အခန်း ၁၂၃၈
Vol. 104 Ch. 1238
အခန်း ၁၂၃၈ -
ထပ်မံ၍ လုယက်ခံရခြင်း ... ။
လဝက်ခန့် ကြာမြင့်ပြီးနောက် ကျယ်ပြောလှသော သွေးရောင်မြစ်ကမ်းဘေး၌ တန်ယုယန်တစ်ယောက် သူမ၏ဒဏ်ရာများကို အလျင်အမြန် ကုသနေသည်။
အခြားသော တန်မိသားစုဝင်များမှလည်း ဒဏ်ရာရရှိခဲ့သော်လည်း သူမကဲ့သို့ပြင်းထန်ခြင်း မရှိကြချေ။
ထိုနေရာတွင် စုရီတစ်ဦးတည်းသာ လုံးဝ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ မြစ်ကမ်းနံဘေးတွင် ရပ်လျက် တဟုန်ထိုး စီးဆင်းနေသော ရေစီးကြောင်းကို ကြည့်ရှုနေခဲ့သည်။
လှိုင်းလုံးကြီးများသည် ကမ်းစပ်သို့ ရိုက်ခတ်ကာ မိုးကြိုးမုန်တိုင်းများအလားပင် တဟုန်ထိုး ဟိန်းဟောက် နေကြ၏။
မြစ်ရေသည် တောက်ပသော ကြက်သွေးရောင်ဖြစ်ပြီး သွေးများ စုပုံနေသည့် အလား မကောင်းဆိုးဝါး အငွေ့အသက်များ ထွက်ပေါ်နေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးကို သွေးနီရောင်မြူထုက ထူထပ်စွာ ဖုံးလွှမ်းထားပြီး မြေပြင်ပေါ်တွင် မြက်ပင်တစ်ပင်မျှ ပေါက်ရောက်ခြင်း မရှိချေ။
စုရီက လက်နှစ်ဖက်နောက်တွင် ပို့ထားလျက် တာအိုဝတ်ရုံမှာလွင့်မျောနေသည်။ ထိုအသွင်ကြောင့် သာလွန်ထူးခြားသည့် ခံစားချက်မျိုးပေးစွမ်းနေသည်။
ထိုအမူအရာကပင် တန်မိသားစုမှ တပည့်များကို မနာလိုဖြစ်စေ၏။ အထူးသဖြင့် လမ်းခရီးတလျှောက်တွင် တစ်ဖက်လူသည် လှုပ်ရှားမှုတစ်ခုပင် မပြုခဲ့ချေ။
သူတို့သည် အင်အားကြီးမားသော ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးများနှင့် တိုက်ခိုက်ခဲ့ရပြီး၊ အခွင့်အရေးများအတွက် အခြားကျင့်ကြံသူများနှင့်လည်း အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည်။
တုယုယန်ကဲ့သို့သော ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ် ဦးဆောင်မှုသည်ပင် အန္တရာယ်များစွာကို ရှောင်ကွင်းနိုင်ခြင်းမရှိချေ။ အသက်ဆုံးရှုံးခြင်းမရှိသော်လည်း ဒဏ်ရာများ ကိုယ်စီရရှိဆဲပေပင်။
ယင်းကြောင့် တစ်ချိန်လုံး လက်နှစ်ဖက်နောက်ပို့ကာ ပေါ့ပေါ့ပါးပါး လိုက်ပါလာသော တစ်ဖက်လူအသွင်သည် သူတို့ကို ဒေါသထွက်စေခြင်းဖြစ်သည်။
သူတို့အားလုံးအမြင်တွင် ဤရှန့်မူသည် အားနည်းသော်လည်း နောက်ခံရှိသူဖြစ်သဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်လျှင်ပင် သည်းခံနိုင်၏။
သို့သော် တန်ယုယန်မှ ရရှိလာသော အကျိုးအမြတ်တိုင်းကို ရှန့်မူနှင့် ထက်ဝက်စီ မျှဝေနေခြင်းမှာ သူတို့ကို အလွန်အမင်း မကျေမနပ် ဖြစ်လာစေခဲ့သည်။
များမကြာမီ စုရီသည် ပျင်းရိလာဟန်ဖြင့် မြစ်ကမ်းမှဆုတ်ခွာလာပြီး ကုလားထိုင်တစ်လုံး ဆွဲထုတ်ကာ လှဲအိပ်သွားတော့၏။
“ ဒီကောင် ... ။ ”
ယင်းက တန်ဟန်ဖန်းနှင့် အခြားသူများအပေါ် ဖုံးကွယ်မထားနိုင်သော ဒေါသများဖြစ်ပေါ်လာစေသည်။
“ နတ်ဆိုးမြစ်ကို ဒီလောက်ကြာကြာ ကြည့်နေတာဆိုတော့ ... သွေးနဂါးနတ်ဆိုးကို သတ်ဖို့ စိတ်ကူးနေတာလား။ ”
ဤသွေးနီရောင်မြစ်ကို သွေးနဂါးမြစ်ဟုခေါ်၏။ မြစ်ကြမ်းပြင်အောက်၌ ပျက်စီးနေသော ရှေးဟောင်းနယ်မြေတစ်ခုရှိပြီး ရတနာများစွာ ရရှိနိုင်မည်။
အထူးသဖြင့် ယင်ကိုးပါးနက်ကျောက်သည် ပြိုင်ဘက်ကင်း အင်မော်တယ်ဘုရင်အဆင့် သဘာဝရတာနာပေပင်။ လက်ရှိ အင်မော်တယ် ဘုရင်များပင် လိုချင်တက်မက်ရသော ရတနာဖြစ်သည်။
သို့သော် ပြဿနာမှာ ထိုနေရာတွင် ပေတစ်ရာခန့်ရှည်လျားကြီးမားသော သွေးနဂါး တစ်ကောင် ပုန်းအောင်းနေခြင်းပေပင်။ သာမန် သူတော်စင်အင်မော်တယ်များမှာ စိတ်ကူးပင် မယဉ်ဝံ့ချေ။
ယခုပင် တန်ယုယန်သည် ထိုနတ်ဆိုးသားရဲကို သုံးကြိမ်မြောတိုက်ခိုက်ခဲ့ သော်လည်း မအောင်မြင်ခဲ့ဘဲ ဒဏ်ရာများသာ ရရှိထားခဲ့သည်။
စုရီက ကြိမ်ကုလားထိုင်တွင် လှဲလျောင်းလျက် တစ်ဖက်လူ၏ လှောင်ပြောင် သရော်စကားများကို လျစ်လျူရှုထားသည်။
တစ်ခါတစ်ရံတွင် ဝိုင်ကိုထုတ်ကာ သက်တောင့်သက်သာအသွင်နှင့် သောက်နေ သဖြင့် လူတိုင်း မနာလိုဖြစ်လာကြ၏။
“ အသင့်ပြင်ထားကြ ... ခဏနေရင် ထပ်ပြီးတိုက်ခိုက်မယ်။ ”
ထိုစဉ် တန်ယုယန်သည် ဒဏ်ရာများ သက်သာလာပြီးမျက်လုံးဖွင့်ကာ အမိန့်ပေး လာတော့သည်။
“ မိန်းကလေးတန် ... ငါတို့ လက်လျှော့သင့်လား။ ”
တန်မိသားစု အဖွဲ့ဝင်တစ်ဦးမှ တွန့်ဆုတ်လာသည်။ သွေးနဂါးသည် ရက်စက် ကြမ်းကြုတ်ကာ လိမ္မာပါးနပ်၏။ သတ်လိုသော် တန်ဖိုးတစ်ခုပေးဆပ်ရနိုင်သည်။
အခြားသူများသည်လည်း သူစကားကို သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်တော့၏။ တိုက်ပွဲသည် အန္တရာယ်များလွန်းချေပြီ။ သို့သော် တန်ယုယန်မှ မျက်မှောင်ကြုတ်ကာ၊
“ ဘာကို ကြောက်နေတာလဲ ... အဲဒီသွေးနဂါးလည်း ဒဏ်ရာရထားတာပဲ အခုက သူ့ကိုအပြတ်ရှင်းဖို့ အကောင်းဆုံးအချိန်ပါ ...
... ဒီအချိန်မှာ ဆုတ်ခွာရင် ငါတို့ရဲ့ ကြိုးပမ်းထားမှုတွေအားလုံး အလဟဿ ဖြစ်ကုန်မှာပေါ့။ ”
-ဟု ငြင်းဆန်လိုက်သည်။ တစ်ဆက်တည်းမှာပင် ပြတ်သားသော အသွင်ဖြင့်၊
“ ငါတို့ ကောင်းကင်ဘုံအမဲလိုက်ပွဲကို ဝင်ရောက်လာတာ တိုက်ပွဲအောင်မြင်မှုတွေနဲ့ ရတနာတွေရဖို့တင် မဟုတ်ဘူး ... ကိုယ့်ရဲ့ ကျင့်ကြံမှုကိုမြှင့်တင်ဖို့လိုတယ် ...
... ဒီလိုအန္တရာယ်လေးကိုတောင် ကြောက်နေရင် တာအိုလမ်းမှာ အဆုံးအထိ လျှောက်လှမ်းပြီး အင်မော်တယ်ဘုရင်အဖြစ် သက်သေပြနိုင်မှာလား။ ”
-ဟု အော်ငေါက်လိုက်၏။ သူမ၏စကားများသည် ပြတ်သားလွန်းသဖြင့် တန်မိသားစုဝင်များမှာ ခေါင်းငုံ့သွားကြသည်။
စုရီက တိတ်တဆိတ် ချီးကျူးမိသည်။ တန်ယုယန်သည် ရှေးဟောင်းတန်မျိုးနွယ်စု၏ အတောက်ပဆုံးသော ပါရမီရှင်ဟု ခေါ်ဆို ထိုက်ပေ၏။
သူမ၏ စိတ်ဓာတ်မှာ သာမန် ကျင့်ကြံသူများထက် များစွာသာလွန်သည်။ ကြက်များကြားမှ ကြိုးကြာဖြစ်၏။
“ ကောင်းပြီ ... နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ကြတာပေါ့။ ”
တန်ဖေးဟန်မှ အံကြိတ်ကာ သဘောတူလိုက်ပြီးနောက် အားလုံးက လိုက်လံ သဘောတူလာကြသည်။
သို့သော် လှုပ်ရှားမှု မပြုလုပ်မီ လူတိုင်း စုရီထံလှည့်ကြည့်လိုက်ရာ ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ ထိုင်နေဆဲဖြစ်သည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် ဒေါသများ မထိန်းနိုင်တော့ဘဲ တစ်ယောက်တစ်ခွန်း ပြောကြားလာသည်။
“ မိန်းကလေးတန် ငါတို့အသက်စွန့်ပြီး ရလာမယ့် အကျိုးအမြတ်တွေကို ထိုင်နေတဲ့ လူတစ်ယောက်ကိုတော့ ခွဲမပေးနိုင်ဘူး။ ”
“ ဟုတ်တယ် ... အဲဒီလိုဖြစ်သင့်တယ်။ ”
တန်ယုယန်မှ မျက်မှောင်ကြုတ်သွားသည်။ အားလုံး၏မကျေနပ်မှုများ ပေါက်ကွဲနေသည်ကို သိလိုက်သဖြင့် စုရီထံကြည့်ကာ၊
“ ရှန့်မူ ... အဲဒီသွေးနဂါးက ဒဏ်ရာအပြင်းအထန်ရနေပြီ ဒါက ရှားပါးတဲ့ အခွင့်အရေးပဲမို့ မင်းလည်းပါဝင်မလား။ ”
- ဟု မေးမြန်း၏။
ပါဝင်လိုသော် ဝေစုပေးမည်ဟု ဆိုလိုနေခြင်းဖြစ်သည်။ စုရီမှခေါင်းခါပြလျက်၊
“ ငါ ဒီမှာပဲနေပြီး မင်းတို့ရဲ့ ဆုတ်ခွာရာလမ်းကို ကာကွယ်ပေးမယ်။ ”
-ဟု တုန့်ပြန်၏။ တန်ဟန်ဖန်မှ ဒေါသတကြီးဖြင့်၊
“ ဟမ့် ... အပျင်းကြီးတာကိုပဲ ဆုတ်ခွာရာလမ်းကို ကာကွယ်ပေးမယ်တဲ့လား ကောင်းကင်ဘုံအမဲလိုက်ပွဲကို အဆက်အသွယ်နဲ့ ဝင်လာဝံ့တဲ့လူဆိုတော့ သတ္တိမရှိတာ သဘာဝပါပဲ။ ”
-ဟု အော်ဟစ်လိုက်သည်။
တစ်ဖက်တွင် တန်ယုယန်သည် အပြစ်မတင်တော့ဘဲ သက်ပြင်းချလိုက်ပြီး ‘သွားကြစို့’ဟုဆိုကာ နတ်ဆိုးမြစ်ထဲသို့ ခုန်ဆင်းသွားတော့၏။
“ ဝှစ် ... ဝှစ် ။ ”
အခြားသူများသည်လည်း နောက်မှ လိုက်ပါသွားကြသည်။ များမကြာမီ မြစ်ရေ မျက်နှာပြင်တစ်ခုလုံး ပွက်ပွက်ဆူလာ၏။
“ ဝုန်း ... ။ ”
နားကွဲမတတ် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာကာ ရေလှိုင်းများစွာသည် လေထဲသို့ ပန်းထွက်ကုန်သည်။ ပေတစ်ရာခန့် ရှည်သော သွေးနဂါးကြီးသည် မြစ်အောက်ခြေမှ ထွက်ပေါ်လာတော့၏။
ပြင်းထန်သော တိုက်ပွဲကြီးစတင်လာသည်။ စုရီကအခြေအနေကို ကြည့်ရှုပြီး ဝိုင်ပုလင်းအား မော့သောက်ရန် ပြင်လိုက်စဉ် တစ်ခုတစ်ရာကို အာရုံခံမိသွား၏။
ထို့ကြောင့် ရုတ်တရက် အဝေးသို့ လှည့်ကြည့်လိုက်သည်။ သွေးနီရောင်မြူများထဲ ပုံရိပ်တစ်ခု တိတ်ဆိတ်စွာ ရွေ့လျားနေ၏။
ထိုသူသည် ဆံပင်နှင့် မုတ်ဆိတ်မွေး ရှည်လျားပြီး ကျောတွင် လှံရှည်ကြီးတစ်စင်းကို ထမ်းပိုးထားကာ မျက်လုံးများ၌ ရွှေရောင် မီးတောက်များလောင်ကျွမ်းနေသည်။
သူ ဖြတ်သန်းလာရာ အရပ်များ၌ မည်သည့်ရောင်ဝါမျှ မကျန်ရစ်စေဘဲ အလင်း ကဲ့သို့ ရွေ့လျားနေချေပြီ။
စုရီ၏ နတ်အာရုံသည်သာ အလွန်အမင်း အားမကောင်းပါက ရှာတွေ့ရန် ခက်ခဲပေမည်။ စုရီ၏ နှုတ်ခမ်းထောင့်၌ အဓိပ္ပာယ်ပါသော အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။
“ ဒီကလေး နောက်ဆုံးတော့ ပေါ်လာပြီ။ ”
တစ်ဖက်လူ အသုံးပြုနေသော အာကာသရွေ့လျားကူးပြောင်းခြင်း လျှို့ဝှက် နည်းစနစ်မှာ အဖိုးကြီးချူး၏ အမွေဖြစ်သည်။
ကောင်းကင်တစ်သောင်းယန္တရားဟု အမည်ရ၏။ ဤနည်းစနစ်သည် ရောင်ဝါအပေါ် အပြည့်အဝ ဖုံးကွယ်နိုင်၏။ နတ်ဘုရားများပင် ရှာဖွေရန် ခက်ပေလိမ့်မည်။
အနားတွင် တန်မိသားစုရှိနေသည်မှာ နှမျောစရာကြီးပေပင်။ မဟုတ်သော် ချက်ချင်း လိုက်လံဖမ်းဆီးမိပေမည်။
ချူးပိုင်တန်သည် မိုးပြာနန်းတော်၏ အမွေခံတပည့်ဖြစ်သောကြောင့် လူမြင်ကွင်း၌ ဖမ်းဆီးခြင်းသည် မလိုလားအပ်သော ပြဿနာများကို ခံစားရမည်ဖြစ်၏။
“ သူ ဘာလုပ်မလဲဆိုတာ အရင်ကြည့်ရအောင် ... ။”
တစ်ယောက်တည်း ဆုံးဖြတ်လိုက်သည်။ ထိုစဉ်ချူးပိုင်တန်သည် တိုက်ပွဲဖြစ်ပွားနေသော မြစ်ပြင်ထံ တိတ်တဆိတ် ချဉ်းကပ်နေ၏။
တစ်ဆက်တည်းမှာပင် လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။
“ ဒီကလေး တန်ယုယန်တို့ကို အရင်အကြိမ်လိုပဲ အမှောင်ထဲကနေလုယက်ဖို့ ကြံစည်နေတာလား။ ”
စုရီမှ မျက်လုံးများ ဆန်းကြယ်သွားသည်။ ယခုအချိန်တွင် တန်မိသားစုသည် သွေးနဂါးကို လုံးဝဖိနှိပ်ထားပြီး ထိုနဂါးကြီးမှာ ကျရှုံးရန် လက်တစ်ကမ်းသာ လိုတော့၏။
“ ဝေါင်း ... ။ ”
သူ့ဟိန်းဟောက်သံသည် ကျယ်လောင်ပြီး ကောင်းကင်နှင့်မြေကြီးကြား တုန်ဟည်းချေပြီ။ သေဘေးမှ လွတ်မြောက်ရန် ရုန်းကန်လျက် တန်ယုယန်ကို အသေသတ်ရန်ပြေးဝင်လာ၏။
“ ဟမ့် ... မင်းသေချင်နေတာပဲ။ ”
တန်ယုယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဝှက်ထဲကို ချက်ချင်းပင် ထုတ်သုံးလိုက်ရသည်။
“ ရွှပ် ... ။ ”
သို့သော် ရုတ်တရက် လှံတစ်စင်သည် လေဟာနယ်ကိုထိုးခွဲကာ သွေးနဂါးဦးခေါင်းထံ တည့်တည့်မတ်မတ် ထိုးဖောက် သွားတော့သည်။
“ ဝေါင်း ... ။ ”
“ ဝှစ် ... ။ ”
တစ်ချိန်တည်းမှာပင် ချူးပိုင်တန်သည် လေထုအလယ်ထွက်ပေါ်လာပြီး အင်္ကျီလက်ကို ဝှေ့ယမ်းကာ သွေးနဂါးအလောင်းကြီးကို ချက်ချင်း သိမ်းဆည်းသွားခဲ့သည်။
ဤသို့ရုတ်တရက် ထွက်ပေါ်လာမှုသည် တန်ယုယန်နှင့်အဖွဲ့ကို အံ့အားသင့်သွားစေပြီး ဒေါသများ ဝုန်းခနဲပေါက်ကွဲလာစေ၏။
“ ချူး ပိုင် တန် ... ။ ”
လူတိုင်းမျက်နှာများ သွေးဆုတ်ဖြူဖျော့သွားပြီး ဒေါသမီးများနှင့် ရန်ငြိုးဟောင်းများနှင့် အသစ်များ တိုးလာတော့သည်။
***