← Chapters

အခန်း ၁၂၄၁

Vol. 104 Ch. 1241

အခန်း ၁၂၄၁

Vol. 104 Ch. 1241

အခန်း ၁၂၄၁ -

ထိုက်ကျင်း ရတနာ ... ။

တန်ယုယန်တစ်ယောက် ခဏမျှ တွန့်ဆုတ်သွားပြီးနောက် တောင်တန်းကြီးထံသို့ ပြန်လည်မော့ကြည့်လိုက်သည်။

“ အဲဒီနေရာမှာ ကြီးမားတဲ့ အခွင့်အရေးရှိတယ်ဆိုတာ မင်း ဘယ်လိုလုပ် သိနေတာလဲ။ ”

စုရီသည် သူ့နားရွက်ကို အသာအယာ ပွတ်သပ်လိုက်မိသည်။ ထို့ကြောင့်ပင် သူသည် အခြားသူများနှင့်အတူ ခရီးသွားလာရခြင်းကို မနှစ်သက်ခြင်းဖြစ်၏။

မလိုအပ်သော ရှုပ်ထွေးမှုများနှင့် ပြဿနာများသာ ရရှိတတ်ချေပြီ။ ထို့နောက် မည်သည့်စကားမျှ မဆိုတော့ဘဲ၊

“ မင်းတို့မသွားရင် ငါသွားမယ်။ ”

-ဟု ရိုးရှင်းစွာ ပြောကြားလိုက်သည်။

ထို့နောက် ချက်ချင်းလှည့်ကာ တောင်တန်းကြီးဆီသို့ အလျင်အမြန်ပင် ဦးတည် ပျံသန်းလိုက်တော့၏။

“ ဒီကောင် ... ။ ”

တန်ယုယန်မှ ဒေါသတကြီး ရေရွတ်လိုက်သည်။ အခြားသောတန်မိသားစု ဝင်များသည်လည်း မကျေမနပ်ဖြစ်လာ၏။

“ အဲဒီကောင်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ ... မိန်းကလေးယုယန် သူ့ကို တားမနေနဲ့တော့ ... ။ ”

“ ဟုတ်တယ် ... ငါတို့သူ့ကို သည်းခံနေရတာကြာပြီ လွှတ်ထားလိုက် ဒါက နတ်ဘုရားနာကျည်းခြင်း နယ်မြေပဲ ဘယ်လောက် အန္တရာယ်များသလဲ။ ”

လူတိုင်းက ရှေ့ဆက်သွားရန် အကြံပြုကုန်၏။ သို့သော် တန်ယုယန်သည် မျက်မှောင်ကြုတ်လျက်၊

“ ပါးစပ်ပိတ်ထား ... သူ့နောက်ကို လူတိုင်းလိုက်ကြ။ ”

-ဟု အမိန့်ပေးလိုက်‌တော့သည်။

တန်မိသားစုဝင်များမှာ လုံးဝ အံ့အားသင့်လျက် တိတ်ဆိတ်ကုန်၏။ ထိုရှန့်မူ အပေါ် တန်ယုယန်အပေါ် အဘယ့်ကြောင့် ဤမျှအာရုံစိုက်နေမှန်း နားမလည်နိုင်တော့ချေ။

သည့်နောက် လူတိုင်း တန်ယုယန်နောက် ပြေးလိုက်သွားကြသည်။ ကြောက်မက်ဖွယ်ရာ ဤနယ်မြေထဲတွင် သူမ၏ကာကွယ်မှုမရှိပါက သူတို့သည်လည်း အချိန်မရွေး သေဆုံး သွားနိုင်ချေ၏။

“ ရှန့်မူ ... ဒီတစ်ခါတော့ မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါ ယုံကြည်ပေးလိုက်မယ် ဒါက ထောင်ချောက်မဟုတ်ဖို့ မျှော်လင့်ပါတယ်။ ”

တန်ယုယန်က စုရီကိုလိုက်မီသွားချိန်၌ လေးနက်စွာပြောကြားလိုက်၏။ တစ်ဖက်တွင် စုရီသည် ပြုံးလိုက်ပြီး၊

“ မင်း ... မယုံကြည်ဘူးဆိုရင် ဘာလို့လိုက်လာတာလဲ ... ။ ”

-ဟု မေးလိုက်သည်။

“ ဟမ့် ... မင်း အကြီးအကျယ်ဆုံးရှုံးမှုနဲ့ ကြုံပြီး သင်ခန်းစာရသွားတာကို ငါ မြင်ချင်လို့ပဲ ဒါမှ နောက်တစ်ခါဆို ... ပေါ့ပေါ့ဆဆ မလုပ်ရဲတော့မှာ။ ”

“ ဟားဟားဟား ... ။ ”

ထိုစကားမှာ ဒေါသအလျောက် ပြောလိုက်ခြင်းသာ ဖြစ်ကြောင်း သူ သိသည်။ မည်သို့ပင် ဆိုစေကာမူ သူ့ကို စိတ်ပူနေသည်ကို မြင်နိုင်ချေ၏။

လမ်းခရီးတစ်လျှောက်တွင် သူမသည် အခြားသူများနှင့် မတူချေ။ အပေါ်ယံ၌အေးစက် နေသော်လည်း သူ့ကိုအမြဲအကာအကွယ်ပေးရန် ဆန္ဒရှိနေခဲ့၏။

စုရီအတွက်မူ ထိုဂရုစိုက်မှုများမှာ မလိုအပ်ချေ။ သို့သော် သူမ၏စိတ်ရင်းမှန်သော စေတနာအပေါ် မြင်နိုင်ခဲ့၏။

“ ကျေးဇူးတင်ပါတယ်။ ”

တန်ယုယန်မှ အံ့အားသင့်ကာ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ရှန့်မူကဲ့သို့သော လူမှ သူမကို ကျေးဇူးတင်စကား ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။

စိတ်ထဲတွင်မူ မဖော်ပြနိုင်အောင် ကျေနပ်သွားပြီး မကျေနပ်ချက်များသည်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ များမကြာမီပင် သူတို့အဖွဲ့သည် အနက်ရောင် တောင်ခြေသို့ ရောက်ရှိလာ၏။

ကောင်းကင်နှင့် မြေကြီးအကြားတွင် ကြောက်မက်ဖွယ်ကောင်းသော မြူခိုးမြူများ လွင့်ပျံနေပြီး မိုးကြိုးများဆူညံနေသည်။

အနက်ရောင် တောင်ထိပ်ကြီးသည် ကောင်းကင်အထိထိုးထွက်ပြီး တောင်စောင်းမှာ မတ်စောက်လွန်းလှ၏။

တောင်ကမ်းပါးရံ တစ်ဝက်ခန့်တွင် မြူခိုးများအကြား ရှေးဟောင်းယဇ်ပလ္လင်တစ်ခု ပေါ်ထွက်နေသည်။

သတိထားကြည့်သော် ထိုယဇ်ပလ္လင်ထက်တွင် ရွှေရောင်သားရဲအရေခွံ တစ်ခု လွင့်မျောနေ၏။ အတိုင်းအဆမဲ့သော အလင်းရောင်များကို ထုတ်လွှတ်လျက် ရတနာတစ်ပါးဖြစ်ကြောင်း မြင်သာသည်။

စုရီမှ မိမိတို့ကို သေတွင်းထဲ တွန်းပို့နေသည်ဟုယူဆကာ မကျေမနပ် ဖြစ်နေကြသော တန်ဟန်ဖန်းနှင့် အခြားသော လူများသည် ချက်ချင်းပင်မျက်လုံးပြူးကုန်၏။

“ ဒါ ... ဒါကဘယ်လိုရတနာလဲ ... ။ ”

တန်မိသားစုဝင်တစ်ဦးမှ ထစ်ငေါ့စွာ မေးမြန်းလာသည်။ အဝေးမှပင် ထိုရွှေရောင် အရေခွံမှ ဖြာထွက်နေသော ဖိအားကိုခံနေရ၏။

၎င်းသည် ရတနာမိုးစက်များ ရွာသွန်းနေသကဲ့သို့ အလွန် ထူးခြားလွန်းသည်။ နတ်ဘုရားတစ်ပါး တည်ရှိနေသလိုပေပင်။

“ ဒါ ရှေးဦးခေတ်က ကျန်ခဲ့တဲ့ ရှေးဟောင်းရတနာဖြစ်ရမယ် ငါ့အမြင်အရတော့ တာအိုကျမ်းတစ်ခုဖြစ်နိုင်တယ်။ ”

တန်မိသားစုဝင်များ မျက်လုံးများတွင် လောဘများတောက်ပလျက် အသက်ရှူသံများ မြန်ဆန်လာကြသည်။

“ ဟမ့် ... မင်းဒါကိုဘယ်လိုသိတာလဲ။ ”

ဤသည်မှာ ပြိုင်ဘက်ကင်းသော အခွင့်အရေးကြီး တစ်ခုဖြစ်ကြောင်း သံသယ ဖြစ်စရာ မလိုချေ။ ထိုအချင်းအရာကို အဝေးမှ သိနိုင်သော စုရီထံသို့လည်း ပြန်လည် မော့ကြည့်လိုက်မိသည်။

စုရီက ပျက်စီးနေသော ယဇ်ပလ္လင်နှင့် ရွှေရောင်သားရဲအရေခွံထံ မျှော်ကြည့်လိုက်ကာ၊

“ ရောင်ဝါကိုပဲ ငါခံစားမိတာပါ ... ဒါက မြင့်မြတ်တဲ့အဆင့် ရတနာတစ်ခုဖြစ်လိမ့်မယ် လို့တော့ ငါလည်းမမျှော်လင့်ထားမိဘူး။ ”

-ဟု ပြန်လည် ဖြေကြား၏။

“ ထိုက်ကျင်း ရတနာလား ... ။ ”

လူတိုင်း၏ နှလုံးသားများ ပြင်းထန်စွာ တုန်လှုပ်သွားကြ၏။ အင်မော်တယ်နယ်ပယ်၌ အမည်ခံ၊ဗလာနယ်၊သူတော်စင်နဲ့ ဘုရင် ဟူသော အဆင့်လေးဆင့်ရှိသည်။

ထိုအဆင့်ကြီး လေးဆင့်အထက်တွင် ဒဏ္ဍာရီလာ မြင့်မြတ်ခြင်းနယ်ပယ်ဟူသော ထိုက်ကျင်းနယ်ပယ်ရှိ၏။

သမိုင်းတစ်လျှောက်တွင် ထိုက်ကျင်းနယ်ပယ်သို့ ခြေချနိုင်သောလူတိုင်း အထွတ်အထိပ် တည်ရှိမှုများဖြစ်သည်။

ထို့ကြောင့် ထိုက်ကျင်းနယ်ပယ်၏ ရတနာများမှာ ဒဏ္ဍာရီကဲ့သို့အလွန်ရှားပါးပြီး နတ်ဘုရားရတနာနီးပါး အစွမ်းထက်လှ၏။

လက်ရှိ အင်မော်တယ်မြေတွင် ထိုသို့သော ရတနာသည် ပြိုင်ဘက်ကင်းသည့် ဒဏ္ဍာရီလာ အဖိုးကြီးများလက်တွင်သာ ရှိတော့သည်။

ယခုအခါ ထိုမျှ တန်ဖိုးကြီးလှသော ထိုက်ကျင်းရတနာကို နတ်ဘုရားနာကျည်းခြင်း နယ်မြေတွင် မြင်ခွင့်ရသည်မှာ အမှန်ပင် ကြီးစွာသော ကံကြမ္မာပေပင်။

“ တကယ်ပဲ ထိုက်ကျင်းရတနာလား ... ။ ”

တန်ယုယန်မှ အနည်းငယ် ရှက်ရွံ့သွားလေသည်။ သူမသည် ရှေးဟောင်း တန်မျိုးနွယ်၏ ပါရမီရှင်ဖြစ်သော်လည်း ထိုအဆင့်ရတနာကို တစ်ကြိမ်မျှ မမြင်ဖူးချေ။

ထို့ကြောင့် အတည်ပြုနိုင်ခြင်း မရှိသည့်အပေါ် ကူကယ်ရာမဲ့နေခဲ့တော့သည်။ စုရီမှ ခေါင်းညိတ်ပြ၏။

“ ဟုတ်တယ် ... ဒါပေမယ့် ဒီရွှေရောင် သားရဲအရေခွံက ထိုက်ကျင်းအဆင့်သားရဲကြီးရဲ့ အရေခွံပဲ သူ့မှာ ဘာတွေရေးထားလဲတော့ ငါလည်းမသိသေးဘူး ...

... သေချာတာတော့ ဒီအရေခွံထဲမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်ရှိနေရမယ် မြင့်မြတ်တဲ့ ကျမ်းတစ်ဆောင် ဒါမှမဟုတ် ထူးခြားတဲ့ တံဆိပ်တစ်ခုလိုမျိုးပေါ့။ ”

စုရီစကားကြောင့် လူတိုင်းပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။ ထိုက်ကျင်းအဆင့် ရတနာပေါ်တွင် မှတ်တမ်းတင်ထားနိုင်သော မည်သည့်အရာမဆို အစွမ်းထက်မည်မှာ သေချော၏။

တစ်ချိန်တည်းမှာပင် သူတို့၏ အတွေးများသည်လည်း ပိုမိုရှုပ်ထွေးလာခဲ့ပြီး စုရီထံကြည့်လိုက်မိကြသည်။

ဤလူငယ်သည် ထိုက်ကျင်းရတနာကို ယခင်က တစ်ခုထက်မက မြင်ဖူးထားသည်မှာ သေချာချေပြီ။ မဟုတ်ပါက ရွှေရောင်သားရဲ အရေခွံကို တစ်ချက်ကြည့်ရုံဖြင့် ကောက်ချက် ချနိုင်လိမ့်မည် မဟုတ်ချေ။

“ ဒီကောင်လေးက အားနည်းပြီး ကြောက်တတ်ပေမယ့် သူ့ရဲ့အဆင့်အတန်းနဲ့ အမြင်ကတော့ အံ့မခန်းပဲ ...

... သူက ထိုက်ကျင်းအဆင့် မြင့်မြတ်သူတစ်ယောက်ရဲ့ မျိုးဆက်ဖြစ်ရမယ် မဟုတ်ရင် သူဘယ်လိုလုပ်သိနေမှာလဲ။ ”

တန်ဟန်ဖန်းနှင့် အခြားသူများက အချင်းချင်းအသံများပို့လွှတ်ကာ ဆွေးနွေး လိုက်ကြသည်။

“ ဒါဆိုရင် ငါတို့က တစ်သက်မှာ တစ်ခါသာကြုံရမယ့် အခွင့်အရေးရလိုက်တာပဲ မိန်းကလေးယုယန် ငါတို့လှုပ်ရှားရအောင်။ ”

တစ်စုံတစ်ဦးမှ သည်းမခံနိုင်တော့ဘဲ ပြောကြားလိုက်၏။ သို့သော် တန်ယုယန်သည် စကားမဆိုဘဲ တောင်ခြေတစ်နေရာသို့ စိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။

ထိုအရပ်တွင် ပျက်စီးနေသော ရတနာအပိုင်းအစများနှင့် ဖြတ်တောက်ခြင်း ခံထားသော ခြေလက်အင်္ဂါများ ရှိနေချေပြီ။

အဆိုပါမြင်ကွင်းကြောင့် လူတိုင်း သွေးပျက်သွားကြတော့သည်။ မြေပြင်ပေါ်တွင် သွေးကွက်များနှင့် တိုက်ပွဲဖြစ်ပွားရာ ခြေရာ လက်ရာများ ထင်ရှားစွာ ကျန်ရှိနေ၏။

ဆိုလိုသည်မှာ သူတို့မတိုင်မီ အခြားသော သူတော်စင်အင်မော်တယ်များမှ ဤရတနာကို လုယူရန် ကြိုးစားခဲ့ကြောင်း သက်သေပေပင်။

သို့သော် လူတိုင်းပျက်စီးသွားခဲ့ရ၏။ ရေခဲရေဖြင့် ပက်ဖြန်းခံလိုက်ရသကဲ့သို့ သူတို့၏ လောဘစိတ်များ ချက်ချင်း ငြိမ်းသွားသည်။

“ ငါအရင်ဆုံး စမ်းကြည့်လိုက်မယ် ... ။ ”

တန်ယုယန်မှ ခဏမျှစဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။ အဖွဲ့ထဲတွင် သူမမှာ အသန်မာဆုံးဖြစ်၏။ ထို့ကြောင့် မတော်ဆမှု တစ်စုံတစ်ရာရှိလာသော လွတ်မြောက်နိုင်ချေ မြင့်မားပေမည်။ သို့သော် စုရီက ခေါင်းခါလျက်၊

“ မစမ်းသပ်တာ အကောင်းဆုံးပဲ... မဟုတ်ရင် သေချာပေါက်ဒုက္ခတွေ့လိမ့်မယ်။ ”

-ဟု တားဆီးလိုက်သည်။ ထို့နောက် မြူခိုးများကြားညွှန်ပြကာ၊

“ အဲဒီ မြူခိုးတွေထဲမှာ အာကာသ ဥပဒေစည်းမျဉ်းတွေ ပြည့်နှက်နေတယ် မင်းသာ အနားကိုကပ်သွားရင် အဲဒီအာကာသမုန်တိုင်းရဲ့ ဝါးမြိုတာကို ခံရလိမ့်မယ်။ ”

-ဟု ဖြည့်စွက်ရှင်းပြလိုက်၏။

လူတိုင်း ချွေးစေးများနှင့်အတူ မျက်နှာများ ဖြူဖျော့သွားကြသည်။ စုရီက ဆက်လက်၍၊

“ ဒါ့ပြင် အဲဒီရွှေရောင်သားရဲ အရေခွံအောက်က ယဇ်ပလ္လင်ကလည်း ပိုပြီး ထူးဆန်းနေတယ် ငါ မမှားရင် ဒီနေရာကို ဖုံးလွှမ်းထားတဲ့ အာကာသစည်းမျဉ်းတွေက အဲဒီယဇ်ပလ္လင်ကနေ ဆင်းသက်လာတာ ...

... ဆိုလိုတာက မင်း အနားကို ရောက်သွားနိုင်ရင်တောင် အဲဒီရှေးဟောင်း ယဇ်ပလ္လင်ရဲ့ တိုက်ခိုက်မှုကိုခံရလိမ့်မယ်။ ”

တန်မိသားစုဝင်များမှာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မျက်နှာများ လေးနက်လာ ကြတော့၏။ ထိုမျှ ရှားပါးလှသော ကံကြမ္မာကို အလွယ်တကူ ရနိုင်မည်မဟုတ်ကြောင်း မှန်းဆထားပြီးဖြစ်သည်။

“ ဟမ့် ... မင်းက ဒီပြသနာတွေကို သိနေမှတော့ ... မင်းမှာ ဖြေရှင်းဖို့ နည်းလမ်း ရှိနေတယ်မဟုတ်လား ... ။ ”

တန်ဟန်ဖန်းက မဆိုင်းမတွဘဲ မေးမြန်းလိုက်သည်။ လူတိုင်းသည်လည်း စုရီထံ မော့ကြည့်လာကြ၏။

“ မင်းတို့ ဒီမှာပဲစောင့်နေပါ ... ။ ”

စုရီက တန်ဟန်ဖန်စကားကို ပြန်မဖြေဘဲ တန်ယုယန်ထံ သတိပေးကာ တောင်ထိပ်ပေါ်သို့ လှမ်းတက်သွားခဲ့သည်။

“ ရှန့်မူ ... သတိထားပါ... ပေါ့ပေါ့ဆဆ မလုပ်နဲ့။ ”

တန်ယုယန်မှ လှမ်းအော်သတိပေး၏။ စုရီတစ်ယောက် ခေါင်းပင်လှည့်မကြည့်တော့ဘဲ လက်ဝှေ့ယမ်းပြကာ၊

“ သတိထားရမှာက မင်းတို့တွေပဲ ... ဒီပတ်ဝန်းကျင်မှာ ပုန်းအောင်းပြီး ကြားကနေ အကျိုးအမြတ် ရိတ်သိမ်းဖို့ ချောင်းမြောင်းနေတဲ့ မြေခွေးတွေ အများကြီးရှိနေတယ် ... ။ ”

-ဟု ပြန်လည် သတိပေးလိုက်၏။

ထိုစကားကို ကြားလိုက်ရချိန်တွင် တန်ယုယန်၏ နှလုံးသားမှာ တင်းကျပ်သွားပြီး ပတ်ဝန်းကျင်ထံ ချက်ချင်း ဝေ့ကြည့်သည်။

နတ်အာရုံကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်သောအခါတွင် အမှောင်ထဲ၌ သိမ်မွေ့စွာပုန်းအောင်းနေသည့် လူရိပ်များကို မြင်တွေ့လိုက်ရ၏။

အကယ်၍ စုရီသာ သတိမပေးခဲ့ပါက အနီးနားတွင် ဤမျှကြောက်စရာကောင်းသော အန္တရာယ်များ ဝိုင်းရံနေသည်ကို သူမသည်ပင် သိရှိလိုက်လိမ့်မည် မဟုတ်ချေ။

***

All Chapters