အခန်း ၄၅
Vol. 5 Ch. 45
45 01
အပိုင်း (၄၅) ဖုတ်ကောင်များ
လွန်ကဲလွန်းသော အပူ၏ လေးပတ်မြောက်သည့် ပထမ တစ်ရက်ညသန်းခေါင်းအချိန်တွင် ယန်မော့က ရုတ်တရက် အပြင်းဖျားလေသည်။ အပူချိန်က မြင့်မားလွန်းသည်။ ယန်မော့နှင့် အိပ်ရသည်မှာ သက်တောင့်သက်သာ ရှိနေသော်လည်း အိပ်တဝက် နိုးတဝက် အနေအထားမျိုးတွင် မီးပြင်းဖိုထဲ ပိတ်မိနေသလိုမျိုး ခံစားလိုက်ရသည်။ ထို့ကြောင့် မည်သို့ပင် ကြိုးစား ကြိုးစား မလွတ်မြောက်လေရာ အလွန်အမင်း မသက်မသာ ဖြစ်ပြီး နိုးလာသည်။
သူမက မျက်လုံးကို ငေးငိုင်ကာ ဖွင့်လိုက်သောအခါ ယန်မော့၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ခံထားရကြောင်း တွေ့လိုက်သည်။ သူမက လက်ကို ဆန့်ထုတ်ပြီး သူ့ကို တွန်းထုတ်သည်။ သို့သော် ယန်မော့၏ အသားအရည်ကို ထိလိုက်သည်နှင့် ပူပြင်းလွန်းသောအပူချိန်ကြောင့် လက်ကပင် ကြိမ်းတက်သွားသည်။ ရှုရှင်းက ချက်ချင်းဆိုသလို နိုးသွားပြီး ထထိုင်ကာ ယန်မော့၏ နဖူးပေါ်သို့လက်တင်ကြည့်သည်။
ဖျားနေပြီ
အပူချိန်က တအားမြင့်လွန်းတယ်။ သူ သူမကိုပါ တစ်ခါတည်း လောင်ကျွမ်းပြီး သေစေမှာတော့မ ဟုတ်ပါဘူးနော်။
ရှုရှင်းကလည်း အိပ်ယာဘေးနားသို့ လှမ်းနှိုက်လိုက်ကာ ဆေးသေတ္တာကို ထုတ်ပြီး အဖျားကျဆေးကို ထုတ်ကာ ရေဖြင့်တိုက်လိုက်သည်။
ထို့နောက် ညအိပ်ဝတ်စုံကို သက်တောင့်သက်သာရှိသော ဝတ်စုံဖြင့် ပြောင်းဝတ်ပြီးသည်နှင့် အောက်ထပ်သို့ အပြေးအလွှားဆင်းကာ ပုရှန်းဝမ်နှင့် မူချီမိုင်တို့၏ တံခါးကို သွားခေါက်သည်။
အချိန်တန်ကြာအောင် ခေါက်ပြီးသည့်တိုင်အောင် ပုရှန်းဝမ်၏ အခန်းထဲမှ ဆူညံသံ သဲ့သဲ့ကိုသာ ကြားရသည်။ ကြည့်ရသည်မှာ ထိုနှစ်ယောက်ကလည်း အပြင်းဖျားနေလောက်လေပြီ။ သူမက သံသယဝင်မည့် အခြေအနေကိုပင် ဂရုစိုက်မနေတော့ဘဲ သိုလှောင်ခန်းထဲသို့ အပြေးအလွှားသွားကာ သူတို့၏ အခန်းသော့များကို ရှာဖွေပြီး သူတို့၏ အခန်းတံခါးကို ဖွင့်လိုက်သည်။ မူချီမိုင်က လုံးဝ အသိစိတ် လွတ်နေပြီဖြစ်သည်။ ပုရှန်းဝမ်ကမူ ယန်မော့မူချီမိုင်တို့ထက် အနည်းငယ် သက်သာသေးသည်။ သူသည် အသိစိတ်အနည်းငယ် ကျန်နေသေး၏။ ကြည့်ရသည်မှာ သူ၏ အဖျားက အခြားနှစ်ယောက်လောက် ကြာရှည်ခံမည့်ပုံ မရချေ။
ထိုနှစ်ယောက်လုံးကို ပါးစပ်ထဲသို့ ဆေးလုံးထိုးထည့်ပြီး ရေကို လောင်းထည့်လိုက်ခြင်း အားဖြင့် အဖျားကျဆေးကို အတင်းထိုးတိုက်လိုက်ပြီးနောက် ရှုရှင်းကလည်း စိတ်အေးသွားသည်။ သူမက လက်ရှိအခြေအနေကို ပြန်လည် စဉ်းစားသည်။
ယန်မော့တို့ သုံးယောက်သည် အဖျားတက်သည့် ပထမအဖွဲ့ထဲတွင် ပါဝင်လောက်သည်။ မူလ ဝတ္ထုထဲက အတိုင်းဆိုလျှင် ဖြစ်နိုင်စွမ်းရည် အင်အားနှင့်အလားအလာများအားလုံးကလည်း ပထမ တစ်သုတ်တွင်သာ အမြင့်ဆုံး ဖြစ်သည်။ သူတို့သည် ပထမ တစ်သုတ်ထဲတွင် နိုးထလာသူများ ဖြစ်သည့်အလျောက် နောက်ပိုင်း သုံးရက်ခန့် နေလျှင် ထွက်ပေါ်လာမည့် ဒုတိယ တစ်သုတ်ထက် အလားအလာပိုမြင့်ပြီး အင်အားပိုကြီးကြလေသည်။ ဒီသဘာဝလွန်အား တစ်သုတ်ထဲတွင် ရှင်သန်နိုင်သော သူတိုင်းက ကမ္ဘာကပ်ဘေးကာလ၏ နှောင်းပိုင်းအဆင့်တွင် အင်အားကြီးမားလွန်းသော ဆရာကြီးများ ဖြစ်လာတော့ပေမည်။
အပူချိန်မြင့်မားစွာဖြင့် အပြင်းဖျားခြင်းသည်လည်း လူသားများ၏ ဆင့်ကဲပြောင်းလဲမှု တစ်မျိုးဖြစ်သည်။ သူတို့၏ မျိုးရိုးဗီဇ ပြောင်းလဲမှုသည် အပြင်းဖျားသည့် ကာလ ကြာရှည်မှုအလျောက် ကွာခြားသွားသေးပြန်၏။ ထိုအပြင်းဖျားသောကာလသည်လည်း အလွန်အမင်း သည်းမခံနိုင်အောင် ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်အတွင်းမှ မျိုးရိုးဗီဇများအားလုံးကို တစ်စစီ ကွဲပြတ်ထွက်ပြီး ပြန်လည် ဖွဲ့စည်းလာခြင်း ဖြစ်သည်။ ထို့ကြောင့် မည်မျှပင် မသက်မသာ ဖြစ်နိုင်ကြောင်း သိနိုင်သည်။
သူတို့၏ သဘာဝလွန်စွမ်းအားကို နိုးထနိုင်သော အခွင့်အရေးကို ပိုင်ဆိုင်သော လူပေါင်းများစွာ ရှိသည်။ သို့သော် အပြင်းဖျားသည့်ကာလ အတွင်းမှ ပြင်းထန်သည့် နာကျင်မှုဒဏ်ကို တောင့်မခံနိုင်ကြပေ။ လမ်းတဝက်တွင်ပင် လက်လျော့လိုက်ကြပြီးနောက် သာမာန်လူများ ဖြစ်သူကဖြစ် သို့မဟုတ် ဖုတ်ကောင်ပြောင်းသူကပြောင်း ဖြစ်သွားကြသည်။ ဖုတ်ကောင်အဖြစ် ပြောင်းလဲသည့် ဖြစ်စဉ်က ရိုးရှင်းသည်။ သဘာဝလွန်စွမ်းအား နိုးထခြင်းထက်ပင် မြန်ဆန်သေး၏။
အဖျားကျဆေးများ သောက်ထားသောကြောင့် ဒီအဖျားကြီးနေသည့် ကာလအတွင်းမှ နာကျင်မှုများကို အနည်းနှင့်အများ လျော့ချပေးနိုင်သည်။ ထို့ကြောင့် ရှုရှင်းကလည်း ထိုသုံးယောက်လုံးကို ရအောင် ဆေးတိုက်လိုက်ခြင်းဖြစ်သည်။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း အမျိုးသားများ ဖြစ်လေသည်။ ထို့ကြောင့် သူမအနေဖြင့် သူတို့ကို ကူညီပေးရန် အလို့ငှာ ခန္ဓာကိုယ် ရေပတ်တိုက်ပေးသောနည်းလမ်းမျိုးကို အသုံးပြုရန် မသင့်လျော်ပေ။ ထို့ကြောင့် အဖျားကျဆေးနှင့် အကိုက်အခဲ ပျောက်ဆေးတို့ကိုသာ အတင်းရအောင် ထိုးတိုက်ထားလိုက်ပြီး နဖူးပေါ်သို့သာ ရေခဲအိတ် တင်ထားပေးလိုက်သည်။ သို့ရာတွင် ယန်မော့ကိုမူ သူမဘာသာ ပြုစုပေးနိုင်လေသည်။
45 02
သူမက အရက်ပါဝင်မှုနှုန်း မြင့်မားသော အရက်ပြန်ပုလင်းတစ်လုံးနှင့် ဂွမ်းအိတ်အသစ်တစ်ထုတ်ကို ယူကာ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ ဆေးစာအုပ်ထဲမှ ပြောစကားအရ အရက်ပြန် ခုနှစ်ဆယ့် ငါးရာခိုင်နှုန်းပမာဏကို ရေကျက်အေး အနွေး ၃၂-၃၄ ဒီဂရီ ဆဲလ်ဆီးရပ် အပူချိန်မှ ပမာဏမျိုးနှင့် ရောနှောထားပြီး အရက်ပြန် ရေ နှစ်ဆယ့်ငါးရာခိုင်နှုန်းမှ သုံးဆယ်ရာခိုင်နှုန်းအထိကို သုံး၍ ခန္ဓာကိုယ်ကို အပူကျအောင် ရေချိုးပေးနိုင်သည်ဟု ဆိုသည်။
ရှုရှင်းကလည်း အချိုးအစားနှင့် အပူချိန်ကို စာအုပ်ပါ လမ်းညွှန်ချက်အတိုင်းတင်းတင်း ကြပ်ကြပ် လိုက်နာပြီး အရက်ပြန်နှင့် ရောသည်။ ထို့နောက် အပြင်သို့ ထုတ်လာပြီးနောက် အဝတ်ကို ရေစွတ်လိုက်ပြီး သွေးပြန်ကြောကြီးများ တောက်လျှောက်ရှိသောနေရာများဖြစ်သည့် လည်ပင်း၊ ချိုင်း၊ တံတောင်၊ ဒူးခေါင်းအောက် စသဖြင့် နေရာများကို သေချာသုတ်ပေးခြင်းအားဖြင့် အပူကြီးသော ကာလအတွင်းမှ နာကျင်မှု သက်သာစေရန် ယန်မော့ကို ကူညီပေးသည်။
ရှုရှင်းက လည်ပင်းကို ဆန့်ကာ ပြတင်းပေါက်နားသို့လျှောက်သွားပြီး တစ်ချက် ကြည့်လိုက်သေးသည်။ ပြတင်းပေါက်၏ လိုက်ကာထောင့်နားလေးကို အသာမကာ ကြည့်လိုက်သောအခါ အပြင်ဘက်မှ ထူးဆန်းသောမြင်ကွင်းကို မြင်ရသည်။ မဲမှောင်သော ကောင်းကင်တွင် ကြယ်တစ်ပွင့်ပင် မရှိပေ။ မည်သည့်အချိန်ကမှန်း မသိ သွေးနီရောင် လမင်းကြီး ထင်ရှားလာသည်။ တိတ်ဆိတ်သော ညတွင် ထိုလမင်းကြီး၏ပုံစံက ထူးဆန်းပြီး ကျောချမ်းစရာကောင်းသည်။ လူအများအား အလွန်အမင်း မသက်မသာ ဖြစ်စေသည်။
သူမက ခပ်ထူထူ လိုက်ကာကို ပြန်ဆွဲချလိုက်သည်။ ယန်မော့၏ နံဘေးနားတွင်သာ သက်တောင့်သက်သာ လဲနေလိုက်ပြီး ယန်မော့၏ ရင်းနှီးကျွမ်းဝင်သော မျက်နှာကို ကြည့်ကာ သူမ၏ မသက်မသာ ဖြစ်စိတ်များက တဖြည်းဖြည်း ပျောက်ကွယ်သွားသလို ခံစားရသည်။
ညတဝက်လုံးလုံး ဟိုလိမ့်ဒီလိမ့် လုပ်နေပြီးနောက်ဆုံးတွင် မျက်ခွံများကလေးလာကာ ဘာကိုမှ မစဉ်းစားနိုင်ဘဲ အိပ်ပျော်သွားသည်။ နောက်တနေ့ မနက်ခင်း ရှုရှင်းက ရုတ်တရက် နိုးလာသောအခါ သူမ၏ ခေါင်းကို စိတ်ရှုပ်ထွေးစွာခေါက်လိုက်သည်။
“ဘုရားရေ ဘယ်လိုများ အိပ်ပျော်သွားတာလဲ ကံကောင်းစွာနဲ့ဘာမှ မဖြစ်သွားဘူး”
မနေ့ညက ဖြစ်စဉ်အတိုင်းပင် ထိုလူသုံးယောက်လုံးကို အဖျားကဆေး အကိုက်အခဲ ပျောက်ဆေးများကို လိုက်တိုက်လိုက်ပြီး ရေခဲအိတ် အသစ်များကို ပြောင်းတင်ပေးလိုက်သည်။ ထို့နောက် ရှုရှင်းက မီးဖိုခန်းထဲဝင်သွားကာ အရွက်နှင့်အသားနည်းနည်းတို့ ရောကာ ဆန်ပြုတ်နည်းနည်းချက်လိုက်ပြီး သူတို့၏ ခန္ဓာကိုယ်အဟာရပြန်ပြည့်ရန် ပြင်ဆင်ပေးသည်။
ဆန်ပြုတ်ဖြူတွင် အဟာရဓာတ်နည်းသည်။ ပင်လယ်စာ ဆန်ပြုတ်ဆိုလျှင်လည်း အစာကျေရန် ခက်သည်။ ထို့နောက် ရှုရှင်းက အရွက်နှင့် အသားမွှမွှလေးထည့်ထားသော ဆန်ပြုတ်ကိုသာ ရွေးချယ်လိုက်သည်။ အာဟာရလည်း ရှိသည်။ အစာကျေလည်း လွယ်သည်။
သူမ၏ ဟင်းချက်စွမ်းရည်က ဆိုးရွားလွန်းသောကြောင့် အနက်ရောင် ဟင်းလျာများနှင့်ပင် တူသေးသည်။ သို့သော် သူမသည် ဆန်ပြုတ်ကဲ့သို့ ရိုးရှင်းသောအရာမျိုးကိုမူ လုပ်နိုင်သည်။ ထို့ကြောင့် သူတို့ကို တစ်ဇွန်းစီ ပါးစပ်ထဲထိုးထည့်ကာ ရအောင် တိုက်လိုက်သည်။ ရေခဲအိတ်များကို ပြန်တင်ပေးလိုက်သည်။ ထို့နောက် သူမ၏ မနက်စာကို ခပ်အေးအေးစားတော့သည်။
မွှေးပျံ့သော လက်လုပ်ပန်ကိတ်ကို ပူပူနွေးနွေး ပဲနို့နှင့် တွဲဖက်လိုက်သောအခါ အလွန်အမင်း သက်တောင့်သက်သာ ရှိစွာ စားသောက်နိုင်ပြီး အစာအိမ်ကပင် နွေးသွားသည်။ ပျော်ရွှင်စရာကောင်းသော ခံစားချက် ဖြစ်သည်။
မနေ့ညက အပူကြီးသော ပထမတစ်သုတ်ကို ကြုံတွေ့လိုက်ရသည်နှင့် ရှုရှင်းကလည်း သိပ်မကြာခင်မှာတင် သို့မဟုတ် မနက်ဖြန်မနက် နောက်အကျဆုံး ဇွန်ဘီများ ပေါ်လာလောက်သည်ဟု သိလိုက်သည်။
အဖျားကြီးသော သူများ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကလည်း သေချာပေါက် အတော်လေး ကောင်းမွန်နေပေလိမ့်မည်။ ထို့ကြောင့် သူတို့အနေဖြင့် ဒီအဖျားကြီးသော ကာလအတွင်းတစ်ရက်ခန့် ဆက်ထိန်းထားရန် ပြဿနာ မရှိပါပေ။
သို့သော် ညဖက် အိပ်ယာမဝင်ခင် လျှောက်လမ်းမှ လုံခြုံရေးတံခါး၏ လျှပ်စီးခလုတ်ကို ဖွင့်လိုက်သေးသည်။ လိုက်ကာများအားလုံးကိုလည်း တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး လုံခြုံရေး အချက်ပေးစနစ်များအားလုံးကိုလည်း သွားရောက် စစ်ဆေးကြည့်သေးပြီးမှသာ ဆိုဖာပေါ်သို့ စိတ်အေးအေးနှင့် လဲချအနားယူနိုင်တော့သည်။
45 03
ညဖက် လူအများ၏ အိပ်စက်နေချိန်တွင် တစ်လောကလုံးကမြေကမ္ဘာကို တုန်ခါစေလောက်သည့် အပြောင်းအလဲကြီး ဖြစ်သွားသည်။ လူအများက ပြန်နိုးလာသောအခါ သူတို့ အနီးအနားမှ လွန်ကဲလွန်းသော အဖျားကို ထူးဆန်းစွာ ခံစားခဲ့ရသော လူများ၏ မျက်နှာများက ပြာနှမ်းနေကြောင်း မြင်ရမည် ဖြစ်သည်။ မျက်လုံးများကလည်း အဖြူရောင်အဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ရန် ခက်ခဲစွာ တုန်ပေလိမ့်မည်။
အနီးကပ်သွားကြည့်သောအခါ မိမိကိုယ်ပေါ်သို့ချက်ချင်း ခုန်အုပ်ကာ အသားများကို ကိုက်ဖြတ် ဆွဲကိုက် စားသောက်ပေလိမ့်မည်။ သွေးရနံ့က သူတို့ကို လှုံ့ဆော်ပေးနိုင်သည်။ အလားတူသောသူများသည် သူတို့ အချင်းချင်းတိုက်ခိုက်ကာ ဒဏ်ရာရအောင် လုပ်ကြ၏။ လူအုပ်အုံနေသော နေရာက ဝရုန်းသုန်းကား အဖြစ်အများဆုံးဖြစ်သည်။ ထို့ကြောင့် ကြမ်းတမ်းသော လူများကို မထိန်းချုပ်နိုင်သေးခင် အနီးအနားမှ သူများက သူတို့ကြောင့် ဒဏ်ရာရသူကရ ဖြစ်သွားကြသည်။ ထိုဒဏ်ရာရသွားသော သူများကလည်း သိပ်မကြာခင်မှာနှင့် အနားမှ သူများကို ဆက်လက်ပြီး တိုက်ခိုက်ကြသည်။ ထိုသို့ဖြင့် အခြေအနေက ဝရုန်းသုန်းကားဖြစ်သည်။ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်နေကြသည်။
ထိုလူများ ရုတ်တရက် ပေါ်ပေါက်လာခြင်းက ရုတ်ချည်းဆန်လွန်းသည် မည်သူကမှ ကြိုတင် မပြင်ဆင်ထားကြပေ။ တစ်စုံတစ်ယောက်က ဇွန်ဘီဆိုသော အရာကို အော်လိုက်သောအခါ ကျန်သော သူများကရုတ်တရက် ဉာဏ်အလင်းဝင်သွားကြသည်။ ထိုသို့ဖြင့်ထိုလူများဟာ ဇွန်ဘီဖြစ်လောက်မည်ဟုသိလိုက်သည်။
သူတို့တစ်ကိုယ်လုံးက ပုတ်ပွနေသည်။ နံဟောင် ဆိုးယုတ်သော ရနံ့များကိုလည်း ထုတ်လွှတ်ထားသည်။ လက်သည်းများကလည်း ရှည်ပြီး မဲတူးနေသည်။ ထို့အပြင် ခတ်ဖြည်းဖြည်းသာ ရွေးနိုင်၏။ တောင့်တင်းနေကြသေးသည်။ ထို့ကြောင့် လူသားများကို အထိမခံဖြစ်မှု အလင်းကို အနည်းငယ် ကြောက်ရွံ့မှုနှင့် အသံကို အထိမခံဖြစ်မှု၊ ထို့အပြင် ကြမ်းတမ်းစွာ တိုက်ခိုက်ခြင်း စားသောက်ခြင်း စသဖြင့် အရာအားလုံးကလည်း ထိုဇွန်ဘီများနှင့် အလွန်အမင်း တူညီလေသည်။ အကုတ်ခံရသောသူ အကိုက်ခံရသောသူများကလည်း အလားတူသော ပုံသဏ္ဍာန်မျိုး ဖြစ်သွားရန် အခွင့်အရေးက ကိုးဆယ့်ကိုး ရာခိုင်နှုန်းပင် ရှိနေသည်။
မိမိနှင့်အရင်းနှီးဆုံးသူများ ဆွေမျိုးများ ချစ်သူများ၊ ကလေးများ အားလုံးကလည်း ထိုသို့ ဖြစ်ပျက်သွားသောအခါ အနားမှ သူများက မတုန့်ပြန်နိုင်ဘဲ သက်ရောက်ခံရသည်က များသည်။ အရာအားလုံးက ရုတ်ချည်းဆန်လွန်းစွာ ဖြစ်ပျက်သွားခဲ့၏။ သူတို့သည်လည်း မည်သည့်အတွက်ကြောင့် ထိုသို့ ဖြစ်သွားကြောင်းကို တွေးတောရန်ပင် အချိန်မရှိတော့ချေ။ ထို့နောက် ယူကြုံးမရဖြစ်ပြီး ဝမ်းနည်းရန်လည်း အချိန်မရှိတော့ဘဲ ထွက်ပြေးကာ အသက်ရှင်အောင် နေထိုင်ရတော့လေသည်။
ထိုနေ့က ဇွန်ဘီကမ္ဘာကပ်ဘေး၏ အစစ်အမှန် စတင်မှုမျိုး ဖြစ်သည်။
ကမ္ဘာကပ်ဘေးကာလသစ်ကို ဝင်ရောက်လာပြီးနောက် ဇွန်ဘီများကို နေရာတိုင်းတွင် မြင်နိုင်မည် ဖြစ်သည်။ ထို့အပြင် နိုးထလာသော တိရစ္ဆာန်များနှင့် အပင်များလည်း ရှိသည်။ သဘာဝစွမ်းအားကို ပိုင်ဆိုင်ထားသောလူများက ပေါ်လာမည် ဖြစ်သည်။ ထို့ကြောင့် သာမာန်လူများကမူ လူမှုအသိုင်းအဝိုင်းကြီး၏အောက်ဆုံးသို့ ထိုးကျသွားမည် ဖြစ်ပြီး အစိုးရ၏ အုပ်ချုပ်မှုများကလည်း လုံးဝ စုတ်ပြဲသွားမည် ဖြစ်သည်။ ထိုသို့ဖြင့် စည်းမျဉ်း အသစ်က အမျိုးမျိုးသော နယ်မြေများတွင် စတင်ကာ ပေါ်ပေါက်လာပြီး ကမ္ဘာကပ်ဘေးကာလမှ သာလွန်မှုအတွက် ယှဉ်ပြိုင်ကြတော့သည်။
******