အခန်း ၅၁
Vol. 6 Ch. 51
အပိုင်း (၅၁) မြို့တော် A မှ ထွက်ခွာခြင်း
မြို့က ယခင်က စည်ပင်မှုက ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သဘာဝကပ်ဘေးသုံးခုကို တွေ့ကြုံခံစားပြီးနောက် သပ်ရပ်က ရှင်းလင်းသော လမ်းကလည်း အိုဟောင်းလာသည်။ မကြာခဏဆိုသလို ကြားရသည့် ဇွန်ဘီများ၏ အနိမ့်အမြင့် အတက်အကျ မသာယာသော အသံများကြောင့်လည်း အတော်လေးကို စိတ်ဓာတ်ကျပြီး ကြောက်စရာ ကောင်းနေလေသည်။
သူတို့ကိုယ်သူတို့ မြို့အပြင်ဘက်မှ ဇွန်ဘီများကို သုံးပြီး ကျင့်သားရအောင် ရက်အနည်းငယ်ခန့် လေ့ကျင့်ပြီးနောက်ဆုံးတွင် ရှုရှင်း၊ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း သူတို့၏စွမ်းရည်ကို အခြေခံအားဖြင့် ဖမ်းဆုပ်နိုင်လာပြီးသား ဖြစ်သည်။ ယန်မော့ကမူ သူတို့နှင့် အဆင့်မတူပါပေ။
သူတို့ သုံးယောက်က ကောင်းကောင်း ကျင့်သားရလာသည့်အချိန်တွင်ပင် ယန်မော့၏ သူ၏ သဘာဝလွန်စွမ်းအားကို ထိန်းချုပ်နိုင်သော စွမ်းရည်ကလည်း အဆင်နှစ်သို့ပင် တက်သွားပြီ ဖြစ်သည်။ သူဟာ ယခုအခါ အဆင့်နှစ်အဆင့်မှ သဘာဝလွန်စွမ်းအား အသုံးပြုသူ ဖြစ်သည်။
မြို့တော်မှ မထွက်ခွာခင် နောက်ဆုံးရက်တွင် ရှုရှင်းတို့က အပြင်သို့ မထွက်တော့ချေ။ သူတို့သည် မနက်စောစောထ အမျိုးမျိုးသော ပါဝင်ပစ္စည်းများကို ပြင်ဆင်ကာ ဆန်မုန့်လုံး၊ ထမင်းဗူး၊ အမဲသားကင်၊ ပီဇာဆန်ပြုတ်နှင့် အခြားသော အလျှင်းသင့်သလို ထုတ်စားနိုင်မည့် စားစရာများကို ပြင်ဆင်ထားကြသည်။
မနက်ဖြန်မှ စတင်ပြီး လမ်းပေါ်တွင်သာ သွားလာရတော့မည် ဖြစ်သည်။ ထို့ကြောင့် ရပ်ကွက်ထဲတွင် ဆက်နေတော့မည် မဟုတ်ချေ။ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်ရန် အခွင့်အရေးလည်း နည်းပါးလာမည် ဖြစ်သည်။
သူတို့ဘာသာ နေ့စဉ်စားသုံးရန် အဆင်ပြေသော စားစရာများကို ကြိုတင်ပြင်ဆင်ထားကာ နေရာလပ် နယ်မြေထဲတွင် ထည့်ထားခြင်းအားဖြင့် လိုအပ်လာသောအခါ ပြင်သို့ ထုတ်ကာ စားနိုင်မည် ဖြစ်သည်။
ရှုရှင်း၏ နေရာလပ်နေရာတွင် ပြင်ဆင်ထားပြီးသား စားစရာအချို့ ရှိနေသေးသော်လည်း အပြင်ဘက်တွင် စားရန် မသင့်တော်သော အရာများဖြစ်သည်။ ထို့ကြောင့် ရိုးရှင်းသော အရာများကို ပြုလုပ်ထားလိုက်ပြီး အပြင်ဘက်တွင် ထုတ်စားရ အဆင်ပြေအောင် ပြင်ထားလိုက်ကြသည်။
ဘီစကစ်များ၊ အပူပေးရုံနှင့် စားသောက်နိုင်သော ထမင်းများကဲ့သို့ အရာမျိုးကမူ အခြားသော သူများ၏ အရှေ့တွင် စားသောအခါ ရှောင်ရှားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် စားနိုင်သော အခွင့်အရေးမျိုးသာ ရှိမည် ဆိုပါက ကိုယ့်ကိုယ်ကိုယ် ဒုက္ခခံစရာ မလိုအပ်ပါပေ။
အမျိုးမျိုးသော စားစရာများနှင့် ဟင်းပွဲများ၏ မွေးရနံ့များကလည်း ညနက်မှသာ ပျောက်ကွယ်သွားကြသည်။ နေရာလပ် နယ်မြေအတွင်းမှ ယုန်သိုးနွားဝက် စသဖြင့်တို့၏ အရေအတွက်ကလည်း ဆယ်ပုံ တစ်ပုံနီးပါး လျော့ကျသွား၏။ အိမ်၏ အမျိူးမျိုးသော နေရာများတွင် ထားထားသော မီးဖိုများနှင့် အိုးများကလည်း အတော်လေးကို မြောက်များနေသည်။ ကြီးမားသော သံမဏီ ဇလုံအရှည်ကြီးများဖြင့် ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း အဆင်သင့်ထည့်ထားလိုက်သည်။ ထို့ကြောင့် အချိန်ကြာကြာ ရေရှည် စားသောက်ရန် လုံလောက်နေမည် ဖြစ်သည်။
နောက်တစ်နေ့ မနက်ခင်းတွင် ရှုရှင်းတို့ အဖွဲ့က စောစော ထပြန်သည်။ ဒီတစ်ခေါက်တွင် ကောင်းကောင်း ရေချိုးကာ မထွက်ခွာခင် ခပ်အေးအေး ပြင်ဆင်သွားရန် ဆုံးဖြတ်လိုက်၏။ သူတို့သည် လမ်းတွင် RV ပေါ်တွင် ရေချိုးနိုင်သော်လည်း အိမ်တွင် ရေချိုးရသလောက် သက်တောင့်သက်သာ ရှိလိမ့်မည် မဟုတ်ပေ။
သူတို့ဟာ ဒီနေ့ မြို့တော်A မှ ထွက်ခွာသွားမည် ဖြစ်သည်။ အဝေးပြေး လမ်းမမှ သွားမည် မဟုတ်ဘဲ နေ့တိုင်းလိုလို လမ်းကို ရွေးချယ် ပြောင်းလဲသွားမည် ဖြစ်သည်။
လူအများစုက အထိန့်တလန့် ထွက်ပြေးသောအခါ အလျှင်သင့်ဆုံး အမြန်ဆုံးလမ်းကိုသာ ရွေးချယ်တတ်ကြသည်။ ထို့ကြောင့် အဝေးပြေးလမ်းမပေါ်သို့သာ မောင်းနှင်တတ်ကြသည်။ ထို့ကြောင့် ထိုနေရာတွင် လူအတော်များပေလိမ့်မည်။ မတော်တဆမှုများကလည်း ဖြစ်ပွားနိုင်သည်။
အားလုံးက အရင်ဦးဆုံး သွားလိုကြသည်။ မည်သူကမှလည်း အခြားသူကို အလျော့မပေးလိုကြပေ။ ထို့ကြောင့် ကားတစ်စီးနှင့်တစ်စီး တိုက်မိခြင်းအားဖြင့် ယာဉ်ကြောပိတ်ဆို့မှုများက စတင်ပြီး ကြောက်စရာကောင်းသော အခြေအနေများက ဖြစ်နိုင်လေသည်။
ထိုသို့ဖြင့်ကားတိုက်မှုများမှတဆင့် ပြင်းထန်သော သွေးရနံ့က ဖုတ်ကောင်များကို ဆွဲဆောင်နိုင်သည်။
ထွက်ပြေးသည့် သူများ ကြားထဲမှ လွှတ်မြောက်ခဲ့သည့် အာမခံချက် အပြည့်ရှိသူများကပင် ထိုဇွန်ဘီများ၏ကုတ်ခြစ်မှုကို ခံရနိုင်သေးသည်။ ထိုအခါ ပိုးဝင်ကူးသွားမည် ဖြစ်သည်။ သို့သော် လူအယောက် တစ်ရာထဲမှ တစ်စုံတစ်ယောက်ထဲကသာ ကူးသွားမည်ဆိုလျှင် အခြားသော သူများအား ကူးစက်နိုင်ခြေက ပိုများသည်။ ယခုလို ဝရုန်းသုန်းကားဖြစ်နေသော အဝေးပြေးလမ်းမျိုးက အလွန်အမင်းကို ဒုက္ခများလေသည်။ ထို့အပြင် အရှေ့ဘက်တွင်လည်း ရွာမရှိ အနောက်ဖက်တွင်လည်း မည်သည့်ဆိုင်မှ မရှိသောအနေအထားမျိုးတွင်ဆိုလျှင် ပုန်းရန်ပင် ခက်ခဲသေးလေရာ အကူအညီတောင်းလျှင်ပင် မည်သူကမှ လာကူနိုင်တော့မည် မဟုတ်ပေ။
ရှုရှင်းတို့က စတင်ကာ မောင်းထွက်ကြသည်။ သူတို့က မထွက်လာသေးခင် အလှည့်ကျ မောင်းရန် သဘောတူထားပြီးသား ဖြစ်သည်။ နဂိုကမူ ရှုရှင်းကပင် မပါချေ။ သို့သော် ရှုရှင်းကလည်း ဝန်ထုပ်ဝန်ပိုးကို မျှခံမည်ဟု ဝင်ပြောလိုက်သော ကြောင့်သာ ထည့်တွက်ကြခြင်းဖြစ်သည်။
“နင်တို့ သုံးယောက်ပဲ လှည့်ပတ်ပြီး မောင်းနေမယ်ဆိုရင် အများကြီး အားကုန်နေမှာပေါ့။ တကယ်လို့သာ မမျှော်လင့်ထားတဲ့ အခြေအနေမျိုးကို ကြုံတွေ့ရမယ်ဆိုရင် နင်တို့ရဲ့ အခြေအနေက ဆိုးရွားနေခဲ့ရင် ငါက အခြေအနေ ကောင်းနေရင်တောင်မှ အသုံးဝင်မှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား”
“ငါလည်း နင်တို့နဲ့အတူ အလှည့်ကျ ကားမောင်းပေးမယ်။ ဒါဆိုရင် အနားယူချိန် ပိုများလိမ့်မယ်။ ပိုပြီးတော့လည်း အားပြည့်နိုင်တာပေါ့”
ရှုရှင်းပေးသော အကြောင်းပြချက်ကလည်း မငြင်းနိုင်အောင် ဖြစ်စေသည်။ နောက်ဆုံးတွင် တစ်ယောက်စီ နှစ်နာရီစီ မောင်းရန် ဆုံးဖြတ်လိုက်သည်။ ရှုရှင်းကမူ တစ်နာရီသာ မောင်းရန် လိုအပ်သည်။
သူမ ကားမောင်းရမည့် အလှည့် မရောက်သေးသောကြောင့် အနောက်ဖက်တွင် ထိုင်ပြီး အိပ်ငိုက်လာကာ ယန်မော့၏ ပခုံးကို မှီပြီး အိပ်ပျော်သွားသည်။ သူမသည် မနေ့ညက နောက်ကျသည်အထိ ဟင်းချက်ထားရသည်။ နောက်ကျမှလည်း အိပ်ယာဝင်ထား၏။ ထို့ကြောင့် ကားပေါ်တွင် ထိုင်လိုက်သည်နှင့် လှုပ်ခါကာ အိပ်ချင်နေခြင်း ဖြစ်သည်။ ကားထဲတွင် ယုံကြည့်ရသော သူများသာ ရှိသည်။ ထို့ကြောင့် ရှုရှင်းက ကောင်းကောင်း အိပ်ပျော်နိုင်သည်။
သူ၏ နံဘေးမှ တည်ငြိမ်သော အသက်ရှူသံကို ကြားရသည့်အခါ ယန်မော့ကလည်း နံဘေးမှ စောင်ပါးပါးလေးကို ကောက်ယူလိုက်ကာ ရှုရှင်းကို ညင်သာစွာ ခြုံပေးလိုက်သည်။ သူတို့ ဒီမနက် အစောကြီး ထွက်လာခဲ့ခြင်း ဖြစ်သည်။ မနက်ပိုင်းကလည်း နည်းနည်းအေးစိမ့်နေသေးသည်။ ထို့ကြောင့် ယန်မော့က ရှုရှင်း သူ့ကို သက်တောင့်သက်သာ မှီအိပ်နိုင်မည့် ပုံစံမျိုးဖြင့် ပြောင်းထိုင်ပေးလိုက်သည်။ ထိုအခါမှသာ ရှုရှင်းကလည်း ပို၍သာ နှစ်ခြိုက်စွာ အိပ်မောကျနိုင်ပြီး လည်ပင်းနာသည့် ဝေဒနာကိုပါ ခံစားရတော့မည့် မဟုတ်ပေ။
လွန်ကဲလွန်းသော အပူက ကုန်လွန်သွားပြီ ဖြစ်သည်။ အပူချိန်က ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သို့သော် ကမ္ဘာ့အဆုံးသတ်ကာလ ပြီးနောက် နွေဦးဆောင်းဦီးဆိုသော အရာများက ရှိတော့မည် မဟုတ်ဘဲ ပူပြင်းလွန်းသော နွေရာသီနှင့် အေးစက်လွန်းသော ဆောင်းရာသီသာ ကျန်ရစ်တော့မည် ဖြစ်သည်။
ယခုက ဆောင်းရာသီကို ပြန်လည် ဝင်ရောက်နေခြင်း ဖြစ်လောက်သည်။ သို့သော် လွန်ကဲလွန်းသော အအေးက ရုတ်ချည်းမဆန်တော့ချေ။ ကူးပြောင်းကာလအတွင်း ကျင့်သားရရန် အချိန်ရသေးသည်။
ပြန်နိုးလာသောအခါ မရင်းနှီးသော မြင်ကွင်းက ဝိုင်းနေသည်။ အချိန်တစ်ခုကြာအောင် မတုံ့ပြန်နိုင်ဘဲ ငေးငိုင်ကာ မေးလိုက်၏။
“ဘယ်ရောက်နေတာလဲ”
“ဟုန်ကျင်း နယ်မြို့ကို ရောက်တော့မယ် ထင်တယ် အိပ်ချင်နေတုန်းပဲလား ဟင်”
ယန်မော့၏ လက်ကြီးက ရှုရှင်း၏နူးညံ့သော မျက်နှာလေးကို အသာ အယာလာပွတ်သေးသည်။
အွန်း ကိုင်လို့ကောင်းတယ်။
ရှုရှင်းကလည်း မျက်လုံးကို ပွတ်ရင်း ခပ်မတ်မတ် ပြန်ထထိုင်သည်။
“ငါအိပ်တာ ဘယ်လောက် ကြာသွားလဲ”
“သုံးနာရီ နီးပါးပဲ။ အခုလည်း ထရမယ့်အချိန်ကျပြီး နည်းနည်း လန်းလန်းဆန်းဆန်း ဖြစ်သွားအောင် ရေလေးဘာလေး သောက်လိုက်အုံး။ ငါတို့ သင့်တော်တဲ့ နေရာတစ်ခုကို ရှာပြီး နေ့လည်စာစားပြီးမယ်။ ပြီးရင် ခဏနားကြတာပေါ့”
ယန်မော့က နံဘေးတွင် ချထားသော အပူလုံခွက်ကို ကောက်ယူလိုက်ပြီး ဖွင့်ကာပေးသည်။ အတွင်းဘက်တွင် သကြားညို၊ အနီရောင် ဇီးသီးနှင့် ဂျင်းတို့ကို ရောကာ ချက်ထားသည့် ရေနွေးကြမ်းဖြစ်သည်။ ဒါဟာ သူတို့ မထွက်လာခင်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။ ရှုရှင်း၏နွေဦးကာလ ရောက်ခါနီးအပတ်တိုင်းလိုလို ရှုရှင်းက အပတ်တိုင်း ပြင်ဆင်ပေးနေကျ ဖြစ်သည်။
“အင်း ကျေးဇူးတင်ပါတယ် အဖေယန်”
ရှုရှင်းက ယန်မော့ပေးသောခွက်ကို သေချာယူပြီးပြောလိုက်သည်။
ရှုရှင်းသည် ယောက်ျားဖြစ်သူ၏ အသေးစိတ် ဂရုစိုက်မှုကြောင့် အဖေယန်ဟု ခေါ်နေကျ ဖြစ်လာသည်။ မကြာခဏဆိုသလို နောက်ပြောင်ကာ ခေါ်တတ်၏။
ယန်မော့သည် သူမ၏ပါးစပ်မှ ထိုနာမည် ထွက်လာသည်အား ပထမဦးဆုံး ကြားခဲ့သည့်အချိန်က သူ၏အမူအရာက အတော်လေးကို အံ့အားသင့်စရာ ကောင်းကြောင်း မှတ်မိနေသေးသည်။ သူက သူမကိုပင် လှမ်းဆွဲကာ ရင်ခွင်ထဲတွင် ပွေ့ဖက်ပြီး အချိန်တန်ကြာအောင် နမ်းရှိုက်ပြီးမှသာ လွတ်ပေးခဲ့သည်။ ထိုအချိန်က သူမသည် အနမ်းခံရပြီးနောက် ပထမဦးဆုံး အောက်စီဂျင် ပြတ်တောက်ကာ သေသွားသည့် အမျိုးသမီး ဖြစ်တော့မည်ဟုပင် သံသယဝင်သွားသည်။ ကံကောင်းသည်မှာ ထိုသို့ မဖြစ်ခဲ့ပါပေ။ သို့မဟုတ်ပါက ယန်မော့၏ အရှေ့ နောက်ထပ် အမှောင်သမိုင်းတစ်ခု ထင်ကျန်ရစ်တော့ပေမည်။
နောက်ပိုင်းတွင်လည်း သူမက မကြာခဏခေါ်လာသည်။ ခေါ်လာသည်နှင့်အမျှ ယန်မော့ကလည်း ထူးထူးဆန်းဆန်း မတုန့်ပြန်တော့ပါပေ။ ကျင့်သားရလာသည်နှင့်တူသည်။ ရှုရှင်းကသာ ယန်မော့ဟာ သူမကိုအိပ်ယာထဲတွင် ဖိချပြီး ထိုစကားနှစ်လုံးကို တောက်လျောက် ခေါ်ခိုင်းချင်စိတ် ပေါက်နေခဲ့ကြောင်း သိသွားမည် ဆိုပါက သေအောင် နောင်တရလောက်သည်။
အရှေ့မှ ကားမောင်းနေသော မူချီမိုင်က လမ်း၏အခြေအနေကို အာရုံစိုက်နေသောကြောင့် ထူးထူးခြားခြား မခံစားရပေ။ သို့သော် ဘေးခုံတွင် ထိုင်နေသော ပုရှန်းဝမ်ကမူ ထုံထိုင်းသော အမူအရာမျိုးနှင့် ဖြစ်သည်။
ကားနောက်ခုံမှ လူငယ်စုံတွဲ၏ ချိုမြိန်သော လေထုအခြေအနေက တစ်ကားလုံးကို ပြန့်နှံ့သွားသည်။ သူ့လို တစ်ကိုယ်တည်းသမားရဲ့ ခံစားချက်ကိုတောင် မစဉ်းစားပေးဘူးပဲ။
ဖြတ်သွားတဲ့ စုံတွဲက ကန်တာကို ခံလိုက်ရတဲ့ လမ်းဘေးက ခွေးလိုပဲ။ ဒီကားထဲမှာ မရှိနေသင့်ဘူး သူ ကားအောက်မှ နေသင့်တာ။
ကိုယ့်ကိုယ်ကိုယ် ယူကြုံးမရ ဖြစ်စိတ် အပြည့်နဲ့ ပွေ့ဖက်ထားတဲ့ jpg
ရှုရှင်းတို့က တောင်တန်းလေးနားရှိ တောင်ကုန်းငယ်လေး အနောက်ဖက်နားတွင် ကားကို ရပ်တန့်လိုက်သည်။ ထို့နောက် ကျားဖြူနှင့် ဝံပုလွေ ဖြူတို့ကို ထုတ်ပေးလိုက်ပြီး လတ်ဆတ်သော လေကို ရှူကာ အစာကို သွားရှာစေသည်။
ကားကိုလည်း ပြန်သိမ်းလိုက်ပြီး ပြင်ဆင်ထားသော RV နှင့် ပြောင်းလိုက်သည်။
သူတို့ မနက်ပိုင်း မြို့တော် A မှ ထွက်ခွာလာသောအခါ လူများ ကားများ များပြားနေခဲ့သည်။ လမ်းက ကျဉ်းသည်။ ထို့ကြောင့် RV ကမူ အမှန်တကယ် မသင့်လျော်ပါပေ။
ယခုအခါ ကားကို ပြောင်းလိုက်သောအခါ နေ့လည်စာ စားပြီးသည်နှင့် မူချီမိုင်နှင့် ပုရှန်းဝမ်တို့က အနောက်ဖက်သို့ ပြန်လဲဝင်ကာ အိပ်စက်နိုင်မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့ဟာ တစ်မနက်လုံး ကားမောင်းနေခဲ့ခြင်း ဖြစ်သည်။
******