← Chapters

အခန်း ၁၂၃၉

Vol. 104 Ch. 1239

အခန်း ၁၂၃၉

Vol. 104 Ch. 1239

အခန်း ၁၂၃၉ -

အသက်ရှင်လျက် ဖမ်းဆီးခြင်း။

“ မိန်းကလေးတန် ... ငါတို့ ပြန်ဆုံကြပြီ။ ”

ချူးပိုင်တျန်မှ ပြုံးလျက် နှုတ်ဆက်လာ၏။ တန်ယုယန်တစ်ယောက် သတ်ဖြတ်လိုစိတ်များ တဟုန်ထိုးမြင့်တက်လာလေသည်။

အခြားသော တန်မိသားစုဝင်များမှလည်း ဒေါသကြောင့် မျက်နှာများ မည်းမှောင်နေခဲ့၏။ ပြီးခဲ့သည့်အကြိမ်က တောင်တန်းများကြားတွင် အခွင့်အရေးများအတွက် ယှဉ်ပြိုင်စဉ်ကလည်း တစ်ဖက်လူမှ ရတနာများကို လုယူခဲ့ဖူးသည်။

ထိုစဉ်က တန်ယုယန်သည် အပြင်းအထန် ဒဏ်ရာရနေသဖြင့် ဒေါသများမျိုသိပ်ပြီးရတနာ အပေါ် လက်လွှတ်လိုက်ရ၏။ ယခုတွင်လည်း ထိုလူယုတ်မာသည် အခွင့်ကောင်းယူကာ ထပ်မံလှည့်စားလာပြန်သည်။

“ ချူးပိုင်တန် ... မင်းလွန်နေပြီ။ ”

တန်ယုယန်မှ အပိုစကားမဆိုတော့ဘဲ စိမ်းပြာရောင်ဓားမြှောင်တစ်လက်ကို ဆွဲယူကာ ရှေ့သို့ပြေးဝင်သွား၏။

“ ကလန့် ... ။ ”

ချူးပိုင်တန်က လှံရှည်ကြီးကို ဝှေ့ယမ်းကာ ခုခံတိုက်ခိုက်လိုက်သည်။

“ ဟားဟားဟား တန်ယုယန် ... မင်းမှာ ဒဏ်ရာတွေရနေတယ် မင်းရဲ့မိသားစုဝင်တွေက အသုံးမဝင်တဲ့အမှိုက်တွေပဲ ဒါဆို မင်းငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်လား။ ”

တန်မိသားစုဝင်များမှာ မျက်နှာများ ဖြူဖျော့သွားသည်။ ချူးပိုင်တန်ပြောသည်မှာ မှန်ချေ၏။ သူတို့အားလုံးသည် သွေးနဂါးနှင့် တိုက်ခိုက်ထားရသဖြင့် ကျင့်ကြံမှုများ ကုန်ခန်းနေပြီ ဖြစ်သည်။

“ ဒီတစ်ခါတော့ ... ငါမင်းကို ငါနဲ့အတူဆွဲချမယ် ... အရှက်မရှိတဲ့ လူယုတ်မာ။ ”

တန်ယုယန်မှ ဒေါသတကြီးဖြင့် ဓားကို ဝှေ့ယမ်းကာ ထပ်မံတိုက်ခိုက်သည်။ သို့သော် ချူးပိုင်တန်သည် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့လေရာ၊

“ ဒေါသမထွက်နဲ့ ... ဒေါသက မင်းအတွက်အကျိုးမှမရှိဘူး နှုတ်ဆက်ပါတယ် ဟားဟားဟား ... ။ ”

-ဟု ရယ်မောလျက် ချက်ချင်း ထွက်ပြေးသွားတော့သည်။

“ ဒီလူယုတ်မာနောက်ကိုလိုက် ... ။ ”

တန်ယုယန်မှ ချက်ချင်းပင် လိုက်လံဖမ်းဆီးရန်အမိန့်ပေးကာ နောက်ပါးမှ ပြေးလိုက်သွားသည်။

တန်မိသားစုဝင်များသည် မည်သည့် အရာကိုမျှမတွေးဝံ့တော့ဘဲ သူမနောက်ပါးသို့ ချက်ချင်း ပြေးလိုက်လာကြ၏။

နာရီဝက်ခန့် ကြာပြီးနောက် တန်ယုယန်သည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည်ရောက်ရှိလာသည်။ အခြားသူများက သူမကို ဝိုင်းဝန်းနှစ်သိမ့်ပေးကြသော်လည်း ကောင်းမွန်းလာခြင်းမရှိချေ။

“ ရှန့်မူ ဘဘ်ရောက်သွားလဲ။”

ရှုပ်ထွေးသောအသွင်ဖြင့် စုရီထံ လှည့်ပတ်ရှာလိုက်သည်။ သို့သော် မည်သူမျှ ပြန်မဖြေနိုင်ချေ။

ရှန့်မူတစ်ယောက် ကြောက်လန့်တကြား ထွက်ပြေးသွားပြီဟုသာ ထင်မှတ်လာကြသည်။ တန်ယုယန်ပင် မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်တော့၏။

“ ကောင်းပြီ ... သူ့အကြောင်း မပြောကြနဲ့တော့ ငါတို့မြစ်အောက်ခြေက ရတနာတွေကို သွားရှာကြရအောင်။ ”

စကားဆုံးသည်နှင့် အရာအားလုံးကို လျစ်လျူရှုလျက် မြစ်ရေပြင်ထံ ထိုးခွဲလျက် ခုန်ဆင်းသွားတော့သည်။

တစ်ချိန်တည်းမှာပင် မှိန်ပျပျ ကောင်းကင်အောက်တွင် ချူးပိုင်တန်သည် ကြယ်တစ်သောင်းယန္တရား နည်းစနစ်ကို အသုံးပြု၍ တိမ်တိုက်များကို ဖြတ်ကျော် ပြေးလွှားနေခဲ့၏။

သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အမြွက်များထင်ဟပ်ကာ ခိုးယူလာသော သွေးနဂါးကို စစ်ဆေးကြည့်လိုက်၏။

ဤသည်မှာ အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပေပင်။ ထို့ကြောင့် ကျေနပ်စွာ ရယ်မောလိုက်တော့၏။

“ ဒီကောင်းကင်ဘုံအမဲလိုက်ပွဲမှာ ခွန်အားကြီးဖို့မလိုဘူး ... အခွင့်အရေးရှာနိုင်ရင် ရတနာတွေပိုင်ဆိုင်ဖို့အတွက် လွယ်ပါတယ် ဟားဟားဟား ... ။ ”

ထို့နောက် သူ့ပျံသန်းမှုကို ဗဟိုတောင်တန်းဒေသရှိ အပျက်အစီးမြေသို့ သွားရန် ပြောင်းလဲလိုက်တော့သည်။

“ ဟမ့် ... ။ ”

ရုတ်တရက် အသက်အန္တရာယ်ရှိသည့် အကျပ်အတည်းတစ်ခုကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် ဘေးသို့ ရှောင်တိမ်းလိုက်ရ၏။

“ ဝုန်း ... ။ ”

မူလ သူဦးတည်ရာအရပ်၌ ဓားတစ်လက်ပေါ်လာပြီး တိမ်တိုက်များကို အမှုန့်ဖြစ်သွားစေခဲ့သည်။ ကောင်းကင်၌ပင် ပြတ်ရှရာတစ်ခု ပေါ်လာ၏။

ချူးပိုင်တန်တစ်ယောက် ကျောပြင်တွင် ချွေးအေးများ စိုရွဲသွားလေသည်။ တိုက်ပွဲဝင် ဗီဇအသိသည်သာ နိမ့်ကျနေပါက သူ့အသက် ပျောက်ကွယ်သွားပြီဖြစ်၏။

“ ဘယ်သူလဲ ... ။ ”

သို့တိုင် လှံရှည်ကို ဆင့်ခေါ်ကာ ဆုပ်ကိုင်လိုက်ပြီး ချက်ချင်း ဟိန်းဟောက် လိုက်လေသည်။

“ မကြောက်နဲ့ ... ငါ မင်းကို မသတ်ဘူး။ ”

တည်ငြိမ်သော အသံနှင့်အတူ လေဟာနယ်လှိုင်းတွန့်များ ဖြစ်ပေါ်လာပြီး ပုံရိပ်တစ်ခုသည် သူ့အနီးထွက်ပေါ်လာ၏။

“ ဝှစ် ... ။ ”

တစ်ဆက်တည်းမှာပင် ထိုပုံရိပ်ရှင်က လက်ဝှေ့ရမ်းကာ ကောင်းကင်ဘုံအမဲလိုက်ပွဲ ဝင်ခွင့်တံဆိပ်တစ်ခုကို ဖမ်းဆွဲလိုက်သည်။

ဤသည်မှာ အနက်ရောင်တာအိုဝတ်ရုံများ တဖျပ်ဖျပ်ခတ်လျက် လက်နှစ်ဖက်နောက်ပို့ကာ ထူးခြားသောလေထုကို ပေးဆောင်နေသည့် တာအိုလူငယ်တစ်ယောက်ပေပင်။

“ မင်းပဲ ... ။ ”

ချူးပိုင်တန်မှ ချက်ချင်း မှတ်မိသွား၏။ သွေးနဂါးမြစ်ကမ်းနဘေးတွင် ထိုင်နေခဲ့သော တန်ယုယန်၏အဖွဲ့သား တစ်ယောက်ပေပင်။

ထိုစဉ်က တစ်ဖက်လူအသွင်ကြောင့် အလိုလိုက်ခံရသော သခင်လေးတစ်ပါးအဖြစ် ထင်မှားခဲ့မိလေသည်။

“ မင်း ... ငါ့ကို ချုံခိုတိုက်ပြီး ငါ့ရဲ့တံဆိပ်ကို ခိုးယူလိုက်တာလား။ ”

“ ဟုတ်တယ် မင်းထွက်ပြေးမှာ စိုးလို့ပါ။ ”

“ ငါ့နဲ့ သေရှင်တိုက်ပွဲ ဆင်နွှဲချင်နေတာလား။ ”

ချူးပိုင်တန်မှ တုန်လှုပ်နေသော နှလုံးသားအပေါ် ထိန်းချုပ်လျက် တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

“ ဟားဟားဟား ... မင်းအတွေးလွန်နေပြီ ... မင်းကိုအသက်ရှင်လျက် ဖမ်းဖို့ပဲ ငါ လာတာပါ။ ”

အသက်ရှင်လျက် ဖမ်းမည်ဟူသော စကားကြောင့် ချူးပိုင်တန်မှာ အရှက်ရသွားပြီး ဒေါသထွက်သွားလေသည်။

သို့သော် အခြေအနေမှာ ထူးဆန်းနေသဖြင့်၊

“ မင်း ဘယ်သူလဲ ... ငါနဲ့မင်း ဘာရန်ငြိုးရှိလို့လဲ။ ”

-ဟု စုံစမ်းရန် ကြိုးစားလိုက်၏။

“ ငါနဲ့မင်း ရန်ငြိုးမရှိပါဘူး ... ဒါပေမယ့် အဲဒီအဘိုးကြီးချူးနဲ့တော့ အသက်တစ်ချောင်း ရန်ငြိုးရှိတယ်။ ”

စုရီက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ ချူးပိုင်တန်တစ်ယောက် ဆွံ့အသွားသည်။ သူ၏ အဘိုးဖြစ်သူသည် နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့သော ရုပ်ကြွင်းတစ်ပါးပေပင်။

ဓမ္မအဆုံးခေတ်ကို ကျော်လွန်နိုင်ခဲ့သော နာမည်ကျော်မြင့်မြတ်သူတစ်ပါး ဖြစ်သည်။ ယခု အမည်မသိကျင့်ကြံသူတစ်ဦးမှ သူ့အဘိုးနှင့် ရန်ငြိုးရှိသည်ဟု ဆိုသည်မှာ ရယ်စရာပေပင်။

“ အသေးစိတ် ပြောပြနိုင်မလား။ ”

“ မဟုတ်ဘူး ... ချူးရှန်ထောင်ဘယ်မှာ ပုန်းနေလဲ အရင်ပြောပြပါ။ ”

“ အဟက် ... ဘာလဲ မင်းက သူတော်စင်အင်မော်တယ်အဆင့်နဲ့ ငါ့အဘိုးကို သွားသတ်မလို့လား။ ”

ချူးပိုင်တန်မှ လှောင်ပြောင်လိုက်၏။ သို့သော် စုရီသည် တည်ငြိမ်စွာခေါင်ညိတ်လျက်၊

“ ဟုတ်တယ် ... ။ ”

-ဟု ပြန်ဖြေလာသည်။

“ ဒါပေမယ့် ငါသိတယ် မင်းဆီကနေ မေးခွန်းမေးပြီးတော့အဖြေရနိုင်မှာ မဟုတ်ဘူး ဆိုတာ ... ငါကိုယ်တိုင်အရှေ့ပင်လယ်ကိုသွားပြီး အဲဒီမြေခွေးကြီးချူးနဲ့ ဖြေရှင်းရမယ်။ ”

စကားဆုံးသည်နှင့် စုရီက ရှေ့သို့ လမ်းတက်လိုက်သည်။ ချူးပိုင်တန်မှ လှံရှည်ကို ဝှေ့ယမ်းလျက် ဦးစွာ တိုက်ခိုက်လိုက်၏။

“ ဒါဆို မင်းမှာ အရည်အချင်းရှိလား ငါကြည့်မယ်။ ”

လှံရှည်ထံမှ ပြင်းထန်သောစွမ်းအားများ ပြေးထွက်လာသည်။ ပြိုင်ဘက်ကင်းသော သူ၏ ခွန်အားမှာ ဝုန်းခနဲပေါက်ကွဲလာ၏။

“ သွား ... ။ ”

“ ဝုန်း ... ။ ”

သို့သော် စုရီသည် တည်ငြိမ်စွာဖြင့် လက်သီးသုံးချက်ပစ်လိုက်၏။ ပထမလက်သီးမှ ချူးပိုင်တန်လှံရှည်ထံ ရည်ရွယ်သည်။

ဒုတိယ လက်သီးသည် ချူးပိုင်တန်၏ တာအိုဥပဒေအကာအကွယ်အလွှာကို ချိုးဖျက် စေ၏။

တတိယလက်သီးသည် ချူးပိုင်တန်၏ ကျင့်ကြံမှုကိုတံဆိပ်ခတ်ခြင်းပေပင်။ ထို့ကြောင့် ပေါက်ကွဲမှု သုံးကြိမ်ထွက်ပေါ်လာသည်။

လှံရှည်သည် လက်မှ လွတ်ကျကာ ရင်ဘတ်ပေါ်လက်သီးထိမှန်သွား၏။ နံရိုးများ ကျိုးကြေလျက် လွင့်စဉ်နေစဉ် ရောင်ဝါမှာ ချက်ချင်းငြိမ်းသွားတော့သည်။

“ ဝှစ် ... ။ ”

သည့်နောက် စုရီက ချူးပိုင်တန်၏ လည်ပင်းထံ ဘဲတစ်ကောင်ကို ဆုပ်ကိုင်သကဲ့သို့ အလွယ်တကူ ဖမ်းဆီးလိုက်၏။

ချူးပိုင်တန်ခမျာ လုံးဝ ဆွံ့အကာ မျက်ဝန်းများပြူးကျယ်သွားသည်။ ယင်းသည် မြန်ဆန်လွန်းပြီး သူ့အတွက်ပင် စိတ်ကူးယဉ်၍ မရနိုင်အောင်ဖြစ်နေ၏။

သူတော်စင် အင်မော်တယ်တစ်ပါး ဖြစ်လာပြီးနောက် တစ်စုံတစ်ဦးမှ မျိုးဆက်တူ အတွင်း ဤမျှရှက်ရွံ့ဖွယ်အနေအထားမျိုးဖြင့် အနိုင်ယူခြင်းခံရလိမ့်မည်ဟု မထင်ထားချေ။

အထူးသဖြင့် သူဟူသည် သူတော်စင် အင်မော်တယ်များစွာပင် ခေါင်းငုံ့ထားရမည့် တည်ရှိမှုမျိုးပေပင်။

ယခုမူ လက်သီးသုံးချက်တည်းဖြင့် လုံးဝအရေးနိမ့်သွားချေပြီ။ ပွင့်ပွင့်လင်းလင်း ဝန်ခံရပါမူ သုံးချက်ပင် မလိုချေ။ သူ့အသက်ကို ယူနိုင်ချေသည်။

ထိုအသိကြောင့် ချက်ချင်း အေးစက်သော ခံစားချက်များ တစ်ဟုန်ထိုး ဝင်ရောက်လာကာ တုန်ယင်သွားတော့၏။

“ မင်းကို ခဏလောက် ဒုက္ခပေးရဦးမယ်။ ”

စုရီက ပြုံးလျက် ချူးပိုင်တန် မေ့မြောသွားအောင် ရိုက်နှက်လိုက်လေသည်။ တစ်ဆက်တည်းမှာပင် ဝိညာဉ်ရှာဖွေမှုကို စတင်လိုက်၏။

သို့သော် တစ်ဖက်လူဝိညာဉ်ထဲတွင် ချူးရှန်ထောင်ကိုယ်တိုင် ထည့်သွင်းထားသော တားမြစ်တံဆိပ်တစ်ခု ရှိနေချေပြီ။

“ တကယ်ပဲ ငါထိလို့မရဘူးလား။ ”

ထိုတံဆိပ်ကို အင်မော်တယ်ဘုရင်များ သည်ပင် မချိုးဖျက်နိုင်ချေ။ စုရီတစ်ယောက် မျက်မှောင်ကြုတ်သွားသည်။ ဤအဖိုးကြီးမှာ အမှန်ပင် စေ့စပ်သေချာလွန်းချေပြီ။

***

All Chapters