မှာပဲ။ အိမ်တော်ထိန်းပိုင်က သူတို့ကို ကျွန်တော်တို့ဆီ တိုက်ရိုက်ခေါ်လာလို့ မဖြစ်ဘူး။ ဒီတစ်ခါတော့ လူသတ်သမား အရေအတွက်ကို နှစ်ဆလောက် ထပ်တိုးပြီး စီစဉ်ရမယ်”

ထိုစကားကို ကြားသောအခါ သခင်မကြီးလင်းသည် အစီအစဉ်၏ ဖြစ်နိုင်ခြေကို စဉ်းစားမိသော်လည်း တစ်မိသားစုလုံး ယခုနေအိမ်မှ ထွက်ခွာတိမ်းရှောင်ရန် ပြင်ဆင်မှုကိုမူ မရပ်တန့်ခဲ့ပေ။

“ဒါကို အမေပဲ ကိုင်တွယ်လိုက်မယ်။ နင်ကတော့ အမေခိုင်းတာကို အခုချက်ချင်းသွားလုပ်။ အချိန်မဖြုန်းနဲ့”

သူမသည် အိမ်တော်ထိန်းပိုင်ထံ ဖုန်းဆက်၍ ပိုင်အိမ်တော်၏ အခြေအနေကို မေးမြန်းရန် ရည်ရွယ်ထားသည်။ တစ်ချိန်တည်းမှာပင် လင်ရှင်းယောင်သည် သက်တော်စောင့်များကို ဖယ်ရှားပြီး ပြန်လာနိုင်ပါ့မလားဟု စိုးရိမ်နေမိသည်။ သို့သော် အလွန်သတိကြီးသော သခင်မကြီးလင်းသည် လင်ရှင်းယောင်ထံ ဆက်သွယ်ရန် အိမ်ဖုန်းကို အသုံးမပြုခဲ့ပေ။

ပိုင်အိမ်တော်တွင်မူ အိမ်တော်ထိန်းပိုင်သည် ပိုင်ချီမင်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး ဖြစ်သည်။ သူ၏ရှေ့တွင်မူ ပိုင်မိသားစု၏ လက်ရှိအကြီးအကဲဖြစ်သူ၊ စုယွီ၏ ဦးကြီးတော်စပ်သူ ပိုင်ဟောင်ယွမ် ထိုင်နေသည်။

“သခင်ကြီး... ချီမင်နဲ့ သခင်မလေး စုယွီတို့ ပြန်ရောက်ပါပြီ။ အခု သူတို့ ပင်လယ်အော်ဆိပ်ကမ်း မှာ ရှိနေကြတယ်။ ကျွန်တော်တို့ လွှတ်လိုက်တဲ့လူတွေက သူတို့နဲ့ လွဲသွားပုံရတယ်၊ ဘာလို့လဲဆိုတော့ ချီမင်ပြောပုံအရ သူနဲ့ သခင်မလေးတို့ အခုတင် တိုက်ခိုက်ခံလိုက်ရတယ်လို့ သိရပါတယ်”

အိမ်တော်ထိန်းပိုင်နှင့် ပိုင်ဟောင်ယွမ်တို့မှာ အတူတကွ ကြီးပြင်းလာခဲ့သူများ ဖြစ်သည်။ သခင်နှင့် အစေခံဟု ဆိုသော်ငြားလည်း အမှန်တကယ်တွင် မျိုးရိုးမတူသော ညီအစ်ကိုများကဲ့သို့ ခင်မင်ရင်းနှီးကြသည်။ ထို့ကြောင့် ပိုင်ချီမင် ပြောသမျှကို သူသည် ပိုင်မိသားစုအကြီးအကဲထံ မတင်ပြဘဲ မနေနိုင်ပေ။

အိမ်တော်ထိန်းပိုင်သည် ကျင်းမန်မြို့သို့ မသွားမီက လင်ရှင်းယောင်မှာ အတုအယောင်ဖြစ်ကြောင်း မသိခဲ့ပေ။ သို့သော် သူ ပြန်ရောက်ရောက်ချင်းတွင် ထိုကိစ္စကို ပိုင်အကြီးအကဲထံ ချက်ချင်းတင်ပြခဲ့သည်။ လင်ရှင်းယောက်သည် ခြေထောက်ကျိုးသဖြင့် ဆေးရုံတက်နေရချိန်ကတည်းက ပိုင်မိသားစု၏ စောင့်ကြည့်ခြင်းကို ခံနေရခြင်း ဖြစ်သည်။

အိမ်တော်ထိန်းပိုင်သည် သက်တော်စောင့်လေးဦးကို နေ့ညမပြတ် အလှည့်ကျ စောင့်ကြည့်ရန် စီစဉ်ထားခဲ့သည်။ ပြောရလျှင် အိမ်တော်ထိန်းပိုင်သည် ကျန့် မိသားစု၏ သမီးကြီး ကျန့်ဖိန့်ဖိန့် ကို ကျေးဇူးတင်ရပေမည်။

ကျန့်ဖိန့်ဖိန့်၏ မောက်မာမှုကြောင့် လင်ရှင်းယောင်၏ အခြားခြေထောက်တစ်ဖက်ကို ရိုက်ကျိုးစေခဲ့သဖြင့် အိမ်တော်ထိန်းပိုင်က "ကာကွယ်ပေးရန်" ဟူသော အကြောင်းပြချက်ဖြင့် လင်းမိသားစုကို သံသယမဝင်စေဘဲ သက်တော်စောင့်များ ချထားနိုင်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ရက်ခန့်က သခင်မကြီးလင်းသည် ကျင်းမန်မြို့မှ သတင်းတစ်ခု ရရှိခဲ့သည်။ ပိုင်ချီမင်သည် အိမ်တော်ထိန်းပိုင်၊ အားကွမ်းတို့နှင့်အတူ ကျင်းမန်မြို့သို့ ရောက်သွားပြီဟူသော သတင်းဖြစ်သည်။ ဆိုလိုသည်မှာ အိမ်တော်ထိန်းပိုင်သည် လင်ရှင်းယောင်၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို သိသွားနိုင်သည်ဟု သူမ ယူဆလိုက်သည်။

သခင်မကြီးလင်းမှာ အကျိုးအမြတ်ကို အလွန်ဦးစားပေးသူဖြစ်ရာ အိမ်တော်ထိန်းပိုင်ကို သူမဘက်ပါအောင် လာဘ်ငွေအမြောက်အမြားဖြင့် သိမ်းသွင်းခဲ့သည်။ ပါးနပ်လှသော အိမ်တော်ထိန်းပိုင်ကလည်း သူမ၏ အကြံကို သူမဘက် ပြန်လှည့်တိုက်ရန် ဆုံးဖြတ်လိုက်ပြီး သခင်မကြီးလင်း စိတ်ချလက်ချရှိစေရန် သူ၏အကွက်ထဲသို့ ဆွဲသွင်းခဲ့သည်။

သူသည် သူမဘက်တွင် တကယ်ရှိနေကြောင်း ယုံကြည်သွားစေရန် အိမ်တော်ထိန်းပိုင်သည် ပိုင်မိသားစု၏ မဆိုစလောက်ကိစ္စအချို့ကို အရေးကြီးသယောင် ဟန်ဆောင်ကာ သခင်မကြီးလင်းထံ ပြောပြခဲ့သည်။

သခင်မကြီးလင်း၏ ယုံကြည်မှုကို ရရှိပြီးနောက်တွင်မူ အိမ်တော်ထိန်းပိုင်သည် လင်းမိသားစုထံမှ ငွေအမြောက်အမြား လက်ခံရရှိခဲ့ကြောင်း ပိုင်အကြီးအကဲထံ ချက်ချင်း ဖွင့်ဟဝန်ခံခဲ့သည်။ ထို့နောက် လင်းမိသားစုအနေဖြင့် နောက်ထပ် အစီအစဉ်တစ်ခုခု သေချာပေါက် လုပ်ဆောင်လာလိမ့်မည်ဟု သူတို့ ခန့်မှန်းခဲ့ကြလေသည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters