အခန်း ၁၂၃၇
Vol. 104 Ch. 1237
အခန်း ၁၂၃၇ -
အလိုလိုက်ခံရသည့် သခင်လေးရှန့်မူ။
ဤသည်မှာ ရွှေနတ်ဘုရားကဲ့သို့ စင်ကြယ်သောအဆင်းနှင့် ဘုန်းကြီးဝတ်ရုံကို သပ်ရပ်စွာဝတ်ဆင်ထားသည့် ကျိုးယွင်ပေပင်။
ခြေလှမ်းတိုင်း ခြေဖဝါးအောက်တွင် ကြာပန်းများပွင့်အာလာပြီး ထူးခြားလွန်းသော တာအိုဥပဒေများ ဖြာထွက်နေ၏။
“ အရှက်မရှိတဲ့ ကတုံးကောင်။ ”
နတ်ဘုရားမီးတောက်ဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
တန်ယုယန်နှင့် အဖွဲ့သားများလည်း အံ့အားသင့်သွားကြပြီး မျက်နှာပျက်ယွင်း ကုန်ကြ၏။
ကြာပန်းကျောင်းတိုက်၏ ဤဘုန်းကြီးငယ်သည် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ပါးပေပင်။ သူ့အကြောင်းကို အတွင်းကျကျ သိသူများအတွက် ဤဘုန်းကြီး မည်မျှရက်စက် လွန်းသည်ကို ပြောနိုင်၏။
တိုက်ပွဲများတွင် လက်ထဲရှိ ဆွမ်းသပိတ်ကိုလမ်းဘေးမှ အုတ်ခဲတစ်ခဲကဲ့သို့ အသုံးပြုကာ ရိုက်နှက်တတ်သည်။
ကျိုးယွင်၏ ရုတ်တရက် ပေါ်ပေါက်လာမှုကြောင့် အခြေအနေမှာ လုံးဝ ပြောင်းလဲသွားခဲ့လေသည်။
ကူသွမ့်လျူနှင့် တန်ယုယန်မှာ ချက်ချင်း ခေါင်းကိုက်ကုန်၏။ ဤရတနာကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ရန် မဖြစ်နိုင်ချေ။
“ ဒီဒကာကြီးက ဘုန်းကြီးအပေါ် အထင်လွဲနေပါပြီ အမှောင်ဖုံးနေတဲ့ အမြင်ကို အလင်းပြပါရစေ။ ”
“ ခွပ် ... ။ ”
“ အား ... ။ ”
ကျိုးယွင်က ဆွမ်းသပိတ်ဖြင့် နတ်မီးတောက်ဂိုဏ်းမှ တပည့်ထံသို့ ကောက်ထု ပစ်လိုက်သည်။
ထိုသူတော်စင် အင်မော်တယ်ခမျာ ခွပ်ခနဲခေါင်းကွဲသံနှင့် နာကျင်စွာ အော်ဟစ်ပြီး ယိမ်းယိုင်သွားလေသည်။
ကျိုးယွင်က ဂရုမစိုက်တော့ဘဲ လေထုအလယ် တစ်လှမ်းချင်းလျှောက်လှမ်း လာနေတော့၏။ ထိုစဉ် သူ့အကြည့်များသည် တုန်ယုယန်အဖွဲ့ နောက်ပါ၌ ရပ်နေသော လူရိပ်ထံ အကြည့်များရောက်ရှိသွားချိန်တွင် ချက်ချင်း ရပ်တန့်သွားလေသည်။
ထို့နောက် အလွန်အမင်း ထိတ်လန့် ရှုပ်ထွေးလာသော အသွင်အပြင်ကိုချိုးနှိမ်လျက်၊
“ အကြောင်းနဲ့ အကျိုးက ... ဆက်စပ်နေတယ် ဒီကနေ့ဒီဘုန်းကြီးအတွက် အခွင့်အရေးကိုဆုပ်ကိုင်ဖို့ ကံရှိပုံမရဘူး ...
... ဒါကြောင့် ဒကာနဲ့ ဒကာမတို့ကို မနှောင့်ယှက်တော့ပါဘူး ... နှုတ်ဆက်ပါတယ် ဆက်လုပ်ကြပါ။ ”
စကားဆုံးသည်နှင့် ချက်ချင်း လှည့်ထွက်ပြေးရန် ပြင်တော့၏။ လူတိုင်း မှင်သပ်ကုန်သည်။ ဤဘုန်းကြီးသည် အမှန်ပင် တစ်စုံတစ်ရာကို ကြောက်ရွံ့နေပုံရ၏။
မဟုတ်သော် ဤသို့ ချက်ချင်း လှည့်ပြေးမည်မဟုတ်ချေ။ တန်ယုယန်နှင့် ကူသွမ့်လျူက တစ်စုံတစ်ရာမှားယွင်းနေမှန်း ခံစားမိကာ မျက်ခုံးပင့်လိုက်ကြ၏။
“ ခဏနေပါဦး။ ”
ထိုစဉ် စုရီသည် ပြုံးလျက် တားဆီးလိုက်လေသည်။ ဤသည်မှာ ကျိုးယွင် ကြောက်ရွံ့နေသော အချင်းအရာပေပင်။ လက်ဖျားများ တုန်ခါလျက် အေးခဲသွား၏။
သို့သော် အံ့ဩစရာကောင်းသည်မှာ ထွက်ခွာရန်ပြင်နေသော ကျိုးယွင်သည် လူတိုင်း ကြည့်နေဆဲမှာပင် ဝမ်းသာအားရဟန်ဖြင့် ချက်ချင်းလှည့်ကြည့်လာကာ၊
“ ဟားဟားဟား ... တာအိုရှန့် မင်းလည်း ဒီမှာရှိနေတာကိုး မင်္ဂလာပါ ... ။ ”
-ဟု နှုတ်ဆက်တော့သည်။
လူတိုင်း ဆွံ့အကုန်ကြပြီး စုရီထံလှည့်ကြည့်လိုက်သည်။ သူတို့ကကျိုးယွင် မျက်နှာပေါ်ရှိ ပျော်ရွှင်မှုသည် အစစ်အမှန်ဟု မခံစားရချေ။
အတင်းအကျပ် ပြုံးထားရမှန်း မည်သူမဆိုနားလည်သည်။ ထို့ကြောင့် စုရီထံ လှည့်ကြည့်ကာ နားမလည်ဖြစ်ခြင်းပေပင်။
“ မင်းလည်း ရောက်နေမှတော့ ... ဘာလို့ မိန်းကလေးတန်အတွက် နတ်မီးတောက်ဂိုဏ်း တပည့်တွေကို မဖယ်ရှားပေးရတာလဲ။ ”
စုရီမှ မေးလိုက်သည်။ တန်မိသားစုမှာ လုံးဝတိတ်ဆိတ်သွား၏။ တန်ယုယန်သည်ပင် မျက်လုံးပြူးသွားသည်။ ရှန့်မူသည် ကျိုးယွင်နှင့် သိနေပုံပေပင်။
တစ်ဖက်တွင် နတ်မီးတောက်ဂိုဏ်းမှာ စိုးထိတ်သွား၏။ ဤကတုံးကောင် ရူးသွပ်သော် မည်မျှ ခံပြင်းစရာကောင်းသည်ကို သူတို့ ကြုံဖူးထားသည်။
“ တာအိုရှန့် ... မင်းရဲ့ အကြံဉာဏ်က သင့်တော်ပါတယ် ဒီဘုန်းကြီးက နတ်ဆိုးတွေကို နှိမ်နင်းပြီး တရားမျှတမှုကို ရှာဖွေရပါတယ် ...
... ဒါက ဗုဒ္ဓတပည့်တိုင်းရဲ့တာဝန်ပဲ ဒီကနေ့ငါကျိုးယွင် ဗုဒ္ဓတစ်ပါးလိုအရည်အချင်း မပြည့်ဝသေးပေမယ့် ရွှေမိုးကြိုးခန္ဓာကိုရယူပြီး လောကကြီးကို သန့်စင်ပေးနိုင်ပါတယ်။ ”
“ ဟမ့် ... ကျိုးယွင် ... မင်း ဘာလုပ်ချင်တာလဲ။ ”
ကူသွမ့်လျူက မျက်နှာ သုန်မှုန်သွားသည်။ ကျိုးယွင်မှာမူ ပြန်မဖြေတော့ဘဲ ဆွမ်းသပိတ်နှင့် ကောက်ထုပစ်လိုက၏။
“ မင်း ... ။ ”
“ ဟဲဟဲ ... ဒကာလေး ဒီဘုန်းကြီးက မကောင်းမှုကို ဖယ်ရှားနေတာပဲ လမ်းကနေ ထွက်သွားတာအကောင်းဆုံး ရွေးချယ်မှုပဲ။ ”
“ သေလိုက်စမ်း ကတုံးကောင် ... ။ ”
“ ဘုန်း ... ။ ”
“ အား ... ။ ”
“ ခွပ် ... ။ ”
“ အား ... ။ ”
ကျိုးယွင်၏ တိုက်ခိုက်မှုများမှာ လမ်းဘေးရန်ပွဲတစ်ခုအလား ရက်စက်လွန်းပြီး ကရုဏာလုံးဝမပြချေ။ ဆွမ်းသပိတ်ဖြင့် မြင်မြင်သမျှ ရိုက်နှက်နေချေပြီ။
ရဟန်းတစ်ပါးနှင့် လုံးဝ မတူချေ။ တန်ယုယန်မှ ထိုအခွင့်အရေးကိုလက်လွတ်မခံ လိုသောကြောင့် ချက်ချင်း တိုက်ပွဲထဲ ခုန်ဝင်လိုက်တော့သည်။
“ မင်းတို့နှစ်ယောက် ... ။ ”
နတ်မီးတောက်တပည့်များမှာ ကူညီချင်သော်လည်း ဤအဆင့်တိုက်ပွဲသည် သူတို့တတ်နိုင်စွမ်းထက် ကျော်လွန်နေ၏။
ဝင်ရောက်သွားသော် ဆွမ်းသပိတ်ဖြင့် ခေါင်းရိုက်ခွဲခံရရုံသာရှိသည်။ သို့သော် ရပ်ကြည့် နေပါကလည်း နှစ်ယောက်နှင့် တစ်ယောက် အနိုင်ကျင့်ခံနေရသည် သူတို့ခေါင်းဆောင်ထံမှ အမျက်ရှခြင်းခံရပေမည်။
“ စီနီယာသွမ့်လျူကို ကူညီပါ။ ”
“ သူတို့ကိုတား ... ။ ”
သို့သော် သူတို့လှုပ်ရှားသည်နှင့် တန်မိသားစုဝင်များမှလည်း လှုပ်ရှားဟန့်တား လာတော့သည်။ ထို့ကြောင့် ကူသွမ့်မူကို ကူညီရန် မဖြစ်နိုင်တော့ချေ။
“ တန်ယုယန် ... မင်း ဒီရတနာတွေကို မလိုချင်တော့ဘူးလား မြူထဲကနတ်ဆိုးတွေ တကယ်နိုးထလာလိမ့်မယ်။ ”
ကူသွမ့်လျူသည် နာကျင်မှုကြောင့် သူ့အဖွဲ့သားများကိုအချက်ပြကာ ဝေးရာသို့ ချက်ချင်းဆုတ်ခွာလိုက်သည်။ သို့တိုင် သူ့နဖူး၌ ရောင်ကိုင်းနေသော ရိုက်နှက်ဒဏ်ရာအချို့ ရရှိသွားသေး၏။
“ ရတနာတွေက အဓိကမဟုတ်ဘူး ... နင်တို့ကို မောင်းထုတ်နိုင်ရင် ငါ ကျေနပ်ပြီ။ ”
တန်ယုယန်က နောက်မှ လိုက်လံတိုက်ခိုက်လျက်ဖြင့် ပြန်ဖြေလေသည်။ ကျိုးယွင်မှလည်း ဤအခွင့်အရေးကို လက်လွှတ် မခံချေ။
အဘယ်ကြောင့်ဆိုသော် စုရီသည် မြေပြင်၌ရပ်ကာ ပွဲကြည့်နေသောကြောင့် ဖြစ်၏။
“ ဒကာလေး ခဏရပ်ပါဦး ... ဟမ့် ဘာလို့ထွက်ပြေးရတာလဲ ... ။ ”
ထို့ကြောင့် ဘုန်းကြီးကျိုးယွင်သည် ဟန်ဆောင်ပန်ဆောင်ဖြင့် နောက်မှအော်ဟစ် လိုက်လံဖမ်းဆီးနေရတော့သည်။
“ လုံလောက်ပြီ ... ။ ”
စုရီမှ တားဆီးလိုက်သည်။ သို့မှသာ ကျိုးယွင်တစ်ယောက် စက်ရုပ်တစ်ရုပ်အလား ချက်ချင်းရပ်တန့်လိုက်ပြီး သင်္ကန်းကို သပ်ရပ်အောင် ပြုပြင်တော့၏။
“ အော်မိတော့ဖော ... သာဓု သာဓု သာဓု တာအိုရှန့်က တကယ်ကို ကြင်နာသနားတတ်တဲ့ စိတ်နှလုံးရှိတာပဲ ... ဒီလိုမိစ္ဆာတွေအပေါ် ကြင်နာတတ်တယ် လေးစားပါတယ်။ ”
အဆုံး၌ လေထုအလယ် ပြုံးရွှင်စွာဖြင့် စုရီကိုမြှောက်ပင့်ချီးကျူး၏။ ဤမြင်ကွင်းသည် စုရီအတွက်ပင် ပျို့အန်ချင်စိတ်များ ဝင်ရောက် လာစေသည်။
“ ကောင်းပြီ ... မင်းသွားနိုင်ပြီ။ ”
“ တာအိုရှန့်မှာ အရေးကြီးကိစ္စတွေ ရှိနေမှတော့ ... ဒီသနားစရာကောင်းတဲ့ဘုန်းကြီး နောက်ထပ် တုန့်ဆိုင်းမနေတော့ပါဘူး နှုတ်ဆက်ပါတယ်။ ”
စကားဆုံးသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားတော့၏။ ယင်းသည် အမြီး တန်းအောင်ပြေးနေသည့် ခွေးကလေး အလားပေပင်။
မျက်စိတမှိတ်အတွင်း ပျောက်ကွယ် သွားတော့၏။ တန်မိသားစုဝင်များမှာ စုရီထံ သံသယများဖြင့် ပြန်ကြည့်လာကြသည်။
အမည်ခံအင်မော်တယ် တစ်ပါးသည် ကြာပန်းကျောင်းတိုက်မှ ပါရမီရှင်ကျိုးယွင်ကို မည်သို့ အမိန့်ပေးနိုင်ရသနည်း။
ကျိုးယွင်၏ အမူအရာကို ကြည့်ရုံနှင့် အလွန်ကြောက်ရွံ့နာခံနေရမှန်း သိသာလှသည်။ တန်ယုယန်အတွက်ပင် နားမလည်နိုင်သော ဖြစ်ရပ်ကြီးပေပင်။
“ ရှန့်မူ ... မင်းနဲ့ကျိုးယွင်က သူငယ်ချင်းတွေလား။ ”
“ မဟုတ်ပါဘူး။ ”
တန်ယုယန်ခမျာ ဆွံ့အသွားပြီးနောက် ဆက်မမေးတော့ဘဲ ဝိညာဉ်ချည်နှောင်ကြိုးကို ထုတ်ယူကာ ကြယ်တာရာမူလကျောက်တုံးများ သိမ်းဆည်းတော့သည်။
လူတိုင်းတွင် လျှို့ဝှက်ချက်များ ရှိချေ၏။ ရှန့်မူမှ ပြောပြရန် ဆန္ဒမရှိသော် တတ်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် အရေးသည်ကိုသာ ဆက်လက်လုပ်ဆောင်နေခဲ့သည်။
“ ဒီမှာ မင်းတို့အတွက်။ ”
တန်ယုယန်မှ သူ့အဖွဲ့သားများထံ ကြယ်တာရာမူလကျောက်တုံးအချို့ ခွဲဝေပေး ပြီးနောက် ကျန်ရှိနေသော ကျောက်တုံးများကို ထက်ဝက်ခွဲကာ စုရီထံ ကမ်းပေးလိုက်သည်။
“ ဒါက မင်းအတွက်ပဲ။ ”
စုရီသည် ဤတိုက်ပွဲတွင် ပါဝင်ခြင်းမရှိသော်လည်း ကျိုးယွင်ကိုအသုံးချ၍ ရန်သူများကို မောင်းထုတ်ပေးခဲ့၏။ ထို့ကြောင့် ဤဆုလာဘ်နှင့် ထိုက်တန်ချေပြီ။
“ ဝိုး အများကြီးလား။ ”
စုရီက ပြုံးကာ လက်ခံလိုက်သည်။
“ ငါက ဘယ်တုန်းကမှ မတရားမလုပ်ဘူး ဒါတွေမင်းရထိုက်တာမို့ ဘယ်သူမှကန့်ကွက်မှာ မဟုတ်ဘူး။ ”
တန်ယုယန်မှ ပြောကြားလာ၏။ ကျန်ရှိနေသော တန်မိသားစုဝင်များသည်လည်း တိတ်ဆိတ်စွာသဘောတူခဲ့သည်။
ဤသည်မှာ ကြယ်တာရာမူလကျောက်တုံး (၅၀)နီးပါးပေပင်။ စုရီမှ သိမ်းဆည်းလိုက်ပြီး အဖွဲ့မှာ ခရီးဆက်လာခဲ့ကြသည်။
လမ်းခရီးတလျှောက် လူတိုင်းသည် တိတ်ဆိတ်စွာဖြင့် စုရီအပေါ် အကဲခတ်လာ၏။ သို့တိုင် သူတို့ မမြင်နိုင်သေးချေ။ ပျင်းရိပြီး လူပေါက်ပန်းသခင်လေးတစ်ပါးလိုပေပင်။
လက်နှစ်ဖက်ကို နောက်ပို့ကာ တိုင်းခန်းလှည့်လည်နေသည့် ဘုရင်တစ်ပါး ကဲ့သို့ သက်တောင့်သက်သာ ဖြစ်နေ၏။
“ ဒီရှန်မူက ကျင့်ကြံမှုက နိမ့်ပေမယ့် ... သူ့ရဲ့နောက်ခံက အလွန်မြင့်မားနေရလိမ့်မယ် မဟုတ်ရင် ကျိုးယွင်က သူ့စကားနာခံမှာ မဟုတ်ပါဘူး။ ”
“ ဟုတ်တယ် ... သာမန်လူဆိုရင် ငါတို့ တန်မိသားစုရဲ့ အထူးအဆက်အသွယ်နဲ့ ဒီလိုမျိုး ဝင်လာနိုင်စရာ အကြောင်းမရှိဘူး။ ”
တန်မိသားစုဝင်များက လေသံတိုးတိုးဖြင့် ဆွေးနွေးလာကြ၏။ စုရီမှပြုံးလျက် မကြားဟန် ပြုကာ လိုက်ပါလာခဲ့တော့သည်။
***