အစီအရင်ရဲ့တစ်စိတ်တစ်ပိုင်းကို မင်းကိုထိန်းချုပ်ခွင့်ပေးကတည်းက မင်းပြဿနာရှာရင် ဖြေရှင်းမယ့် နည်းလမ်းရှိနေလို့ပဲ
Vol. 35 Ch. 492
အခန်း (၄၉၂) အစီအရင်ရဲ့တစ်စိတ်တစ်ပိုင်းကို မင်းကိုထိန်းချုပ်ခွင့်ပေးကတည်းက မင်းပြဿနာရှာရင် ဖြေရှင်းမယ့် နည်းလမ်းရှိနေလို့ပဲ
ဟွမ်ကွမ်လီကိုကြည့်ရင်း ရန်ကျောက်ကဲနှုတ်ခမ်းများတွန့်ကွေးသွားပြီး...
“မင်း ရှာဖွေနေတဲ့ အထက်ဘုံကမ္ဘာဆိုတာက... သူတို့မျက်လုံးထဲမှာ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ယာယီစခန်းတစ်ခုလောက်ပဲ သဘောထားတာ ၊ သူတို့လိုအပ်တာက သူတို့နဲ့ ဆက်သွယ်ပြောဆိုနိုင်ပြီး နာခံမှုရှိရှိနဲ့ အစွန်းရောက်ရှစ်ပါးကမ္ဘာကို စောင့်ရှောက်ပေးနိုင်တဲ့လူတစ်ယောက်ပဲ”
သူက ဆက်ပြောသည်။
“မင်းတို့ နေသူတော်စင်ဂိုဏ်းက သူတို့နဲ့ ထိတွေ့ဆက်သွယ်နိုင်သလို ဦးဆောင်နိုင်စွမ်းလည်းရှိမယ်ဆိုရင် သူတို့က မင်းကို မျက်နှာသာပေးမှာဖြစ်သလို အကျိုးအမြတ်တွေလည်း ပေးလိမ့်မယ် ၊ ဒါပေမဲ့ မင်းက တစ်စက်လေးမှ အသုံးမကျဘဲ ဘယ်လိုမှလည်း မတိုးတက်နိုင်တဲ့သူဆိုရင်တော့ သူတို့က အခြားတစ်ယောက်ကို ရှာဖွေမှာပဲ”
“အဆုံးသတ်နိဂုံးချုပ်ရရင်... သူတို့အတွက် ဘယ်သူဘယ်ဝါက ဆိုတာက အရေးမကြီးဘူး ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ သူတို့အတွက် အကျိုးစီးပွားကို အာမခံပေးနိုင်တဲ့သူ ဖြစ်ဖို့ပဲလို့တယ် ၊ ထားပါတော့... သူစိမ်းထက်ဆာရင် လူရင်းကတော့ ပိုကောင်းတာပေါ့လေ ၊ ဒီတော့ အရည်အချင်းတူနေတယ်ဆိုရင်တော့ ခရမ်းရောင်နေသူတော်စင်က တခြားသူထက်ဆာရင် မင်းကိုပိုပြီး သဘောကျမှာပေါ့”
“ဒါပေမဲ့ မင်းအနေနဲ့ အဲဒီကလူတွေသဘောကျအောင် မင်းကိုယ်မင်း အသုံးကျကြောင်း ၊ ထိုက်တန်ကြောင်း သက်သေပြဖို့ လိုအပ်တယ်”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ကာ ပြုံးရင်း...
“ဘယ်လိုလဲ... ငါ့ ခန့်မှန်းချက်တွေက အကုန်မမှန်နိုင်ပေမယ့် အထိုက်အလျောက်တော့မှန်တယ် မဟုတ်လား”
ရန်ကျောက်ကဲက ကမ္ဘာများစွာအလွန်မှ အထက်ဘုံကမ္ဘာအကြောင်း ပြောလာသည့်အခါ ဟွမ်ကွမ်လီ မျက်နှာပျက်သွားသည်။
“မင်းကလည်း ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာအကြောင်းသိနေတာလား”
သို့သော် သူ့မျက်နှာအမူအရာက ချက်ချင်းပုံမှန်ပြန်ဖြစ်သွားပြီး ရန်ကျောက်ကဲနှင့် ရန်တိကို မထီမဲ့မြင်ဟန်ဖြင့်...
“မင်းတို့သားအဖက တကယ့်ကို ပါရမီရှင်တွေပါပဲ”
သူက ဆက်ပြောသည်။
“ဒီတစ်ခေါက် မီးတောက်မိစ္ဆာတွေနဲ့ ငရဲကိုးထပ်ကို တိုက်ခိုက်တာက ငါ့အတွက် ကြီးမားတဲ့ကံကြမ္မာတစ်ခုဖြစ်မယ်လို့ ထင်ခဲ့တယ် ၊ ဒါပေမဲ့ မင်းဆိုတဲ့ ‘ရန်တိ’ က မထင်မှတ်ဘဲသိုင်းသူတော်စင်အဆင့်ရောက်လာပြီး ဒီလိုအစွမ်းထက်တဲ့ တိုက်ပွဲအစီအရင်တစ်ခု ထုတ်ဖော်ပြသလိုက်တယ် ၊ ဒီတော့ ဒီအဘိုးကြီးအတွက် နောက်ဆုံးစမ်းသပ်ခံရခြင်းလို့ ယူဆခဲ့တာက အလကားဖြစ်သွားပြီ”
“ဝန်မခံချင်ပေမယ့်... ဒီတစ်ခေါက် မီးတောက်မိစ္ဆာတွေနဲ့အတူ မင်းတို့သားအဖကိုပါ ရှင်းမပစ်ဘူးဆိုရင် ငါတို့ နေသူတော်စင်ဂိုဏ်းအတွက် အတော်လေး အန္တရယ်များတယ်”
ဟွမ်ကွမ်လီ၏အကြည့်က ရန်ကျောက်ကဲထံ ကျရောက်သွားပြီး...
“အနာဂတ်မှာ အဆုံးမဲ့ဒုက္ခတွေ မကြုံရဖို့ မင်းကို အရင်ရှင်းပစ်ရမယ် ၊ အဟက်... မင်းက ရန်တိထက်တောင် ကျင့်ကြံခြင်းအဆင့်တက်တာ မြန်သေးတယ် ၊ ပြီးတော့ ငါတို့ နေသူတော်စင်ဂိုဏ်းကို ထိခိုက်စေတဲ့အရာတိုင်းရဲ့ နောက်ကွယ်မှာ မင်း အမြဲတမ်းရှိနေတယ် ၊ မင်းကို အသက်ရှင်ရက်ထားလို့ မဖြစ်ဘူး”
ပြောပြီးသည်နှင့် ဟွမ်ကွမ်လီက လက်ဝါးတစ်ဖက်ကိုမြှောက်လိုက်ရာ ရွှေရောင်အလင်းတန်းများက ကောင်းကင်ထက်လွှမ်းခြုံသွားပြီး ရန်ကျောက်ကဲကို ဖုံးအုပ်သွားသည်။
ရန်ကျောက်ကဲက မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်အေးဆေးစွာဖြင့်...
“ဟွမ်ကွမ်လီ ၊ မင်းက သိုင်းသူတော်စင် ဒုတိယအဆင့်ဖြစ်လို့ ကျင့်ကြံခြင်းအဆင့် အရမ်းမြင့်မားသလို သိုင်းတာအိုနဲ့ပတ်သက်လို့လည်း ထိုးထွင်းသိမြင်နိုင်စွမ်း အများကြီးရှိပါတယ် ၊ ဒါပေမဲ့... ထိုက်ယီချိုးဖျက်အစီအရင်ကိုတော့ မင်း လွယ်လွယ်နဲ့ နားလည်နိုင်မယ်များ ထင်နေသလား”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ရယ်မောရင်း...
“အစီအရင်ရဲ့ တစ်စိတ်တစ်ပိုင်းကို မင်းကို ထိန်းချုပ်ခွင့်ပေးကတည်းက မင်း ပြဿနာရှာရင် ဖြေရှင်းမယ့် နည်းလမ်းရှိနေလို့ပဲဆိုတာ မင်း နားမလည်ဘူးလား”
သူ့စကားမဆုံးခင်မှာပင် ထိုက်ယီချိုးဖျက်အစီအရင်က ပြင်းထန်စွာတုန်လှုပ်သွားပြီး ဟွမ်ကွမ်လီနေရာတွင်ရှိနေသော ရွှေရောင်ပုံရိပ်ကို အဖြူရောင်အလင်းတန်းများက လောင်းကျွမ်းဝါးမျိုသွားသည်။ မူလက ရွှေရောင်ပုံရိပ်သည် ယခုတော့ အဖြူရောင်ပြောင်းလဲသွား၏။
ရန်ကျောက်ကဲ၏ တည်ငြိမ်သော အမူအရာကို မြင်လိုက်ရတော့ ဟွမ်ကွမ်လီနှလုံးသားထဲတွင် ပြင်းထန်သော စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသည်။
သို့သော် သူ ဘာမှမလှုပ်ရှားနိုင်ခင်မှာပင် အဖြူရောင်အလင်းလွှာတစ်ခုက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကြောင်း တွေ့လိုက်ရသည်။ ဟွမ်ကွမ်လီက ထိုက်ယီချိုးဖျက်အစီအရင်အတွင်းမှ အတင်းအကျပ်ရုန်းထွက်ပြီး လွတ်မြောက်ရန် ကြိုးစားသည်။
သို့သော် အဖြူရောင်အလင်းတန်းများက တောက်ပသွားပြီး သူ့ခန္ဓာကိုယ်က တုန်လှုပ်ဖွယ်ရာ အစီအရင်ဗဟိုချက်ဆီသို့ ပြန်လည်ဆွဲယူ ခံလိုက်ရ၏။ အဖြူရောင်အလင်းလွှာက ဟွမ်ကွမ်လီ၏ ရွှေရောင်ပုံရိပ်နှင့် ပေါင်းစပ်သွားပြီး များပြားလှစွာသော အဖြူရောင်ကြိုးများက သူ့ကိုဆွဲခေါ်သွားပြီး အဖြူရောင်အလင်းကမ္ဘာအောက်မှ ကမ္ဘာဖြတ်လမ်းကြောင်းအလယ်ဗဟိုသို့ ဆွဲချသွားသည်။
ဟွမ်ကွမ်လီ ဒေါသတကြီးကြုံးဝါးရင်း သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းကြိုးမျှင်များ ထွက်ပေါ်လာအောင် ကြိုးစားလိုက်သော်လည်း ကြီးမားသောအစီအရင်အောက်တွင် ရွှေရောင်အလင်းတန်းများအားလုံးက အဖြူရောင်အဖြစ် ပြောင်းလဲသွားပြီး အစီအရင်၏ စွမ်းအားအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
ရန်တိက အဖြစ်အပျက်များကို တည်ငြိမ်စွာကြည့်ရင်း သိမ်မွေ့သည့်လေသံဖြင့်...
“ဟွမ်ကွမ်လီ... ဒီ အစီအရင်ရဲ့ ဦးဆောင်သူက ငါဆိုတာ မမေ့ပါနဲ့”
ဟွမ်ကွမ်လီကိုကြည့်ရင်း ရန်ကျောက်ကဲက အေးစက်စွာပြုံးလိုက်သည်။
“ကိစ္စတွေပြီးမှ ငါတို့ကြားက ရှင်းစရာရှိတာတွေ ရှင်းကြတာပေါ့ , အခုတော့ မီးတောက်မိစ္ဆာတွေကို တိုက်ခိုက်ဖို့ ငါတို့စကားနားထောင်ပြီး သေသေချာချာ အာရုံစိုက်ပါ”
ဟွမ်ကွမ်လီသည် ရန်ကျောက်ကဲကို အရိုးထဲထိမုန်းတီးသောအကြည့်ဖြင့် နက်ရှိုင်းစွာ စူးစိုက်ကြည့်နေခဲ့သည်။
အဘိုးအို’မော့’ နှင့် စုန့်ဝူလျန်တို့ကတော့ စိတ်ရှုတ်ထွေးနေဟန် ရှိသည်။ အဘိုးအိုမော့သည် အတွေးလွန်နေဟန်ရှိပြီး စုန့်ဝူလျန်မှာတော့ အတွေးပေါင်းများစွာ ပြေးလွှားသွားသည့်အလား သူ့မျက်နှာအမူအရာက အမျိုးမျိုး ပြောင်းလဲသွား၏။
စုန့်ဝူလျန်က ထူးဆန်းသည့် မျက်နှာအမူအရာဖြင့်...
“’ဟွမ်’ မျိုးရိုးစကားအရဆိုရင် ငရဲကိုးထပ်နဲ့ မီးတောက်မိစ္ဆာကမ္ဘာက ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာကိုဖျက်ဆီးမှာကို အထက်ဘုံကမ္ဘာက ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူးမလား ၊ တကယ်လို့ ငါတို့ ဘယ်လိုမှ မတတ်နိုင်တဲ့ အခြေအနေရောက်လာရင် သူတို့က ဝင်ကူညီဖို့ လှုပ်ရှားကြမယ်မလား”
ဟွမ်ကွမ်လီက ပါးစပ်ပိတ်နေသည်။
စုန့်ဝူလျန်က ခြောက်ကပ်သည့်လေသံဖြင့်...
“ဒါဆို... သူတို့ ဘယ်အချိန်မှာ ဘယ်လိုလှုပ်ရှားမလဲဆိုတာ မသိရဘဲ... ငါတို့ စွန့်လွှတ်အနစ်နာခံ တိုက်ခိုက်နေတာတွေက ဘာအဓိပ္ပါယ်ရှိတော့မှာလဲ”
ရန်ကျောက်ကဲက သိမ်မွေ့သောလေသံဖြင့်...
“အဓိပ္ပါယ်ရှိပါတယ် ၊ ငရဲကိုးထပ်နဲ့ မီးတောက်မိစ္ဆာတွေ ဒီကမ္ဘာကို မဖျက်ဆီးနိုင်အောင် အထက်ဘုံကမ္ဘာက အရေးစိုက်ပေးနေတယ်ဆိုပေမယ့်... ကျွန်တော်တို့ ဘယ်လိုမှ တောင့်မခံနိုင်တော့တဲ့ နောက်ဆုံးအချိန်မှ ရောက်လာကြမှာလေ ၊ အဲဒီအချိန် အတောအတွင်းမှာ လူတွေဘယ်လောက်များများ သေကုန်မလဲ ၊ ဘာတွေပျက်ဆီးကုန်မလဲဆိုတာ သူတို့က အရေးစိုက်ကြမှာ မဟုတ်ဘူး”
“နောက်တစ်ချက်က ခရမ်းရောင်နေသူတော်စင်က သူ့ရဲ့အဆက်အနွယ်ဖြစ်တဲ့ နေသူတော်စင်ဂိုဏ်းကို ကူညီမယ်ဆိုဦးတော့ တခြားသူတွေကိုတော့ ကူညီပေးမှာမဟုတ်ဘူး”
“ပြီးတော့ ဒီလိုတိုက်ပွဲတွေကတစ်ဆင့် အထက်ဘုံကမ္ဘာက အရည်အချင်းရှိတဲ့သူတွေကို လိုချင်တာလည်း ဖြစ်နိုင်တယ် ၊ အဲဒီလိုလူတွေကို တပည့်အဖြစ်လက်ခံပြီး သူတို့အတွက် အင်အားဖြည့်တင်းချင်တယ် ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာက အလားအလာနဲ့ စွမ်းအားမြင့်မားတဲ့ သိုင်းသူတော်စင် တတိယအဆင့်ကျင့်ကြံသူတွေကို သူတို့နဲ့ဆက်သွယ်ခိုင်းပြီး အထက်ဘုံကမ္ဘာစွမ်းအားတိုးတက်အောင် လုပ်ဆောင်ချင်တာမျိုးပေါ့”
“ဒါပေမဲ့... ဒီလိုအဆင့်ရောက်ဖို့က လူနည်းစုပဲ ရှိတာလေ ၊ ဆိုတော့ ... တိုက်ပွဲကြားမှာ ကျွန်တော်တို့ မဆုံးရှုံးချင်တဲ့သူတွေ အများကြီးရှိတယ် မဟုတ်လား ၊ သူတို့အတွက် ကျွန်တော်တို့ တိုက်ခိုက်ကြရမှာပေါ့”
ထိုစကားကိုကြားတော့ စုန့်ဝူလျန် ငြိမ်သက်စွာ ခေါင်းညိတ်လိုက်သည်။
မြေကမ္ဘာနယ်မြေနှင့် အရှေ့ပင်လယ်ကြားတွင် တည်ရှိသော ကျောက်စိမ်းပင်လယ်မြို့တော်သည် အမြဲတမ်း ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သူတို့ မဆုံးရှုံးချင်သောအရာများစွာ တိုက်ပွဲကြားတွင် ဆုံးရှုံးခဲ့ရသည်။
အထက်ဘုံကမ္ဘာအကြောင်း ကြားသိရပြီးနောက် ဖြစ်ပေါ်လာသောတုန်လှုပ်မှုများ ငြိမ်သက်သွားသည့်အခါ စုန့်ဝူလျန် ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွား၏။ ဤ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အသက်ရှင်နေထိုင်သရွေ့ ကိုယ့်ကိုယ်ကိုယ် အားကိုးရမည်ဟု သဘာဝကျကျ တွေးတောနိုင်ခဲ့သည်။
သိုင်းသူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်သည် အမြဲတမ်း ခိုင်မာသောစိတ်ဓာတ်ရှိသည်။ အထက်ဘုံကမ္ဘာဆိုသော သတင်းစကားကြောင့် ခဏမျှ တုန်လှုပ်ချောက်ချာသွားသည်ဆိုဦးတော့ ထိုနေရာကို အားကိုးအားထားပြုမည်ဆိုသော အတွေးမျိုးက ရှားပါးလွန်း၏။
ရန်ကျောက် ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်သည်။
ဟွမ်ကွမ်လီသည် အစီအရင်ထဲသို့ ပြန်ဆွဲခေါ်ခံရပြီး ထိုက်ယီချိုးဖျက်အစီအရင်၏ လုပ်ဆောင်မှုအောက်တွင် ထိန်းချုပ်ခံထားရပြီး ရွှေရောင်မီးအိမ်မှထွက်ပေါ်လာသော စွမ်းအားအငွေ့အသက်များသည်လည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။
ကောင်းကင်ထက်မှ အမည်မသိကမ္ဘာသည်လည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
အရာအားလုံး ပျောက်ကွယ်သွားပြီးနောက်...
ရုတ်တရက် ကောင်းကင်ထက်ဆီသို့ ဝိညာဉ်စွမ်းအားအလင်းတန်းတစ်ခု ထိုးဖောက်ဝင်ရောက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသည်။
ရန်ကျောက်ကဲ မျက်ဝန်းများ တုန်ခါသွားသည်။
ထိုက်ယီချိုးဖျက်အစီအရင် အပြင်ဘက်တွင် စောစောက ရွှေရောင်မီးအိမ်နှင့် ဆင်တူသည့် နောက်ထပ်ရွှေရောင်မီးအိမ်တစ်လုံး ပျံသန်းထွက်ပေါ်လာသည် မဟုတ်ပါလား။ ထိုရွှေရောင်မီးအိမ်သည် ထိုက်ယီချိုးဖျက်အစီအရင်ထဲသို့ ဖြတ်သန်းဝင်ရောက်လာပြီး ဟွမ်ကွမ်လီကို အလင်းရောင်ဖြင့် လွှမ်းခြုံသွားသည်။ ထိုအခါ စောစောကကဲ့သို့ ဝိညာဉ်စွမ်းအားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြန်၏။
၎င်း ဝိညာဉ်စွမ်းအားအလင်းတန်းက ကောင်းကင်ကို နောက်တစ်ကြိမ်ထိုးခွင်းလိုက်ပြီး အမည်မသိကမ္ဘာနှင့်အတူ ကမ္ဘာနှစ်ခုကြားတွင် တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်သည်လည်း ပြန်လည်ထွက်ပေါ်လာသည်။
အလင်းတန်းဖြင့် လွှမ်းခြုံခံထားရသော ဟွမ်ကွမ်လီက ကြုံးဝါးသံတစ်ချက်ပြုရင်း လှုပ်ရှားရန် အသင့်ပြင်လိုက်၏။
သို့သော်....
ဟွမ်ကွမ်လီမှာ သူ၏ဦးခေါင်းထက်မှ လောကတစ်ခုလုံး မှောင်မိုက်သွားသလို ရုတ်တရက် ခံစားလိုက်ရ၏။
“.......”
ခေါင်းမော့ကြည့်လိုက်တော့ ဝိညာဉ်စွမ်းအားအလင်းတန်းနံဘေးတွင် အနက်ရောင်အမွှေးတိုင်အိုးလေးကိုင်လျှက် မတ်တတ်ရပ်နေသည့် ရန်ကျောက်ကဲကို တွေ့ရသည်။ ထိုအမွှေ့တိုင်အိုးလေးက ဝိညာဉ်စွမ်းအားအလင်းတန်းများကို သူ့မျက်စိရှေ့မှာပင် စုပ်ယူပစ်လိုက်လေသည်။
လျှို့ဝှက်ဆန်းကျယ်ပြီး ခမ်းနားသော ဝိညာဉ်စွမ်းအားအလင်းတန်းအားလုံးသည် ပင်လယ်ထဲသို့စီးဝင်သော မြစ်ပေါင်းတစ်ရာပမာ အနက်ရောင်အမွှေးတိုင်အိုးလေးထဲ အလျှင်အမြန် ဝင်ရောက်သွားကြလေတော့၏။
ရန်ကျောက်ကဲက ဟွမ်ကွမ်လီကိုကြည့်ကာ ရယ်မောလိုက်ရင်း...
“မင်းနဲ့ကတော့ မဖြစ်မနေ စာရင်းရှင်းရတော့မယ်နော်... အခုတော့ အေးအေးဆေးဆေး ပြောတဲ့အတိုင်း လုပ်စမ်းပါ”