အခန်း ၄၈
Vol. 5 Ch. 48
48 01
အပိုင်း (၄၈) သဘာဝလွန်စွမ်းအားကိုလေ့ကျင့်ခြင်း
ရပ်ကွက်အခြားတစ်ဖက်မှ ယဲ့ယွီအန်းကလည်း တတိယနေ့ ညနေတွင်ပင် အဖျားကြီးသော ကာလသို့ အောင်မြင်စွာ ကျော်ဖြတ်ပြီးသား ဖြစ်သည်။ ယဲ့ယွီအန်းက နိုးထလာသည်နှင့် အလွန်အမင်းကို သက်တောင့်သက်သာ ရှိသလို ခံစားနေရသည်။ ခန္ဓာကိုယ်မှ စေးကပ်မှုနှင့် ဝမ်းဗိုက်ထဲမှ ဆာလောင်မှုက လွဲပြီး အခြားသော မသက်မသာ ဖြစ်မှုများပင် မရှိပါပေ။
အခြားကိစ္စများကို အထူးတလည် အရေးလုပ်မနေတော့ဘဲ ကုတင်ပေါ်တွင်သာ ထိုင်ကာ ခန္ဓာကိုယ်ထဲမှ စွမ်းအင် အပူများကို ကျွမ်းကျင်စွာ လှည့်ပတ်လိုက်ပြီး ရင်းနှီးသော်လည်း မရင်းနှီးသလို ဖြစ်နေသည့် လှုပ်ခတ်မှုများကို သေချာ ခံစားကြည့်ပြီး ညာဖက်လက်အား စတင်ကာ ထိန်းချုပ်ကြည့်လိုက်သည်။
ယဲ့ယွီအန်း၏ ညာဖက်လက်ညိုး ထိပ်ပေါ်တွင် ရေခဲပွင့်လေးက ပေါ်ထွက်လာပြီး အအေးစိမ့်ဓာတ်များကို လွှတ်ထုတ်လာသည်။
အရင်ဘဝရဲ့ ခံစားချက်က မမှားခဲ့ဘူးပဲ။ ငါ့ရဲ့ အစစ်အမှန် သဘာဝလွန်စွမ်းအားက ရေခဲပဲ။
ရေခဲပွင့်ကို မြင်ရသောအခါ ယဲ့ယွီအန်း၏ မျက်လုံးက ရဲသွားသည်။ သူမ၏ စိတ်ထဲတွင်လည်း တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့ကို နောက်ထပ် စာရင်း ထပ်မှတ်လိုက်သည်။
သူမ ယခင် ဘဝ သဘာဝလွန်စွမ်းအား နိုးထမည့် အရေးကြီးသော အခိုက်အတန့်တွင် တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့က အတင်းနှောက်ယှက်ခဲ့သောကြောင့် အခြားသော သာမာန် သဘာဝလွန်စွမ်းအား အသုံးပြုသူများထက် ပို၍ အားနည်းသော စွမ်းအားကိုသာ ရရှိခဲ့သည်။ ယခုလို ရေခဲအမျိုးအစား မဟုတ်ဘဲ ရေသာ ဖြစ်သည်။
ထိုအချိန်က အခြေအနေမျိုးကလည်း ကံဆိုးမှုမှ ကံကောင်းမှုဟု ပြောရပေမည်။
သူမ၏ စွမ်းအားက အင်အားမကြီးဘဲ ဇွန်ဘီများ အပေါ်တွင် သက်ရောက်မှုက အကန့်အသတ်နှင့် ဖြစ်သည်။ ထို့ကြောင့်အသင်း၏ စီမံရေး ဝန်ထမ်းတစ်ယောက်အနေနှင့် ရေပမာဏအမြောက်အများကိုလည်း မပေးနိုင်ခဲ့ချေ။ သူမက တာဝန်တစ်ခုချင်းစီတိုင်းမှ အမှတ်ရချိန်တိုင်းလိုလို အနည်းဆုံး ဖြစ်နေတတ်သည်။ သို့တိုင်အောင် အခွင့်အရေးရှိနေသေးသမျှ အသင်းနောက်သို့ လိုက်ကာ တာဝန်များကို သွားလုပ်သည်။ အမှတ်များကို ရှာသည်။
ရလာသော အမှတ်များကတင် လူသုံးယောက်ကို ထောက်ပံ့ပေးရန် လုံလောက်၏။ အများစုကိုမူ တုဟန်ရွှီနှင့် ဝမ်ယာယွန်ကာ ယူသည်။ သူမက အမှတ်ကို ရှာသော်လည်း အနည်းဆုံး အသုံးပြုသူ ဖြစ်သည်။
ကြင်နာတတ်သော သူများက သူမကို အကြံမပေးခဲ့၍ မဟုတ်ချေ။ ထိုသူများသည်လည်း သူမအား တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့က လူကောင်းများ မဟုတ်ကြောင်း ပြောပြထားပြီးသား ဖြစ်သည်။ ထိုနှစ်ယောက်က သူမ၏ နောက်ကွယ်တွင် အတူတွဲနေကြပြီး ရှိနေကြောင်း ပြောပြကြသည်။ သို့သော် အခြားသောသူများကမူ သူတို့ သုံးယောက်အချင်းချင်း သွေးကွဲအောင် ပြောကြသည်ဟု ယဲ့ယွီအန်းကို ပြန်ပြောခြင်းအားဖြင့် သူမသည် ထိုအချိန်က အမှန်တကယ်ကို ကန်းနေခဲ့ပုံရသည်။
ယဲ့ယွီအန်းကလည်း တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့ သူမကို ယူဆောင်လာပေးသည့် နာကျင်မှုကို ဘယ်သောအခါမှ မမေ့ချေ။ ထိုနှစ်ယောက်လုံးသည်လည်း လုံလောက်အောင် ရှင်သန်ပြီးသား ဖြစ်သည်။ နောက်တစ်ခေါက် တွေ့ဆုံသည်နှင့် စာရင်းရှင်းရတော့ပေမည်။
ရေခဲများက ပျက်ပြယ်သွားသည်နှင့် ယဲ့ယွီအန်က ပြန်ထလိုက်ကာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သည်။ ထို့နောက် ကိုယ်တွင်း အင်္ဂါများကို သက်တောင့်သက်သာရှိစေရန် အလို့ငှာ ကောင်းကောင်း စားသောက်လိုက်သည်။
ယဲ့ယွီအန်းက ရပ်ကွက်မှ ထွက်ခွာရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ဒုတိယ တစ်သုတ် နိုးထမှုက မနက်ဖြန်ဆို စတင်တော့မည် ဖြစ်သည်။ ထိုအခါ ပထမ တစ်သုတ်မှ အောင်မြင်စွာ နိုးထထားပြီးသော သူများက လွဲပြီး ကျန်သော သူတိုင်းက သတိလစ်နေကြပေလိမ့်မည်။
မည်သူမှ မရှိသောအခါ သူမသည် ဒီအခြေအနေကို အခွင့်ကောင်း ယူခြင်းအားဖြင့် သူမသည် ရိက္ခာများကို အလုံးအရင်းဖြင့် စုရတော့ပေမည်။
နေရာလပ် နယ်မြေကို ဖြည့်ရမည်။ အချိန်တန်ကြာအောင် ကြိုးစားအားထုတ်ပြီးနောက် သိုလှောင်လက်စွပ်ထဲမှ နယ်မြေကလည်း ဘက်စကတ်ဘောကွင်း လေးကွင်းစာအထိ ထပ်ကျယ်သွားပြန်သည်။ ထို့ကြောင့် သူမအနေဖြင့် ရှေးဟောင်းလမ်းများ ကျောက်စိမ်းမြို့များ အပြေးအလွှားသွားရောက် ရှာဖွေခဲ့သည်မှာ ထိုက်တန်သည်ဟု ပြောရပေမည်။ ယဲ့ယွီအန်း၏ မြင်ကွင်းထဲတွင် ကျောက်စိမ်းပေါ်လာသည်နှင့် အားလုံးကို နေရာလပ် နယ်မြေထဲသို့ ထည့်သွင်း၏။ အခြားသော သူများက တောင်ပေါ်မှ မျှစ်များကို ခူးနေကြချိန်တွင် သူမက ကျောက်စိမ်းများအားလုံးကို အရလုထားသည်။
48 02
အင်း…
ဒီတစ်ခေါက်တော့ ပြန်လာဖြစ်တော့မှာ မဟုတ်ဘူး။
ယဲ့ယွီအန်းက ဗိုက်ကို အပြည့်ဖြည့်ပြီးသည်နှင့် အခန်းထဲမှ အသုံးဝင်မည့် ပစ္စည်းများကို နေရာလပ် နယ်မြေထဲသို့ ကောက်ထည့်လိုက်သည်။ ထို့နောက် နေရာလပ်နယ်မြေထဲမှ ပစ္စည်းများကို နေရာချသည်။ နေရာလပ်နယ်မြေ၏ အသုံးပြုနိုင်စွမ်းရည်ကို အကောင်းဆုံးထိန်းချုပ်နိုင်အောင် ကြိုးစားပြီးနောက် နေရာလွတ်များကို များများ ချန်ထားသည်။ ညအမှောင်၏ ပြင်းထန်သော လေပြင်းကြောင့် မည်သူကမှ အာရုံမစိုက်မိသည်ကို အခွင့်ကောင်းယူခြင်းအားဖြင့် နေရာလပ် နယ်မြေထဲမှ လျှပ်စစ် ဆိုင်ကယ်လေးကို ထုတ်လိုက်ပြီး ခပ်အေးအေး ထွက်လာခဲ့လိုက်သည်။
…
အဖျားကြီးသည့် ကာလအတောအတွင်းတွင် မတော်တဆ မြင်ခဲ့ရသည့် မြင်ကွင်းမျိုးကြောင့် ယန်မော့သည်လည်း သဘာဝလွန်စွမ်အားများကို ကောင်းကောင်း နားလည်နေသည်ဟု ပြောရပေမည်။
သူသည် ရှုရှင်းကို ဂရုစိုက်နေသည့်အချိန်အပြင် သူ့ကိုယ်သူလည်း ထိုစွမ်းအင်နှင့် ကျင့်သားရအောင် လုပ်ပြီး သူ၏ စိတ်စွမ်းအားကို ကောင်းကောင်းလေ့ကျင့်သည်။ သို့သော် ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကိုလည်း သူတို့၏ကိုယ်ပိုင်သဘာဝလွန်စွမ်းအားများနှင့် ရင်းနှီးအောင်လည်း ကူညီပေးချင်သေးသည်။ သူတို့၏ စွမ်းအားများကို အသုံးပြုနိုင်ချေများအား လိုအပ်သလို လမ်းညွှန်ပြသပေးသည်။
ယေဘုယျကျကပြောရသော် သဘာဝလွန်စွမ်းအား ပညာရှင်များကို အဆင့်သုံးမျိုးခွဲနိုင်သည်။ အဆင့်မြင့်တင်ထားသော သဘာဝလွန်စွမ်းအား၊ သဘာဝ အခြေပြု သဘာဝလွန်စွမ်းအားနှင့် အထူးသဘာဝလွန်စွမ်းအားတို့ ဖြစ်သည်။
ယခင် အကြံပြုချက် အတိုင်းပင် သဘာဝလွန်စွမ်းအားအဆင့်မြင့်တင်ခြင်းကမူ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အင်အား တိုးမြင့်ပေးခြင်းသာ ဖြစ်သည်။
အချို့သော သူများက နားရွက်ကြီးသွားသည်။ ထို့ကြောင့် အရပ်မျက်နှာတိုင်းမှ အသံတိုင်းကို ကြားနိုင်သည်။
အချို့ကမူ မျက်လုံးက အင်အားကြီးသွားသည်။ ထိုအခါ အကြားအမြင် ရသည်။ သို့မဟုတ် အလွန်အမင်းလည်း အင်အားကြီးမားသွားနိုင်သည်။
တွေ့မြင်ရနိုင်သော သဘာဝ အခြေပြု သဘာဝလွန်စွမ်းအားအများစုက အခြေပြုစွမ်းအား ငါးမျိုးဖြစ်သည့် ရွှေ၊သစ်သား၊ ရေ၊မီး၊မြေတို့ ဖြစ်သည်။ ထို့အပြင် အခြားသော ဆင့်ကဲပြောင်းလဲလာသည့် သဘာဝလွန်စွမ်းအားများ ဖြစ်သည့် မိုးကြိုး၊ လေ၊ ရေခဲတို့လည်း ရှိသေးသည်။ ထိုအရာများအားလုံးကလည်း သဘာဝ အခြေပြု စနစ်ထဲတွင် ပါဝင်သည်။
အခြားသော ထူးဆန်းပြီး အသွင်ကွဲ သဘာဝလွန်စွမ်းအား ဖြစ်သည့် စိတ်စွမ်းအား၊ နေရာလပ် စွမ်းအား အသီးသီးတို့ကလည်း အထူးခေါင်းစဉ်အောက်သို့ ရောက်နေသည်။ နာမည်အတိုင်းပင် ထူးခြားသော စွမ်းအားများဖြစ်သည်။ သို့သော် နိုးထနိုင်စွမ်းရည်က မမြင့်ပေ။
လေနှင့် မီးစွမ်းအားတို့က ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်းရည်ရှိသော စွမ်အားများ ဖြစ်နေသည်။ လေအခြေပြု စိတ်စွမ်းအား ပညာရှင်များက လေထဲမှ လေအခြေပြုစွမ်းအားများကို ထိန်းချုပ်ကာ တိုက်ခိုက်နိုင်သည်။ ထိုအပြင် လေအခြေပြုစွမ်းအားများကို သုံးကာ အရှိန်းနှုန်းကို မြင့်နိုင်သေး၏။ လေအခြေပြု စွမ်းအားရှင်များ၏ အရှိန်နှုန်းက စိတ်စွမ်းအား ပညာရှင်များထဲတွင် အကောင်းဆုံး ပညာရှင်များဟု ပြော၍ ရသေးသည်။
မီး အမျိုးအစား သဘာဝလွန်စွမ်းအား ပညာရှင် အတွက်ကမူ ပစ်မှတ်တစ်ခုချင်းစီတိုင်းကို သီးသန့် ပစ်မှတ်ထားတိုက်ခိုက်မည်ဆိုပါက အလွန်အမင်းကို အင်အားကြီးမားနိုင်သည်။ အပြင်းအထန် ထိခိုက်အောင် လုပ်နိုင်သည်။ အဖွဲ့လိုက်တိုက်ခိုက်မှုကလည်း အင်အားကြီး နိုင်ပြန်သည်။
ဒုတိယတစ်သုတ်နိုးထမှုကလည်း စတင်နေပြီ ဖြစ်သည်။ လူအများစုကလည်း အဖျားကြီးသည် ကာလသို့ ဝင်ရောက်သွားကြကာ သတိလစ်နေကြသည်။ ကံဆိုးရှာသော သူများကလည်း ရုတ်တရက် သတိလစ်သွားကြကာ လုံခြုံသော နေရာကို မရှာနိုင်ကြသည့်အတွက် လမ်းဘေးသို့မဟုတ် တောထဲတွင်သာ လဲကျနေကြ၏။ ထိုအခါ လမ်းပေါ်တွင် သွားလာနေပြီ ဖြစ်သော ဖုတ်ကောင်များကလည်း ညှာတာပေးကြမည် မဟုတ်ပေ။ သူတို့သည်လည်း သူတို့၏မသိစိတ်အတိုင်း အနံ့နောက်လိုက်ပြီး လူသားများကို စားသောက်ကြပေလိမ့်မည်။
ဇွန်ဘီများက အလုံးအရင်းနှင့် ပေါ်လာမည့်အချိန်က နီးကပ်သထက် နီးကပ်လာသည်။ ရှုရှင်းက မနိုးသေးခင်မှာတင် သူတို့၏သဘာဝလွန်စွမ်းအားများကို အပြည့်အဝ ကျွမ်းကျင်အောင် လုပ်ထားရပေမည်။ ထို့ကြောင့် သူတို့က ဇွန်ဘီများနှင့် ထွက်ကာ တိုက်ခိုက်သောအခါ အထိတ်တလန့် ဖြစ်စရာ မလိုအပ်တော့ဘဲ စွမ်းအားကို ကောင်းကောင်း သုံးနိုင်မည် ဖြစ်သည်။
48 03
“ဘုရားရေ မူချီမိုင် မင်း… မင်းရဲ့ လေဦးတည်ရာဘက်ကို မထိန်းချုပ်နိုင်ဘူလား။ ဘာလို့ ငါ့ရဲ့ ဆံပင်တွေတောင် လောင်ကုန်တော့မယ်”
ပုရှန်းဝမ်က သူ၏ ဆံပင်ကို အထိတ်တလန့်ထိသည်။ လေထဲတွင်ပင် ဆံပင်လောင်သည့် အနံ့က ထွက်လာသည်။
“မင်း လောင်သင့်တယ်၊ ငါမင်းကို ကြွားခိုင်းလို့လား။ ဟမ်… မင်းက လက်ထဲမှာ မီးကိုင်ထားပြီး အတင်းကပ်လာတာကိုး”
မူချီမိုင်ကလည်း ပုရှန်းဝမ်၏တိုက်ခိုက်မှုကြောင့် မယိမ်းယိုင်သွားခဲ့ချေ။
“မင်း....မင်း မင်း ဘယ်လိုတောင် မျိုး မစစ်ကောင် ဖြစ်နေတာလဲ။ ငါ ဒီနေ့ မင်းကို ငါ့ရဲ့ စွမ်းအားအကြောင်း မြည်းခိုင်းမယ်”
ပုရှန်းဝမ်က နည်းနည်း ဖရိုဖရဲ ဖြစ်သွားသော ဆံပင်အပြုံလိုက်ကို တစ်ချက် ကြည့်ကြည့်လိုက်ပြီး အလွန်အမင်းကို ရင်ကွဲနာကျသွားသည်။ သူသည် အော်ဟစ်ပြီး မီးလုံးတစ်လုံးဖြင့် ကောက်ပစ်သည်။
မူချီမိုင်ကလည်း အလွယ်တကူ ရှောင်သည်။ ထိုမီးလုံး၏ တိုက်ကွက်ကို ရှောင်ရှားပြီးနောက် လက်နောက်ပြန်ဖြင့် လေဓားကို ကောက်ပစ်လိုက်သည်။
ထိုနှစ်ယောက်က ရှေ့ပြန်နောက်ပြန် တိုက်ခိုက်နေကြသည်။ တစ်ယောက်အကွက်ကို တစ်ယောက် ကျွေးနေကြသည်။ ယန်မော့က နံဘေးနားရှိ ဆိုဖာပေါ်တွင် ထိုင်ကာ ထိုနှစ်ယောက်၏ပုံမှန်အခြေအနေတွင် စိတ်စွမ်းအား အကာအကွယ်လွှာကို ချထားခြင်း အားဖြင့် အခန်းကို မဖျက်ဆီးအောင် လုပ်နေရသည်။ မကြာခဏဆိုသလို သူတို့၏ လိုအပ်ချက်များဟာကွက်များကိုလည်း ထောက်ပြပေးပြီး အမှန်ပြင်ခိုင်းသည်။
ထိုသုံးယောက်က သူတို့၏ သဘာဝလွန်စွမ်းအားများကို အမျိုးမျိုးသော နည်းလမ်းများဖြင့် အသုံးပြုနေကြသည်။ တစ်ချိန်တည်းတွင်ပင် မည်သည့် အကွက်မျိုးက သဘာဝလွန်စွမ်းအား အနည်းဆုံး အသုံးပြုရပြီး သက်ရောက်မှု အရှိဆုံး ဖြစ်ကြောင်း ရှာဖွေနေကြသည်။ မည်သို့ပင်ဆိုစေ သဘာဝလွန်စွမ်းအားများက အလကား ရနေခြင်း မဟုတ်ပေ။ ကုန်ခမ်းနိုင်သေးသည်။ ဇွန်ဘီများကို ရင်ဆိုင်ရသောအခါ စွမ်းအင်နည်းနည်း ပိုထိန်းထားနိုင်မည် ဆိုလျှင် ပိုကောင်းသော ရှင်သန်နိုင်ချေ ရရှိမည် ဖြစ်သည်။
******