အခန်း ၁၂၄၆
Vol. 104 Ch. 1246
အခန်း ၁၂၄၆ -
သူတော်စင်အင်မော်တယ် တစ်ပါးအတွက် တာအိုပြိုကျစေသည့် အမှန်တရား ... ။
စုရီတစ်ယောက် တိတ်ဆိတ်သွား၏။ မြင်တွေ့ခဲ့ရသော မြင်ကွင်းနှစ်ရပ်စလုံးသည် အလွန်ပင် ခြောက်ခြားဖွယ်ကောင်းလှသည်။
လောင်ချန်နင်သည် အဆုံးတွင် အသက်ရှင်ခဲ့သည်လော မသိနိုင်ချေ။ သို့သော် သေချာသည်မှာ ဤလောကသို့ သူ ပြန်လည် ရောက်ရှိမလာတော့ကြောင်း သေချာ၏။
“ တကယ်ပဲ အဲဒီနတ်ဘုရားတွေက တစ်စုံတစ်ရာကို ကြောက်ရွံ့နေတာလား။ ”
လောင်ချန်နင်၏ စကားများကို ပြန်လည် အမှတ်ရလာသည်။ နတ်ဘုရားများမှာ သူတို့၏ ပလ္လင်များကို ခြိမ်းခြောက်ခံရမှာကို ကြောက်ရွံ့ သောကြောင့် နတ်ဘုရားလမ်းကို ပိတ်ပင် နေခြင်းဖြစ်သည်။
တစ်ချိန်က ဝမ်ယဲ့မသေဆုံးမီအချိန်၌ နတ်ဘုရားအဆင့်သို့ ရောက်ရှိမည့် လမ်းကို နှစ်ပေါင်းများစွာ ရှာဖွေခဲ့ဖူးသည်။
ခေတ်ကာလအမျိုးမျိုးသို့ ခရီးသွားကာ အချိန်မြစ်ကြီးထံပင် စွန့်စားဝင်ရောက်ခဲ့သည်။ နောက်ဆုံးတွင် ဝမ်ယဲ့သည် အဖိုးတန်လှသော သဲလွန်စများစွာကို ရှာဖွေတွေ့ရှိလာ၏။
ယင်းသည် နတ်ဘုရားနယ်ပယ်သည် အမှန်တကယ် တည်ရှိချေသည်။ ဤလမ်းသည် အင်မော်တယ်အထက် လမ်းတစ်ခုဖြစ်၏။
ထိုအဆင့် ကျင့်ကြံသူတစ်ဦးသာလျှင် အချိန်မြစ်ကိုဖြတ်ကျော်နိုင်ပြီး တိုက်စားမှုဒဏ်မှု ထာဝရလွတ်မြောက်နိုင်မည်။
ယင်းကြောင့်ပင် ဤအဆင့် ကျင့်ကြံသူများကို နတ်ဘုရားအဖြစ် သတ်မှတ် ခေါ်ဆိုကြခြင်း ဖြစ်လေသည်။
ခေတ်၏ စည်းမျဉ်းနိယာမများကို ကိုင်ဆောင်လျက် ကောင်းကင်တာအိုအပေါ် လွှမ်းမိုးနိုင်သော စွမ်းအားရှင်များပေပင်။
ဆိုလိုသည်မှာ အချိန်တိုက်စားမှုကို ခံနိုင်သဖြင့် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အထိ သူတို့၏ အာဏာမှာ လွှမ်းမိုးနိုင်သည်။
သူတို့၏ အထူးအရည်အချင်းမှာ ခေတ်တစ်ခေတ်၏စည်းမျဉ်းကို စုစည်းနိုင်ကာ သူတို့နေရာကို သတ်မှတ်နိုင်ခြင်းဖြစ်၏။
တစ်စုံတစ်ဦးသည် ထိုနေရာကို သိမ်းယူနိုင်သော အဆိုပါနတ်ဘုရားများပင်လျှင် သာမန်သေမျိုးများဖြစ်သွားကြပေမည်။
နတ်ဘုရားများ ရာထူးအတွက် အကန့်အသတ်ရှိနေသည်မှာ အချိန်မြစ်ကြီးနှင့် လုံးဝသတ်ဆိုင်၏။
အချိန်မြစ်ကြီးအတွင်း၌ အရွယ်အစားအမျိုးမျိုးရှိသော ယဉ်ကျေးမှုကမ္ဘာ အမြောက်အမြားတည်ရှိပြီး ထိုယဉ်ကျေးမှုကမ္ဘာ တစ်ခုစီသည် ခေတ်တစ်ခေတ်ဖြစ်သည်။
ခေတ်တစ်ခေတ်ဆီသည် ဥပဒေစွမ်းအားအနည်းငယ်ကိုသာ ထုတ်ပေး၏။ ထို့ကြောင့် လူအနည်းငယ်သည်သာ ခေတ်၏ စွမ်းအားကို စုစည်းခွင့်လုံလောက်ပေမည်။
ဤနည်းဖြင့် နတ်ဘုရာများ ရာထူးမှာ အကန့်အသတ်ရှိနေခြင်းပေပင်။ တစ်စုံတစ်ဦးမှ နတ်ဘုရားတစ်ပါးဖြစ်လိုသော် သူ့ခေတ်အတွင်း နတ်ဘုရား သို့မဟုတ် အခြားခေတ်ထံပါးမှ နတ်ဘုရားကို တိုက်ခိုက်ရပေမည်။
ထို့ကြောင့် နတ်ဘုရားများသည် ခေတ်အသီးသီးရှိ အထွတ်အထိပ်ကျင့်ကြံသူများ အပေါ် ပစ်မှတ်ထားကာ အချိန်မတိုင်မီ ဖျက်ဆီး နေကြခြင်းဖြစ်ချေ၏။
ဤအချက်ကို တွေးတောမိသောအခါ လက်ရှိအင်မော်တယ်မြေ၌ ပုန်းအောင်နေသည့် ထိုဖားအိုကြီးများထံ သတိရလာသည်။
လက်ရှိသားရဲအရေခွံတွင် ပြသနေသော ကပ်ဘေးကြီးကဲ့သို့ပင် လက်ရှိခေတ်တွင်လည်း အထွတ်အထိပ်တည်ရှိမှုများထံ ဦးတည်သည့် ကပ်ဘေးကြီးတစ်ခု ရှိနေချေပြီ။
ဆိုလိုသည်မှာ သူတို့ပလ္လင်ကို လုယူသွားနိုင်ချေရှိကြသည့် ကျင့်ကြံသူများထံ နတ်ဘုရားများမှ ခေတ်အဆက်ဆက် စောင့်ကြည့်နေခြင်းဖြစ်၏။
“ ရှန့်မူ ... ဒီသားရဲအရေခွံထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေပါလဲ။ ”
တန်ယုယန်မှ အတွေးထဲ နစ်မြုပ်နေသော စုရီတစ်ယောက် မနိုးထသေးသဖြင့် သည်းမခံ နိုင်တော့ဘဲ မေးမြန်းလိုက်သည်။ သို့မှသာ စုရီတစ်ယောက် နိုးထလာကာ၊
“ ဒီရွှေရောင် သားရဲအရေခွံက လောင်ချန်နင်ဆိုတဲ့ မြင့်မြတ်သူတစ်ယောက် သတ်ဖြတ်ခဲ့တဲ့ တိမ်အလင်း ကောင်းကင် သားရဲရဲ့ အရေခွံပဲ ... သူ့ထဲမှာ ... ။ ”
ထို့နောက် စုရီမှ သူမြင်တွေ့ခဲ့ရသော မယုံနိုင်စရာကောင်းလှသည့် မြင်ကွင်းနှစ်ရပ်ကို တန်ယုယန်ထံ အကျဉ်းချုပ် ပြောပြလိုက်သည်။
ဤသို့သော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက်ကြီးကို ကြားလိုက်ရသောအခါ၌ တန်ယုယန်မှ အံ့အားသင့်သွား၏။
သူမသည်ပင် ခဏမျှ ဆွံ့အသွားသည်။ သူမဟူသည် ပြိုင်ဘက်ကင်းသော သူတော်စင် အင်မော်တယ်တစ်ဦး ဖြစ်၏။
သို့သော် နတ်ဘုရားများနှင့် နတ်ဘုရားဘေးဒုက္ခများအကြောင်းမှာ သူမနှင့် အလွန်ဝေးကွာလွန်းနေပြီး ဒဏ္ဍာရီတစ်ခု ကဲ့သို့ပင် ခံစားရသည်။
ဤကမ္ဘာတွင် မြင့်မြတ်သူဟူသည် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် တည်ရှိမှုများဖြစ်ချေ၏။ ယနေ့ခေတ်တွင် မမြင်တွေ့ရလောက်အောင် ပေပင်။
ခေတ်အဆက်ဆက် ထိုကဲ့သို့သော တည်ရှိမှုများကို နတ်ဘုရားဆိုသူများ အနေဖြင့် ရက်စက်စွာ နှိမ်နင်းသတ်ဖြတ်ခဲ့ကြသည်မှာ အမှန်ပင် တုန်လှုပ်ဖွယ်ဖြစ်၏။
ကောင်းကင်အောက်၌ ကူကယ်ရာမဲ့သော ထိုပုဂ္ဂိုလ်ကြီးများပုံရိပ်ကိုမြင်လာ၏။ ယင်းသည် သူမတာအိုကိုပင် လှုပ်ခတ်လာစေသည်။
အဆုံးတွင် မည်သူမဆို ယုံကြည်ရာ၏ အဆုံးသတ်သည် စစ်မှန်သောလမ်းပိတ်တစ်ခု ဖြစ်နေခြင်းမှာ ရူးစရာပေပင်။
နှစ်ပေါင်းများစွာ ပေးဆပ်နစ်မြုပ်လျက် ကျင့်ကြံထားသမျှသည် လုံးဝဖြုန်းတီးမှုအဖြစ် ပြောင်းလဲသွားချေပြီ။
စုရီက တန်ယုယန် နဖူးကို လက်ညှိုးဖြင့် တောက်ချလိုက်၏။ ပူနွေးသောစွမ်းအင်တစ်စ စီးဝင်လာပြီး တာအိုပြိုကျမှု အခြေအနေမှ ပြန်လည်နိုးထလာတော့သည်။
“ ဒါဆို ... ဒီသားရဲအရေခွံထဲမှာ နတ်ဘုရားဖြစ်နိုင်တဲ့ လျှို့ဝှက်ချက်တွေ တကယ် ပါဝင်နေတာပေါ့။ ”
စုရီမှ ခေါင်းခါလျက်၊
“ နတ်ဘုရားလမ်းကြောင်းက ဒီကမ္ဘာကြီးပေါ်ကနေ ပျောက်ကွယ်သွားပြီးပြီ မင်းသိနိုင်ရင်တောင် လက်ရှိခေတ်ကာလမှာ နတ်ဘုရားတစ်ပါး ဖြစ်လာဖို့က မဖြစ်နိုင်တော့ပါဘူး။ ”
- ဟု ဆိုလျက် ရွှေရောင် သားရဲအရေခွံကို ကမ်းပေးလိုက်၏။
“ မင်းကိုယ်တိုင် ဖတ်ကြည့်ပါ။ ”
တန်ယုယန်မှ ချက်ချင်းပင် ခေါင်းရမ်းလိုက်သည်။ ဤဖြစ်ရပ်ကြီးသည် သူမ တာအိုကို လုံးဝပြိုကျစေနိုင်၏။ မည်သူသည် ဤအမှန်တရားကို ခံနိုင်မည်နည်း။
အစောပိုင်းတွင် ရှန့်မူ၏ စွက်ဖက်မှုသာ မရှိခဲ့သော် သူမတာအိုသည် ပြိုကျပျက်စီးကာ လုံးဝပြုပြင်မရသော ရလာဒ်ပေါ်လာပေမည်။
“ ငါ ... ဒီလျှို့ဝှက်ချက်ကို မကြည့်တာ အကောင်းဆုံးပဲလို့ထင်တယ် လက်ရှိအဆင့်အရ အရမ်းဝေးကွာလွန်းနေတယ် ရလာဒ်အနေနဲ့ ငါ့တာအိုနှလုံးသားသာ မငြိမ်မသက် ဖြစ်လာရုံပဲရှိမှာပါ။”
စုရီမှ ခေါင်းညိတ်လျက် အတင်းအကျပ် မတိုက်တွန်းခဲ့ချေ။ အမှန်ပင် ဤအရေခွံသည် သူမအတွက် ကောင်းကျိုးထက်ဆိုးကျိုးသာ ပေးနိုင်ချေမည်။
သူ့အတွက်ပင် လောလောဆယ်တွင် ကြီးမားသောအသုံးဝင်မှု မရှိသေးချေ။ လက်ရှိ ကျင့်ကြံမှုမှာ သူမထက်ပင် နိမ့်ကျနေသေး၏။
လောင်ချန်နင်မှ နတ်ဘုရားဖြစ်ရန် နည်းလမ်းငါးမျိုးကိုထားရစ်ခဲ့ကာ နားလည်ရန် အတွက် အနိမ့်ဆုံးအထွတ်အထိပ်တည်ရှိမှုထံ ဦးစွာတက်လှမ်းရပေဦးမည်။
စုရီမှ တွေးတောလျက် ရွှေရောင် သားရဲအရေခွံကိုသိမ်းဆည်းကာ မတ်တပ်ရပ်ပြီး ‘ ကဲ ... သွားရအောင်’-ဟု ပြောလိုက်သည်။
ချက်ချင်းပင် နှစ်ဦးသား ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။ တန်ယုယန်သည် လမ်းခရီးတွင် စကားပြောရန် ကြိုးစားနေခဲ့ သော်လည်း တွန့်ဆုတ်နေခဲ့သည်။ ယင်းကို သတိထားမိလိုက်သော စုရီမှ၊
“ မင်းမှာ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ။ ”
-ဟု ခွင့်ပြုလိုက်သည်။
ဤမျှ မာနကြီးပြီး ပြတ်သားသော အမျိုးသမီးတစ်ဦးသည် ဤသို့ တွန့်ဆုတ်နေခဲ့ သည်မှာ အနည်းငယ် ထူးဆန်းနေချေပြီ။
“ ဒါဆို ငါပွင့်ပွင့်လင်းလင်းပဲ မေးပါရစေ မကြာသေးခင်က သွေးနဂါးမြစ်ဘေးမှာတုန်းက မင်းတစ်ယောက်တည်း ထွက်သွားတာ ချူးပိုင်တန်ကို လိုက်ရှာခဲ့တာလား ... ။ ”
“ ဟုတ်တယ် ... ငါ သူ့ကို အသက်ရှင်လျက် ဖမ်းဆီးနိုင်ခဲ့တယ်။ ”
စုရီမှ လျှို့ဝှက်မထားဘဲ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်လေသည်။
“ ငါ ဒါကို ဖုံးကွယ်ထားရတဲ့ အကြောင်းရင်းက မင်းတို့တန်မိသားစုအတွက် ပြဿနာထဲ ညိတွယ်လာမှာ မလိုလားလို့ပဲ ...
... ဘာပဲဖြစ်ဖြစ်... ဒီကောင်လေးရဲ့ ဘိုးဘေးက ချူးရှန်ထောင်ဆိုတဲ့ အဘိုးကြီးပဲ အထွတ်အထိပ် တည်ရှိသူတစ်ယောက်ပါ။ ”
တန်ယုယန်တစ်ယောက် စိတ်ထဲ၌ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း စုရီ၏အဖြေ ကြားချိန်တွင် အံ့အားသင့်နေဆဲပေပင်။
ပြိုင်ဘက်ကင်းလှသော သူတော်စင် အင်မော်တယ်သခင်တစ်ဦးကို အသက်ရှင်လျက် ဖမ်းဆီးနိုင်ရန်မှာ မည်သို့သော ခွန်အားနည်း။
ချူးပိုင်တန်အနေဖြင့် ဖမ်းဆီးမခံရမီ တံဆိပ်ကိုခြေမှုန်းကာ ထွက်ပြေးရန် အချိန်ပင် မရှိခဲ့သည်လော။
သည့်ပြင် ချုးပိုင်တန်ကို အဘယ့်ကြောင့် အသက်ရှင်လျက်ဖမ်းဆီးလိုသည်ကို နားမလည် ဖြစ်လာပြန်သည်။ သို့သော် ထိုအကြောင်းကို ဆက်လက်မမေးမြန်းတော့ဘဲ၊
“ ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် ... မင်းက ... အဲဒီစုရီမဟုတ်လား။ ”
-ဟု မေးမြန်းလိုက်၏။
စုရီမှ ပြုံးလျက် ခေါင်းညိတ်လိုက်၏။ ချက်ချင်းပင် တန်ယုယန်ခမျာ မျက်ဝန်းများ ပြူးကျယ်သွားတော့သည်။
“ တကယ် ... တကယ်ပဲလား ... ။ ”
အံ့မခန်း ကြီးကျယ်ခမ်းနားလှသည့် လူငယ်တစ်ယောက် အင်မော်တယ်မြေကြီးသို့ အောက်ဘုံမှ တက်လာခဲ့ကြောင်း သူမ ကြားသိထားသည်။
ထိုသူ၏ အောင်မြင်မှုသတင်းသည် သူမအတွက်ပင် အလွန်လေးစားစရာကောင်းပြီး လှိုင်းလုံးကြီးများစွာကို ဖြစ်ပေါ်စေခဲ့၏။
“ အံ့သြစရာ မရှိတော့ပါဘူး ... ။ ”
အဆုံး၌ တန်ယုယန်တစ်ယောက် တိုးတိုးလေး သက်ပြင်းချလိုက်တော့၏။ သူမ၏ တူမလေး တန်ပေါင်အာနှင့် သတ္တမအကြီးအကဲ တန်လင်းချီတို့သည် ဤအကြောင်းအရာကို သိရှိပြီးဖြစ်ပုံရချေသည်။
ရယ်စရာကောင်းသည်မှာ သူမသည် နုံအလွန်းပြီး စုရီကိုထင်လွဲကာ အေးစက်စက် ဆက်ဆံခဲ့မိချေပြီ။
၎င်းကို ပြန်လည်တွေးမိသည့်အခါ ရှက်ရွံ့လွန်းသဖြင့် စိတ်ထဲအလွန်မသက်မသာ ဖြစ်သွားရတော့သည်။
လက်ရှိအချိန်တွင် ရှန့်မူ၏မူလကို ပေါင်အာနှင့် သတ္တမမောက်အကြီးအကဲအပြင် သူမသည်လည်း သိရှိလာပြီဖြစ်၏။
ထို့ကြောင့် ဤမျှလျှို့ဝှက်ချက်ကြီးကို သိခွင့်ပေးလာသည့်အပေါ်တွင် ထူးခြားသော ခံစားချက်များဝင်လာကာ စုရီထံ ခိုးကြည့် လိုက်မိတော့သည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်လာ၏။ နှစ်ဦးသား စကားစမြည်များ ပြောကြားလျက် ခရီးဆက်လက်လာခဲ့သည်။ နှစ်ရက်ကုန်လွန် ပြီးနောက် နတ်ဘုရားနာကျည်းခြင်းနယ်မြေမှ ထွက်ခွာလာနိုင်၏။
သူတို့ရှေ့တွင် ခြောက်သွေ့ပြီး ဆိတ်ညိမ်လှသော မီးခိုးရောင်နယ်မြေကြီးကို ကျယ်ပြန့်စွာမြင်လိုက်ရချေပြီ။
မိုးကုပ်စက်ဝိုင်းအောက်တွင် ကြီးမားထည်ဝါလှသော ကျောက်တိုင်ကြီး နှစ်တိုင် ကောင်းကင်ပေါ်ထိုးတက်နေ၏။
ဤသည်မှာ ရှေးခေတ်တည်းက တည်ရှိနေခဲ့သော လျှို့ဝှက်နယ်မြေကြီး၏ ဝင်ပေါက်တစ်ခုဖြစ်သည်။ ကောင်းကင်ဘုံ အမဲလိုက်ပွဲ၏ အဓိကနယ်မြေကြီးပေပင်။
***