အခန်း ၄၆
Vol. 5 Ch. 46
46 01
အပိုင်း (၄၆) အိပ်မက်လို
သူ စဖျားလာချိန်တွင်လည်း ယန်မော့ဟာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကထိန်းချုပ်မှု လွတ်သွားသလို ခံစားရသည်။ သူသည် မျက်လုံးကို မဖွင့်နိုင်တော့ပေ။ သို့သော် သူ့တွင် အသိစိတ်ရှိလေသည်။ အနားပတ်ဝန်းကျင်မှ အရာအားလုံးကို ခံစားမိသည်။ သူက မျက်လုံးမှိတ်ထားသည့်တိုင်အောင် ရှုရှင်း၏စိုးရိမ်ပူပန်မှုများကို ခံစားမိသည်။ သူသည်လည်း မျက်လုံးကိုဖွင့်ပြီး နှစ်သိမ့်ပေးလိုသည်။ သူမအား သူအဆင်ပြေကြောင်း ပြောလိုသည်။ သို့သော် မလှုပ်နိုင်ချေ။
ထို့နောက် သူ၏ အသိစိတ်က တဖြည်းဖြည်းလေးလံလာရင်း ယန်မော့သည်လည်းအ ပြင်လောကကို ခံစားနိုင်စွမ်းရည် မရှိတော့ပေ။
ယန်မော့ကအ ရှေ့မှ မြင်ကွင်းကို မြင်သောအခါ တစ်ခဏခန့် မှင်သက်သွားသည်။ အခန်းတစ်ခုလုံးက ဈာပန ခန်းမကြီးအဖြစ် ပြင်ဆင်ထားသည်။ မည်သူ၏ ဈာပန ခန်းမဖြစ်ကြောင်း မသိနိုင်ပေ။ သူဟာ ထိုနေရာသို့ မည်သည့်အတွက်ကြောင်း ရောက်လာမှန်းလည်းမသိနိုင်ပါပေ။ သို့သော် သူ၏ မျက်လုံးကဈာပန ခန်းမထဲမှ ဓာတ်ပုံကိုသာ ကြည့်နေရင်း ရုတ်တရပ် ထူးဆန်းသော်လည်း ရင်းနှီးသလို ခံစားလိုက်ရသည်။ ယန်မော့၏ မျက်လုံးက မှေးကျဉ်းသွားသည်။
လက်ထပ်ပြီးနောက် ရှုရှင်းက ယန်မော့အား သူ့မိဘများကို တွေ့ဆုံရန် ခေါ်သွားပေးသည်။ ဓာတ်ပုံ ဘောင်ထဲမှ သူများကလည်း ရှုရှင်း၏ မိဘများဖြစ်သည်။
ဒါက ရှုရှင်းရဲ့ မိဘတွေရဲ့ ဈာပနပဲ။ ထိုအခြေအနေကို သိလိုက်သော ယန်မော့သည်လည်း အခန်းထဲမှ ထွက်လာသည်။ ထိုအခါ အပြင်ဘက်မှ ရှုရှင်း၏ ပုံရိပ်လေးကို မြင်ရ၏။ သူမ၏ ကျောဖက်ကို ကြည့်နေသောအခါ သူမက အလွန်အမင်း ဖျော့တော့ အားနည်းလွန်းသည်ဟု ခံစားရသည်။ လေတိုက်ရုံနှင့်လွင့်သွားလောက်သည်။ ရှုရှင်းကို စိုးရိမ်စိတ်အပြည့်နှင့်ယန်မော့သည်လည်း နှလုံးသားထဲမှ ထူးဆန်းသော ခံစားချက်ကို အလိုလျောက်ပင် လျစ်လျူရှုလိုက်ပြီး အနားသို့ အပြေးအလွှားသွားလိုက်ကာ သူမကို ရင်ခွင်ထဲသို့ဆွဲသွင်းကာ ပွေ့ဖက်ချင်ခဲ့သည်။
သို့သော် ဆန့်ထုတ်ထားသော လက်က ရှုရှင်း၏ လက်မောင်းကို တိုက်ရိုက်ဖြတ်ကျော်သွားသည်။ ယန်မော့က တစ်ခဏခန့် မှင်သက်သွားသည်။ သူ၏ ကြည်လင်နေသော လက်ကို ပြန်ကြည့်လိုက်သည်။
ဒါက အိပ်မက်လား…
သူ၏ နံဘေးမှ ရှုရှင်းကလည်း တစ်ဖက်လှည့်လာသည်။ ယန်မော့ဟာ ရှုရှင်း၏မျက်လုံးကို မြင်လိုက်သောအခါ မျက်မှောင်ကို ကြုတ်လိုက်သည်။ သူ၏မျက်လုံးထဲတွင်လည်း ကြမ်းတမ်းသော အလင်းက လက်သွားသည်။
ဒါက ဘယ်သူလဲ။
ဒါ သူ့ရဲ့ရှင်းပေါင်မှ မဟုတ်တာ
သူက နံဘေးနားတွင် ရပ်နေပြီး အခြားသောသူများ၏ ခေါ်သံကိုလည်း ကြားသည်။ ထို့နောက် စိတ်အေးသွား၏။ သူမကိုသာ အေးစက်စွာ ကြည့်နေလိုက်တော့သည်။
သူမနှင့် ရှင်းပေါင်တွင် ရုပ်ရည်အားဖြင့် ခြားနားချက်မရှိပေ။ ပုံပန်းသွင်ပြင်လည်း တူသည်။ နာမည်လည်း တူသည်။ နောက်ခံလည်း တူသည်။ သို့သော် မျက်လုံးထဲက အကြည့်က လုံးဝ ခြားနားသည်။ မတူညီသော ဝိဉာဉ် နှစ်ခုက တစ်ကိုယ်တည်းတွင် နေနေသည်နှင့်ပင် တူသည်။
ကိစ္စများအားလုံးက ပိုင်မိသားစုမှ စေ့စပ်ပွဲကို လာဖျက်ချိန်မှ စသည်။ ယန်မော့သည်လည်း ရှုရှင်းဟာ ပိုင်မိသားစု၏ သခင်လေး ပိုင်ကျန်းချူကို သဘောကျမှန်း သိလိုက်သည်။ မိဘများကို ဆုံးရှုံးရပြီးနောက် သူမ တစ်ခုတည်း စွဲမြဲစွာ ကိုင်ဆောင်ထားသည်မှာ သူသာ ရှိတော့သည်။
ပိုင်မိသားစုက သူမကို မည်မျှပင် ဖျောင်းဖျရန် ကြိုးစားစေကာမူ ရှုရှင်းကလည်း စေ့စပ်ပွဲကို ဖျက်သိမ်းရန် ငြင်းဆန်ခဲ့သည်။
ပိုင်မိသားစုက အကြမ်းနည်း အနုနည်းများကို သုံးသည်။ သို့သော် တစ်ဖက်သူက လက်မလျော့ခဲ့ပေ။ ဒေါသထွက်သွားသောအခါ ရက်စက်သော နည်းလမ်းကို သုံးတော့သည်။ သူတို့က အမျိုးသားတစ်ယောက်ကို ငှားပြီး အောင်မြင်သော လူချမ်းသာ တစ်ယောက်အဖြစ် ဟန်ဆောင်ကာ ရှုရှင်းကို ဖျားယောင်းခိုင်းပြီး ရှုရှင်းကို ချစ်ခိုင်းစေသည်။ ဒီနည်းအားဖြင့် အခြားသော သူဖြင့် ချစ်သွားသောအခါ စေ့စပ်ပွဲ ဖျက်ရလွယ်သည်။ သို့သော် ရှုရှင်းကမူ အလွန်ခေါင်းမာသည်။ ထိုလူ၏ အမျိုးမျိုးသော ကြိုးစားအားထုတ်မှုများကို မမြင်ချင်ယောင်ဆောင်ထားသည်။
46 02
အခြားသော နည်းလမ်းမရှိသည့်အခါ ပိုင်မိသားစုကလည်း ထိုအမျိုးသားက ရှုရှင်းနှင့်အဆက်အသွယ်ရှိနေသော အချိန်တွင်ပင် နီးကပ်လွန်းသော ဓာတ်ပုံများကို ရိုက်ခြင်းအားဖြင့် အခွင့်အရေးကို ဖန်တီးရသည်။
စေ့စပ်ပွဲနေ့တွင် ရင်းနှီးလွန်းသောပုံများက ပေါ်သွားပြီး လူအများအား ရှုရှင်းက ရှုပ်ထွေးသော သီးသန့်ဘဝ ရှိသည်ဆိုသော ထင်မြင်ချက်မျိုးကို ပေးစွမ်းလိုက်သည်။ သူတို့သည်လည်း ရှုရှင်းက ပိုင်မိသားစု၏ ချွေးမဖြစ်ရန် မသင့်လျော်ကြောင်း သူမ၏ အကျင့်စရိုက် ဆိုးယုတ်ကြောင်း စသဖြင့် ဖြောင့်မတ်မှန်ကန်မှု အပြည့်နှင့် ပြောကြပြီး ရှုရှင်းအား စေ့စပ်ပွဲကို ဖျက်သိမ်းရာတွင် လက်ခံစေခဲ့သည်။
ရှုရှင်းကလည်း မိဘမဲ့ဖြစ်သည်။ မည်သည့် အာဏာ မည်သည့် လွှမ်းမိုးမှုမှ မရှိပေ။ မည်သူကမှလည်း သူမ၏ အားနည်းသော ရှင်းပြချက်ကို နားမထောင်ကြပေ။ သူမ၏ ကျန်ရစ်သော ဆွေမျိုးဖြစ်သည့် ဦးလေး မိသားစုကလည်း သူမအတွက် မပြောပေးကြဘဲ သူမအား ပိုင်မိသားစုထံသို့ ချဉ်းကပ်နိုင်မည့် သူတို့၏ အကြံအစည်ကို ဖျက်စီးရကောင်းလားဆိုပြီး မုန်းတီးကြသေးသည်။
ရှုရှင်းကလည်း ဒေါသထွက်ပြီး မုန်းတီးကာ ရင်ကွဲနာကျသည်။ ဦးလေးမိသားစုက တစ်ဖက်သူအား ရှယ်ယာရွေ့ပြောင်းခွင့် သဘောတူ စာချုပ်ကို လက်မှတ်ထိုးရန် ဖြောင်းဖျခဲ့ပြီး နောက်တွင် သူမ မိဘများက ချန်ထားရစ်ခဲ့သမျှ ရှယ်ယာများအားလုံးကို သိမ်းယူသွားသည်။
ယန်မော့သည်လည်း သူ၏ ရှင်းပေါင်နှင့်တူလွန်းသော ထိုအမျိုးသမီးက အခြားသော သူများ၏ အခွင့်ကောင်းယူမှုများကို ခံရပြီး ပိုင်ဆိုင်မှုများ အားလုံး ကုန်ဆုံးသွားသမျှကို မြင်နေရသည်။ သူမသည် တုံးအလွန်းပြီး ဆွေမျိုးဟု ဆိုသော သူများက သူမ ကောင်းကျိုးဟု ပြောကာ လုပ်ခိုင်းသမျှ အရာအားလုံးကို ယုံကာ လုပ်သည်။ သူသည်လည်း ထိုမျှအထိ တုံးသော သူမျိုးကို မမြင်ဖူးပါချေ။
ကိစ္စ၏ ဖွံ့ဖြိုးတိုးတက်မှုက မကုန်လွန်သေးချေ။ သိပ်မကြာခင် သဘာဝ ကပ်ဘေးက ရောက်လာသည်။ ဦးနှောက်အဆေးခံရပြီးသား ရှုရှင်းကလည်း သူ၏ ဦးလေးဖြစ်သူကို မမောနိုင် မပန်းနိုင် ခစားခဲ့သည်။ သူမဟာ တစ်နေ့လျှင် တစ်နပ်သာ စားနိုင်သည်။ ဒါဟာလည်း ထိုလူများ၏အကြံ ဖြစ်သည်။ သူမသည် အဆိုးဆုံး အခန်းတွင်သာ နေသည်။ သို့သော် အသက်ကို ရင်းကာ စားစရာ ရှာပေးသည်။
စားစရာ ပြတ်တောက်မှု ဖြစ်လာသောအခါ ဦးလေးမိသားစုက ရပ်ကွက်မှ လူရမ်းကားများနှင့် လျှို့ဝှက်ကာ ညှိနှိုင်းခဲ့ပြီး သူမအား ရပ်ကွက်ထဲမှ မိန်းကလေးများကို ကစားနေကျ သားရဲကောင်များထံ ရောင်းချထားခဲ့သည်။ သူမက နှိပ်စက်ခံရသည်။ အရှက်ခွဲခံရသည်။ ထိုအခါ သူမ၏ ဆွေမျိုးများက သူမကို ရောင်းပြီ ရလာသော စားစရာများကို စိတ်အေးအေးစားသောက်ကာ ရှင်သန်နေထိုင်ကြလေသည်။
ထိုအမျိုးသမီးက သူ၏ရှင်းပေါင် မဟုတ်သော်လည်း သူမဟာ ရှင်းပေါင်နှင့် တူညီသောမျက်နှာနှင့် ဆိုးရွားသော ဘဝမျိုးတွင် သေဆုံးသွားခဲ့ရကြောင်း မြင်ရသောအခါ ယန်မော့သည်လည်း ကူကယ်ရာမဲ့ ဒေါသထွက်လာကာ လက်မခံနိုင်သလို ဖြစ်သွားသည်။
သူ၏ ရှေ့မှ မြင်ကွင်းက ပြောင်းသွားပြန်သည်။ ပိုင်ကျန်းချူ၏ ပုံရိပ်က ပေါ်လာပြန်သည်။ ယန်မော့က နည်းနည်း စိတ်ရှုပ်သွားသည် မည်သည့်အတွက်ကြောင့် ထိုကောင်ကို မြင်နေရမှန်း နားမလည်နိုင်ပေ။
ကမ္ဘာအဆုံးသတ်ကာလက စတင်နေပြီနှင့် တူသည်။ ပိုင်ကျန်းချူကလည်း ပိုင်မိသားစုကို အခြေခံခြင်းအားဖြင့် အခြေစိုက်စခန်းတွင် ကောင်းမွန်သော ဘဝတွင် နေထိုင်နိုင်နေသည်။ သူသည် အမျိုးသမီးများကို ပိုးပန်းရန် အချိန်ရှိနေသေးသည်။ ယန်မော့က ပိုင်ကျန်းချူအား ရှင်းပေါင် လက်ရှိအချိန်တွင် အသုံးပြုနေသော နေရာလပ် နယ်မြေ ကျောက်စိမ်းတံဆိပ်အား အခြားသော အမျိုးသမီးတစ်ယောက်ကို ကျေနပ်အောင် ပေးလိုက်ကြောင်းကို မြင်လိုက်ချိန်တွင် မည်သည့်အတွက်ကြောင့် ထိုအကောင်ကို မြင်နေရကြောင်းနားလည်လိုက်သည်။
ယန်မော့သည် ထိုအမျိုးသမီးက နေရာလပ်နယ်မြေကို ဖွင့်ပြီး ထိုအရာကို မှီခိုကာ ရှင်သန်နေထိုင်ခြင်းကို ကြည့်နေလိုက်သည်။ ထူးဆန်းသော အကြောင်းအရာကမူ ထိုအမျိူးသမီး၏ မျက်နှာပေါ်တွင် မြူတစ်လွှာက အုပ်ထားသကဲ့သို့ ဖြစ်နေလေရာ သူသည် သူမ၏ ရုပ်ရည်သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။ ထိုအမျိုးသမီး၏ နံဘေးတွင်လည်း သူ၏ပုံရိပ်က ပေါ်လာသောအခါ သူ၏ မျက်လုံးက မဲမှောင်သွားပြီး ပုံရိပ်တစ်ခုလုံးက ပျက်ဆီးသွားသည်။
ယန်မော့ကလည်း သူမြင်ခဲ့ရသမျှ အခြေအနေများအားလုံကို ခပ်ရေးရေး တွေးမိသည်။ အစပိုင်းတွင်မူ ထိုကိစ္စများအားလုံးကို အိပ်မက်ဟုသာ ထင်ထားသည်။ သူ၏ ရှင်းပေါင်ကို သူက ချစ်လွန်းသောကြောင့် သူက ထိုကဲ့သို့ အိပ်မက်မက်နိုင်သည်။ သူ၏ စိတ်ကူးယဉ်နိုင်စွမ်းအားက မည်မျှပင် ပြင်းထန်စေကာမူ အိပ်မက်ထဲမှ သူများကလည်း သူ၏ မသိစိတ်ထဲတွင် ပေါ်လာနိုင်သော သူများ ဖြစ်ရမည်။ သို့ရာတွင် ထိုထဲမှ လူအများစုကမူ သူပင် မမြင်ဖူးသော သူများ ဖြစ်ရမည်။ ထို့ကြောင့် သူ၏ မသိစိတ်အတွင်းတွင် ပေါ်လာစရာ အကြောင်းမရှိပါပေ။
ထို့နောက် ပိုင်ကျန်းချူက ပေါ်လာသောအခါ ယန်မော့က အကြံကို အတည်ပြုနိုင်ခဲ့သည်။
46 03
ဒါက အိပ်မက်မှ မဟုတ်တာ။ ဒါက အပြိုင် စကြာဝဠာကြီး တစ်ခုမှ ဖြစ်ပျက်ခဲ့တာမျိုးနဲ့တောင် အရမ်းတူတယ်။
အချိန်နဲ့ အာကာသအပြင် ပြောင်းလဲမှုတွေက အများကြီး ရှိတယ်။ တူညီမှုတွေလည်း ရှိတယ်။ လူအမျိုးမျိုးက မတူညီတဲ့ ရလဒ်တွေကို တွေကို ရွေးချယ်ကြတော့ မတူညီတဲ့ ရလဒ်တွေကို ကြုံတွေ့ရတယ်။ အနာဂတ်မှ ပြောင်းလဲဖို့ ပြသနေရင်းနဲ့ မတူညီတဲ့ ဦးတည်ရာဘက်တွေကို ရောက်သွားတယ်။ ဒါကပဲ ဒီပုံရိပ်တွေကို မြင်စေဖို့ အပြောင်းလဲ ဖြစ်လာတယ်။
ရှင်းပေါင်က ကမ္ဘာကပ် အဆုံးသတ်ကို ကြိုပြီး အိပ်မက် မက်ခဲ့သလိုမျိုးပေါ့။
ဖြစ်နိုင်သည်မှာ သူ၏ ရှင်းပေါင်ကလည်း ဒီအချိန်နှင့် အာကာသပြင် အကြောင်းကို မက်ခဲ့လောက်သည်။ သူမ၏ ပတ်ပတ်လည်တွင် မည်သို့သော ခွေးအ ကျားနှင့် ကျားသစ်များ အုံနေခဲ့ကြောင်း သိလောက်ပြီး ထိုအချိန်ကာလက ရှုရှင်း၏ သနားစရာကောင်းပြီး ဆိုးရွားသော ဘဝကို ရှောင်ရှားခဲ့ခြင်းပင် ဖြစ်နိုင်သည်။
အခြားသော အချိန်နှင့် အာကာသပြင်မှ သက်တောင့်သက်သာရှိမည့် ဘဝ အကြောင်းကို တွေးမိသော် သူ၏ ရှင်းပေါင်သာဆိုလျှင်ဆိုပြီး ယန်မော့၏ နှလုံးသားက နာကျင်ကာ မုန်းတီးမှုကို ခံစားလာရသည်။
သူသည် သူနှင့် ဘယ်သောအခါမှ မဆုံဖူးသော ရှုရှင်း၏ဦးလေးမိသားစုဝင်တိုင်း၏ မျက်နှာကို သေချာမှတ်ထားသည်။ ပိုင်မိသားစုမှ လောဘကြီးသော အကောင်တိုင်းကိုလည်း အမှောင်စာရင်းထဲသို့ သွင်းထား၏။ ထိုလူများနှင့်သာ ကြုံခဲ့မည် ဆိုလျှင် သူဟာ သေချာပေါက် ကောင်းကောင်း ကိုင်တွယ်ပေးရပေမည်။ သို့မဟုတ်ပါက ထိုအရာများ ဒီလောကအတွင်း ဆက်လက်ပြီး ရှင်သန်နေအုံးမည် ဆိုလျှင်လည်း နောင်တရအောင် လုပ်ရပေမည်။
ရှုလျန်ကျွင်း၏ မိသားစုအပြင် ပိုင်ကျန်းတိ၊ ပိုင်ကျန်းချူတို့အားလုံးက ရုတ်တရက် အကြောင်းပြချက် မရှိ ကျောစိမ့်သွားကြလေသည်။
******