ဆရာနတ်မင်း အခြေအနေ ပြောင်းပြန်လှန်မပစ်ခင်အထိ တောင့်ခံထားကြ
Vol. 6-10 Ch. 142
အခန်း (၁၄၂) : ဆရာနတ်မင်း အခြေအနေ ပြောင်းပြန်လှန်မပစ်ခင်အထိ တောင့်ခံထားကြ
မြူခိုးမြို့တော်၊ လျို့ဝှက်မြူခိုး တိုင်းပြည်၏ တော်ဝင်နန်းတော်၌
နန်းတော်တစ်ခုလုံးကို ကာရံဖုံးလွှမ်းပေးထားသော ဧရာမ အစီအရင်ကြီးက မရပ်မနား တုန်ခါနေလေသည်။
မီတာသုံးရာကျော် ရှည်လျားသည့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးက အစီအရင်ကို အဆက်မပြတ် ရိုက်ချနေသည်။
ထိုအစီအရင်အတွင်း ရှိနေကြသော ကျင့်ကြံသူများစွာကလည်း အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးကို မော့ကြည့်ကြရင်း သူတို့မျက်နှာ၌ စိတ်အားငယ်မှု၊ အားလျော့မှုမျိုးစုံ ဖြစ်ပေါ်နေကြသည်။
ယခင် မြူခိုးဟင်းလင်းပြင်ထဲ ရတနာသွားရှာကြစဉ် ကျင့်ကြံသူအားလုံး၏ စိတ်ထဲ၌ အံ့ဖွယ်ရစ်ပတ်နွယ်ပင်များသည် ကောင်းကင်ဘုံမှ ချီးမြင့်သည့် အခွင့်အရေးမျိုး ဖြစ်ကြောင်း မှတ်ယူထားကြသည်။ အံ့ဖွယ်ရစ်ပတ်နွယ်ပင်တိုင်းက အဆင့်တူအတွင်း ထိပ်တန်းရတနာအဖြစ် မှတ်ယူနိုင်သောကြောင့် အံ့ဖွယ်ရစ်ပတ်ကြိုးအဖြစ် သန့်စင်ပြီးလျှင် ဈေးမြင့်မြင့်နှင့် ရောင်းနိုင်ပေသည်။
ပို၍ အရေးကြီးသည်က အံ့ဖွယ်ရစ်ပတ်နွယ်နှင့် ရင်ဆိုင်တွေ့ခဲ့ပြီး မနိုင်နိုင်လျှင် နွယ်ပင်တိုက်ခိုက်မှု နယ်နမိတ်အတွင်းမှ ထွက်သွားဖို့ရာ ရွေးချယ်စရာ ရှိသေး၏။
သို့သော်လည်း ယနေ့တွင် အံ့ဖွယ်ရစ်ပတ်နွယ်ပင် အစေ့များက မြူခိုးမြို့တော်အတွင်း နေရာအနှံ့ ကျရောက်လာလေရာ အရာအားလုံးက အားလုံး ထင်ထားသလိုမျိုး မဟုတ်တော့ဘဲ အကုန်ပြောင်းပြန်ဖြစ်သွားလေပြီ။
ကနဦး ဝိညာဉ်အဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ … နှစ်ရာချီမှ တစ်ခါသာ မြင်တွေ့ခွင့်ရသော အရာမျိုး ဖြစ်ရာ ယခုတွင်ကား တစ်ခါတည်းဖြင့် ဆယ်ပင်ကျော် ပေါ်လာခဲ့လေသည်။
ထို့အပြင် ကနဦး ဝိညာဉ်အဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ၏ တိုက်ခိုက်စွမ်းက သာမန် ကနဦး ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ထက် များစွာ ကျော်လွန်နေလေသည်။ လျို့ဝှက်မြူခိုးတိုင်းပြည်၏ တော်ဝင်နန်းတော်ရှိ ကနဦး ဝိညာဉ်အဆင့် ကျင့်ကြံသူများက သူတို့အတွက် ပြိုင်ဖက် မဖြစ်နိုင်ကြောင်း ခံစားမိနေကြသည်။
အကယ်၍ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ သူတော်စင်မ၏ အကူအညီကြောင့်သာ မဟုတ်လျှင် နန်းတော်တစ်ခုလုံးကား အန္တရာယ်ထဲ ကျရောက်နေလောက်လေပြီ။
လျို့ဝှက်မြူခိုးတိုင်းပြည်၏ အရှင်ဘုရင်လည်း လူအုပ်ကြား ရပ်နေပြီး သူ့ခန္ဓာကိုယ်မှာ မထိန်းနိုင်မသိမ်းနိုင် တုန်ယင်နေလေ၏။
“ သူတော် … သူတော်စင်မ … မြူခိုးဟင်းလင်းပြင်က ငြိမ်သက်နေတာ နှစ်တစ်ထောင်ကျော်ပြီလေ … ဘာလို့များ အခုလို မြူခိုးအတက်အကျအချိန်အတွင်းမှာ ကြောက်စရာကောင်းတဲ့ အပြောင်းအလဲမျိုး ထဖြစ်ရတာလဲ …”
ကျန်းယွင်ရှီးက ခေါင်းခါကာ “ ကျွန်မလည်း မသိဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က နောက်ကွယ်ကန ဒီအံ့ဖွယ်ရစ်ပတ်နွယ်ပင်တွေကို ကြိုးကိုင်နေတာပဲ ဖြစ်ရမယ် ”
သူမ ပြောနေစဉ် ထူပိတ်နေသော မြူခိုးထဲ လှမ်းကြည့်လိုက်မိသည်။
မောင်လေးရှန်ရော အဆင်ပြေရဲ့လား …
လျို့ဝှက်မြူခိုးတိုင်းပြည်၏ အရှင်ဘုရင်က ဆက်မေးလိုသော်လည်း ကျန်းယွင်ရှီးက ဝင်ဖြတ်ပြောလိုက်သည်။
“ လျို့ဝှက်မြူခိုးတိုင်းပြည်ရဲ့ အစီအရင်က သိပ်ကြာကြာ မခံတော့ဘူး ”
သူမက သိုလှောင်လက်စွပ်ထဲမှ အစီအရင်ပြားများ ထုတ်လိုက်ကာ “ အထွတ်အထိပ်ရှင်နဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတို့ ပူးပေါင်းဖို့ လိုအပ်လာပြီ။ အားလုံးရဲ့ စွမ်းအားကို စုစည်းပြီးတော့ အံ့ဖွယ်မိုးကောင်းကင်ရဲ့ မိုးကြိုးကာကွယ်ရေး အစီအရင် အသက်သွင်းလိုက်ရင် အသက်ရှင်နိုင်ခြေ ရှိလိမ့်မယ် ”
ကျန်းယွင်ရှီးက အစီအရင်ပြားများကို မြန်မြန် ထုတ်လိုက်ပြီးနောက် နန်းတော်ထောင့်တိုင်း၌ နေရာချထားလိုက်သည်။ ထို့နောက် အထွတ်အထိပ်ရှင်များနှင့် ရွှေအအမြုတေအဆင့် ကျင့်ကြံသူများကို ပူးပေါင်းပြီး အစီအရင် အသက်သွင်းဖို့ ညွှန်ကြားလိုက်သည်။
တစ်ချိန်တည်းတွင် သူမက ရှန်ထျန်း ဘေးကင်းနေဖို့ရာ စိတ်ထဲမှ ဆုတောင်းမိလိုက်သည်။
မောင်လေးရှန် တောင့်ခံထားရမယ်နော် … အစ်မ မြန်မြန် လာရှာပါ့မယ် …
..................
တစ်ဖက်တွင် ချင်ယွင်တိ၊ ချင်ကောင်းနှင့် အခြားလူများက နန်းတော်အတွင်း ပုန်းခိုစရာနေရာ ရှာတွေ့သွားကြသည်။ အကြောင်းမှာ သူတို့တွင် ရှိနေသော မိုးကြိုးဖောက်ခွဲရေး အဆောင်များနှင့် နတ်ဆိုးဖောက်ခွင်း သေနတ်များကြောင့် လမ်းရှင်းကာ ရောက်လာကြခြင်း ဖြစ်၏။ ဤနည်းဖြင့် သူတို့က ဒဏ်ရာအပြင်းအထန် မရလိုက်ကြပေ။
တစ်ချိန်တည်း၌ သူတို့လိုမျိုး သေဘေးမှ လက်တစ်ကမ်း လွတ်မြောက်လာပြီး ဝိညာဉ်ကျောက်တုံးများ စုပ်ယူရင်း အနားယူနေကြသည့် ကျင့်ကြံသူများစွာလည်း ရှိနေသည်။ ထိုကျင့်ကြံသူများကြား၌ အများစုက ငိုကြွေးနေကြသည်။ သူတို့က သေဘေးမှ လွတ်မြောက်သွားသည့်အတွက် ဝမ်းမြောက်နေကြခြင်း ဖြစ်၏။
ကျင့်ကြံသူများက သာမန်သေမျိုးများနှင့် ယှဉ်လိုက်လျှင် စိတ်ခံစားချက် ပြင်းထန်သော ယုန်များကို လျစ်လျူရှုထားသော ခြင်္သေ့များကဲ့သို့ ဖြစ်နေကြောင်း ဆိုကြသော်လည်း တကယ်တမ်း သေဘေး ရင်ဆိုင်လိုက်ရသည့်အခါ ကျင့်ကြံသူတချို့သာ တုန်လှုပ်မှု မရှိကြပြီး အများစုက သေမျိုးများနှင့် မကွာခြားကြတော့ပေ။
ယခု သူတို့အသက်ဘေးမှ လွတ်မြောက်လာသည့်အတွက် အများစုက ယခင်နှစ်ရက်လောက်က မြို့တော်ထဲ ပြန့်နေသည့် ကောလဟာလများအကြောင်း ပြန်အမှတ်ရလာကြသည်။
ကောလဟာလများအရ အနာဂတ်ကို ကြိုမြင်နိုင်စွမ်း ရှိသော ဆရာနတ်မင်းဆိုသူက ဤကိစ္စရပ်ကို ကြိုတင်ဟောကိန်းထုတ်ထားခဲ့သည်။ သူက မြူခိုးမြို့တော်သည် အပြောင်းအလဲကြီး ဖြစ်လာမည်ဟု ပြောကာ ကံစပ်သူတိုင်းကို ဤနေရာမှ ထွက်သွားဖို့ အကြံပေးခဲ့သေးသည်။
သို့သော်လည်း ကံဆိုးသည်က အားလုံးက ကံအပြောင်းအလဲ အခွင့်အရေး လောဘကြောင့် စုံလုံးကန်းကာ ဝေးဝေးသို့ မထွက်သွားခဲ့ကြပေ။ အများစုက ယုံကြည်တစ်ဝက် သံသယတစ်ဝက်ဖြင့် မြူခိုးမြို့ငယ်လေးမှ ထွက်လာပြီး မြူခိုးမြို့တော်ထဲ ဝင်နားခဲ့ကြသည်။
လူများစွာက ဆရာနတ်မင်းသည် ကံအပြောင်းအလဲ အခွင့်အရေးများစွာကို တစ်ယောက်တည်း မောင်ပိုင်းစီးလို၍ အကြံအစည်များ စီစဉ်ထားခဲ့ကြောင်း လျှောက်ဖွခဲ့ကြသည်။
သို့သော်လည်း မြူခိုးဟင်းလင်းပြင်၌ တကယ့်ကပ်ဘေးကြီး ကျရောက်လာခဲ့၏။
မြူခိုးမြို့ငယ်လေးမှ ကျင့်ကြံသူအားလုံး အရှင်းခံလိုက်ရပြီး မြူခိုးမြို့တော်အတွင်းရှိ လူများလည်း ပိတ်လှောင်မိနေလေသည်။
ဤအခိုက်အတန့်၌ သူတို့က စောစောစီးစီး မထွက်သွားမိသည့်အတွက် နောင်တရလာမိကြသည်။
လူအုပ်ကြားရှိ ကျင့်ကြံသူတချို့က သူတို့လက်ထဲရှိ ကျန်ရှိနေသော မိုးကြိုးဖောက်ခွဲရေးအဆောင်များကို ကြည့်ကာ မျက်ရည်ဝဲလာမိကြသည်။ သူတို့က ကံအပြောင်းအလဲ အခွင့်အရေးမှ ပစ္စည်းများကို ရှန်ထျန်းဆီ တစ်ဝက်ပေးကာ မိုးကြိုးဖောက်ခွဲရေးအဆောင်များ ပြန်လက်ဆောင်ရရှိထားသော ကံစပ်သူများ ဖြစ်ကြ၏။
ရလဒ်အနေနှင့် အစောပိုင်း ကမောက်ကမအချိန်အတွင်း အံ့ဖွယ်ရစ်ပတ်နွယ်ပင်များနှင့် ရင်ဆိုင်ရစဉ်အခါက ထွက်ပြေးလွတ်မြောက်ဖို့ မိုးကြိုးဖောက်ခွဲရေး အအဆောင်များကို အသုံးပြုခဲ့ကြရသည်။ သူတို့က အံ့ဖွယ်ရစ်ပတ်နွယ်ပင်များကို မသတ်နိုင်ခဲ့သော်လည်း မိုးကြိုးဖောက်ခွဲရေးအဆောင်များကြောင့် နွယ်ပင်များ၏ အမြန်နှုန်းကို ဟန့်တားနိုင်လိုက်၏။
တစ်ခါတစ်ရံ၌ ဤသို့သော အချိန်အနည်းငယ်ခန့်က လူတစ်ယောက်၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးဖို့ အရေးကြီးသည့်အချက်တစ်ချက် ဖြစ်လာနိုင်သည်။ အဆုံးသတ်၌ ကံစပ်သူများက လျိူ့ဝှက်မြူခိုး တိုင်းပြည်၏ တော်ဝင်နန်းတော်သို့ အောင်အောင်မြင်မြင် ထွက်ပြေးနိုင်ခဲ့ပြီး ယာယီ အသက်ရှင်သန်သွားလေပြီ။ သူတို့အတွက် ဆရာနတ်မင်းသည် ကျေးဇူးရှင်တစ်ဦး ဖြစ်၏။
တစ်ချိန်တည်းတွင် ထူးခြားဆန်းကြယ်လှသော ဆရာနတ်မင်းသည် သူတို့၏ နောက်ဆုံးမျှော်လင့်ချက်လေး ဖြစ်လာရသည်။
“ ဆရာနတ်မင်းကို ဒီအဆောင်တွေအတွက် ကျေးဇူးတင်ပါတယ်။ ဆရာနတ်မင်းရဲ့ သတိပေးမှုနဲ့ အဆောင်တွေကြောင့်သာ မဟုတ်ရင် အခုဆို ကျုပ် သေနေလောက်ပြီ ”
“ ဆရာနတ်မင်းက အနာဂတ်ကို ကြည့်ပြီး ငါတို့ကို သတိပေးခဲ့တာတောင် ငါတို့က အပြည့်အဝ မယုံကြည်ခဲ့ကြဘူး။ ငါတို့ သေဖို့ ကောင်းနေပြီ … ဆရာနတ်မင်းက ငါတို့အတွက် အသက်ရှင်နိုင်ခြေရအောင် ကောင်းကင်တာအိုရဲ့ တန်ပြန်သက်ရောက်မှုကိုတောင် တောင့်ခံပြီးတော့ ပြောပြခဲ့တာကို ငါတို့က …. ဆရာနတ်မင်းရဲ့ အပြုအမူတွေက ကောင်းကင်ဘုံကိုတောင် လှုပ်ကိုင်နိုင်လိမ့်မယ် ”
“ ဆရာနတ်မင်း ကျုပ်တို့တွေ မှားမှန်း သိပါပြီဗျာ … ကျေးဇူးပြုပြီး ဒီနတ်ဆိုးတွေကို သတ်ပေးပါ။ ကျုပ်အိမ်မှာ အသက်ရှစ်ဆယ် အမေအိုကြီး ရှိပါသေးတယ် ”
“ အစ်ကိုစုန့်၊ အစ်ကိုလျူ၊ အစ်ကိုကျန်း၊ အစ်ကိုရှုန်းတို့က ကောင်းချီးပေးခံရသူများအဖွဲ့က စီနီယာတွေမလား။ ဆရာနတ်မင်းက အခုဘယ်မှာများ ရှိလဲ သိလားဗျ”
ဆိုင်ရှင်စုန့်နှင့် အခြားလူများက အားလုံး၏ မေးခွန်းကို ကြားကာ စိုးရိမ်ပူပင်မိသွားကြသည်။
ဤလူတွေကို ဆရာနတ်မင်းနှင့် သူတို့ လူစုကွဲသွားကြောင်း မည်သို့ ပြောပြရမည်နည်း။
ကံကောင်းစွာဖြင့် ကျားဖြူဝတ်ရုံ ဝတ်ဆင်ထားပြီး ကျားဖြူဓားကို ကိုင်ဆောင်ထားသည့် ကျန်းယွင်ရှီးက သူတို့ဆီ အေးစက်စက် လျှောက်လှမ်းလာလေ၏။
သူမဆီမှ အားပြင်းသော အငွေ့အသက်များ ထုတ်လွှင့်နေပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်
“ ဆရာနတ်မင်းက မြူခိုးဟင်းလင်းပြင်ဆီ တစ်ယောက်တည်း သွားနှင့်ပြီ။ မင်းတို့အားလုံးလည်း ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်သူ ရှိတာ သတိပြုမိလောက်ပြီမလား။ အဲဒါကြောင့် ဆရာနတ်မင်းက အဲဒီကြိုးကိုင်သူနဲ့ ရင်ဆိုင်ဖို့ သွားတာ …
အခု ဆရာနတ်မင်းကို ယုံကြည်ပြီးတော့ နောက်ဆုံးဘေးကင်းတဲ့ ဒီနန်းတော်ကို သေချာစောင့်ကြပ်ထားရမယ်။ မသေချင်တဲ့သူတိုင်း သတ္တိမွေးပြီးတော့ အစီအရင် ခင်းကျင်းဖို့ အကောင်းဆုံး ကူညီဖို့ ကြိုးစားကြ ”
ကျန်းယွင်ရှီးက အမှန်တကယ်ကို မှီခိုမှုကင်းသော အမျိုးသမီး စစ်သည်တော်တစ်ဦး ဖြစ်ပေသည်။ သူမက အားကောင်းရုံသာမက လက်အောက်ခံများကို အမိန့်ပေးရာ၌ ကျွမ်းကျင်မှု ရှိထားသည်။
အန္တရာယ်များနှင့် ရင်ဆိုင်ရစဉ်အခါ အရေးကြီးဆုံးအရာမှာ စိတ်ဓာတ် တည်ငြိမ်မှု ဖြစ်၏။ စိတ်တည်ငြိမ်နေမှသာ အားလုံး၏ စွမ်းအားကို စုစည်းပြီး ဆန်းကြယ်မှုတစ်ခု ဖြစ်လာစေနိုင်လိမ့်မည်။ မဟုတ်လျှင် ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း အစရှိသော စိတ်ခံစားချက်များကား သေတွင်းကိုသာ အရောက်ပို့လိမ့်မည်။
ကျန်းယွင်ရှီးက ရှန်ထျန်း ဘယ်ရောက်နေမှန်း မသိသော်လည်း အားလုံးကို စုစည်းဖို့ရာ ရှန်ထျန်းကို အဓိကပံ့ပိုးမှုအဖြစ် အသုံးပြုလိုက်သည်။
သူမ စကားများက ကြောက်ရွံ့တုန်လှုပ်နေကြသော ကျင့်ကြံသူများကို တည်ငြိမ်သွားစေသည်။ သူတို့က အဆီအနှစ် စုပ်ယူခံရသော ကျင့်ကြံသူများကို ထပ်တွေးမနေတော့ဘဲ အကြောက်တရားကို ကျော်ဖြတ်လာနိုင်ခဲ့လေပြီ။
ဟုတ်တယ် … စတေးစရာ မလိုတဲ့ ဆရာနတ်မင်းတောင် အခု သွားပြီး တိုက်နေပြီမလား … ငါတို့က ဘာမှမခုခံဘဲ ဘာလို့ လက်လျော့ရမှာလဲ …
သူတို့ရဲ့ နောက်ဆုံးအကာအကွယ်က လုံးဝ မကျိုးပျက်စေရဘူး …
သူတို့က ဆရာနတ်မင်းတစ်ယောက် နောက်ကွယ်က နတ်ဆိုးကို ရှင်းထုတ်ပြီးတဲ့အထိ စောင့်ရုံပဲ … အဲဆို သူတို့အသက်ရှင်ပြီ
အသက်ရှင်လိုသည့် စိတ်ဆန္ဒက နှလုံးသားထဲ ကိန်းအောင်းလာသည်နှင့် ကျင့်ကြံသူများက သူတို့၏ ကန့်သတ်ချက်ကို ကျော်လွန်ကာ စွမ်းအားများစွာ ထုတ်သုံးသွားနိုင်ကြသည်။
ဤသည်မှာ လူသားများ၏ စွမ်းရည် ဖြစ်၏။
…………...
သူတို့ထောက်တိုင် ဆရာနတ်မင်းကား မြူခိုးဟင်းလင်းပြင်ထဲ အမှန်တကယ် ရောက်ရှိနေခြင်း ဖြစ်၏။ သို့သော်လည်း အားလုံးကို ကယ်တင်ဖို့ မဟုတ်သလို အားကောင်းသည့် နတ်ဆိုးကို သတ်ရန်အတွက်လည်း မဟုတ်ခဲ့ချေ။
အံ့ဖွယ်ရစ်ပတ်နွယ်ပင် ကိုးပင်က သူ့အား ကောက်ညှင်းလုံး တစ်လုံးလို ရစ်ပတ်ကာ ဆွဲခေါ်သွားခြင်း ဖြစ်ပေသည်။ ထို့နောက် သူတို့က သူ့အား မာတာနွယ်ပင်ထံ အမျိုးသားကိုယ်လုပ်တော်အနေနှင့် ဆက်သကြလိမ့်မည်။
လက်ရှိ သူ့အခြေအနေကား မျောက် မီးကျည်ခဲ ကိုင်ထားရသလို ဖြစ်နေသည်။