သေသေချာချာတွက်ချက်ထားသည်များလွဲချော်သွားပြီ
Vol. 35 Ch. 491
အခန်း (၄၉၁) သေသေချာချာတွက်ချက်ထားသည်များလွဲချော်သွားပြီ
အမြင့်ဆုံးအဆင့်လည်ပတ်နေသော ထိုက်ယီချိုးဖျက်အစီအရင်သည် “လှုပ်ရှားခြင်း” နှင့် “ငြိမ်သက်ခြင်း” အကြား သိမ်မွေ့သောအပြောင်းအလဲများနှင့်အတူ လွန်ကဲသောလှုပ်ရှားခြင်းနှင့် လွန်ကဲသောငြိမ်သက်ခြင်းဆီသို့ ရောက်ရှိသွားသည်။
အစီအရင်၏ “လွန်ကဲသောလှုပ်ရှားခြင်း” အောက်တွင် မီးတောက်မိစ္ဆာကမ္ဘာ၏စွမ်းအားနှင့် တွန်းအားပေးမှုကိုရယူထားသော မီးတောက်မိစ္ဆာဘုရင်များမှာ တဖြည်းဖြည်း အသက်ဓာတ်စွမ်းအားများ ဆုံးရှုံးလာကြသည်။
ထို့ပြင် ထိုက်ယီချိုးဖျက်အစီအရင်ကို အသုံးပြုပြီး မိုးမြေမှကြီးမားသောစွမ်းအားကို အသုံးချကာ လူသားသိုင်းသမားများဘဝတွင် တစ်ခါမှမကြုံစဖူးသော တန်ပြန်တိုက်စစ်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး မီးတောက်မိစ္ဆာကမ္ဘာဆီသို့ပင် ပြောင်းပြန်ဆန်တက် စီးဆင်းသွားသည်။
ဤသို့သောစွမ်းဆောင်မှုသာ အောင်မြင်မည်ဆိုပါက မီးတောက်မိစ္ဆာကမ္ဘာကို မဖျက်ဆီးနိုင်သည့်တိုင် မီးတောက်မီးလျှံများနှင့် မီးတောက်ချီများအတွင်းမှ အဖျက်စွမ်းအားများ အလွန်တရာ အားပျော့သွားမည် ဖြစ်၏။ သို့ဆိုလျှင် မီးတောက်မိစ္ဆာများအနေဖြင့် အချိန်အတန်ကြာအောင် အစွန်းရောက်ရှစ်ပါးကမ္ဘာကို ခြိမ်းခြောက်ဝံ့တော့မည် မဟုတ်ပေ။
သို့သော် ထိုသို့တိုက်ခိုက်နိုင်ရန်အတွက် ထိုက်ယီချိုးဖျက်အစီအရင်ကို အချိန်အတန်ကြာ ချိန်ခွင်လျှာမျှခြေဖြစ်အောင် ထိန်းသိမ်းထားရန်လိုအပ်ပြီး အကျိုးဆက်အနေဖြင့် မီးတောက်မိစ္ဆာကမ္ဘာသို့ ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်ကို ချိတ်ပိတ်ထားနိုင်ပေမည်။
ရန်တိနှင့် အခြားသိုင်းသူတော်စင် (၃)ယောက်ကတော့ အစီအရင်ထဲတွင် ယာယီပိတ်မိနေမည်ဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ ရုန်းထွက်လာနိုင်မည် မဟုတ်ပေ။ ဤသည်က အောင်မြင်မှုရလဒ်များနှင့်အတူ အစွန်းရောက်ရှစ်ပါးကမ္ဘာအတွက် အသေးငယ်ဆုံးသော ဆုံးရှုံးမှုတစ်ခုဟု ဆိုနိုင်သည်။
ရန်တိတို့ (၄)ယောက် ခေတ္တပိတ်မိနေစဉ် မီးတောက်မိစ္ဆာအများအပြားသည် ဓားဖြင့်ဖြည်းဖြည်းချင်းမွှမ်းကာ အသတ်ခံရသည့်အလား ခံစားကြရပြီး တန်ပြန်တိုက်စစ်ဆင်နိုင်ခြင်း မရှိသဖြင့် အားနည်းသွားကြမည် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ လူသားကျင့်ကြံသူများအနေဖြင့် ယခင်က ဟန်ထျန်းပုဂ္ဂိုလ်မြတ် ကျန်းဒေါင်ဂီနှင့် အခြားသူများကဲ့သို့ ရန်သူတစ်ထောင်ကိုသတ်ဖြတ်ပြီး ကိုယ့်ဘက်မှလည်း လူရှစ်ရာဆုံးရှုံးရသော နစ်နာမှုမျိုး ဖြစ်လာစရာမရှိတော့ပေ။
သို့သော်...
ယခု ဟွမ်ကွမ်လီလက်ထဲတွင် ရွှေရောင်မီးအိမ်တစ်ခု ပေါ်လာသည်။
ရန်ကျောက်ကဲနှင့် အခြားသူများက ဤသည်ကို သတိမထားဘဲ မနေနိုင်ကြပေ။
ရန်ကျောက်ကဲသာမက သိုင်းစွမ်းမြင့်မားကြသော ရန်တိ ၊ အဘိုးအိုမော့နှင့် စုန့်ဝူလျန်တို့အားလုံးက အသိပညာထက်မြက်သော သိုင်းသူတော်စင်များဖြစ်ကြလေရာ ရွှေရောင်မီးအိမ်က အံ့သြဖွယ်ကောင်းပြီး ထူးခြားသောစွမ်းအားများပါဝင်နေသည်ကို အာရုံခံမိကြသည်။
ဟွမ်ကွမ်လီက ရွှေမီးအိမ်ကို လက်ထဲတွင် ကိုင်မြှောက်ထားစဉ် မီးတောက်က တဖြည်းဖြည်း ကျယ်ပြန့်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ သူက လက်ဖဝါးနှစ်ဖက် ယှက်လိုက်သည့်အခါ သူ၏ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်တည့်တည့်သို့ ထိုးဖောက်ဝင်ရောက်သွား၏။
ထိုအလင်းတန်းက အာကာသကိုဖြတ်ကျော်သွားပြီး စကြာဝဠာတစ်နေရာမှ အမည်မသိကမ္ဘာတစ်ခုဆီသို့ ဆက်သွယ်ထားသည့်အလား ဝိညာဉ်စွမ်းအားအလင်းတန်းအလယ်တွင် ရွှေရောင်မီးတောက်က အဆုန်အဆန် စီးဆင်းတောက်လောင်နေသည်။
ဤသည်က ဗလာနယ်လေထုကို ထိုးခွဲသွားခြင်းမျိုးမဟုတ်ဘဲ အခြားသော ကမ္ဘာတစ်ခုဆီသို့ ဦးတည်နေခြင်း ဖြစ်သည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲမျက်ဝန်းများကျဉ်းမြောင်းသွားပြီး မဟာကပ်ဘေးကြီးမတိုင်ခင်က ကောင်းကင်ဘုံနန်းတော်ကို ပြန်လည်သတိရမိသည်။
ထိုစဉ်အချိန်က ကောင်းကင်ဘုံနန်းတော်သည် ကောင်းကင်ကိုးထပ်အထက်တွင် မြင့်မားစွာတည်ရှိနေပြီး စကြာဝဠာတစ်ခုလုံးမှ အသင်္ချေသောသက်ရှိများအားလုံးနှင့် အရာဝတ္ထုများအားလုံးထက် သာလွန်မြင့်မြတ်ပြီး နှိုင်းယှဉ်မရသော အထက်ဘုံတစ်ခုအလား ထက်မှတ်ရသည်။
ဟွမ်ကွမ်လီ၏ ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းတန်းကိုကြည့်ရင်း ရန်ကျောက်ကဲစိတ်ထဲ ခံစားချက်များစွာထွက်ပေါ်လာသည်။
ထိုခဏမှာပင် သူ၏စိတ်အစဉ်သည်လည်း ထူးခြားစွာ ကြည်လင်ပြတ်သားလာ၏။
“အဲဒါက.. ကမ္ဘာများစွာရဲ့အလွန်က အထက်ဘုံကမ္ဘာ ဖြစ်နိုင်မလား”
ဟွမ်ကွမ်လီနှင့် နေသူတော်စင်ဂိုဏ်းသည် ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာသို့ တက်လှမ်းနိုင်သော အထူးနည်းလမ်းကို ပိုင်ဆိုင်ထားပါသလား။
အချိန်အတန်ကြာ အာရုံခံကြည့်ပြီးသည့်နောက် ထိုအချက် မဖြစ်နိုင်ကြောင်း ရန်ကျောက်ကဲ သိလိုက်သည်။
ဝိညာဉ်အလင်းတန်းက ကောင်းကင်ကိုးထပ်အထက် အမည်မသိကမ္ဘာတစ်ခုဆီသို့ ဦးတည်နေသော်လည်း ဤသည်က ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာသို့ ခြေလှမ်းနိုင်သော လမ်းကြောင်းမဟုတ်ပေ။ ထိုနေရာမှ လျှို့ဝှက်စွမ်းအားအချို့ကို ခဏမျှဆွဲငင်နိုင်ခြင်းသာ ဖြစ်သည်။
သူတို့အားလုံး ခေါင်းမော့ကြည့်လိုက်တော့ အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် ထိုအမည်မသိလျှို့ဝှက်ကမ္ဘာ ဆုံတွေ့ရာနေရာတွင် မထင်မရှားပုံရိပ်တစ်ခုကိုတွေ့ရသည်။
ထိုသူက တင်ပျဉ်ခွေထိုင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး အလင်းရောင်များ တောက်ပနေသည်။ အလင်းရောင်ကြောင့် ထိုသူ မည်သူဖြစ်ကြောင်း တိတိပပ မသိမြင်နိုင်ပေ။
ဟွမ်ကွမ်လီက လက်တစ်ဖက်ဖြင့် သူ၏မျက်ခုံးနှစ်ခုကြားနေရာကို ထိုးညွှန်ရင်း ကျန်လက်တစ်ဖက်ကို ဆန့်တန်းကာ ရန်တိနှင့် အခြားသူများကို ထိုးညွှန်လိုက်သည်။ ထို့နောက် သူ့အသွင်အပြင်က ထိုက်ယီချိုးဖျက်အစီအရင်အတွင်းမှ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး အစီအရင်၏ လွှမ်းမိုးမှုနှင့် ဆွဲငင်မှုအောက်မှ လွတ်မြောက်သွားသည်။
သို့သော် မူလက ဟွမ်ကွမ်လီ မတ်တတ်ရပ်နေသောနေရာတွင် သူနှင့်ထပ်တူကျသည့် ရွှေရောင်ပုံရိပ်တစ်ခု မတ်တတ်ရပ်လျှက်သား ရှိနေ၏။ ထိုရွှေရောင်ပုံရိပ်က ထိုက်ယီချိုးဖျက်အစီအရင်ကို ထိန်းသိမ်းသည့်နေရာတွင် နေရာယူထားပြီး သူ့ခန္ဓာကိုယ်ထက်မှ များပြားစွာသော ရွှေရောင်အလင်းကြိုးမျှင်များ ပျံသန်းထွက်ပေါ်လာသည်။
ထို ရွှေရောင်ကြိုးမျှင်များက ထိုက်ယီချိုးဖျက်အစီအရင်ဖြင့် ဖန်ဆင်းထားသော အဖြူရောင်အလင်းကမ္ဘာကြီးအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်သွားပြီး အဖြူရောင်အလင်းတန်းများဖြင့် ချည်နှောင်လိုက်သည်။ ဟွမ်ကွမ်လီ စိတ်စွမ်းအားထုတ်ဖော်လိုက်သည်နှင့် ရွှေရောင်ကြိုးမျှင်များက အဖြူရောင်အလင်းကမ္ဘာအား ဟေိုချက်သို့ဆွဲယူလိုက်ရာ အစီအရင်တစ်ခုလုံး ပြိုကျတော့မည့်အလား လှုပ်ခါသွားသည်။
ထိုက်ယီချိုးဖျက်အစီအရင်က အလုပ်လုပ်နေဆဲ ဖြစ်သော်လည်း အဖြူရောင်အလင်းကမ္ဘာကြီးကတော့ ပြိုကျလုနီးပါး ဖြစ်သွားသည်။ ကြီးမားသော စိတ်စွမ်းအားတစ်ခုက ရန်တိ ၊ အဘိုးအို’မော့’ ၊ စုန့်ဝူလျန်နှင့် ဟွမ်ကွမ်လီနေရာတွင်ရှိနေသော ရွှေရောင်ပုံရိပ်ထက်သို့ ဖိနှိပ်ကျဆင်းလာသည်။
ထိုက်ယီချိုးဖျက်အစီအရင်ကြီးသည် အောက်ဘက်ရှိ မီးတောက်မိစ္ဆာများနှင့် ထိပ်တိုက်ရင်ဆိုင်ရန် စွမ်းအားအပြည့်အသုံးပြုထားသည့်အတွက် အစီအရင်အတွင်းပိုင်း ပြောင်းလဲမှုများကို ထိန်းချုပ်ရန် ခက်ခဲစေသည်။
အဘိုးအို’မော့’ က မျက်မှောင်ကြုတ်ရင်း...
“ဒါက ဘာအဓိပ္ပါယ်လဲ အရှေ့အရပ်ကထွက်သောနေသူတော်စင် ၊ ပြင်ပရန်သူတွေကို မတိုက်ထုတ်နိုင်ခင် ငါတို့တွေ စည်းစည်းလုံးလုံးနဲ့ လက်တွဲတိုက်ခိုက်တာ ယုတ္တိကျတယ်မဟုတ်လား ၊ မီးတောက်မိစ္ဆာတွေကို မသုတ်သင်ရသေးခင် မင်းကငါတို့ကို ဓားနဲ့ထိုးတယ်ဆိုတာ အချိန်မစောလွန်းဘူးလား ၊ ဘာလဲ... မီးတောက်မိစ္ဆာတွေရှေ့မှာ ဟာသတစ်ခု လုပ်ပြတာလား”
စုန့်ဝူလျန်က ကျောက်စိမ်းပင်လယ်နတ်ဆေးဓားကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း အေးစက်စွာ အော်ဟစ်လိုက်သည်။
“နေသူတော်စင်ဂိုဏ်း... ၊ မင်းတို့ရဲ့ သောက်ကျင့်ယုတ်တတ်တဲ့ သဘာဝက မပြောင်းလဲနိုင်ဘူးပဲ ၊ အရမ်း စက်ဆုပ်ဖို့ကောင်းတယ်”
ဟွမ်ကွမ်လီက ဒေါသထွက်နေသည့် စုန့်ဝူလျန်ကို အရေးမစိုက်ဘဲ အဘိုးအို’မော့’ ကို ကြည့်လိုက်သည်။
“စိတ်မပူပါနဲ့ အကြီးအကဲ’မော့’ ၊ ဒီအစီအရင်ကြီးက ဆက်လှည့်ပတ်နေပြီး မီးတောက်မိစ္ဆာတွေကို တိုက်ခိုက်နေမှာပါ ၊ အားလုံးက စီစဉ်ထားတဲ့အတိုင်းသွားမှာပါ ၊ မတူတာတစ်ခုကတော့ ငါက မင်းတို့ (၃)ယောက်နဲ့ အဖော်ပြုမပေးနိုင်တာပါပဲ”
သူက ဆက်ပြောသည်။
“မင်းတို့သုံးယောက်ကတော့ ဒီစွန့်စားခန်းကြီးကို လက်လွှတ်နိုင်မယ် မထင်ဘူး ၊ ဒီတော့ ငါတို့သွားမယ့်လမ်း မတူညီတာ မဆန်းပါဘူး ၊ ဒီ အစီအရင်ပြိုကျသွားတာနဲ့ အစီအရင်စွမ်းအားတွေအားလုံး သိပ်သည်းသွားပြီး မင်းတို့တွေ ဘယ်သူမှ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး”
စုန့်ဝူလျန်က ဒေါသတကြီးဖြင့်...
“အေးပေါ့... အဲဒီလိုဖြစ်ရင် ငါတို့အားလုံး သေကုန်မှာပေါ့ ၊ အဘိုးကြီး’ဟွမ်’ ... ငါတို့မရှိဘဲ မီးတောက်မိစ္ဆာတွေကို မင်းတစ်ယောက်တည်း ဘယ်လိုရင်ဆိုင်မလဲဆို ကြည့်တာပေါ့”
သူက ဆက်ပြောသည်။
“မင်း ဒီလိုအလုပ်မျိုး လုပ်ရဲတယ်ဆိုရင် တန်ပြန်ခံရမှာကိုလည်း ထည့်တွက်သင့်တယ်”
ဟွမ်ကွမ်လီက စုန့်ဝူလျန်ကို လှည့်ကြည့်ရင်း...
“မင်း ဒီလိုတွေးတာ သဘာဝကျပါတယ် ၊ ဒါပေမဲ့ အသုံးမဝင်ဘူး”
သူက ဆက်ပြောသည်။
“ဒီလောကကြီးမှာ မင်း နားမလည်တာတွေ အများကြီးရှိတယ် ၊ ငါတို့နေသူတော်စင်ဂိုဏ်းအတွက် မီးတောက်မိစ္ဆာတွေကို ရင်ဆိုင်တာပဲဖြစ်ဖြစ် ၊ ငရဲကိုးထပ်ကို ရင်ဆိုင်တာပဲဖြစ်ဖြစ် မင်းတို့နဲ့ အမြင်မတူဘူး”
ဟွမ်ကွမ်လီက ထီမထင်သည့်မျက်နှာထားဖြင့်...
“မင်းတို့တွေအတွက် ငရဲကိုးထပ်နဲ့ မီးတောက်မိစ္ဆာတွေက အသက်အန္တရယ်ရှိတဲ့ ခြိမ်းခြောက်မှုတစ်ခုပဲ ၊ ဒါပေမဲ့ ငါတို့နေသူတော်စင်ဂိုဏ်းအတွက်တော့ အဲဒါတွေက စမ်းသပ်မှုပဲဖြစ်တယ် ၊ စမ်းသပ်မှုမအောင်မြင်ရင် ရင်ဆိုင်ရမယ့် နောက်ဆက်တွဲပြဿနာတွေက ဆိုးရွားနိုင်ပေမယ့် ငါတို့တွေအားလုံး မျိုးသုဉ်းပျောက်ကွယ်သွားမှာတော့ မဟုတ်ဘူး ၊ ဆိုတော့... ဒီအဘိုးကြီးက ဘာလို့ မစွန့်စားရဲရမှာလဲ”
“ငါတို့တွေ အမြင်မတူကြတဲ့အတွက် ကိစ္စရပ်တွေကို သုံးသပ်ဆုံးဖြတ်တဲ့နေရာမှာ ရှုထောင့်တူညီမှာ မဟုတ်ဘူး ၊ ဒီအဘိုးကြီးအတွက်တော့ ငရဲကိုးထပ် ဒါမှမဟုတ် မီးတောက်မိစ္ဆာတွေရဲ့ ကျူးကျော်မှုက အကျပ်အတည်းဆိုတာထက် ကံကောင်းခြင်းလို့ ပြောရင် ပိုမှန်မယ် ၊ ဘယ်သူမဆို ကံကောင်းခြင်းကိုတွေ့ရင် ဆုပ်ကိုင်ထားကြမှာ ဓမ္မတာပဲလေ”
“အခုလို အဖြစ်အပျက်မျိုးပေါ့ကွာ...”
စကားဆုံးသွားသည်နှင့် ဟွမ်ကွမ်လီက သူ၏လက်ဖဝါးများကို မြှောက်လိုက်ရာ အရှေ့အရပ်မှ နေမင်းကြီးမြင့်တက်လာသည့်အလား ရွှေရောင်အလင်းတန်းများကျယ်ပြန့်လာပြီး စုန့်ဝူလျန် ဦးခေါင်းထက်ရှိ လေထုကို လွှမ်းခြုံသွားသည်။
“ပြီးတော့ ဒီအဘိုးကြီး အစီအရင်ထဲ ဘာလို့ဝင်ခဲ့ရသလဲဆိုတာ မင်းတို့ တွေးနေကြမှာပဲ ၊ အဲဒါကတော့ တိုက်ပွဲအခြေအနေကို သုံးသပ်ဖို့ပေါ့ကွာ ၊ တကယ်လို့ တိုက်ပွဲထဲက ထွက်သွားချင်တယ်ဆိုရင်လည်း ဘယ်လိုပဲဖြစ်ဖြစ် မီးတောက်မိစ္ဆာတွေကိုတိုက်ခိုက်ဖို့က အာရုံစိုက်ရမှာပဲလေ”
သူက ဆက်ပြောသည်။
“အဲဒါတွေက ဒီအဘိုးကြီးအတွက် သေရေးရှင်ရေးမဟုတ်ပေမယ့် မီးတောက်မိစ္ဆာတွေ အရမ်းဒုက္ခပေးလာပြန်ရင်လည်း အဆင်မပြေနိုင်ဘူးလေ”
အဘိုးအို’မော့’ က စကားမပြောဘဲ မျက်မှောင်ကြုတ်လိုက်စဉ် စုန့်ဝူလျန်ကတော့ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲနေသည်။
ရန်ကျောက်ကဲနှင့် ရန်တိကတော့ ခေါင်းကိုမော့ပြီး ဝိညာဉ်စွမ်းအားအလင်းတန်းနှင့် ဆက်သွယ်ထားသော ကောင်းကင်ထက်မှ အမည်မသိကမ္ဘာဆီသို့ လှမ်းကြည့်နေကြ၏။
“ကြယ်တာရာချီစွမ်းအားအနှစ်သာရ ကြိုးမျှင်တစ်ခုက အစွန်းရောက်ရှစ်ပါးကမ္ဘာကို ဦးတည်ရောက်လာနိုင်တယ်ဆိုရင် အဲဒီမှာ ထောက်ပံ့ပေးတဲ့သူရှိရမယ် ၊ ဆိုလိုတာက အထက်ဘုံကမ္ဘာမှာ ကျောထောက်နောက်ခံတစ်ခု ရှိနေမယ်ဆိုတဲ့ အဓိပ္ပါယ်လား”
ကမ္ဘာနှစ်ခုကြားမှ တင်ပျဉ်ခွေထိုင်နေသောပုံရိပ်ကိုကြည့်ရင်း ရန်ကျောက်ကဲ တဖြည်းဖြည်း အခြေအနေကို နားလည်လာသည်။
“ကြည့်ရတာ ခရမ်းရောင်နေသူတော်စင်’ကျန်းချောင်’ ပဲ ဖြစ်ရမယ်”
“သိုင်းသူတော်စင်တတိယအဆင့် အထွတ်ထိပ်မှာ ပိတ်မိနေပြီး အထက်လည်းမတက်နိုင် အောက်လည်းမဆင်းနိုင် ဖြစ်နေပုံရတယ် ၊ ဒီတော့ အထက်ဘုံကမ္ဘာကို မသွားနိုင်ဘဲ အထက်ဘုံကမ္ဘာနဲ့ဆက်သွယ်နိုင်တဲ့ အရာတစ်ခုလိုမျိုး ဖြစ်လာတယ် ၊ သူ့ကို သတင်းပေးသူလို့ပြောရင် ပိုမှန်နိုင်တယ်”
အတွေးများအဆုံးသတ်သွားသည်နှင့် ရန်ကျောက်ကဲက ဟွမ်ကွမ်လီကို ကြည့်ရင်း...
“မင်းနဲ့ အဲဒီနေရာကပုဂ္ဂိုလ်ရဲ့ ဆက်ဆံရေးက သိပ်ပြီးမခိုင်မာဘူး ၊ အဟက်... ကြည့်ရတာ အဲဒီလူက မင်း တကယ်ပဲ အသုံးကျမကျ ချိန်ဆနေတာ ဖြစ်ရမယ် ၊ မင်းအနေနဲ့ အသုံးကျတယ်ဆိုတာကို သက်သေပြဖို့လိုအပ်တယ် မဟုတ်လား ၊ ပြောပါဦး... မင်းက ဘယ်လိုလုပ်ရပ်နဲ့ သက်သေပြရမှာတဲ့လဲ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာကို သိမ်းပိုက်အုပ်စိုးပြီးတော့လား ၊ ဒါမှမဟုတ် ငရဲကိုးထပ်နဲ့ မီးတောက်မိစ္ဆာကမ္ဘာတွေကြောင့် ဖြစ်ရတဲ့ မငြိမ်သက်မှုတွေကို ငြိမ်သက်စေရမှာလား”