← Chapters

အခန်း ၁၂၄၀

Vol. 104 Ch. 1240

အခန်း ၁၂၄၀

Vol. 104 Ch. 1240

အခန်း ၁၂၄၀ -

နတ်ဘုရားနာကျည်းခြင်း နယ်မြေ။

ချူးပိုင်တန်၏ ဝိညာဉ်အတွင်းရှိ တားမြစ်တံဆိပ်ကို ချိုးဖျက်ရန် ကြိုးစားသော် ချူးရှန်ထောင်မှ ချက်ချင်း သိရှိသွားမည် ဖြစ်သည်။

ထိုသို့သော လုပ်ရပ်၏ အကျိုးဆက်မှာ အင်မော်တယ်မြေရှိ အခြားသောကျင့်ကြံသူများ အပေါ် တုန်လှုပ်ခြောက်ခြားစေရန် လုံလောက်လှလေသည်။

သို့သော် စုယီမှာမူ ခြွင်းချက် ဖြစ်နေ၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ကိုစစ်ဆေးရန် မလိုအပ်တော့သောကြောင့် ဖြစ်သည်။

အနာဂတ်တွင် ချူးရှန်ထောင်နှင့် ဖြေရှင်းလိုသော အရှေ့ပင်လယ်သို့ သွားပြီး ချူးပိုင်တန်ဝိညာဉ်အတွင်းရှိ ဤတံဆိပ်ကိုသာ တို့ထိလိုက်ရုံပေပင်။

တစ်ဖက်လူသည် သူ့ထံသို့ ချက်ချင်း အလိုအလျောက် ရောက်ရှိလာမည် ဖြစ်သည်။ ထိုအတွေးက စုရီကို ပြုံးရွှင်သွားစေ၏။

တစ်ချိန်တည်းမှာပင် သွေးနဂါးမြစ်ကမ်းပါးထက်၌ တန်ယုယန်သည် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။

“ မိန်းကလေးတန် ... ငါတို့ ဒီမှာ စောင့်နေတာ နာရီဝက်ရှိပြီ ငါ့အမြင်အရတော့ ရှန့်မူ ငါတို့ကိုတွေ့ဖို့ မျက်နှာမရှိလို့ ထွက်ပြေးသွားပြီထင်တယ်။ ”

တန်မိသားစုဝင်တစ်ဦးက သည်းမခံနိုင်တော့ဟန်ဖြင့် ပြောကြားလာသည်။ သူတို့သည် မြစ်အောက်ခြေသို့ ဝင်ရောက်ကာ ယင်ကိုးပါးနက်ကျောက် အပိုင်းအစ ဆယ်ခုကျော် ရရှိခဲ့၏။

ထို့နောက် ခရီးဆက်ရန် ပြင်ဆင်နေစဉ် တန်ယုယန်မှ ရှန့်မူပြန်လာသည်အထိ စောင့်ရန် ဆုံးဖြတ်ထားခဲ့သည်။

သူတို့အမြင်တွင် ရှန့်မူသည် အားနည်းရုံသာမက တိုက်ပွဲကိုမြင်သည်နှင့် ကြောက်လန့်တကြား ထွက်ပြေးသွားသည့် ကျောရိုးမဲ့သူတစ်ဦးသာဖြစ်သည်။

ထို့ကြောင့် တန်ယုယန်၏ ဆုံးဖြတ်ချက်သည် အချိန်ဖြုန်းခြင်းသာဖြစ်ကာ စောင့်ဆိုင်းနေရန် မလိုဟု ယူဆထားသည်။

“ ခဏစောင့်ပါ ငါတို့ဆီကို ပြန်လာနေပြီ။ ”

တန်ယုယန်က ပြတ်သားစွာ တုန့်ပြန်၏။ ဤမတိုင်မီ သူမတို့တည်နေရာကို သိရှိနိုင်စေရန် တ့ဆိပ်တစ်ခုကို ရှန့်မူထံ သူမ ပေးထားသည်။

ထိုတံဆိပ်ထံမှ ရှန်မူပြန်လာနေကြောင်း ခံစားမိခြင်းဖြစ်၏။ ထိုစကားကြောင့် အားလုံးက အံ့အားသင့်သွားပြီး တိုက်ပွဲမှထွက်ပြေးသူသည် ပြန်လာဝံ့သေးသည်လောဟု တွေးတောလျက် ပို၍ပင် မကျေမနပ် ဖြစ်လာကြသည်။

များကြာမီ စုရီသည် အဝေးမှနေ၍ အေးအေးလူလူပင် လျှောက်လှမ်းပြီးပြန်လည် ရောက်ရှိလာတော့၏။

တစ်လောကလုံး သူ့ထိန်းမှုအတွင်း ရှိနေသည့်အလား မောက်မာပေါ့ပါးလွန်းသည်။

“ ရှန့်မူ ... မင်း ဘယ်တွေ လျှောက်သွားနေတာလဲ ငါတို့ မင်းကို ဒီမှာ အကြာကြီး စောင့်နေရတာ။ ”

တန်ဟန်ဖန်းက ချက်ချင်းပင် လှမ်းတက်လာကာ ဆူပူကြိမ်းမောင်းလိုက်၏။ စုရီက ပြုံးလျက် လျစ်လျူရှုထားလိုက်ပြီး တန်ယုယန်ထံ ကြည့်လေသည်။

တန်ယုယန်က အေးစက်သော လေသံဖြင့်၊

“ မင်းဒီမှာ တိုက်ပွဲဝင်ခဲ့တဲ့ အားထုတ်မှု မရှိတဲ့အတွက် အခုရလာတဲ့ ရတနာတွေကို ခွဲဝေပေးမှာ မဟုတ်ဘူး ... ။ ”

-ဟု အသိပေးလာသည်။ သူမသည်လည်း စုရီ၏ လုပ်ရပ်အပေါ် အနည်းငယ် စိတ်ပျက်မိပြီ ဖြစ်လေသည်။ စုရီမှ ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်ပြတော့၏။

သူသည် ထိုဝေစုကို စိတ်မဝင်စားချေ။ ချူးပိုင်တန်သည် လမ်းလျှောက်နေသော ရတနာသိုက်ကြီးဖြစ်သည်။

ထိုသူအိတ်ထဲ၌ ရှားပါးပြီး အရည်အသွေးမြင့်မားသော နတ်ဆိုးအမြုတေ ခြောက်ရာကျော်၊ ဝိညာဉ်အသီးသုံးမျိုးပါသည့် အနက်ရောင်သစ်ပင်ငယ်၊ ရွှေရောင်ဝတ်ဆံနှင့် ပန်းပွင့်(၁၃)ပွင့်ပါ ဆေးပင်၊ နှင်းဖြူဂျင်ဆင်း စသည့် ရတနာအမြောက်အများရှိနေ၏။

ဤရိတ်သိမ်းနိုင်မှုသည် တန်ယုယန်တို့ အဖွဲ့လိုက်ရရှိထားသော ရတနာများစွာထက်ပင် သာလွန်နေသည်။

“ မင်း ... သိတာကောင်းတယ် ဒါပေမယ့် နောက်တစ်ခါ တိုက်ပွဲကိုရှောင်ဖို့ကြိုးစားလာရင် ငါတို့ မင်းကို သည်းခံနေမှာ မဟုတ်ဘူး။ ”

စုရီမှ ရတနာများကို အခွင့်အရေး မတောင်းဆိုသည်ကို မြင်သောအခါမှ အခြား သူများက ကျေနပ်သွားကြ၏။

“ သွားကြစို့ ... ။ ”

တန်ယုယန်မှ အမိန့်ပေးကာ အဖွဲ့ကို ဦးဆောင်လိုက်သည်။ စုရီသည်လည်း နောက်မှ အသာတကြည် လိုက်ပါသွား၏။

လမ်းခရီးတွင် တန်ယုယန်မှ သူတို့၏နောက်ထပ် ဦးတည်ရာကို ရှင်းပြသည်။ ယင်းသည် ကောင်းကင်ဘုံအမဲလိုက်ကွင်း၏ ဗဟိုဒေသဖြစ်သော နတ်ဘုရားနာကျည်းခြင်း နယ်မြေပေပင်။

ထိုနယ်မြေသည် ရှေးဦးခေတ်ကာလက နတ်ဘုရားများနှင့် နတ်ဆိုးများ ကျဆုံးခဲ့သည့် တိုက်ပွဲကွင်းဖြစ်သည်။

ကောင်းကင်သည် အမြဲ ကွဲအက်နေပြီး၊ မြေပြင်သည် သွေးချင်းချင်းနီကာ နာကျည်းမှု၊ သတ်ဖြတ်လိုသော ဆန္ဒနှင့် သွေးဆာသော ရောင်ဝါများ လွှမ်းမိုးထားသည်။

“ အဲဒီဒေသက အလွန်အန္တရာယ်များပြီး သူတော်စင်အင်မော်နယ်တွေကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တဲ့ နတ်ဆိုးတွေရှိတယ် ...

... ဒါပေမယ့် ရှေးဟောင်း ရတနာတွေကိုလည်း အမြောက်အများရှာတွေ့ နိုင်ပါတယ် လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးထောင်က တုနှိုင်းမဲ့ပါရမီရှင်တစ်ဦးဖြစ်တဲ့ ...

... ယွဲ့ဧကရာဇ်ဟာ အဲဒီနယ်မြေကနေ လျှို့ဝှက်ဆန်းကြယ်တဲ့ သားရဲအရိုးတစ်ခုကို ရရှိခဲ့ပြီး အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းသွားနိုင်တယ် ....

... အခုဆိုရင် သူဟာ ထိုက်ယီဂိုဏ်းရဲ့ အင်အားအကြီးဆုံးနဲ့ အငယ်ဆုံးကာကွယ်သူ ရှစ်ပါးထဲက တစ်ပါး ဖြစ်နေပြီ ...

... သူ့ရဲ့တိုးတက်လာမှုဟာ အဲဒီ သားရဲအရိုးထဲက ရှေးဦးခေတ်တာအိုကျမ်းစာနဲ့ ဆက်စပ်နေတယ်လို့ ဆိုကြတယ်။ ”

တန်ယုယန်မှ လူတိုင်းကို ရှင်းပြပေးသည်။ စုရီမျ တိတ်ဆိတ်စွာ နားထောင်နေပြီး စိတ်မဝင် စားလှချေ။ အခွင့်အရေးတစ်ခုသည် ကျင့်ကြံသူ တစ်ဦးအပေါ် ပြောင်းလဲစေနိုင်သည်မှာ အမှန်ပင်ဖြစ်၏။

သို့သော် ပိုမိုမြင့်မားသော တာအိုကို နားလည်ရန်မှာ ပြင်ပထက်ကိုယ်ပိုင်အသိသာ အဓိကဖြစ်သည်။

အကယ်၍ ယွဲ့ဧကရာဇ်တွင် ခိုင်မာသော အခြေခံအုတ်မြစ်နှင့် စိတ်ဆန္ဒမရှိပါက ရတနာ မည်မျှပင် ရရှိစေကာမူ ထူးခြားမည်မဟုတ်ချေ။

“ နတ်ဘုရားနာကျည်းမှုမြေကို ဖြတ်သန်းပြီးတာနဲ့ ရှေးဦးခေတ်က ကျန်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အပျက်အစီးမြေကို ရောက်လိမ့်မယ် ...

... အဲဒီနယ်မြေထဲကို ထိုက်ချင်းဂိုဏ်းက ပါရမီရှင် သူတော်စင်အင်မော်တယ်နှစ်ပါးဖြစ်တဲ့ ကုန်းနန်ဖန်နဲ့ ချန်ပိုင်လီ၊ ထိုက်ယီဂိုဏ်းရဲ့ ဝမ်ချန်ဖန်တို့တောင် ဝင်သွားကြပြီလို့ ငါကြားတယ် ... ။ ”

တန်ယုယန်မှ ပြောကြားနေလျက် နတ်ဘုရားနာကျည်းမှုမြေသို့ ဝင်ရောက်လာပြီ ဖြစ်လေသည်။ သူမသည်လည်း အလျင်လို လာတော့၏။

“ ဂျိန်း ... ဂျိန်း ။ ”

ထိုနယ်မြေရှိ အဖြူရောင် တောင်တန်းကြီးတစ်ခု၏ တောင်ထိပ်ထက်တွင် မိုးကြိုးမုန်တိုင်းများ ပေါက်ကွဲနေသည်။

လက်ဖဝါးခန့်သာရှိသော အင်မော်တယ် ဆေးပင်တစ်ပင်သည် ထိုမိုးကြိုးစွမ်းအားများကို စုပ်ယူကာ မဟာတာအို၏ တောက်ပသော အလင်းရောင်နှင့် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။

“ ဝှစ် ... ။ ”

အရိပ်ထဲတွင် ပုန်းအောင်းနေသော သူတော်စင်အင်မော်တယ်တစ်ပါးက ကြိုး တစ်ချောင်းကို အသုံးပြု၍ ထိုဆေးပင်ကို ဖမ်းယူရန် ကြိုးစားနေသည်။

“ ခရစ် ... ။ ”

သူ အောင်မြင်လုနီးပါး အချိန်တွင် ကောင်းကင်ထက်မှ ဧရာမကြောက်မက်ဖွယ် ဦးခေါင်းခွံကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုသူကို စိုက်ကြည့်လိုက်တော့၏။

“ ဝုန်း ... ။ ”

လေဟာနယ်တစ်ခုလုံး ပေါက်ကွဲကာ မိုးကြိုးမုန်တိုင်းများက ကျင့်ကြံသူကိုချက်ချင်း ဝါးမြိုသွားတော့သည်။

“ အား ... ။ ”

စူးရှသော အော်ဟစ်သံနှင့်အတူ ထိုကျင့်ကြံသူသည် လွတ်မြောက်အဆောင်ကို သုံးကာ ထွက်ပြေးလေသည်။ သို့သော် ခန္ဓာမှာ အမှုန်အဖြစ် ပြောင်းလဲလျက် ဝိညာဉ်အပိုင်းအစ တစ်ခုမှာ မှိန်ဖျော့ပျောက်ကွယ်နေခဲ့၏။

ထိုမြင်ကွင်းထံ အဝေးမှ ကြည့်နေသော လူအချို့သည် ကျောချမ်းလာကြပြီး ချက်ချင်း ဆုတ်ခွာကုန်ကြတော့သည်။

“ မြန်မြန် ... ။ ”

ထိုစဉ် အရိုးခေါင်းကြီးထံမှ အကြည့် တစ်ချက်သည် သူတို့ထံ ရွေ့လျားလာခဲ့ချေပြီ။ လူတိုင်း ထိတ်လန့်တကြားဖြစ်ကုန်ကာ အော်ဟစ်လှည့်ပြေးကြ၏။

လေဟာနယ် ပြိုကျလျက် သူတို့၏ တည်နေရာရွေ့ပြောင်းမှုအပေါ် လုံးဝတုန့်ဆိုင်း သွားစေခဲ့သည်။ များမကြာခင် အဖျက်စွမ်းအား လှိုင်းကြီးတစ်ခုက ဖုံးလွှမ်းသွားတော့၏။

ပတ်ဝန်းကျင်တစ်ခုလုံး ဆိတ်သုဉ်းသွားချေပြီ။ တစ်ချိန်တည်းမှာပင် အခြားသော တောင်ထိပ်တစ်ခုတွင်လည်း ကျင့်ကြံသူများသည် ဝိညာဉ်စားပုရွက်ဆိတ် များ၏ ဝိုင်းရံသတ်ဖြတ်ခြင်းကို ခံနေရချေပြီ။

ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာ ဘေးအန္တရာယ်များမှာ နတ်ဘုရားနာကျည်းခြင်း နယ်မြေတစ်ခုလုံးတွင် နေရာအနှံ့ဖြစ်ပွားနေ၏။

စုရီနှင့် တန်ယုယန်တို့အဖွဲ့ ရောက်ရှိလာချိန်တွင် လမ်းခရီးတစ်လျှောက် အန္တရာယ်များစွာကို ကြုံခဲ့ရသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် တန်ယုယန်သည် ပထမအကြိမ်ရောက်ဖူးသည့် အတွေ့အကြုံကြောင့် ဘေးကင်စွာဖြတ်သန်း နိုင်ခဲ့ချေပြီ။

“ ငါတို့ ပြန်လှည့်သင့်ပြီ။ ”

တစ်စုံတစ်ယောက်က စိုးရိမ်တကြီး အကြံပြုလာ၏။ ဤခရီသည် သူ့ဝိညာဉ်အပေါ် လွန်စွာဖိအားဖြစ်စေသည်။ ခြေတစ်လှမ်း လှမ်းရန်ပင် မဝံ့တော့ချေ။

“ ဘာကို ကြောက်နေတာလဲ ... ငါတို့အားလုံးမှာ တံဆိပ်တွေရှိတယ်မဟုတ်လား အန္တရာယ်နဲ့ကြုံရင်တောင် ချက်ချင်းချေမွှပြီး ထွက်သွားနိုင်ပါတယ်။ ”

တန်ယုယန်မှ တုန့်ပြန်လိုက်သည်။ သို့တိုင်လူတိုင်းသည် သေမင်းကမ်းပါးဝတွင် လျှောက်လှမ်းနေရသည့်အလား တင်းမာ အေးစက်နေတော့၏။

စုရီသာလျှင် မူလပုံစံအတိုင်း လုံးဝမပြောင်းလဲဘဲ ဥယျဉ်ခြံဝင်းကြီးအတွင်း လှည့်လည်ကြည့်ရှုနေသကဲ့သို့ အေးဆေး တည်ငြိမ်လွန်းနေသည်။

တန်ယုယန်ပင် ထိုသတ္တိကို စိတ်ထဲမှ ချီးကျူးလိုက်မိ၏။ ထိုစဉ် စုရီသည် ညာဘက်ရှိ တောင်တန်းကြီးတစ်ခုထံ မော့ကြည့်ကာ၊

“ အဲဒီတောင်ကို သွားရအောင် ... ငါ မမှားဘူးဆိုရင် တောင်ပေါ်မှာ အခွင့်အရေးတွေ ရှိနေနိုင်တယ် ... လွတ်သွားရင် နှမြောစရာ ဖြစ်ရလိမ့်မယ်။ ”

- ဟု အကြံပြုလာတော့သည်။

တန်ယုယန်မှ အံ့အားသင့်သွား၏။ စုရီအနေဖြင့် လမ်းခရီးတစ်လျှောက်တွင် ဤသို့ အကြံပြုချက်မျိုး မပေးဖူးချေ။ ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။

***

All Chapters