အခန်း ၁၂၄၂
Vol. 104 Ch. 1242
အခန်း ၁၂၄၂ -
တံခါးဝက ငါးကလေးတွေ။
တစ်ဖက်တွင် ပတ်ဝန်းကျင်၌ ရန်သူများ ချုံခိုစောင့်ဆိုင်းနေသည်ကို သိပါလျက်နှင့် စုရီမှ အဘယ်ကြောင့် ဤမျှ အလျင်လိုနေသည်ကို တန်ယုယန် နားမလည်နိုင်တော့ချေ။
ထို့ကြောင့် သူမအနေဖြင့် သတိပေးရန် ပြင်လိုက်သော်လည်း စုရီမှာမူတောင်ထိပ်ဆီသို့ မြားတစ်စင်းအလား ပြေးဝင်သွားပြီ ဖြစ်၏။
စုရီပုံသဏ္ဌာန်သည် ကြည့်နေဆဲမှာ မရေမတွက်နိုင်သော ပုံရိပ်ယောင်များအဖြစ် အရပ်ရပ်သို့ ယိမ်းထိုးကွဲထွက်သွားချေပြီ။
ထိုမြင်ကွင်းသည် မုန်တိုင်းကြား ဖြတ်သန်းနေသော လှေငယ်လေးတစ်စင်းနှင့် တူနေသည်။ မြင်ကွင်းသည် စုရီကိုယ်ပွားများ ပေါ်ထွက်နေသည်နှင့် တူ၏။
အမှန်တွင် အာကာသ ဥပဒေ အက်ကြောင်းများအတွင်း ပြေးလွှားနေရသဖြင့် စုရီ၏ပုံရိပ်များမှာ ဟိုသည် ထွက်ပေါ်လာနေခြင်း ပေပင်။
ကြည့်နေဆဲမှာပင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပျက်လာတော့သည်။
စုရီပုံရိပ်များကို ဝါးမြိုလိုသော အာကာသအက်ကွဲကြောင်းကြီးသည် သားရဲကြီး ပါးစပ်ကဲ့သို့ ပေါ်ထွက်လာ၏။
“ ဘန်း ... ဘန်း ... ဘန်း ... ။ ”
စုရီပုံရိပ်များသည် ရေပူဖောင်းများကဲ့သို့ တစ်ခုပြီးတစ်ခု ပေါက်ကွဲပျက်စီးကာ မြူခိုးများ အကြား နစ်မြုပ်သွားတော့၏။
ထိုအတွင်းမှ စုရီပုံရိပ်အနည်းငယ်သာ လွတ်မြောက်သွားလေသည်။ သို့တိုင်လမ်းခရီး တစ်လျှောက် အဆက်မပြတ် ပုံရိပ်များ ပြိုကွဲ ပျောက်ကွယ်နေဆဲ ဖြစ်၏။
ဤမြင်ကွင်းက တန်ယုယန်နှင့် အမှောင်ထဲမှလူများကို အေးစက်သောချွေးများ ဖုံးလွှမ်းလာစေသည်။
“ ဘယ်လောက်တောင် အံ့ဖွယ်ကောင်းတဲ့ ရွေ့လျားမှုပညာရပ်လဲ ဒါရေပြင်ဖြတ်ကျော်ခြင်း နည်းစနစ်ပဲ ... အဲဒီပုံရိပ်ယောင်တွေကိုသုံးပြီး အန္တရာယ်တွေကို မျှားယူသွားတာ။ ”
တန်ယုယန်မှ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။ သူမကဲ့သို့ ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်သည်ပင် အမြင်များ ပွင့်လင်းလာချေပြီ။
ဤမျှ နက်နဲဆန်းကြယ်သော လျှို့ဝှက်ပညာရပ်မျိုးကို ရှန့်မူကဲ့သို့သာမန်လူမှ ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်ထားချေ။
စုရီပြသနေသော နည်းဗျူဟာသည် ထူးခြားဆန်းပြားလွန်းလှသည်ကို မည်သူမဆို မြင်နိုင်ပေ၏။
များမကြာမီပင် စုရီသည် လူတိုင်း၏ စောင့်ကြည့်နေမှုအောက်တွင် အန္တရာယ်များကို ဖြတ်ကျော်ကာ ရှေးဟောင်းယဇ်ပလ္လင်ရှိရာ တောင်စောင်းထက်သို့ အောင်မြင်စွာ ခြေချသွားနိုင်ခဲ့သည်။
“ ဝုန်း ... ။ ”
သို့သော် သူ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ဟောင်းနွမ်းပျက်စီးနေခဲ့သော ယဇ်ပလ္လင်ကြီးသည် ကြောက်မက်ဖွယ်အသံများ မြည်ဟည်းလျက် တိုက်ခိုက်လာ၏။
“ ဝူး ... ။ ”
တောင်တန်းတစ်ခုလုံး တုန်ခါလာကာ ဥပဒေစည်းမျဉ်းများသည် ကောင်းကင်တခွင် လုံးဝပြည့်လျှံသွားတော့သည်။
တန်ယုယန်နှင့် အဖွဲ့မှာ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲ သွားကြလေသည်။ အဝေးမှ ကြည့်ရုံမျှနှင့်ပင် ဤဥပဒေစွမ်းပကားသည် သူတို့အားလုံးကို စိတ်ပျက်အားငယ်စေ၏။
“ ကလန် ... ။ ”
သို့သော် ထိုသို့အရေးကြုံချိန်တွင် ကောင်းကင်နှင့်မြေကြီးကို တုန်ဟည်းစေလျက် ဓားအလင်းတစ်လက် ထွက်ပေါ်လာသည်။
“ ဝုန်း ... ။ ”
ယဇ်ပလ္လင်ကြီးခမျာ ချက်ချင်း ထက်ခြမ်းကွဲသွားကာ အပိုင်းအစများအဖြစ်သို့ ကွဲကြေပျက်စီးသွားတော့၏။
ဤအခွင့်အရေးကို အသုံးချပြီး စုရီတစ်ယောက်ဓားဆွဲလျက် လွင့်မျောနေသော ရွှေရောင်သားရဲအရေခွံကို ဖမ်းဆွဲလိုက်သည်။
“ ဝူး ... ။ ”
ရွှေရောင်သားရဲအရေခွံသည် ဖမ်းဆီးခံရသည့်အတွက် အတိုင်းအဆမဲ့သော ထိုက်ကျင်းအဆင့် တာအိုဥပဒေအလင်းများကို ထုတ်လွှတ်ကာ ရုန်းကန်တော့၏။
၎င်း၏ အရှိန်အဝါသည် အင်မော်တယ်ဘုရင်တစ်ပါး၏ အသက်ကိုပင် အလွယ်တကူ နှုတ်ယူနိုင်စွမ်း ရှိသည်။
“ ဟမ့် ... ။ ”
သို့သော် စုရီမှ ငရဲဘုံကိုးပါးဓားရောင်ဝါကို သုံး၍ဖိနှိပ်လိုက်ရာ ရွှေရောင်သားရဲအရေခွံသည် ပြင်းစွာတုန်ခါလျက် ငြိမ်သက်သွားရ၏။
ပတ်ဝန်းကျင်ရှိ ဥပဒေစည်းမျဉ်းများ ပြိုကွဲလျက် ချက်ချင်းငြိမ်သက်သွားတော့သည်။ ထို့နောက် စုရီက အသာအယာ သိမ်းဆည်းလိုက်၏။
“ သတိထားပါ ... ရှန့်မူ ပြန်ရောက်တာနဲ့ ငါတို့ချက်ချင်းထွက်ရမယ်။ ”
တန်ယုယန်မှ သတိပေးလိုက်သည်။ တန်ဟန်ဖန်နှင့်အဖွဲ့မှာ ခေါင်းညိတ်လျက် သူတို့ လက်နက်များကို အသင့်ပြင်လိုက်ကြ၏။
ထိုစဉ် အနက်တောင်ကြီးအပေါ် ကြောက်မက်ဖွယ် ငွေရောင်အလင်းများ ပြိုကျ လာပြီး လူတစ်ယောက် ထွက်ပေါ်လာ၏။
ငွေရောင်ချပ်ဝတ်နှင့် သွေးနီရောင် လှံရှည်တစ်စင်းကိုင်ဆောင်ထားကာ ဖိအားမှာ နတ်တောင်ကြီးအလား ပြင်းထန်လှသည်။
“ ရတနာကို ထားခဲ့ပြီး မင်းထွက်သွားနိုင်တယ်။ ”
ထိုသူက အေးစက်သော အသွင်ဖြင့် စုရီထံအမိန့်ပေးလိုက်သည်။ သူ့နောက်ထံပါး၌ နောက်ထပ်ကျင့်ကြံသူများ ထပ်ပေါ်လာ၏။
“ ဟွာမင်းဝူ ... ။ ”
တန်ယုယန်မှ မျက်မှောင်ကြုတ်သွား၏။ ငွေနဂါးအင်မော်တယ်ခန်းမမှ ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်တစ်ပါးပေပင်။
အင်မော်တယ်ဘုရင်အဆင့် အင်အားစုတစ်ခုဖြစ်၏။ ဟွာမင်းဝူကိုယ်တိုင်ပင် ကြောက်စရာကောင်းသည့် ခွန်အားကို ပိုင်ဆိုင်ထားချေပြီ။
သည့်နောက်တွင် အရပ်မျက်နှာ အသီးသီးတွင်လည်း အခြားသော လူရိပ်များစွာ ထွက်ပေါ်လာကြတော့သည်။
သူတို့အားလုံးသည် အဖွဲ့ကို ဦးဆောင်လာသော ပြိုင်ဘက်ကင်းသူတော်စင် အင်မော်တယ်များဖြစ်၏။
လေနှင့်မိုးများ အရောင်ပြောင်းသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားရလေသည်။ လူအချို့ချောင်းမြောင်းနေသည်ကို သိရှိထား သော်လည်း ဤမျှအထိမထင်ထားချေ။
အရိုးဖြူနတ်ဆိုးဂိုဏ်းမှ လီရှောင်၊ လျူတင်းအင်မော်တယ်နတ်တောင်မှ ဖူယွမ်ကျိ၊ ခရမ်းရောင်ဓားနန်းတော်မှ ဟွမ်ပေရီ၊ စစ်မှန်သော တာအိုဂိုဏ်းမှ ထောင်ရုရွှမ်း စသည်တို့ပေပင်။
တန်ဟန်ဖန်းနှင့် အခြားသူများမှာ မျက်နှာများပျက်ယွင်းပြီး ရုပ်ဆိုးအကျည်းတန် ကုန်တော့သည်။
“ တန်ယုယန် ... အဲဒီလူက မင်းရဲ့လူမဟုတ်လား သူ့ကိုရတနာချက်ချင်း အပ်ခိုင်းလိုက်ပါ ... မဟုတ်ရင် ဒီနေ့ မင်းတို့ အသက်ရှင်ရတာ နောက်ဆုံးနေ့ဖြစ်လိမ့်မယ်။ ”
နတ်မီးတောက်ဂိုဏ်းမှ ကူသွမ့်လျူက တန်ယုယန်ထံစိုက်ကြည့်ကာ သတိပေးလာ၏။ လွန်ခဲ့သော ရက်ပိုင်းက ဥက္ကာပျံတောင်ကြား၌ ကြယ်တာရာမူလကျောက်တုံအတွက် တန်ယုယန်နှင့် စကားများဖူးသည်။
သို့သော် ဘုန်းကြီးကျိုးယွင်မှ ဆွမ်းသပိတ်ဖြင့် လိုက်ရိုက်နေခဲ့သောကြောင့် ဆုတ်ခွာထွက်ပြေးသွားသူပေပင်။
ယခုမူ အခြားသော ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်များနှင့် ရောက်ရှိလာ သောကြောင့် တန်ယုယန်ကို ပစ်မှတ်ထား လိုက်ခြင်းဖြစ်လေသည်။
အေးစက်ပြီး တင်းမာသော သတ်ဖြတ်လိုခြင်းဆန္ဒများ လေထုအလယ်၌ ပြည့်နှက်လာ၏။
ဂိုဏ်းအသီးသီးမှ ထိုအဆင့် သူတော်စင်အင်မော်တယ်များ၏ ပိတ်ဆို့မှုကို ခံထားရသောကြောင့် တန်ယုယန်ပင် ချွေးပျံလာတော့သည်။
“ ရှန့်မူ ... မင်းရဲ့တံဆိပ်ကို ချေမွှပြီး ချက်ချင်းထွက်သွားပါ ဒါဆိုရင် မင်းအတွက် ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်လိမ့်မယ်။ ”
တန်ယုယန်မှ ရုတ်တရက် အကြံပြုလိုက်သည်။ သူမ စကားကြောင့် တောင်ကြီးကို ပိတ်ဆို့ထားသော လူအုပ်ကြီးမှာ မျက်နှာများ ပျက်ယွင်းကုန်၏။
“ တန်ယုယန်၊ မင်း ... သတ္တိရှိလား။ ”
ကူသွမ့်လျူမှ အော်ငေါက်လိုက်၏။ တစ်ဖက်တွင် စုရီသည် အသာအယာပြုံးပြပြီး၊
“ ငါ့အမြင်အရတော့ ... နောက်ဆုံးမှာ အသက်လုပြီးထွက်ပြေးကြရမယ့် လူတွေက သူတို့ပဲဖြစ်လိမ့်မယ်။ ”
-ဟု တုန့်ပြန်လိုက်၏။
ဤစကားသည် လူတိုင်းကို မျက်ခုံးပင့်သွားစေသည်။ စုရီမှ လေထဲသို့ ဖြည်းညှင်းစွာ လှမ်းတက်လိုက်၏။
လေထုထဲတွင် အထ်ကတန်းစား သူတော်စင်အင်မော်တယ်ပေါင်း (၆၀)ခန့်ရှိပြီး ပြိုင်ဘက်ကင်းအဆင့်ရှိသူ (၈)ဦးပါဝင်သည်။
စုရီမှ ပြုံးလျက်၊
“ စိတ်မပူပါနဲ့ ... ငါ့မျက်လုံးထဲမှာတော့ ငါ့တံခါးဝကိုခုန်ဝင်လာကြတဲ့ ငါးကလေးတွေပါ ဒါဆို ငါဘာလို့ လွှတ်ပေးရမှာလဲ။ ”
-ဟု ပြောကြားလိုက်သည်။
ထိုသို့ ပေါ့ပါးပါး ပြောဆိုလိုက်သော စကားသံသည် ကောင်းကင်နှင့် မြေကြီးကြား၌ ပဲ့တင်ထပ်နေသဖြင့် လူတိုင်းနားဝေတိမ်တောင် ဖြစ်သွားကြတော့၏။
“ အရမ်း မောက်မာတယ် ... ။ ”
ပြိုင်ဘက်ကင်း သူတော်စင် အင်မော်တယ်တစ်ဦးက လှောင်ပြောင်သည်။
“ မင်းမှာ သတ္တိရှိရင် တံဆိပ်ကို ချေမွှပြီး ထွက်မပြေးဖို့ ကတိပေးဝံ့လား။ ”
အခြားသူ တစ်ဦးမှလည်း စိန်ခေါ်လိုက်၏။
“ မှန်တယ် ... သတ္တိရှိရင် မင်းအဲဒီမှာနေပြီး တိုက်ခိုက်ပါ ဘယ်သူက ငါးကလေးလဲဆိုတာကို ကြည့်ရအောင်။ ”
လူတိုင်းက စုရီတစ်ယောက် ထွက်ပြေးသွားမည်ကိုစိုးရိမ်ခဲ့၏။ တန်ယုယန်မှ စိုးရိမ်လာပြီး၊
“ ရှန့်မူ ... မင်းထွက်သွားသင့်ပြီ။ ”
-ဟု အော်ဟစ်လိုက်သည်။
တစ်ဖက်လူသည် သူတော်စင် အင်မော်တယ်ရောင်ဝါများ ထွက်နေသော်လည်း အမည်ခံ အင်မော်တယ်မျှသာဖြစ်ကြောင်း သူမ သိထားသည်။
ထိုအဆင့်ဖြင့် ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်(၈)ပါးကို ရင်ဆိုင်ရန် မဖြစ်နိုင်ချေ။ သူမသည်ပင် ဤရှစ်ယောက်နှင့် ရင်ဆိုင်ရသော် ထွက်ပြေးရုံသာရှိပေမည်။
“ ဒီမလာခင်မှာ တန်လင်းချီက ဘာလို့ ငါ့အမိန့်အတိုင်းအရာရာ လုပ်ဆောင်ဖို့အတွက် မင်းကိုမှာကြားခဲ့လဲဆိုတာ သိလား ... အဲဒီမှာ ငြိမ်ငြိမ်လေးရပ်ပြီး ကြည့်နေပါ။ ”
စုရီမှ ပြုံးလျက် ပြောကြား၏။ ထို့နောက် သူ့ရန်သူများထံ လှည့်ကြည့်ကာ၊
“ မင်းတို့ ဘာကို စောင့်နေတာလဲ။ ”
-ဟု ဖိတ်ခေါ်လိုက်တော့၏။
“ သူ့ကို သတ် ... ။ ”
“ ဒီလောက် မောက်မာတဲ့လူကို မလွတ်စေကြနဲ့ ... ထွက်ပြေးဖို့ အခွင့်အရေး လုံးဝမပေးနဲ့။ ”
“ ရိုက်နှက်ခံရတဲ့အခါ ဒီလို မာနကြီးနိုင်ဦးမလား ငါကြည့်မယ်။ ”
လူအုပ်ကြီးမှာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များပြည့်နှက်လာပြီး ရက်စက်စွာ တိုက်ခိုက်လာတော့၏။
သူတို့၏ ရတနာလက်နက်များကို ထုတ်ဖော်လျက် အင်အားအပြည့်ဖြင့် လုံးဝပင် ရက်စက်ကြမ်းကြုတ်နေချေပြီ။
ကောင်းကင်နှင့် မြေကြီး ပြင်းထန်စွာ တုန်ခါသွားပြီး သတ်ဖြတ်ခြင်းအငွေ့အသက်များ လွှမ်းမိုးလာ၏။ ဤမြင်ကွင်းက တန်မိသားစုကို ကြောက်ရွံ့လွန်းသဖြင့် တုန်ရီလာစေသည်။
အဘယ်ကြောင့် ထိုရှန့်မူသည် ဒုက္ခကိုခံယူနေကြောင်း နားမလည်နိုင်ချေ။ လက်ရှိ ရတနာသည် ယနေ့ပြိုင်ပွဲတွင် အကြီးမားဆုံး အခွင့်အရေးပေပင်။
ထိုရတနာကိုယူကာ ထွက်သွားသော်မှ ကောင်းကင်ဘုံအမဲလိုက်ပြိုင်ပွဲတွင် အနိုင်ရသူ တစ်ဦးဖြစ်နိုင်နေဆဲပေပင်။
“ ဝှစ် ... ။ ”
ထိုစဉ် ဘက်ပေါင်းစုံမှ အလုံးအရင်းနှင့် ဝင်ရောက်လာသော ဝိုင်းရံတိုက်ခိုက်မှုအပေါ် စုရီသည် သူ့အင်္ကျီလက်အား ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာတုန့်ပြန်လိုက်သည်။
“ ဟမ့် ... ။ ”
“ ဒါက ... ။ ”
လေဟာနယ်တစ်ခုလုံး ရုတ်တရက် အစိတ်စိတ်အမြွှာမြွှာ ပြိုကျပျက်စီးသွားခဲ့၏။ ရှေ့ဆုံးမှ ပြေးဝင်လာကြသော ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်များသည် မျက်နှာများ ပျက်ယွင်းသွားကြတော့သည်။
“ ဘန်း ဘန်း ဘန်း ... ။ ”
သူတို့ ဆင့်ခေါ်ထားသော လက်နက်များအားလုံးသည် နတ်တောင်ကြီး တစ်လုံးနှင့် ကြိတ်ချေခြင်းကို ခံလိုက်ရသကဲ့သို့ အပိုင်းပိုင်းပေါက်ကွဲသွားခဲ့၏။
ယင်းသည် အကုန်မဟုတ်သေးချေ။ နောက်ပါးမှလိုက်လာသော အထက်တန်းစား သူတော်စင်အင်မော်တယ်များမှာ ပြာအဖြစ် ပြောင်းလဲကုန်တော့သည်။
“ မြန်မြန် ခုခံလိုက်။ ”
“ စီနီယာ ငါတို့ကိုကယ်ပါ။ ”
“ မလုပ်နဲ့ ... ။ ”
“ အား ... ။ ”
ရုတ်တရက်ဆိုသလို သွေးမိုးများ နေရာအနှံ့အပြား၌ ရေတံခွန်ပမာ သဲသဲမဲမဲ ရွာကျလာ၏။ နာကျင်စွာ အော်ဟစ်သံများ ညံလာတော့သည်။
ဤမျှ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုကြောင့် ပြိုင်ဘက်ကင်းသူတော်စင် ရှစ်ပါးခမျာ လုံးဝ တုန်လှုပ်လျက် ဆုတ်ခွာလိုက်ရ၏။
“ အသက်ဝင် ... ။ ”
သူတို့ခန္ဓာကိုယ်ရှိ အကောင်းဆုံးသော ခုခံကာကွယ်ရေးရတနာများကို အသက်သွင်းပြီး ဥပဒေများစွာ အထပ်ထပ်ကာရံလိုက်သည်။
“ တစ်ခုခုမှားနေတယ် ... ။ ”
သို့သော် ထိုမျှ ကံမကောင်းခဲ့ကြချေ။ ဤသည်မှာ သူတို့၏ဆန္ဒများသာဖြစ်ချေသည်။ သတိဝင်လာချိန်၌ အမှုန်အဖြစ်ပြောင်းနေသော ခန္ဓာကိုယ်များနှင့် ဝိညာဉ်အပိုင်းအစများကို မြင်နေရပြီဖြစ်၏။
သူတို့ထုတ်ဖော်ခဲ့သော ကာကွယ်ရေး အဆောင်များမှာ လေထုအလယ်လွင့်မျောလျက် အသက်ဝင်လာသော်လည်း ကာကွယ်ရမည့် သခင်များ မရှိခဲ့ကြတော့ချေ။
ဤမြင်ကွင်းသည် ရက်စက်ပြီး လျင်မြန်လွန်းသဖြင့် တန်ယုယန်မှ မျက်လုံးများ ပြူးကျယ်သွားခဲ့ချေပြီ။
လက်လှိုင်းတစ်ချဖြင့် ပြိုင်ဘက်ကင်း သူတော်စင်(၈)ပါးအပါအဝင် အထက်တန်းစား သူတော်စင်အင်မော်တယ်(၆၀)ကို အမှုန့်များ ဖြစ်သွားစေသည်လော။
ထိုသူများသည် မည်သည့်အချိန်မှစကာ အားနည်းသောပိုးမွှားများ ဖြစ်ကုန်ခဲ့ကြသနည်း။ ယင်းသည် သူမကဲ့သို့သော တည်ရှိမှုရှိနေသည့် ပါရမီရှင်(၈)ပါး မဟုတ်သည်လော။
***