အခန်း ၅၂
Vol. 6 Ch. 52
52 01
အပိုင်း (၅၂) မူလ ဝတ္ထုထဲက မင်းသားနှင့် တွေ့ဆုံခြင်း
ညနေ လေးနာရီခန့်တွင် ရှုရှင်းတို့က သူတို့၏ ဦးတည်ရာဖြစ်သော ဟုန်ကျင်းနယ်မြို့သို့ ရောက်သွားသည်။
ကမ္ဘာအဆုံးသတ် ကာလ အတိုင်မီက ကျော်ကြားခဲ့သော ဟုန်ကျင်း နယ်မြို့၏ အဆင့်မြင့် နည်းပညာဖြင့် စိုက်ပျိုးရေးပန်းခြံထဲတွင် ရပ်တန့်လိုက်ကြသည်။ ထိုပန်းခြံသည် အဆင့်မြင့်နည်းပညာ စိုက်ပျိုးရေးနည်းပညာ ပန်းခြံအတွင်းတွင် ထိုနယ်မြို့ တစ်ခုလုံးကို စမ်းသပ်ကာ စိုက်ပျိုးထားသော ပျိုးပင်သစ်များလည်းရှိပြီး နာမည်ကျော်ကြားသည်။ သူတို့၏ ပစ်မှတ်ကလည်း ထိုနေရာမှ အဓိက သုတေသန ဒေတာများအပြင် အခြားသော အမျိုးမျိုးသော ပစ္စည်းများနှင့် အပင်နမူနာ ပုံစံများ ဖြစ်သည်။
ဇွန်ဘီများကြောင့် ကြောက်လန့်ကာ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးနေကြသည့်အချိန်တွင် ရေနှင့် စားစရာကသာ အားလုံး အရသယ်သွားသည့် ပစ္စည်းများ ဖြစ်လာသည်။ အာဏာပိုင်များကလည်း စားစရာနှင့် လက်နက်များကိုသာ အရင်ဦးဆုံး ကာကွယ် စောင့်ရှောက်ပေလိမ့်မည်။ ထိုစိုက်ပျိုးရေး သုတေသန ဒေတာနှင့် သိပ္ပံသုတေသန ရလဒ်များကမူ မေ့လျော့ခံလိုက်ရပြီးသား ဖြစ်သည်။
သူတို့ကလည်း လူသားများအား ဆက်လက်ပြီး ရှင်သန်ရန် လိုအပ်လျှင် စားသောက်ရမည်ဖြစ်ကြောင်း သတိရသွားကြပြီးနောက် အမျိုးမျိုးသော ကပ်ဘေးများကို စတင်ကာ ဖြေရှင်းရင်း သိပ္ပံသုတေသန ပစ္စည်းများဒေတာများကို အဖိုးတန် အရင်းအမြစ်များအဖြစ် ကယ်ဆယ်လိုကြသည့်အခါမှသာ ရှာဖွေကြတော့မည် ဖြစ်သည်။
ထိုအချိန်ကျလျှင် ပစ္စည်းအများစုက ပျက်ဆီးနေကြလေပြီ ကျန်ရစ်နေသော အရာများကလည်း တစ်ပိုင်းတစစီ ဖြစ်ပြီး အများကြီး ပို၍ ခက်ခဲသွားစေနိုင်သည်။ ရှုရှင်းတို့အဖွဲ့က ဟုန်ကျင်းမြို့ထဲသို့ RV ကို မမောင်းဝင်သွားခဲ့ချေ။ မည်သို့ပင် ဆိုစေ ဟုန်ရှင်းမြို့ထဲတွင် ထွက်ပြေးရန် အချိန်မရှိခဲ့သော လူများ ရှိလောက်သည်။ သို့မဟုတ် ထွက်ပြေးရန် မကြိုးစားခဲ့သော လူများပင် ရှိလောက်သည်။
သူတို့သည် အထူးအခြေအနေကို သေချာပေါက် မသိနိုင်သေးပေ။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် အရင်ဦးဆုံးလျှို့ဝှက်ပြီး ချဉ်းကပ်သွားခြင်းအားဖြင့် အစစ်အမှန် နောက်ခံကို သိခွင့်မပေးခြင်းက ပိုကောင်းသည်ဟု ထင်သည်။
သူတို့သည် ဟုန်ကျင်းနယ်မြို့ တောက်လျောက် မောင်းနှင်သွားလိုက်ကြသည်။ လမ်းတွင်လည်း ဇွန်ဘီအများကြီး မမြင်ရချေ။ လမ်းဘေးရှိ အဆောက်အဦးများ၏ ပျက်ဆီးပုံနှင့် အမျိုးမျိုးသော သဘာဝစွမ်းအင်များ ထင်ကျန်ရစ်ပုံများကတဆင့် သဘာဝလွန်စွမ်းအား အသုံးပြုသော သူများကလည်း ဒီလမ်းတောက်လျောက်မှ ဇွန်ဘီများကို ရှင်းလင်းသွားခဲ့ကြောင်း တွေးကြည့်ရန် မခက်ချေ။
လမ်းဘေးတွင် ထင်ကျန်ရစ်သော သဘာဝလွန်စွမ်းအား အကြွင်းအကျန်များထဲတွင် စွမ်းအင် လှုပ်ခတ်မှု အမျိုးအစား လေးမျိုး ရှိသည်။ ရေ၊မီး၊ မြေနှင့် မိုးကြိုး စွမ်းအား တို့ဖြစ်သည်။ သို့ရာတွင် သူတို့၏ ရင်ဘတ်နှင့် ခေါင်းတွင် အပေါက်များ ရှိသော အလောင်းများက တဆင့် ခန္ဓာကိုယ်ခွန်အား မြင့်တင်ထားသော စွမ်းရည်ရှိသည့် သူများ ပါဝင်ကြောင်း သိနိုင်သည်။
“အနည်းဆုံးတော့ အထူးစွမ်းအင်ရှိတဲ့လူငါးယောက် အဖွဲ့ပဲ။ သူတို့က ငါတို့ရဲ့အရှေ့မှာ ဘယ်အချိန်ထွက်သွားလဲဆိုတာ မသိနိုင်သေးဘူးဆိုတော့ သတိထားရမယ်”
ယန်မော့က သူ၏စိတ်စွမ်းအားကို သုံးပြီး စွမ်းအင်လှုပ်ခတ်မှုများကို စစ်ဆေးကြည့်လိုက်ပြီးနောက် အမူအရာက လေးနက်တည်ကြည်သွားကာ သတိပေးသည်။
“ဟုန်ကျင်းနယ်မြေထဲက ဖြတ်သွားတဲ့အဖွဲ့မှာ လူ ဘယ်လောက်များမလဲဆိုတာ မသိနိုင်သေးဘူး။ ဒါပေမဲ့ သဘာဝလွန်စွမ်းအား ပိုင်ဆိုင်ထားတဲ့ လူက ငါးယောက်ဖြစ်နေပြီ။ ငါတို့ထက် တစ်ယောက်ပိုတယ်”
ပုရှန်းဝမ်ကပင် ကားမောင်းနေရင်း ပြောသည်။
“သဘာဝလွန်စွမ်းအားရှိတဲ့ လူငါးယောက်အဖွဲ့ ဘယ်လို စွမ်းအားတွေများလဲ”
ရှုရှင်းကပင် အတော်လေး အံ့ဩသွားသည်။
“မိုးကြိုး၊ မြေ၊ ရေ၊ မီး ခန္ဓာကိုယ်၊ အင်အား”
မိုးကြိုး၊ မြေ၊ ရေ ဒါ…ဒါ..ဒါက ဘာလို့ အရမ်းရင်းနှီးနေတာလဲ
ရှုရှင်းက တွေးတောနေရင်းမှ ရုတ်တရပ် တစ်စုံတစ်ရာကို တွေးမိသွားသည်။
“!!!”
52 02
ဒါ…ဒါ..ဒါက မူလ ဝတ္ထုစာအုပ်ထဲက ဒဏ္ဍာရီလာ အမျိုးသား ဇာတ်လိုက်ရဲ့ အဖွဲ့မဟုတ်ဘူးလား။
မူလ စာအုပ်ထဲက အမျိုးသား ဇာတ်လိုက် အဖွဲ့နဲ့ပက်ပင်းတိုးရလောက်အောင် တိုက်ဆိုင်တာတော့ မဟုတ်ဘူးမလား။ မဖြစ်နိုင်တာ… မဖြစ်နိုင်တာ.. မဟုတ်ပါနဲ့ ဘုရားရေ…
ရှုရှင်း၏မျက်နှာ အမူအရာပြောင်းလဲပုံက ကြွယ်ဝလွန်းသဖြင့် နောက်ကြည့်မှန်မှ လှမ်းကြည့်နေသော ပုရှန်းဝမ်ကပင် ပခုံးများ လှုပ်ခါသည်အထိ ရယ်သောကြောင့် ကားက S ပုံသဏ္ဍာန် ကွေးကောက်သွားသည်။
“ကားမောင်းတာကို အာရုံစိုက်စမ်းပါ။ ငါတို့ သုံးယောက်ကိုပါ မင်းနဲ့အတူ မြုတ်စေချင်လို့လား”
မူချီမိုင်ကပင် ဘေးခုံမှ အေးစက်စွာ လှမ်းပြောသည်။
“ထပ်ရယ်လိုက် ဒီည အပိုလေ့ကျင့်ရမယ်”
ကားနောက်ခုံမှ ယန်မော့က သူ့ကို နောက်ပြန် လှမ်းရိုက်သည်။ ပုရှန်းဝမ်က လေ့ကျင့်ရမည် ဆိုသော စကားကို ကြားသည်နှင့် ရုတ်တရက် လည်မြို အညစ်ခံရသကဲ့သို့ ဖြစ်သွားသည်။ မျက်နှာပေါ်က အပြုံးက ချက်ချင်းပျောက်သွားပြီး မုန်းတီးမှု ရန်ငြိုးများ ပြည့်နှက်သွားသည်။
ယန်မော့တို့အဖွဲ့က လမ်းတောက်လျောက် တွေ့သမျှ ဖုတ်ကောင်များကို ခပ်အေးအေး သတ်ဖြတ်ကြရင်း ပန်းခြံထဲသို့ ရောက်သွားသည်။
ထိုပန်းခြံထဲတွင်လည်း တကွဲတပြားစီ ရှိနေသော ဖုတ်ကောင် အနည်းငယ်ကိုသာ မြင်ရသည်။ လူအများစုကို သဘာဝကပ်ဘေးက ဖြေရှင်းသွားခဲ့ခြင်း ဖြစ်လောက်သည်။ ထို့ကြောင့် အစောင့်အရှောက် အနည်းငယ်သာ ကျန်ခဲ့သည်။
အတွင်းမှ ဖုတ်ကောင်အချို့ကို ဖြေရှင်းပြီးသည်နှင့် ရှုရှင်းတို့သည် ပန်းခြံ၏ အလယ်ဗဟိုနေရာသို့ ရောက်သွားသည်။ ထိုနေရာတွင်လည်း သုတေသန အဆောက်အဦးကြီး ရှိသည်။
အဓိက သုတေသန ရလဒ် အများစုကို မြေအောက်ထပ်တွင်သာ လုပ်တတ်သည်။ ထို့ကြောင့် ရှုရှင်းကလည်း နေရာလပ် နယ်မြေထဲမှ မီးစက်ကို ထုတ်လိုက်ပြီး မြေအောက်ထဲသို့သွားသည့် ဓာတ်လှေကားကို မီးပေးလိုက်သည်။ ကျန်သော ဓာတ်လှေကားတက်စက်ကို ကိုင်တွယ်ဖြေရှင်းခြင်း အခြေစိုက်စခန်းထဲသို့ ဝင်ရောက်မည့် လျှို့ဝှက်နံပါတ်ကို ဖြေရှင်းသည့် ကိစ္စကမူ သူမက တာဝန်ယူရမည့် အပိုင်း မဟုတ်ပေ။ ဒီအတိုင်း ဘေးနားတွင်သာ ရပ်ပြီး အရန်သရုပ်ဆောင်အဖြစ် ရပ်နေရုံဖြင့် လုံလောက်သည်။ ဆယ်မိနစ် နီးပါးခန့် ကြာပြီးနောက် သူတို့သည်လည်း မြေအောက် သုတေသန အသက်မွေးဝမ်းကျောင်းတော်ထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားနိုင်သည်။
မြေအောက်တွင် ရှိနေသော ကြောင့် ဖြစ်လောက်သည်။ အမျိုးမျိုးသော ဝန်ဆောင်မှုများ ပစ္စည်းများအားလုံးကလည်း ကောင်းမွန်စွာ တည်ရှိနေသည်။ အချက်အလက်များကလည်း ပြီးပြည့်စုံသည်။ အပင်နမူနာ ပုံစံနှင့် မျိုးစေ့များကပင် လုံခြုံသေး၏။
မည်သို့ပင် ဆိုစေ ဒါဟာ တိုင်းပြည်အတွင်းမှ ဦးဆောင်နေသည့် အဆင့်မြင့် နည်းပညာစိုက်ပျိုးရေး ပန်းခြံဖြစ်လေသည်။ အတွင်းဘက်ရှိ ပစ္စည်းများအားလုံးကလည်း အဆင့်အမြင့်ဆုံး ဖြစ်သည်။ ပမာဏကလည်း မြောက်များပြီး အမျိုးအစားများပြားသည်။
နေရာအယူသက်သာစေရန် အလို့ငှာ ရှုရှင်းက ပစ္စည်းတစ်မျိုးစီ၏နောက်ဆုံးပေါ် အမျိုးအစား သုံးမျိုးစီကိုသာ ယူလိုက်သည်။ ဒေတာများကိုလည်း USB flash drive များဖြင့်သာ ထည့်ထားလိုက်၏။ ထိုအရာဖြင့် ထည့်၍ မရသော အရာမျိုးကိုမူ ကွန်ပျူတာနှင့် တစ်ခါတည်း တိုက်ရိုက်ဆက်သွယ်လိုက်ပြီး နေရာလပ် နယ်မြေထဲသို့ ထည့်လိုက်သည်။
အားလုံးပေါင်း သုံးနာရီခန့် အချိန်ယူပြီးမှသာ အချက်အလက်များအားလုံးကို တစ်ခုမှ မပျောက်ဆုံးစေရဘဲ ရအောင် သိမ်းဆည်းလိုက်ပြီး နေရာလပ် နယ်မြေထဲသို့ ထည့်လိုက်သည်။
လေးယောက်လုံး၏ ပူးပေါင်းအားထုတ်မှု ရလဒ်လည်း ဖြစ်သည်။
နေရာလပ် နယ်မြေထဲသို့ ရောက်လာသော အပိုပစ္စည်းနှင့် အချက်အလက်များကို မြင်သောအခါ ရှုရှင်း၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။
သုတေသန ဆိုတာက တကယ်ကို ဦးနှောက် ဖြုန်းတီးတာပဲ ရိုးရှင်းပြီး ကြမ်းတမ်းတဲ့ လုပ်အားကပဲ ငါနဲ့ သင့်တော်တယ်။
သူတို့သည် ကျန်သော ပစ္စည်းများကိုမ ရွှေ့တော့ဘဲ မထိတော့ပါချေ။ နဂိုအတိုင်းသာ ထားထားပေးလိုက်သည်။ နောက်ပိုင်း လာရှာသော သူများ ရှိလျှင်လည်း ယူသွားနိုင်သည်။
52 03
နောက်ကွယ်မှသူ:ကျေးဇူးအများကြီး တင်ပါတယ်။ ငါတို့အတွက် ချန်ပေးခဲ့ဖို့ သတိရသေးတယ်။
ရှုရှင်းတို့ အဖွဲ့က ဒီည ဟုန်ကျင်း နယ်မြို့တွင်သာ နေရာတစ်ခုရှာပြီး နေရန် ဆုံးဖြတ်လိုက်ကြသည်။ မနက်ဖြန်မှသာ သူတို့၏ ခရီးကို ဆက်မည် ဖြစ်သည်။
တစ်ရက်လုံး ပြေးလွှားပြီးနောက် အားလုံးလည်း ပင်ပန်းနေကြပြီ ဖြစ်သည်။ ညက ဇွန်ဘီများ အတော်လေးကို လှုပ်ရှား တက်ကြွသည့် ကာလ ဖြစ်သည်။ ထို့ကြောင့် ဖြစ်နိုင်သမျှ ညဖက် ခရီးသွားခြင်းကို ရှောင်ရှားသင့်သည်။
သူတို့က နေရာကို ရွေးချယ်ပြီး သိပ်မကြာခင်မှာတင် အပြင်ဘက်မှ ကားရပ်သံကို ကြားရမည်ဟု မထင်ထားကြပေ။ ကြည့်ရသည်မှာ သူတို့ ရွေးချယ်ထားသော နေရာကို အခြားသော သူကလည်း သဘောကျပုံရသည်။
လူတစ်ဖွဲ့က ဝင်လာသည်နှင့်အမျှ ယန်မော့က ရှုရှင်းကို အနောက်ဖက်တွင် ထားပြီး အရှေ့မှ မီးပုံကိုသာ စိုက်ကြည့်နေသည်။ တံခါးဖက်ကိုမူ တစ်ချက်ပင် လှည့်မကြည့်ခဲ့ပါပေ။
ရှောင်းလုံက အပြင်ဘက်တွင် ကားကို ရပ်လိုက်ရုံဖြင့် အတွင်းဘက်တွင် လူရှိမှန်း သိလိုက်သည်။ ယန်မော့တို့ကို မြင်ရချိန်တွင်လည်း မအံ့ဩသွားခဲ့ချေ။ သူသည်လည်း သူ၏ အနောက်ဖက်မှ အသင်းဝင်များကို ယန်မော့တို့ အဖွဲ့နှင့် ဝေးသောအခြားတစ်ဖက်ခြမ်းတွင်သာ အနားယူရန် အချက်ပြလိုက်ပြီး သူကိုယ်တိုင်က ယန်မော့တို့ဆီ လာသည်။
“ညီအစ်ကိုတို့ မင်းတို့နဲ့အတူ ဒီမှာ တစ်ည နေတာက ပြဿနာမရှိဘူး မဟုတ်လား။ ကျေးဇူးပြုပြီး ဒီတစ်ခုတော့ ကူညီပေးလိုက်ပါ”
ရှောင်လုံက ယန်မော့တို့အ ဖွဲ့နှင့်ငါးမီတာခန့် အကွာတွင် ရပ်ပြီး ပြောလိုက်သည်။
“ကြိုက်သလိုသာ လုပ်”
ယန်မော့က ရှောင်းလုံကို တစ်ချက် ကြည့်ပြီးနောက် ချက်ချင်း အကြည့်လွဲသည်။ သူနှင့်စကား ဆက်ပြောရန် စိတ်မဝင်စားပေ။
ရှောင်းလုံက အဖြေကို ရသည်နှင့် လှည့်ထွက်သွားသည်။
သူသည်လည်း သူ၏ အသင်းဖော်များအား နေရာချခိုင်းထားပြီးသား ဖြစ်သည်။ ဒီအတိုင်း အကြောင်းအရာ ကြားရုံဖြင့် ဆွေးနွေးလိုစိတ်လည်းမ ရှိပါပေ။ ယန်မော့ကလည်း ဂရုစိုက်မနေချေ။ သူတို့ကိုသာအရင် လာရန်မစသမျှ ဂရုမစိုက်ပါပေ။
“မော့ကော ဘာဖြစ်တာလဲ”
ပုရှန်းဝမ်နှင့် မူချီမိုင်တို့က အနားကို လာပြီး ခပ်တိုးတိုးမေးသည်။
“သူတို့ ငါးယောက်က အထူးစွမ်းအင် ရှိတဲ့ သူတွေ။ ငါထင်တာ မမှားရင် ငါတို့ လမ်းမှာ တွေ့ခဲ့တဲ့ အဖွဲ့ပဲ”
ယန်မော့၏ စကားမဆုံးလိုက်ခင် အားလုံးက နားလည်သည်။ ပုရှန်းဝမ်နှင့် မူချီမိုင်က နည်းနည်း အံ့ဩသွားသည်။
အံ့ဩသွားသည်မှာလည်း အံ့ဩစရာ မရှိပါပေ။ ကမ္ဘာကပ်ဘေးကာလတွင် သဘာဝလွန်စွမ်းအား နိုးထသော သူက အလွန်နည်းသည်။ သို့သော် သူတို့ လေးယောက်လုံး နိုးထနိုင်သည့် အချက်ကတင် ကံဆိုးမှုမှ ကောင်းချီးပေးခံရခြင်း ဖြစ်နေပြီးသား ဖြစ်သည်။ သူတို့သည်လည်း မကြာခဏဆိုသလို အပြင်သို့ ထွက်ကာ လေ့ကျင့်ကြသည်။ သို့သော် သဘာဝလွန်စွမ်းအား အသုံးပြုသူများကို တစ်ကြိမ်မှ မတွေ့ခဲ့ပါပေ။ သို့သော် ဒီနေရာသို့ လမ်းတွင်ပင် တွေ့ကြုံခဲ့သည်။ ယခုအခါ ငါးယောက်လုံး တပြိုင်တည်း တွေ့ရသည်။ နဂိုက သူတို့၏ နှလုံးသားထဲတွင် ဦးမော့လာက မာန သေးသေးလေးများကလည်း ပြန်လျော့သွားသည်။
ဒီညနေလမ်းဘေးတွင် တွေ့ခဲ့သော သဲလွန်စများအရ သူတို့၏ နှလုံးသားထဲမှ ဂုဏ်ယူမှုများက ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထိုအဖွဲ့က လုံလောက်အောင် အင်အားကြီး နေသည်။ သေချာစွာပင် ဒါဟာ မျက်နှာကို ဖြတ်ရိုက်ခံရခြင်း ဖြစ်သည်။ ပို၍ပင် မြန်ဆန်သေး၏။
******