အခန်း ၁၂၄၇
Vol. 104 Ch. 1247
အခန်း ၁၂၄၇ -
ဒီနေ့ အခြေအနေကို ငါပြောင်းလဲပေးမယ်။
အချိန်ကာလနှင့် ခေတ်၏ တိုက်စားမှုကို ခံယူလျက် ဧရာမ ကျောက်တိုင်ကြီးနှစ်တိုင်မှာ ခိုင်မြဲစွာရပ်နေချေပြီ။
ထိုတိုင်ကြီးနှစ်တိုင်၏ ရှေ့တွင်မူ အိုမင်းယိုယွင်းပျက်စီးနေသော ရှေးဟောင်း ယဇ်ပလ္လင်တစ်လုံး ရှိနေ၏။
၎င်းမျက်နှာပြင်သည် မင်ကဲ့သို့ မည်းနက်လျက် သွေးကွက်များခြောက်သွေ့ နေတော့သည်။
ဤအချိန်တွင် ထိုယဇ်ပလ္လင်နှင့် အနည်းငယ်ဝေးကွာသောနေရာများ၌ ပုံရိပ် အမြောက်အမြား ရပ်နေကြသည်။
သူတို့သည် မတူညီသော အုပ်စုများဖွဲ့စည်းကာ သီးခြားစီတည်ရှိနေ၏။ ခေါင်းဆောင်များမှာ အင်မော်တယ်နယ်မြေ တစ်လျှောက်တွင် အထင်ရှားဆုံးသော လူငယ်များပေပင်။
ဥပမာအားဖြင့် ထိုက်ချင်းဂိုဏ်းမှ ကုန်းနန်ဖန်နှင့် ထိုက်ယီဂိုဏ်းမှ ဝမ်ချန်ဖန်း၊ ဖေးကျန်း၊ ကြာပန်းကျောင်းတိုက်မှ ဘုန်းကြီးကျိုးယွင် စသည်တို့ဖြစ်သည်။
သူတို့သည် နေရာအသီးသီးတွင် တည်ငြိမ်စွာရပ်နေကြပြီး ပြိုင်ဘက်များထံသို့ တိုက်ပွဲဝင်လိုသော ဆန္ဒများ ပြသနေ၏။
“ ဒီအတိုင်း ရှေ့မတိုးနောက်မဆုတ်ဘဲ လိပ်ခဲတည်းတည်းဖြစ်နေတာဟာ အချိန်ဖြုန်း နေတာပဲ အဲဒီယဇ်ပလ္လင်ရဲ့ လျှို့ဝှက်ချက်တွေကို နားလည်ဖို့ ငါတို့အားလုံး ပူးပေါင်းဆောင်ရွက် သင့်တယ်မဟုတ်လား ... ။ ”
ဘုန်းကြီးကျိုးယွင်မှ နူးညံ့သော အပြုံးများဖြင့် အကြံပြုပြောကြားလိုက်သည်။
“ ဟမ့် ... ပူးပေါင်းဆောင်ရွက်ဖို့လား ဒါကအဓိပ္ပါယ်ရှိမယ်ထင်လား လျှို့ဝှက်နယ်မြေ ပွင့်လာရင်တောင် ရတနာအတွက် ဘယ်သူ မပြိုင်ဘဲနေမှာလဲ။ ”
ဝမ်ချန်ဖန်မှ လှောင်ပြုံးဖြင့် တုန့်ပြန်၏။ ထိုက်ယီဂိုဏ်း၏ ချွင်းချက်မရှိ ပြိုင်ဘက်ကင်း ပါရမီရှင်ပေပင်။
“ ဒါဆို အခုပဲ အနိုင်အရှုံးကို ဆုံးဖြတ်လိုက်ကြမလား။ ”
“ မဟုတ်ဘူး ... အထဲမှာ ဘာတွေ ရှိနေလဲမသိဘဲနဲ့ တိုက်ခိုက်တာက နုံအလွန်းရာ ကျပါတယ်။ ”
ကုန်းနန်ဖန်းမှ တည်ငြိမ်စွာ ဝင်ပြောလိုက်သည်။ သူသည် သန့်ရှင်းသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ စင်ကြယ်ချောမောကာ ကျောပြင်တွင် ရှေးဟောင်း ဓားသေတ္တာတစ်လုံး သယ်ဆောင်ထားသည်။
အမူအရာသည် သာမန်လူများနှင့်မတူဘဲ ထူးခြားမြင့်မြတ်၏။ ကောင်းကင်ဘုံအမဲလိုက်ပွဲ မစတင်မီကတည်းက ချန်ပီယံဖြစ်လာရန် အခွင့်အရေးအရှိဆုံးပုဂ္ဂိုလ်အဖြစ် ထင်ကြေးပေးထားကြသည်။
“ ကုန်းနန်ဖန် ... မင်းကြောက်ရင် အခုချက်ချင်း ဒီနေရာကနေ ထွက်သွားပါ။ ”
ဝမ်ချန်ဖန်းက အထင်သေးစွာဖြင့် လှောင်ပြောင်လိုက်တော့၏။ ကုန်းနန်ဖန်းခမျာ မျက်လုံးများ ချက်ချင်း တောက်ပလျက်၊
“ တကယ်လို့သာ ရှုပ်ထွေးတဲ့ တိုက်ပွဲကြီးတစ်ခု တကယ်ဖြစ်လာရင် ငါမင်းကို အရင်ဆုံး ဖယ်ရှားပစ်မယ်လို့ ကတိပေးတယ် ဝမ်ချန်ဖန် ... ။ ”
-ဟု ပြောကြားလိုက်သည်။
လေထုသည် ပိုမိုဖိနှိပ်လာပြီး တစ်ချက်တိုက်ခတ်လာသော လေပြေပင်လျှင် အေးခဲသွားပုံရသည်။
ဤနေရာတွင် ရှိနေကြသည့် မည်သူမဆို ယုံကြည်မှုအပြည့်ရှိနေသူများ ဖြစ်သောကြောင့် တိုက်ပွဲတစ်ခုဖြစ်ပွားပါက လူတိုင်းအတွက် အထိနာစေမည်ကို သိရှိထား၏။
ထို့ကြောင့် ယဇ်ပလ္လင်အပေါ် ဦးစွာ စူးစမ်းလိုသည့်ဆန္ဒများကို ရုတ်သိမ်းပြီး လူတိုင်း ရပ်တန့်ကုန်ခြင်းဖြစ်လေသည်။
“ တကယ်ပဲ အချိန်ဖြုန်းနေကြတာပဲ။ ”
ဘုန်းကြီးကျိုးယွင်မှ သက်ပြင်းချကာ ညည်းတွားလိုက်သည်။ ဝမ်ချန်ဖန်က ပြုံးလျက်၊
“ ငါပြောပြီးပြီပဲ ... အရင်ဆုံး တစ်ယောက်ချင်းစီ တိုက်ခိုက်ပြီး စည်းမျဉ်းအရ အနိုင်ရသူကို ဆုံးဖြတ်ရအောင် အဲဒီလိုဆိုရင် မလိုလားအပ်တဲ့ သွေးထွက်သံယိုမှုတွေကို ရှောင်ရှားနိုင်လိမ့်မယ် ...
... ဒါပေမယ့် မင်းတို့ထဲက လူအတော်များများက အမှောင်ထဲမှာပဲတိုက်ဖို့ သတ္တိရှိကြပြီး ပွင့်ပွင့်လင်းလင်းမတိုက်ဝံ့ဘူး။ ”
-ဟု လှောင်ပြောင်လိုက်သည်။
သူ့စကားကြောင့် လူတိုင်း စိတ်အနှောင့်အယှက် ဖြစ်သွားကြလေသည်။ ဝမ်ချန်ဖန်သည်အမှန်ပင် တိုက်ပွဲဝင်စွမ်းအား မြင့်မားလေရာ တစ်ယောက်ချင်းတိုက်ပွဲတွင် မည်သူမျှမယှဉ်နိုင်ကြောင်း ဝန်ခံရပေမည်။
အခြားသူများကို ထည့်မပြောနှင့် ဘုန်းကြီးကျိုးယွင်သည်ပင် ပြတ်ပြတ်သားသား ကန့်ကွက်နေခဲ့သည်။
သူသည် ကြာပန်းကျောင်းတိုက်မှ လာခြင်းဖြစ်သော်လည်း အခြားသောလူများနှင့် မတူဘဲ သူတစ်ယောက်တည်းသာ ရောက်ရှိလာခြင်းဖြစ်သည်။
“ ဟမ့် ... တစ်ယောက်ယောက်က အခုအခြေအနေကို ဖျက်ဆီးနိုင်ရင် အရမ်း ကျေးဇူးတင်မိမှာပဲ။ ”
ဘုန်းကြီးကျိုးယွင်မှ တိုးတိုးလေး ညည်းတွားလိုက်သည်။ လက်ရှိအခြေအနေတွင် လူတိုင်းသည် တူညီသောအဆင့်တွင် ရှိနေ သောကြောင့် မည်သူမျှ မမိုက်မဲချေ။
အခြေအနေကို ပြောင်းလိုသူသည် သေချာပေါက် သူတို့အားလုံးကို ရင်ဆိုင်နိုင်မည့် ယုံကြည်မှုမျိုး ရှိရပေမည်။ မဟုတ်သော် ဝိုင်းရံတိုက်ခိုက်ခြင်းခံရနိုင်၏။
“ ဒါဆိုရင် ... သေချာပေါက် ဒီအခြေအနေကို ငါပြောင်းလဲပေးပါ့မယ်။ ”
ရုတ်တရက် သူတို့အားလုံးနှင့် စိမ်းသက်နေသောအသံ ထွက်ပေါ်လာပြီး လူရိပ် နှစ်ရိပ်ရောက်ရှိလာလေသည်။
ဤသည်မှာ စုရီနှင့် တန်ယုယန်ဖြစ်၏။ လူတိုင်းမျက်ခုံးပင့်လိုက်ကြသည်။ သူတို့သည် ရှန့်မူကိုသိ၏။ တန်ယုယန်ကိုလည်းသိ၏။
သို့သော် ရှန့်မူသည် ထိုစကားကို ပြောကြားနေသည်ဖြစ်ရာ နားမလည်နိုင်အောင် ဖြစ်လာတော့သည်။
အနည်းဆုံးတော့ တန်ယုယန်မှ ဆိုလျှင်မူ လက်ခံနိုင်သေး၏။ ဤသို့ အမည်မဲ့တစ်ယောက် ထံမှ မောက်မာမှုသည် လုံးဝနားမလည်နိုင်စရာ ပေပင်။
“ အစ်ကိုကြီး ... ဒီရှန့်မူက ပြိုင်ဘက်ကင်း သူတော်စင် အင်မော်တယ်ရှစ်ပါးနဲ့ သူတို့အဖွဲ့ကို လက်တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ် သူ့မှာ ထိုက်ကျင်းအဆင့် ကံကြမ္မာရှိတယ်။ ”
ဖေးကျန်းက ဝမ်ချန်ဖန်းအနား တိုးကပ်သွားကာ အလောတကြီး သတိပေး လိုက်လေသည်။ သူစကားသည် ချက်ချင်းပင် လူအုပ်ကြီးကြား ပျံ့နှံ့သွားကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့၏။
လူတိုင်း၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကာ နှစ်ရက်ခန့်က ရှန့်မူ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သတင်းကို မယုံနိုင်ဖြစ်လာကြသည်။
“ အော်မိတောဖော ... ဒကာကြီးရှန့်ပဲ။ ”
ဘုန်းကြီးကျိုးယွင်မှ မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာဖြစ်သွားသော အပြုံးတစ်ပွင့် ပေါ်လာပြီး ဦးညွှတ်နှုတ်ဆက်လိုက်၏။
“ ဟမ့် ... လက်ရှိအခြေအနေကို မင်းတစ်ယောက်တည်းနဲ့ ချိုးဖျက်နိုင်ရင်တော့ မင်းဟာ တကယ်ပဲ ဒဏ္ဍာရီတစ်ပုဒ်ပါ ဒါပေမယ့် ငါ့အမြင်အရတော့ တစ်ယောက်ယောက်က ငါတို့အားလုံးကို အနိုင်ယူနိုင်တယ်လို့ ပြောနေတာကို မယုံနိုင်သေးဘူး။ ”
ဝမ်ချန်ဖန်မှ ပြုံးလျက်ဝင်ပြောသည်။ ဤစကားသည် အလွန်ပရိယာယ်ကြွယ်ဝပြီး စုရီ အပေါ် ခြိမ်းခြောက်ရန်အတွက် လူတိုင်းကို ဆွဲထည့်နေခြင်းပေပင်။
“ မှန်တယ် ... မင်းမှာ အရည်အချင်းရှိရင် စမ်းကြည့်နိုင်တယ် ... ။ ”
“ မင်းရဲ့ စိတ်ကူးကိုလက်လျော့ပြီး ဒီမှာအဆုံးအဖြတ်ပေးမဲ့အချိန် စောင့်သင့်တယ် မဟုတ်ရင် ငါတို့အားလုံးရဲ့ ပူးပေါင်းမှုကို အပြစ်မတင်နဲ့ ... ။ ”
လူတိုင်းက ဝမ်ချန်ဖန်စကား၏ သက်ရောက်မှုအောက်သို့ ရောက်ရှိကုန်သည်။ ဝမ်ချန်ဖန်မှ ကျေနပ်သွားပြီး လှောင်ပြုံးဖြင့်၊
“ ဂိုဏ်းငယ်လေးတွေရဲ့ ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်ဆိုတဲ့ လူငယ်တွေကို အနိုင်ယူနိုင်တာ အထင်ကြီးစရာပဲ ဒါပေမယ့် ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့ ...
... လူတွေအားလုံးကတော့ မင်း အနိုင်ယူခဲ့တဲ့ ဂိုဏ်းလေးတွေရဲ့ တပည့်တွေ မဟုတ်ကြဘူး အိမ်မက်မက်မနေနဲ့။ ”
-ဟု ဖြည့်စွက် ပြောကြားလိုက်၏။
စုရီမှ ငြင်းခုံရန် ပျင်းရိလွန်းသဖြင့် ပြုံးလိုက်ရုံသာ ပြုံးပြလေသည်။ ထို့နောက်တွင် တန်ယုယန်ကိုစောင့်ဆိုင်းနေရန် မှာကြားလျက် လူအုပ်အလယ်သို့ လျှောက်လှမ်းသွားတော့၏။
“ ဘယ်သူအရင်လဲ အခုရှေ့ထွက်လာပါ။ ”
ဤသည်မှာ ပေါ့ပေါ့ပါးပါး စကားဝိုင်းတစ်ခုလိုပင်။ မောက်မာကြီးစိုးခြင်း ဟူသည် စကားစုသည် လူတိုင်းရင်ထဲသို့ ဝင်ရောက်လာခဲ့တော့သည်။
လူအုပ်ကြီးမှာ မျက်မှောင်ကြုတ်ကုန်၏။ တစ်ဖက်လူသည်အမှန်ပင် တစ်ယောက်တည်း တိုက်ပွဲဝင်ရန် ဆန္ဒရှိနေချေပြီ။ ထိုယုံကြည်မှုကို မည်သည့်နေရာမှ ရရှိလာသနည်း။
“ မင်း တကယ်ပဲ ထိုက်ကျင်းအဆင့် ကံကြမ္မာကိုရခဲ့တာလား။ ”
ကုန်းနန်းဖန်မှ မေး၏။ စုရီက ကုန်းနန်ဖန်းထံပြန်ကြည့်ကာ၊
“ ငါ့ကို အနိုင်ယူပါ ... ဒါဆို မင်းမေးခွန်းကိုဖြေပေးမယ်။ ”
-ဟု တုန့်ပြန်လိုက်သည်။
ကုန်းနန်ဖန်းတစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး တစ်ဖက်လူသည် သူ ထင်ထားသည်ထက် များစွာ မရိုးရှင်းကြောင်း နားလည်လိုက်လေသည်။
စုရီတစ်ယောက် တည်ငြိမ်ရဲရင့်လေ တည်ရှိနေသော ပြိုင်ဘက်ကင်း သူတော်စင် အင်မော်တယ်ဆိုသူများမှာ ပို၍သတိကြီးစွာ ထားလာကြလေ ဖြစ်သည်။ အဆုံးစွန်အားဖြင့် မည်သူမျှ အမြောက်စာမဖြစ်လိုချေ။
ဤမြင်ကွင်းကို ဘေးမှ ကြည့်နေသော တန်ယုယန်မှာမူ စုရီ၏ရဲရင့်ပြတ်သားလွန်းသည့် အပြုအမူတို့ကြောင့် အထင်ကြီးလာသည်။
ရှိနေသူများထဲတွင် မည်သူမဆို ပြင်ပကမ္ဘာကြီး၌ အင်မော်တယ်ဘုရင်များ၏ မျက်နှာသာပေးမှုကို ရရှိထားကြ၏။
ကုန်းနန်းဖန်နှင့် ဝမ်ချန်ဖန်းတို့ကဲ့သို့ ပါရမီရှင်များသည်ပင် စုရီ၏အရိပ်အောက်၌ လုံးဝပျောက်ကွယ်နေချေပြီ။
“ ဟမ့် ... ဒီလောက် လူအများကြီးထဲမှာ ငါ့ရဲ့စိန်ခေါ်မှုကို လက်ခံရဲတဲ့သူ တစ်ယောက်မှ မရှိတော့ဘူးလား ... ။ ”
စုရီက စိတ်ပျက်သွား၏။ ယင်းက လူတိုင်းကိုဒေါသထွက်ကာ မသက်မသာ ဖြစ်သွားစေသည်။
ချက်ချင်းပင် ပြိုင်ဘက်ကင်း သူတော်စင် အင်မော်တယ်တစ်ပါးဖြစ်သည့် ယွီလင်ဖန်းက ရှေ့သို့လှမ်းထွက်လာပြီး၊
“ ရှန့်မူ... မင်း ဒီလောက်အထိ မောက်မာမနေနဲ့ ငါတို့အားလုံးကို မင်းရှေ့မှာ အလှဆင်ပန်းအိုးတွေလို့ တကယ်ပဲ ထင်နေတာလား။ ”
-ဟု အော်ငေါက်လိုက်၏။
သူသည် ဟွမ်တျန်းနတ်ဆိုးတောင်၏ ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်ပင်။ သူ့ဂိုဏ်းအဆင့်အတန်းမှာ ဂိုဏ်းကြီးများထက် အနည်းငယ်သာ နိမ့်ကျ၏။
ထို့ကြောင့် သူ့ခွန်အားကိုယုံကြည်သဖြင့် ဤနေရာတွင် ဂိုဏ်းကြီးများနှင့်အတူရပ်ဝံ့ခြင်း ဖြစ်လေသည်။
“ ဝှစ် ... ။ ”
ထိုစဉ် စုရီပုံရိပ်သည် ဖျတ်ခနဲ ပျောက်ကွယ်သွား၏။ နောက်တစ်စက္ကန့်တွင် သူသည် ယွီလင်ဖန်း၏ ရှေ့တည့်တည့်ဆီ၌ ပြန်ပေါ်လာပြီး လက်ဖဝါးတစ်ချက် ရိုက်ချလာသည်။
ယွီလင်ဖန်းသည်လည်း စကားပြောနေစဉ်ကတည်းက သတိထားကာ အပြည့်အဝ ပြင်ဆင်ထားပြီးသားဖြစ်ရာ စုရီ ပျောက်ကွယ်သွားသည်နှင့် ချက်ချင်း ပြန်လည် လှုပ်ရှားလိုက်တော့၏။
“ ငါ့အတွက် ကာကွယ်ပါ ... ။ ”
အနီရောင် အလင်းတန်းကိုးလွှာ သူ့ခန္ဓာကိုယ်တဝိုက်ပေါ်လာကာ ကာကွယ်ရေး ဒိုမိန်းကိုးခုအဖြစ် ပြောင်းလဲလျက် စုရီ၏ လက်ဖဝါးကို ပိတ်ဆို့သွားလေသည်။
ဤသည်မှာ ယွီလင်ဖန်း၏ အမြင့်ဆုံး ကာကွယ်ရေးနည်းစနစ်ဖြစ်ပြီး အဆင့်တူရှိသော သူတော်စင်အင်မော်တယ်၏ ခွန်အားအပြည့် တိုက်ခိုက်မှုအပေါ် ခံယူနိုင်သည်။
“ သွား ... ။ ”
တစ်ဆက်တည်းမှာပင် လက်သီးတစ်ချက်ကိုလည်း စုရီမျက်နှာပေါ် ဦးတည်ထိုးနှက်လိုက်၏။
“ ခရစ် ... ။ ”
ခုခံကာကွယ်မှုနှင့် တိုက်ခိုက်မှုကို ဟန်ချက်ညီစေသည့် လှုပ်ရှားမှုမျိုးပေပင်။ သို့သော် စုရီ၏ ပေါ့ပေါ့ပါးပါး ရိုက်ချလိုက်သော လက်ဖဝါးချက်အောက်တွင် ဒိုမိန်းကိုးလွှာမှာ စက္ကူကဲ့သို့ ကွဲအက်ပျက်စီးသွားသည်။
“ ဘန်း ... ။ ”
ယွီလင်းဖန်းခမျာ လက်သီးမရောက်မီ ဗုံတစ်လုံးကဲ့သို့ ဝုန်းခနဲ ပေါက်ကွဲလွင့်စဉ်လျက် သွေးအန်လိုက်ရတော့သည်။
“ အဟွတ် အဟွတ် ... ဝေါ့ ... ။ ”
ရင်ဘတ်တွင် ကြောက်မက်ဖွယ် ကောင်းသော လက်သီးရာချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများစီးကျလာ၏။
မြေပြင်၌ ဖုန်အလိမ်းလိမ်းဖြင့် အရိုးများကြေမွလျက် နစ်မြုပ်သွားတော့သည်။ ဤသည်မှာ လက်ဖဝါးတစ်ချက်တည်းပေပင်။
သို့သော် ယင်ကောင်တစ်ကောင်ကဲ့သို့ ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်ကို မြေကြီးထဲ နစ်မြုပ်ပစ်လိုက်၏။
လူတိုင်း တုန်လှုပ်ခြောက်ခြားကာ မျက်နှာအမူအရာများ သွေးဆုတ်ဖြူလျော်လျက် နောက်တစ်လှမ်း ဆုတ်သွားကုန်သည်။ အလွန် အစွမ်းထက်လွန်းချေ၏။
“ ဘယ်သူ ရှိသေးလဲ။ ”
စုရီက လက်နှစ်ဖက်နောက်ပို့လျက် ထပ်မံစိန်ခေါ်လိုက်လေသည်။ တစ်ဆက်တည်း မှာပင် လူတိုင်းထံ ဝေ့ကြည့်လျက်၊
“ နေဦး ... ဒီတစ်ခါတော့ မင်းတို့အားလုံး အတူတူလာလို့ရတယ် ငါ့ကိုအချိန်မဖြုန်းမိကြဖို့ အကြံပြုချင်တယ်။ ”
-ဟု ပြောကြားလိုက်တော့၏။
***