← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အပိုင်း ၈၈ - ပိုင်မိသားစုဝင်များနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခြင်း

လင်းစုယွီသည် ပိုင်မိသားစု၏ အိမ်တော်ထိန်း စီစဉ်ပေးထားသော ကားလေးထဲတွင် ထိုင်လိုက်ပါရင်း ပိုင်အိမ်‌တော်ဝင်းအတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့သည်။

အနက်ရောင် သံပန်းတံခါးကြီးများကို သက်တော်စောင့်များက အမြန်ဖွင့်ပေးကြပြီး တံခါးဝ၏ ဝဲယာတွင် ရိုသေစွာ ဦးညွှတ်ရပ်စောင့်နေကြသည်။ ကားဖြတ်မောင်းသွားပြီးသည့် နောက်မှသာ သူတို့သည် ခါးပြန်မတ်ကာ တံခါးကို ပြန်ပိတ်ပြီး ကင်းစောင့်တာဝန်ကို ဆက်လက်ထမ်းဆောင်ကြလေသည်။

ဤသို့သော ကြွယ်ဝချမ်းသာမှုမျိုးက သူမအတွက် ရင်းနှီးပြီးသားပင်။ ကြည့်ရသည်မှာ ယခုဘဝတွင်လည်း အေးအေးဆေးဆေးနှင့် အောင်မြင်မှုပန်းတိုင်ကို လှမ်းတက်နိုင်ဦးမည် ထင်ပါရဲ့။

လွန်ခဲ့သော နှစ်နာရီခန့်ကမှ တိုက်ပွဲတစ်ခုတွင် ပါဝင်ခဲ့သည့် လင်းစုယွီတစ်ယောက် ပိုင်မိသားစု၏ ခမ်းနားထည်ဝါလှသော အိမ်မကြီးကို မြင်လိုက်ရသည့်အခါ သူမ၏ ပျင်းရိတတ်သော နှလုံးသား—မဟုတ်သေးပါ၊ သက်တောင့်သက်သာ နေချင်တတ်သော နှလုံးသားက ပြန်လည်နိုးထလာပြီး လူကြီးတွေကို မှီခိုပြီး အေးအေးဆေးဆေးပဲ ဇိမ်ခံနေလိုက်စမ်းပါဟု တိုက်တွန်းနေတော့သည်။

လင်းစုယွီ (၁) - "နင်က အရင်ဘဝမှာ လူငယ်တွေကို အမှီပြုပြီး နေခဲ့တယ်၊ အခု ဒီဘဝမှာကျတော့ လူကြီးတွေကို အားကိုးပြီး အေးဆေးနေချင်ပြန်ပြီလား။ လွန်မလာနဲ့လေ!"

လင်းစုယွီ (၂) - "ဟောင်ကောင်လို ရှုပ်ထွေးပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ နေရာမျိုးမှာ နင်က အားမထုတ်ဘဲ ပစ်ထားချင်တယ်ပေါ့ ဟုတ်လား။ စိတ်ကူးယဉ်မနေနဲ့!"

"ဟူး..." လျန်ဟွေ့ နှင့် အချိန်အတော်ကြာ အတူနေခဲ့သဖြင့် သူမဆီက ကြောင်တောင်တောင် စွမ်းအင်တွေ ကူးစက်လာခြင်း ဖြစ်မည်။ ပိုင်မိသားစု၏ ပင်မအဆောက်အအုံရှေ့တွင် ကားရပ်လိုက်သည်နှင့် လင်းစုယွီသည် သူမ၏ လွင့်ပျံ့နေသော အတွေးများကို အမြန်ပြန်လည် စုစည်းလိုက်ရသည်။

"စုယွီ... ဟိုမှာ မျက်မှန်တပ်ပြီး ခန့်ခန့်ကြီး ရပ်နေတဲ့ လူအိုကြီးက ငါ့အဖေလေ၊ နင့်ရဲ့ အကြီးဆုံး ဦးလေးပေါ့။ သူ့ဘေးက ချီ‌ဖောင်ဝတ်စုံနဲ့ ကျော့ကျော့မော့မော့ ရှိနေတဲ့ အမျိုးသမီးကတော့ ငါ့အမေ၊ နင့်ရဲ့ အကြီးဆုံး အဒေါ်"

ကားပေါ်က ဆင်းဆင်းချင်းမှာပင် ပိုင်ချီမင်က အသက်ငါးဆယ်ပင် မပြည့်သေးသည့် ပိုင်မိသားစု၏ အိမ်ထောင်ဦးစီးကို "လူအိုကြီး" ဟု ခေါ်ဝေါ်လိုက်သည်။ ထို့နောက် သူက ကျန်ရှိသော ပိုင်မိသားစု မျိုးနွယ်စုခွဲ နှစ်ခုကို လင်းစုယွီနှင့် တစ်ယောက်ချင်းစီ မိတ်ဆက်ပေးလေသည်။

အဘွားပိုင်တွင် သားသုံးယောက်နှင့် သမီးတစ်ယောက် ရှိသည်။ သားကြီးဖြစ်သူ ပိုင်ဟောင်ယွမ်သည် ရှန်ဟိုင်းမှ လုမိသားစု၏ သမီးအကြီးဆုံး လုလန်ရှင်းနှင့် လက်ထပ်ခဲ့ပြီး သားနှစ်ယောက် ထွန်းကားခဲ့သည်။

သားအကြီးဆုံး ပိုင်ချီချန်မှာ အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး ဟောင်ကောင်၏ ထိပ်သီးမိသားစုကြီး လေးခုထဲက တစ်ခုဖြစ်သော ကျန့်မိသားစု၏ သမီး ကျန့်မင်ဖေးနှင့် လက်ထပ်ကာ ချစ်စရာကောင်းသော သမီးလေးတစ်ဦး ရရှိထားသည်။ သားအငယ် ပိုင်ချီမင်ကမူ အသက် ၂၅ နှစ် ရှိပြီဖြစ်သော်လည်း အိမ်ထောင်ပြုရန် ငြင်းဆန်နေဆဲ ဖြစ်သည်။

အဘွားပိုင်၏ ဒုတိယသားမှာ ပိုင်ဟောင်ရန် ဖြစ်ပြီး စွန်းစစ်ယွီနှင့် လက်ထပ်ထားသည်။ ပိုင်ဟောင်ရန်မှာ ဟောင်ကောင်ပညာရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်ပြီး ဇနီးဖြစ်သူမှာ တက္ကသိုလ်ပါမောက္ခတစ်ဦး ဖြစ်သည်။ သူတို့၏သား ပိုင်ချီဝမ်မှာ တက္ကသိုလ်ကျောင်းသားဖြစ်သည်။ ဤဒုတိယမျိုးနွယ်စုခွဲမှာ ပညာတတ် ထိပ်တန်းမိသားစုဟု ဆိုရပေမည်။

တတိယမျိုးနွယ်စုခွဲမှ ပိုင်ဟောင်နန်၏ အခြေအနေကတော့ အနည်းငယ် ရှုပ်ထွေးသည်။ သူက တရားဝင်ဇနီးနှင့် သားနှစ်ယောက် ရှိရုံသာမက လှပသော မယားငယ် သုံးဦးကိုလည်း ယူထားသေးသည်။ ဒုတိယနှင့် တတိယ မယားငယ်တို့တွင် သားတစ်ယောက်စီ ရှိသော်လည်း စတုတ္ထမယားငယ်မှာ ငယ်ရွယ်သေးသဖြင့် ကလေးမရသေးပေ။

တတိယမျိုးနွယ်စုတွင် လူဦးရေများပြီး ပတ်သက်မှုများ ရှုပ်ထွေးသဖြင့် ပုံမှန်အားဖြင့် ပိုင်မိသားစု အိမ်မကြီးတွင် နေထိုင်လေ့မရှိကြပေ။ သို့သော် ယခုအခါတွင်မူ ပိုင်ဟောင်နန်သည် သူ၏တရားဝင်ဇနီး ဟန်တုန်းရွှယ်နှင့် သားသမီးများကို ခေါ်ဆောင်ကာ တူမဖြစ်သူကို လာရောက်တွေ့ဆုံခြင်း ဖြစ်သည်။ သူတို့အားလုံး စုံစုံလင်လင် တက်ရောက်လာခြင်းက စုယွီကို အလေးအနက်ထားကြောင်း ပြသနေသည်။

လင်းစုယွီ၏ မွေးရာပါ ဝိညာဉ်စွမ်းအားနှင့် ထက်မြက်သော ဦးနှောက်ကြောင့်သာ မှတ်ဉာဏ်ကောင်းနေခြင်းဖြစ်သည်၊ မဟုတ်လျှင် ဤမျှများပြားသော မိသားစုဝင်များကို တစ်ပြိုင်နက် မှတ်မိရန် အလွန်ခက်ခဲပေလိမ့်မည်။ မိသားစုဝင် များပြားခြင်း၏ အားသာချက်မှာ လူတိုင်းက စုယွီကို တွေ့ဆုံခြင်း အထိမ်းအမှတ် လက်ဆောင်များ ပေးကြခြင်းပင်။ စုယွီ၏ လက်နှစ်ဖက်မှာ လက်ဆောင်များဖြင့် ပြည့်လျှံနေတော့သည်။

"အစ်မအာနှစ်... စုယွီလက်ထဲက လက်ဆောင်တွေကို ကူသယ်ပေးလိုက်ပါဦး။ စုယွီအခန်းထဲကို တန်းပို့လိုက်နော်"

(ဟောင်ကောင်တွင် အိမ်စေများကို 'စစ္စတာ' သို့မဟုတ် 'အစ်မ' ဟုခေါ်ပြီး နောက်တွင် နာမည် သို့မဟုတ် နံပါတ်တပ်ခေါ်ခြင်းမှာ သခင်များ၏ ယုံကြည်အားကိုးရသူများ ဖြစ်တတ်ကြသည်။)

အကြီးဆုံးအဒေါ် ဖြစ်သူ လုလန်ရှင်းသည် လက်ဆောင်ပုံကြီးကို ပိုက်ထားရင်း ကြောင်အမ်းအမ်း ဖြစ်နေသော စုယွီကို ကြည့်ကာ ပြုံးလိုက်မိသည်။ လိမ္မာယဉ်ကျေးသော်လည်း အခြေအနေကြောင့် မျက်လုံးအဝိုင်းသား ဖြစ်နေသည့် စုယွီပုံစံက ချစ်စရာကောင်းနေသဖြင့် လုလန်ရှင်းက အစေခံကို အမြန်ခေါ်၍ လက်ဆောင်များကို ကူယူခိုင်းလိုက်ခြင်း ဖြစ်သည်။

ဤအချိန်တွင် လင်းစုယွီသည် လူကြီးများ အချစ်ပိုစေမည့် လိမ္မာယဉ်ကျေးသော မိန်းကလေးတစ်ဦးအဖြစ် ဟန်ဆောင်ရာတွင် အလွန်ထူးချွန်လှသည်ဟု ဆိုရမည်။ သူတို့နှင့်သာ ရင်းနှီးသွားပါက သူမကို အလိုလိုက်ကြမည်မှာ သေချာသလောက်ပင်။

"လာပါဦး... အဒေါ်တို့ မင်းကို သေချာကြည့်ပါရစေဦး။ ဒီနေ့ လက်ဆောင်တွေက အလောတကြီး ပြင်လိုက်ရတာဆိုတော့ သိပ်မစုံသေးဘူး။ သမီး အခြေတကျဖြစ်ပြီဆိုရင် အဒေါ်က ကုန်တိုက်ကို လိုက်ပို့ပေးမယ်၊ ကြိုက်တာအကုန်ယူနော်"

တတိယအဒေါ် ဟန်တုန်းရွှယ်က စုယွီ၏လက်လေးကို ကိုင်ကာ ပုတ်ပေးရင်း ကုန်တိုက်တွင် စိတ်ကြိုက် ဈေးဝယ်ထွက်ရန် သဘောကောင်းစွာ ကမ်းလှမ်းလိုက်သည်။

"ငါတို့ရဲ့ တတိယယောင်းမကတော့ အမြဲတမ်း သဘောကောင်းနေတာပဲ။ စုယွီ... သမီးမသိသေးလို့နော်၊ သမီးရဲ့ တတိယအဒေါ်က ကုန်တိုက်တစ်ခုလုံးကို ပိုင်တာ၊ ဒါကြောင့် အားမနာနဲ့"

အကြီးဆုံးအဒေါ်က စနောက်လိုက်သဖြင့် ဟန်တုန်းရွှယ်က အားရပါးရ ရယ်မောလိုက်သည်။ ဤကုန်တိုက်များသည် ပိုင်ဟောင်နန်က သူမကို ပေးထားသည့် ယုံကြည်ချက်များ ဖြစ်သည်။ သို့မဟုတ်ပါက သူမသည် လှပသော မယားငယ် သုံးဦးအထိ ယူထားသည့် ခင်ပွန်းဖြစ်သူကို မည်သို့ သည်းခံနိုင်ပါမည်နည်း။

ပထမမျိုးနွယ်စုမှ လုလန်ရှင်းက ခန့်ညားထည်ဝါသော အလှပိုင်ရှင် ဖြစ်လျှင်၊ ဒုတိယမျိုးနွယ်စုမှ စွန်းစစ်ယွီမှာ နူးညံ့သိမ်မွေ့သော အလှပိုင်ရှင်ဖြစ်ပြီး၊ တတိယမျိုးနွယ်စုမှ ဟန်တုန်းရွှယ်မှာမူ ရင်သပ်ရှုမောဖွယ် လှပသူတစ်ဦး ဖြစ်သည်။

ပိုင်ဟောင်နန်သည် မယားငယ်တစ်ယောက် ယူတိုင်း တရားဝင်ဇနီး ဟန်တုန်းရွှယ်ကို စီးပွားရေးဆိုင်ရာ အဆောက်အအုံတစ်ခုဖြင့် လျော်ကြေးပေးလေ့ရှိသည်။ နှစ်ပေါင်းများစွာ ကြာလာသောအခါတွင်မူ ဟန်တုန်းရွှယ်သည် ပိုင်မိသားစုတွင် အချမ်းသာဆုံး အမျိုးသမီး ဖြစ်လာခဲ့သည်။

အမျိုးသမီးများကြားတွင် အခြေအနေ ကောင်းမွန်နေသော်လည်း ပိုင်ချီမင်ဘက်တွင်မူ အခြေအနေက သိပ်မဟန်လှပေ။ ပိုင်မိသားစု၏ အကြီးဆုံးဦးလေးဖြစ်သူက ချီမင်ကို တည်ကြည်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"ပိုင်ချီမင်... မင်းက ငါတို့ကို အသိမပေးဘဲ ကျင်းမန်မြို့ကို တစ်ယောက်တည်း ထွက်သွားရဲတယ်ပေါ့။ အရိုက်ခံချင်လို့လား။ လင်းရှင်းယောင်က မင်းအဒေါ်ရဲ့ ကလေးမဟုတ်မှန်း သိရက်နဲ့ ဘာလို့ ငါတို့ကို အစောကြီး မပြောတာလဲ"

"ဒီတစ်ခေါက် စုယွီကို အိမ်ပြန်ခေါ်လာနိုင်လို့ တော်သေးတာပေါ့၊ မဟုတ်ရင်တော့ မင်းခြေထောက်တွေကို ငါ ရိုက်ချိုးမိမှာ။ ဒါပေမဲ့ အမှားကတော့ အမှားပဲ၊ မင်း အပြစ်ပေးခံရမယ်"

နွေးထွေးသော တွေ့ဆုံမှုအပြီးတွင် ပိုင်မိသားစု၏ အိမ်ထောင်ဦးစီးသခင်ကြီးသည် ပိုင်ချီမင်နှင့် စာရင်းရှင်းရန် ပြင်တော့သည်။ ဖခင်ဖြစ်သူ၏ အသံမှာ အလွန်တင်းမာလှသဖြင့် ပိုင်ချီမင်သည် အခြေအနေမကောင်းမှန်း သိလိုက်ပြီး စုယွီဘေးသို့ ပြေးကပ်လိုက်သည်။

"စုယွီ... ကူညီပါဦး၊ ငါ့အတွက် စကားလေး နည်းနည်းလောက် ဝိုင်းပြောပေးပါ။ မဟုတ်ရင်တော့ နင့်ဦးလေးကြီးက မိသားစုစည်းကမ်းအရ ငါ့ကို အရေခွံဆုတ်တော့မှာ"

"ထွက်ခဲ့စမ်း! စုယွီနောက်မှာ ပုန်းမနေနဲ့။ မင်းသာ အမှန်အတိုင်း စောစောပြောရင် စုယွီကို အစောကြီး အိမ်ပြန်ခေါ်လာလို့ ရနေပြီ။ မင်း ဖုံးကွယ်ထားလို့ စုယွီတစ်ယောက် လင်းမိသားစုနဲ့ လင်းရှင်းယောင်တို့လက်မှာ ဒုက္ခရောက်လုနီးပါး ဖြစ်ခဲ့ရတာ"

ပိုင်ချီမင်နှင့် လင်းစုယွီတို့ ဟောင်ကောင်သို့ ရောက်သည်နှင့် လုပ်ကြံသတ်ဖြတ်သူများ၏ ပစ်မှတ်ထားခြင်း ခံခဲ့ရသည်။ ၎င်းမှာ လင်းမိသားစု၏ ရက်စက်သော အစီအစဉ်ဖြစ်သော်လည်း ပိုင်မိသားစု အကြီးအကဲကမူ ချီမင်တွင်လည်း တာဝန်ရှိသည်ဟု ယူဆထားသည်။

"ဦးလေးကြီး... အစ်ကိုချီမင်ကို အပြစ်မတင်ပါနဲ့။ လင်းမိသားစုက လူတွေက သက်သေဖျောက်ဖို့အတွက် ကျွန်မတို့ကို သတ်ဖို့အထိ ရက်စက်လိမ့်မယ်လို့ သူလည်း မထင်ထားခဲ့ဘူးလေ"

ပိုင်ချီမင်သည် ပိုင်မိသားစုတွင် သူမ အရင်းနှီးဆုံးလူ ဖြစ်သဖြင့် လင်းစုယွီက သူ့ဘက်မှ မနေသာဘဲ ကူပြောပေးလိုက်ရသည်။

"စုယွီရယ်... သမီး ဒုက္ခတွေ အများကြီး ခံခဲ့ရတာပဲ။ သမီးရှိနေမှန်း မသိဘဲ လင်းမိသားစုထဲမှာ ဒီလောက်ပင်ပန်းအောင် ထားခဲ့မိတာ ဦးလေးတို့ အမှားပါ။ သမီးအမေကိုရော သမီးကိုပါ ဦးလေးတို့ မျက်နှာပျက်အောင် လုပ်မိပြီ။ ဘိုင်မိသားစုထဲမှာ အပူအပင်မရှိ ကြီးပြင်းခွင့် မပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ် သမီးရယ်"

ပိုင်မိသားစု အိမ်ထောင်ဦးစီး၏ အသံမှာ ပြောရင်းနှင့် တိမ်ဝင်သွားသည်။ ခန့်ညားထည်ဝါသော မိသားစုအကြီးအကဲ တစ်ယောက်ဖြစ်သည့် ဦးလေးကြီးသည် ဤမျှအထိ စိတ်လှုပ်ရှားတတ်သူ ဖြစ်လိမ့်မည်ဟု လင်းစုယွီ မမျှော်လင့်ထားခဲ့ပေ။

"ဟုတ်တယ်... ဦးလေးတို့ အသုံးမကျလို့ပါ။ အဲဒီတုန်းက သမီးအမေကိုလည်း ဆွဲမထားနိုင်ခဲ့ဘူး၊ ဟောင်ကောင်ကို ထွက်ပြေးလာပြီးတော့လည်း သမီးတို့သားအမိကို အချိန်မီ ပြန်မရှာနိုင်ခဲ့ဘူး"

ဒုတိယဦးလေးပိုင်ကလည်း ဝမ်းနည်းသော မျက်နှာထားဖြင့် ပြောလာသည်။ အမှန်စင်စစ် သူ၏ ရင်ထဲတွင်လည်း အပြစ်မကင်းသလို ခံစားနေရခြင်း ဖြစ်သည်။

ထိုစဉ်က အကြီးဆုံးဦးလေးတွင် စီစဉ်စရာများစွာ ရှိနေသဖြင့် အရာအားလုံးကို မကြည့်ရှုနိုင်ခဲ့ပေ။ ဒုတိယသားဖြစ်သူ သူကမူ စာပေကိုသာ စိတ်ဝင်စားသည့် ပညာတတ်တစ်ယောက်သာ ဖြစ်ခဲ့သဖြင့် ဘာမှမတတ်နိုင်ခဲ့ချေ။

ထွက်ပြေးတိမ်းရှောင်စဉ်ကလည်း သူသည် မိမိကိုယ်တိုင်နှင့် မိမိ မိသားစုလေးကိုသာ ကြည့်ရှုနိုင်စွမ်း ရှိခဲ့သည်။ နောက်ပိုင်းမှသာ သူသည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး ဟောင်ကောင်ပညာရေးလောကသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ အနည်းဆုံးတော့ ဒုတိယညွှန်ကြားရေးမှူး တစ်ယောက်အနေဖြင့် ပိုင်မိသားစု၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်မည် မဟုတ်ပါလား။

"အစ်ကိုကြီး၊ အစ်ကိုနှစ်... အတိတ်ကကိစ္စတွေကို ပြောမနေကြပါနဲ့တော့။ အခု အရေးကြီးဆုံးက စုယွီကို အကောင်းဆုံး ထားဖို့ပဲ။ စုယွီ... နောင်ကျရင် သမီး ဘာလိုချင်တာရှိရှိ၊ ဘာဖြစ်ချင်တာရှိရှိ ဦးလေးတို့ကိုသာ ပြော။ သမီးမှာ ဦးလေးသုံးယောက်နဲ့ မောင်နှမတွေ အများကြီးရှိတယ်၊ ငါတို့အားလုံးက သမီးရဲ့ ကျောထောက်နောက်ခံတွေပဲ"

တတိယဦးလေး ပိုင်မှာ လက်တွေ့ကျသူတစ်ဦး ဖြစ်သည်။ အတိတ်ကို ပြန်ပြောနေခြင်းက အပိုဖြစ်ပြီး ပစ္စုပ္ပန်နှင့် အနာဂတ်ကိုသာ အာရုံစိုက်သင့်သည်ဟု သူက ယူဆသည်။ လင်းစုယွီအတွက် သူပေးခဲ့သော ကတိကဝတ်မှာ လင်းစုယွီအတွက် လက်ရှိနှင့် အနာဂတ်အတွက် အကျိုးအရှိဆုံးနှင့် အားအကိုးရဆုံး အရာပင် ဖြစ်တော့သည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters