ဝိုး … အရသာကောင်းလိုက်တာ
Vol. 6-10 Ch. 140
အခန်း (၁၄၀) : ဝိုး … အရသာကောင်းလိုက်တာ
ပေါက်ကွဲမှု ရလဒ်ကြောင့် ချင်ယွင်တိတို့က မြူခိုးထဲ လွှင့်ထွက်သွားလေသည်။
အမှန်တိုင်းပြောရလျှင် ရှန်ထျန်း တစ်ယောက် ကြောက်စရာကောင်းသည့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်များကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ဖြစ်လာသည့်အတွက် တုန်လှုပ်လာမိသည်။
အံ့ဖွယ်ရစ်ပတ်နွယ်ပင်က သူ့ဆီ ချည်းကပ်လာသည်ကို မြင်လိုက်သည့်အခါ ပို၍ ကြောက်ရွံ့လာတော့သည်။
ထိုစဉ် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးက အတော်လေး စိတ်လှုပ်ရှားနေဟန် ပေါ်သည်။ အမြစ်များက လူးလွန့်လာကာ ရှန်ထျန်းဆီ နီးကပ်လာလေသည်။
လူသားပေါက်စလေး … ဘာလို့ ထွက်မပြေးသေးတာလဲ … ဘာလို့ မရုန်းကန်ရသေးတာလဲ … ကြောက်ကြောက်ရွံ့ရွံ့ အော်ဟစ်လိုက်စမ်းပါကွာ …
အံ့ဖွယ်ရစ်ပတ်နွယ်ပင်မှ အရည်များ ဆက်တိုက် ကျနေသော်လည်း အရည်များများ ထွက်လာလေလေ ဒဏ်ရာပျောက်ကင်းလာလေလေ ဖြစ်၏။
ရှန်ထျန်း၏ ဖောက်ခွဲရေး တိုက်ခိုက်မှုက ဆိုးဆိုးရွားရွား ခန္ဓာကိုယ်နှစ်ပိုင်းပြတ်လုနီးပါးအထိ ဒဏ်ရာပေးနိုင်ခဲ့သောကြောင့် ဒဏ်ရာ ပြန်ကောင်းလာနှုန်းမှာ အတော်အတန် နှေးကွေးနေရှာသည်။
သို့သော်လည်း ဒဏ်ရာ ပြန်ကောင်းလာခြင်းက သိပ်အရေးမကြီးပေ။ ပထမဦးစွာ လုပ်ရမည့်ကိစ္စကား ဤစိတ်ကြီးဝင်နေသည့် လူသားပေါက်စအား ခမ်းခြောက်သွားအောင် စုပ်ယူပစ်ဖို့ ဖြစ်၏။
အံ့ဖွယ်ရစ်ပတ်နွယ်ပင်က ရှန်ထျန်းအနီး ရောက်လာသည့်အခါ ဤလူသားပေါက်စကား ခုခံဖို့ လက်လျော့ထားပုံပေါက်နေကြောင်း သိရှိသွားတော့သည်။
ဟုတ်တယ် ဒီလိုပဲ ဖြစ်နေရမယ်လေ … ခုခံမနေနဲ့တော့ … မင်းကို မြန်မြန်ဆန်ဆန် စုပ်ယူပေးပါ့မယ် …
အံ့ဖွယ်ရစ်ပတ်နွယ်ပင်က ခန္ဓာကိုယ်ကို တွန့်လိမ်လှုပ်ရှားလိုက်ပြီးနောက် ရင်ဘတ်ပိုင်းမှ လူတစ်ယောက်၏ လက်မောင်းအရွယ်အစားရှိ နွယ်ချောင်းတစ်ချောင်း ခွဲထွက်လာကာ ရှန်ထျန်းဆီ အားပြင်းပြင်းဖြင့် ဝင်ရောက်သွားသည်။
ထိုစဉ် ရှန်ထျန်းက သက်ပြင်းချလိုက်မိသည်။ ရုတ်ချည်းဆိုသလို ငွေရောင် အမှတ်အသားပြားက မျှောလွင့်လာလေ၏။ အမှတ်အသားတစ်ခုလုံးက ဓားအရှိန်အဝါ ထုတ်လွှင့်နေပြီး ရှန်ထျန်း နောက်တွင် အားထားရသည့် ပုဂ္ဂိုလ်တစ်ဦး ပေါ်လာသည်။ သူက အထည်ကြမ်းကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ဧရာမဓားကြီး ကိုင်ဆောင်ထားလေ၏။ သူက အတော်လေး စွမ်းအားကြီးပုံ ပေါ်နေသည်။
ထိုပုဂ္ဂိုလ်က ဓားကို ဆွဲထုတ်ကာ အံ့ဖွယ်ရစ်ပတ်နွယ်ပင်၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။ သူ့ဓားက လေဟာနယ် ကူးဖြတ်လာရသည့်အတိုင်း အလွန်နှေးကွေးနေပုံပေါ်သော်လည်း ရှောင်ရှားဖို့ရာ မဖြစ်နိုင်ချေ။
ဓားအရှိန်အဝါက လေဟာနယ်ကို ထိုးဖောက်သွားကာ အံ့ဖွယ်ရစ်ပတ်နွယ်ပင်၏ ဒဏ်ရာရှိနေသည့် ရင်ဘတ်ပိုင်းဆီ ခုတ်ချပစ်လိုက်သည်။
ဝုန်း …
ဧရာမ အနက်ရောင်ဓားကြီးက ဓားအိမ်ထဲ ပြန်ရောက်ရှိသွားပြီး ရှန်ထျန်းနောက်ရှိ ပုဂ္ဂိုလ်လည်း မှိန်ဖျော့လာကာ ငွေရောင်အမှတ်အသားပြားထဲ ပြန်လည်ဝင်ရောက်သွားတော့သည်။
မီတာသုံးရာ ရှည်လျားသည့် နွယ်ပင်ကြီးက ရုတ်ချည်းဆိုသလို နှစ်ပိုင်းပြတ်သွားပြီး ဒဏ်ရာမှ အရည်များလည်း ပန်းထွက်လာသည်။ ဧရာမနွယ်ပင်ကြီးက လေထဲမှ ပြုတ်ကျလာကာ ဖုန်မှုန့်များ ထလာစေသလို ဘေးရှိအိမ်တစ်လုံးကိုလည်း ပျက်စီးသွားစေသည်။
“ ဟူး … ဓားသခင် အမှတ်အသားပြားကြောင့်သာ မဟုတ်ရင် ဒီတစ်ခေါက် တကယ်အန္တရာယ်များတော့မလို့ ”
ရှန်ထျန်းက အမှတ်အသားပြားကို ခန်းမင်လက်စွပ်ထဲ ပြန်ထည့်လိုက်ပြီးနောက် ပြန်ကောင်းလာဖို့အတွက် ဝိညာဉ်ကျောက်တုံးများ အရူးအမူး စုပ်ယူခွင့် ပေးထားလိုက်ရသည်။
ဤသို့သော အခြေအနေမျိုး၌ လက်ရှိ ဓားသခင် အမှတ်အသားပြားသာ သူ့အား လုံခြုံသည့် ခံစားချက်မျိုး ပေးစွမ်းနိုင်လေသည်။
ရှန်ထျန်းက ဖြည်းဖြည်းချင်း တွန့်လိမ့်နေသည့် နွယ်ပင်ကြီးကို ကြည့်ကာ ယင်ယန် နတ်ဆိုးဖောက်ခွင်း သေနတ်ဖြင့် စီရင်ပေးလိုက်သည်။
နဂို ဒဏ်ရာအပြင်းအထန် ရထားသည့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးက ဒဏ်ရာများ ပိုမို ပြင်းထန်လာကာ ဆက်လက်၍ မရုန်းနိုင်တော့ပေ။
ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီး … မင်းကို ငါ့ရန်သူထဲမှာ အားအကောင်းဆုံးအဖြစ် အသိအမှတ်ပြုတယ်
ရှန်ထျန်းက စိတ်ထဲမှ ပြောလိုက်မိသည်။ လူသားကျင့်ကြံသူများအတွက် အင်မတန် ဇွဲကြီးကာ လွတ်လွတ်လပ်လပ် သွားလာနိုင်စွမ်းရှိထားသော အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးက ကပ်ဘေးကြီးသဖွယ် ဖြစ်၏။
အကယ်၍ ရှန်ထျန်းသာ ခုခံဖို့ လက်လျော့ထားသည့် ပုံရိပ်ကြောင့်သာ မဟုတ်လျှင် သူ့အနေနှင့် သေခြင်းရှင်ခြင်း တိုက်ပွဲမျိုး၌ ကနဦး ဝိညာဉ်အဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးထံ ရှုံးနိမ့်သွားနိုင်သည်။
နွယ်ပင်လေးရေ ကောင်းကောင်း အိပ်စက်ပါတော့ … မင်း သေသွားပေမဲ့ မင်းကို ထိပ်တန်းအဆင့် အံ့ဖွယ်ရစ်ပတ်ကြိုးအဖြစ် သန်စင်ပြီးတော့ ငါနဲ့အတူတူ နေခိုင်းပါ့မယ်ကွာ … မင်းက ငါ့ဆုလာဘ်တံဆိပ် ဖြစ်လာရမှာပေါ့
ရှန်ထျန်းက သူ့ခန်းမင်လက်စွပ်ကို အသုံးပြုကာ နွယ်ချောင်းများနှင့် အမြစ်များကို ထည့်ယူသိမ်းဆည်းဖို့ ပြင်လိုက်သည်။
နတ်ရေစင် ဝိညာဉ်အသျှင် ချန်ထားခဲ့သော ခန်းမင်လက်စွပ်က အပြည့်အဝ သိမ်းဆည်းရအောင်အထိ ကြီးမားနေ၍ ကံကောင်းသွားပေသည်။ အကယ်၍ တခြားသူများ၏ သိုလှောင်လက်စွပ်ဆိုပါက အပြည့်အလျှံ ထည့်ထားလျှင်ပင် သုံးပုံတစ်ပုံပင် သိမ်းရမည် မဟုတ်ချေ။
ရှန်ထျန်းက ကျန်းယွင်ရှီး၏ ရွှေအမြုတေအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်နှင့် ယခုလက်ရှိ သူ့တွင် ရှိနေသော ကနဦး ဝိညာဉ်အဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင် အပါအဝင် သူ့ခန်းမင်လက်စွပ်ထဲ၌ အံ့ဖွယ်ရစ်ပတ်နွယ်ပင် ဆယ်ပင်လောက် ရှိနေကြောင်း အကြမ်းဖျင်းတွက်ထားလိုက်သည်။
နွယ်ပင်တစ်ခုချင်းစီက ထိပ်တန်းအဆင့် ဖြစ်သည့်အပြင် အထူးသဖြင့် ကနဦး ဝိညာဉ်အဆင့် သန္ဓေပြောင်း အံ့ဖွယ်ရစ်ပတ်နွယ်ပင်က ပို၍ ထူးခြားနေသေး၏။ မြူခိုးဟင်းလင်းပြင်ထဲ ကျန်းယွင်ရှီး ပိုင်းဖြတ်ခဲ့သည့် နွယ်ပင်ထက်ပင် ပို၍ အဖိုးတန်နေသေးသည်။ ဈေးကွက်မှာ ရောင်းချပါက ဈေးနှုန်းက တိုင်းတာလို့မရအောင် တက်သွားပေမည်။
ဝိုး …
ရှန်ထျန်းက အားများစွာ စိုက်ထုတ်ပြီးနောက် အံ့ဖွယ်ရစ်ပတ်နွယ်ပင်တစ်ပင်လုံးကို ခန်းမင်လက်စွပ်ထဲ ထည့်သိမ်းနိုင်သွားသည်။
ထိုစဉ် မြူခိုးများက မြို့တစ်မြို့လုံးကို ထိုးဖောက်ဝင်ရောက်လာလေပြီ။ လက်ဆန့်ထုတ်လိုက်ပါက ကိုယ့်လက်ကိုပင် မမြင်နိုင်တော့လောက်သည့်အထိတော့ မဟုတ်သော်ငြား ခြေသုံးလှမ်းအကွာရှိ လူတစ်ယောက်၏ လိင်အမျိုးအစားကို ခွဲခြားဖို့ ခက်ခဲပေမည်။
ရုတ်ချည်းဆိုသလို မြူခိုးအတွင်းမှ နွယ်ချောင်းတစ်ချောင်း ထွက်လာကာ ရှန်ထျန်း လက်ထဲရှိ ကြာပစ်ခွင်း သေနတ်ကို ရစ်ပတ်ထားလိုက်လေ၏။ တစ်ချိန်နည်းတွင် နောက်ထပ် နွယ်ပင်လည်း မြေကြီးမှ ထွက်လာကာ ရှန်ထျန်း၏ ပေါင်ကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားလိုက်တော့သည်။
ရှန်ထျန်းက လေထဲတွဲလောင်းမဖြစ်ခင် နွယ်ပင်၏ ဆွဲအားကိုသာ ခံစားမိလိုက်လေသည်။ သူ့မျှခြေကိုပင် မထိန်းထားနိုင်တော့ချေ။
ရှန်ထျန်း၏ အမူအယာမှာ တမဟုတ်ချင်း ပြောင်းလဲသွားလေ၏။ သူက မိုးကြိုးဖောက်ခွဲရေး အဆောင်များကို မြန်မြန် ထုတ်ယူကာ အံ့ဖွယ်ရစ်ပတ်နွယ်ပင်ဆီ ပစ်လွှတ်လိုက်သည်။ ထို့နောက် သူ့အတွင်းအားဖြင့် လိပ်နက်ချပ်ဝတ်ကို အသည်းအသန် အသက်သွင်းထားလိုက်သည်။
နောက်အခိုက်အတန့်လေး၌ ရေချိုးကန်လောက် ကြီးသော လိပ်နက်လေးက သူ့ခေါင်းအထက် ပေါ်ပေါက်လာကာ ဖိနှိပ်နိုင်သည့် အရှိန်အဝါမျိုုး ထုတ်လွှင့်နေလေသည်။ လိပ်နက် ချပ်ဝတ်မှ အလင်းရောင် ခပ်ဖျော့ဖျော့ ထွက်လာကာ ရှန်ထျန်း ခန္ဓာကိုယ်တစ်လျှောက် အကာအရံတစ်ခု ပေါ်လာသည်။
ဝုန်း …
မိုးကြိုးဖောက်ခွဲရေး အဆောင် ပေါက်ကွဲသွားသော်လည်း သူတို့အဖျက်စွမ်းအားက အံ့ဖွယ်ရစ်ပတ်နွယ်ပင်နှင့် ယှဉ်လိုက်သည့်အခါ သိပ်သက်ရောက်မှု မရှိတော့ပေ။ ဤသည်မှာ ယင်ယန် မိုးကြိုးဖောက်ခွဲရေး အဆောင်သာ ဖြစ်ပြီး ယင်ယန် ဖောက်ခွင်း နတ်မိုးကြိုးတို့၊ ယင်ယန် နတ်ဆိုးဖောက်ခွင်း သေနတ်တို့ မဟုတ်ချေ။
သူတို့က ရွှေအမြုတေအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်နှင့် ရင်ဆိုင်ဖို့ အားနည်းလွန်းနေသေးသည်။
တစ်ဖက်တွင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂိုဏ်းချုပ် လက်ဆောင်ပေးထားသော လိပ်နက်ချပ်ဝတ်၏ ကာကွယ်နိုင်စွမ်းက ရှန်ထျန်းအား အတော်လေး အံ့အားသင့်သွားစေသည်။
လိပ်နက်ချပ်ဝတ်၏ ကာကွယ်ရေး အကာအရံ ပေါ်လာပြီးနောက် သူ့လက်နှင့်ခြေထောက်ကို ရစ်ပတ်ထားသော နွယ်ပင်မှ တင်းကျပ်မှု သိပ်မရှိတော့ကြောင်း သိသိသာသာ ခံစားမိလိုက်သည်။
သို့သော်လည်း သူ့အား တိုက်ခိုက်နေသည်မှာ တစ်ပင်တည်း မဟုတ်ဘဲ ရွှေအမြုတေအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင် နှစ်ပင် ဖြစ်နေသောကြောင့် လုံလောက်မှု မရှိသေးချေ။
ရှန်ထျန်းအတွက် လိပ်နက်ချပ်ဝတ်မှ ကာကွယ်ရေး အကာအရံထွက်ပေါ်လာကာ နွယ်ပင်နှစ်ပင်၏ တိုက်ခိုက်မှုက အကာအရံကို မချိုုးဖောက်နိုင်သေးသော်လည်း ရှန်ထျန်း၏ အတွင်းအားက ကန့်သတ်ချက် ရှိနေဆဲ ဖြစ်၏။
ရှန်ထျန်းက ပြန်ကောင်းလာဖို့ ဝိညာဉ်ကျောက်တုံးတွေကို စုပ်ယူနိုင်လျှင်ပင် ဓမ္မအသုံးအဆောင်ပစ္စည်းကိုတော့ အသက်သွင်းနိုင်မည် မဟုတ်ချေ။
အံ့ဖွယ်ရစ်ပတ်နွယ်ပင် နှစ်ပင်က ရှန်ထျန်း၏ အကာအကွယ်ကို ဖက်ထုပ်တစ်ခုလို လုံးဝ ဖုံးအုပ်ထားလေသည်။ ရှန်ထျန်းက သူ့ခန်းမင်လက်စွပ်မှ ဝိညာဉ်ကျောက်တုံးများ ထုတ်၍ စုပ်ယူလျှင်ပင် ခဏတာမျှသာ တောင့်ခံနိုင်လိမ့်မည်။
အကယ်၍ သူက လိပ်နက်ချပ်ဝတ်ကိုသာ အားကိုးထားမည်ဆိုလျှင် ဤအံ့ဖွယ်ရစ်ပတ်နွယ်ပင်များ၏ ရစ်ပတ်ချည်နှောင်မှုမှ လွတ်မြောက်သွားဖို့ မဖြစ်နိုင်လုနီး ဖြစ်နေပြန်သည်။
နွယ်ပင်များက အကာအကွယ်အပြင်ဘက်မှ ဆက်တိုက် တိုးဝင်နေသည်ကို မြင်လိုက်သည့်အခါ ရှန်ထျန်းက ဦးနှောက်ကို ဖျစ်ညှစ်စဉ်းစားလိုက်တော့သည်။
ငါ ဘယ်လိုထွက်ပြေးရမလဲ … အကူတွေ ရောက်လာတဲ့အထိ တောင့်ခံနိုင်ပါ့မလား … ဟူး ဒါက အရမ်းကို ခက်ခဲလွန်းတယ် …
ရှန်ထျန်းအနေနှင့် သူ့မီးစာကျမ်းက ရုတ်ချည်းဆိုသလို ဂနာမငြိမ် ဖြစ်လာကြောင်း ခံစားမိသွားလေသည်။
သူက အကာအကွယ် အပြင်ဘက်ရှိ အစိမ်းပုတ်ရောင် နွယ်ပင်ကြီးကို ကြည့်ကာ …
လက်ရှိ ရှန်ထျန်းက ထိုနွယ်ပင်ကြီး နှစ်ပင်ကို ကြည့်ကာ သရေတမျှားမျှား ဖြစ်လာမိလေသည်။ ထိုနွယ်ပင်ကြီးများက ဒိုးနတ်၊ ကြံချောင်း၊ အစပ်မုန့်လိုမျိုး ပြောင်းလဲလာသည်ကို မြင်လာမိသည်။
သူတို့က ရှန်ထျန်း၏ စားချင်စိတ် ဖြစ်လာအောင် အနံ့သင်းသင်လေး ထုတ်လွှင့်နေသလိုမျိုး ဖြစ်နေ၏။
သူက ထိုအတွေးများကို သတိပြုမိသွားသည့်အခါ လုံးဝ ကြောင်အမ်းသွားတော့သည်။
သောက်ခွေး … တရုတ် အစားကြိုက်သူတစ်ဦးအနေနဲ့ ဒီလိုပါဝင်ပစ္စည်းကို ဘယ်လိုလုပ် ကြိုက်မိသွားတာလဲ …
အခြားသူများကို မဆိုထားနှင့် သူတို့သွင်ပြင်နှင့်ပင် တစ်ကိုင်ပင် ကိုက်ရဲမည် မဟုတ်ချေ။
ခဏလေး နေပါဦး … ငါက သူတို့ကို ပါဝင်အမျိုးအမည်လိုမျိုး တွေးမိသွားတာလား … ဒီဟာကြီးတွေက မွန်းစတားကြီးတွေလေကွာ ဟုတ်ပြီလား …
ရှန်ထျန်း၏ စိတ်ခံစားချက် အခြေအနေကား ယောက်ယတ်ခတ်နေလေသည်။ ခဏအကြာတွင် သူက စိတ်သက်သာရာရသွားလေ၏။
ဟူး … နွယ်ပင်တွေက လူတွေကို စုပ်သေးတာပဲ … ငါလည်း ဘာလို့ စမ်းမကြည့်ရမှာလဲ
ဘာဖြစ်ဖြစ် ငါက ချည်နှောင်ခံထားရတာ … မင်းတို့က ငါ့ကို လွှတ်မပေးမှတော့ မင်းတို့ကို ကိုက်စားပစ်မယ် …
ရှန်ထျန်းက အကာအကွယ်အပြင်ဘက်ရှိ အံ့ဖွယ်ရစ်ပတ်နွယ်ပင်တွေကို ကြည့်လိုက်သည်။ သူက မျက်လုံးကို မှိတ်ချလိုက်ပြီး နွယ်ပင်ကို ဆွဲကာ အားအပြည့်ဖြင့် ကိုက်ချပစ်လိုက်သည်။
အစက ရှန်ထျန်းအနေနှင့် ထိုအရည်သည် အလွန်ခါးပြီး အန်ထွက်လုမတတ် အဝင်ဆိုးမည်ဟု ထင်ခဲ့မိသည်။ မည်သို့ပင်ဆိုစေကာမူ ကိုက်လိုက်သည်နှင့် နွယ်ပင် အရည်များက ပါးစပ်ထဲ စီးဝင်လာလေသည်။
ရှန်ထျန်းက နွယ်ပင်များ၏ အရသာသည် ချိုချိုချဉ်ချဉ် အရသာကောင်းလိမ့်မည်ဟု မထင်မှတ်မိခဲ့၍ မျက်လုံးများပင် ပြူးလာမိသည်။
“ ဝိုး အရသာက ရှယ်ပဲ ”
ထို့နောက် ရှန်ထျန်း တစ်ယောက် အရူးတစ်ယောက်လို စတင် စုပ်ယူပစ်တော့သည်။