အခန်း ၅၇
Vol. 6 Ch. 57
57 01
အပိုင်း (၅၇)
ငါးရက်အတွင်းတွင်ပင် ရှုရှင်းတို့ အဖွဲ့ကမြို့တော် C သို့ရောက်ခါနီး လမ်းတဝက် ကျော်ကျော်သို့ပင် ရောက်နေလေပြီ။
လမ်းပေါ်တွင် ထွက်ပြေးလားသော လူပေါင်းများစွာကို မြင်လာရသည်။ ထို့ကြောင့် ရှုရှင်းတို့သည်လည်း ရွေးချယ်စရာမရှိလေဘဲ ယခင် off-road ကားကို ပြန်ပြောင်းစီးလိုက်ရသည်။
လမ်းတစ်လျောက် ပြဿနာများအားလုံးကို ယန်မော့တို့ သုံးယောက်ကသာ ဖြေရှင်းခဲ့ကြခြင်းသာ ဖြစ်သည်။
နေ့လည်စာ နားချိန်ပြီးနောက် သူတို့က ပြန်လည်ထွက်ခွာကြသည်။ ဒီတစ်ခေါက်တွင် ရှုရှင်းက မောင်းရသည့် အလှည့်ဖြစ်သည်။ ရှုရှင်းက မောင်းချိန်တိုင်းလိုလို ယန်မော့ကလည်း သဘာဝကျကျပင် ဘေးခုံသို့ ပြောင်းထိုင်သည်။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း အနောက်ဖက်တွင် ထိုင်၏။
ဒီနေ့ ကားကိုပင် ဝေးဝေးသို့ မမောင်းရသေးခင် အဝေးတစ်နေရာ လမ်းဘေးတွင် လက်နှစ်ဖက်လုံးကို ဆန့်ကားပြီး တားနေသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။ ကားကို စိုးရိမ်တကြီး တားချင်နေသော အမျိုးသမီးကို ကြည့်လိုက်၏။
နံဘေးမှ ယန်မော့ ပုရှန်းဝမ်အပြင် မူချီမိုင်တို့ အားလုံးကလည်း နောက်ခုံမှ ခပ်မတ်မတ် ထိုင်ပြီး အမူအရာ ပြောင်းသွားကြသည်။ သို့သော် ဘာကိုမှ မပြောကြပေ။
“ဟင်”
ရှုရှင်းက ထိုအမျိုးသမီးကို မြင်သောအခါ သိချင်စိတ်ပြင်းပြသွားသည်။ စိတ်လှုပ်ရှားမှုလည်း ပါ၏။
ဘယ်လို ပြောရမလဲ ဘယ်လို ပြောရမလဲ…
ရင်းနှီးကျွမ်းဝင်နေတဲ့ ဇာတ်ကြောင်း ကြည့်…ရင်းနှီးကျွမ်းဝင်နေတဲ့ ဇာတ်ကြောင်းကြီး
ဒါက မနေ့ညကမှ ဖတ်ထားတဲ့ ဝတ္ထုထဲမှာတောင် ပါတဲ့ ဇာတ်ကွက်လေ …
မနေ့ညကမှ ဖတ်လို့ပြီးထားတာ ဒီနေ့တော့ တူညီတဲ့ လမ်းကြောင်းကို ကြုံရတယ် ဆိုတော့ ဒီ နည်းလမ်းကို သုံးတဲ့သူကလည်း တူညီတဲ့ဝတ္ထုကိုများ ဖတ်ထားတာများလား။ အာ…စာအုပ်စာပေတွေကနေ လေ့လာတယ်ဆိုတာ တကယ်ကို ပြောင်မြောက် ထူးချွန်တဲ့နည်းလမ်းပဲ တစ်ခါတည်း လေ့ကျင့်လိုက်တော့ အလုပ်ဖြစ်မဖြစ် သိရတာပေါ့။
ရှုရှင်းကလည်း အမျိုးသမီး ဆန္ဒရှိသည့်အတိုင်း ကားကို ချက်ချင်း ရပ်သည်။ သို့သော် ပြတင်းပေါက်ကို ချက်ချင်း မဖွင့်ပေ။ ထိုအစား တစ်ဖက်သူ၏ သရုပ်ဆောင်စွမ်းရည်ကိုလည်း လှမ်းကြည့်လိုက်သေးသည်။
အင်း….ဘာလို့ အရမ်း မျက်စိဖမ်းစားနေတာလဲ။ ဖော်ပြချက်ကလည်း ထင်သလောက် မရိုးသားဘူး။
“အစ်မကြီး နင့်ရဲ့စစ်အကြံပေးက ‘ကမ္ဘာအဆုံးသတ်ကာလရဲ့ လက်ဖဝါးပေါ်က အိမ်မွေးတိရစ္ဆာန်လေး’ ဆိုတဲ့စာအုပ်ကိုများ ဖတ်ထားတာများလား”
ရှုရှင်းကလည်း ကားပြတင်းပေါက်မှန်ကို ချပြီးနောက် အမျိုးသမီးကို မှင်သက်စေမည့် မေးခွန်းတစ်ခုကို မေးလိုက်သည်။
“ဘာ..ဘာ”
“အာ…နင့်ရဲ့ သရုပ်ဆောင်စွမ်းရည်ကလေ တော်တော်လေးကို ဆိုးရွားသေးတယ် နောက်တစ်ခေါက် လိမ်ချင်တယ်ဆိုရင်လေ နည်းနည်းလေး ရိုးသားပြီး ခံစားချက်တွေကို အပြည့်နှစ်ထားသင့်တယ်။ မုထည့်ရမယ် သိတယ်မလား။ ခံစားချက်တွေက ဘယ်လိုလုပ်ရမလဲ ဆိုတာ သိတယ်မလား ခံစားချက် မပါဘဲ သရုပ်ဆောင်တာက တကယ်ကို ဝိဉာဉ်မဲ့နေသလိုပဲ နင်တကယ်ပဲ ကြိုးစားရလိမ့်မယ်”
ရှုရှင်းက တစ်ဖက်သူကို သူမ ပြောချင်သော စကားကို ပြောပြီးသည်နှင့် ပြတင်းပေါက်မှန်ကို ပြန်ပိတ်လိုက်ကာ ကားကို မောင်းထွက်သွားလိုက်ပြီး ထိုအမျိုးသမီး၏ အဝတ်များကိုပင် လွှင့်စင်ရင်း ကျန်စေခဲ့သည်။
အမျိုးသမီးက နေရာတွင်ပင် ကြောင်တောင်တောင်ရပ်ရင်း ကျန်ရစ်ခဲ့သည်။ ပါးစပ် အပြည့် အငွေ့များကိုသာ ရှူလိုက်ရသည်။
တစ်ခုခု မှားနေသလိုပဲ…
ငါကလည်း ဆိုးဆိုးရွားရွားငိုပြီး သူတို့ရဲ့စာနာသနားမှုကို အရယူသင့်တာ မဟုတ်ဘူးလား။
57 02
ဒီလိုမှ သူတို့က သတိပေါ့လျော့မယ် အဲဒီနောက်…
နေပါအုံး ဘာလို့ အခုတစ်ယောက်က စည်းမျဉ်းအတိုင်း မကစားတာလဲ။
သူတို့ပဲ တစ်ခုခု မှားနေတာလား ငါပဲ မှားနေတာလား…
ထိုအမျိုးသမီးကလည်း ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် သံသယဝင်သွားသည်။
“ဟားဟား ဟား”
ရှုရှင်း မောင်းနေသော ကားထဲမှ ရယ်သံကြီးက ထွက်လာသည်။ သူမက ကားကို အာရုံစိုက် မောင်းနေသေးပြီး ကားပေါ်မှ လူတိုင်းကလည်း လူများ ဖြစ်ကြောင်း မသိနေပါက ငန်းတစ်ကောင် ပါလာသည်ဟုပင် ထင်မိလောက်သည်။
“ဆိုးတယ် ဆိုးတယ်”
ယန်မော့ကလည်း ရယ်မောနေသောကြောင့် ယိုင်ထိုးနေသော ရှုရှင်း၏ ခန္ဓာကိုယ်ကို ထိန်းပြီး လေသံနှင့် ပြောသည်။
“ဟားဟား ဟား”
အနောက်ဖက်တွင် ထိုင်နေသော ပုရှန်းဝမ်က ပို၍ပင် ကျယ်ကျယ်လောင်လောင် ရယ်သည်။ ကားက မောင်းထွက်ပြီးသည့်တိုင်အောင် အနောက်ဖက်တွင် ကျန်ရစ်ခဲ့သော အမျိုးသမီးကို ခေါင်းလှည့်ကာ ကြည့်သေးသည်။
“ဘယ်လိုလဲ ဘယ်လိုလဲ ငါ ကောင်းကောင်း လုပ်လိုက်တယ်မလား”
ရှုရှင်းက ခေါင်းကို စောင်းပြီးမေးသည်။ သူမ၏ ဂုဏ်ယူနေမှုကို မဖုံးကွယ်ထားနိုင်ပေ။
“အင်း အရမ်းကောင်းတယ် ရတနာလေး ဖြစ်ထိုက်ပါပေတယ်”
ယန်မော့ကလည်း သူ၏ ဇနီးကို တုံ့ဆိုင်းမနေဘဲ ချီးကျူးသည်။
“ဒါပေါ့ ဒီလို လိမ်လည် လှည့်စားမှုတွေကို တားဆီးဖို့အတွက် မဟာတံတိုင်းကြီး တည်ဆောက်ထားရမယ်လေ။ အမြင်ကို စူးရှအောင်လုပ်ပြီး ဒီလို အလိမ်အညာတွေကို ထိုးဖောက် မြင်နိုင်နေတာက ဘယ်လောက် ကောင်းလိုက်သလဲ”
ယန်မော့တို့ကလည်း ထိုအမျိုးသမီးနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာကို မှားယွင်းမှန်း သတိထားမိလိုက်ကြသည်။ သို့သော် ရှုရှင်းကို ခပ်ကျယ်ကျယ် ထုတ်ပြောပြီး အသိမပေးလိုက်ကြပေ။ သူတို့သည်လည်း ရှုရှင်း၏ သတိအခြေအနေကို စမ်းသပ်လိုသေး၏။ ဒါဟာ ရှုရှင်းကို လေ့ကျင့်ပေးရန်လည်း ကောင်းမွန်သော အခွင့်အရေး ဖြစ်သည်။
ရှုရှင်း၏ လုပ်ဆောင်မှုကလည်း အမှန်တကယ် ကောင်းမွန်သည်။ မျှော်လင့်ထားသည်ကိုပင် ကျော်လွန်နေခဲ့သေးသည်။ နဂိုကမူ မိန်းကလေး တစ်ယောက်ဖြစ်သော ရှုရှင်းကလည်း ယခုလိုမျိုး ကလေး အမေ အရွယ် ကလေးအရွယ် မိန်းမကြီးအရွယ် သူများကို မြင်တွေ့ရသောအခါ စာနာ သနားစိတ် ဖြစ်သွားခဲ့မည်ဟု ထင်မိခဲ့ခြင်း ဖြစ်သည်။ မမျှော်လင့်ထားစွာပင် ရှုရှင်းကလည်း စည်းမျဉ်းအတိုင်း မကစားချေ။ သူမက တစ်ဖက်သူ၏ သရုပ်ဆောင်မှုကို ချက်ချင်း ဖောက်မြင်လိုက်ပြီး တစ်ဖက်သူကိုပင် အာရုံများသွားအောင် ပြန်ပြောလိုက်သေးသည်။
“မရီး မရီး မရီး အခု ပြောလိုက်တဲ့ အဲဒီ ဝတ္ထုက ဘာလဲ”
“အဲဒီ စာအုပ်က ဘာလဲ”
ပုရှန်းဝမ်က ရယ်ရလွန်းသဖြင့် ဗိုက်ကပင် နာလာသည်။ ထို့နောက် ရှုရှင်းပြောသော စကားကို သတိရသွားပြီး ပြန်မေးသည်။
“အာ…ငါ အခုတလော ဖတ်နေတဲ့ ဝတ္ထုလေ အဲ့ဒီ ဝတ္ထုထဲမှာလဲ အခုလို ဇာတ်ကြောင်းမျိုးပါတာ ဒါကြောင့် တစ်ဖက်သူကလည်း ဒီဝတ္ထုကို ဖတ်ပြီးနောက် အကြံတူနေမလားလို့ တွေးမိတာ”
ရှုရှင်း က ခပ်အေးအေး ရှင်းပြသည်။
“အာ…ဆိုတော့ ဒီလိုကိုး မရီး မရီးသာ ဒီဇာတ်ကြောင်းကို မမြင်ထားဘူးဆိုရင် အလှည့်စားခံရမှာလား”
ပုရှန်းဝမ်က နည်းနည်းသိချင်သွားသည်။
57 03
“အာ…သေချာပေါက် မဟုတ်ဘူးပေါ့”
ရှုရှင်းကလည်း ပုရှန်းဝမ်ကို နောက်ကြည့်မှန်ကတဆင့် လှမ်းကြည့်သည်။
“ငါက သူတော်စင် နှလုံးသားနဲ့အပြစ်ကင်းတဲ့ အမျိုးသမီးမျိုး မဟုတ်ပါဘူးနော်။ ဒီလို လိမ်တာကို မပြောနဲ့အုံး တကယ်လို့ ဟုတ်နေရင်တောင် ငါ မကူညီပါဘူး”
“နင်တို့သာ မရှိရင် ငါက တစ်ယောက်တည်း ရှင်သန်ရမှာပေါ့ အာ…ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရင်တောင် တော်တော်လေး ကံကောင်းနေမှာ။ အခြားသူကို ကူညီဖို့ ဘယ်လိုများ အားမှာလဲ နင်တို့ ရှိနေတော့လည်း ငါက အခြားသူကို ခပ်အေးအေး ကူညီနိုင်ပြီ ဆိုပေမယ့်လည်း ငါ့ရဲ့လှုပ်ရှားမှု တစ်ခုလုံးက တစ်သင်းလုံးနဲ့ သက်ဆိုင်နေတာလေ။ ငါ တစ်ယောက်တည်းမှ မဟုတ်တာ”
“လူတွေ အများကြီး ဒုက္ခဆင်းရဲ့ ခံနေရတာ။ ငါတို့က အားလုံးကို ကူညီနိုင်စွမ်းရည် ကူညီနိုင်တဲ့ အခြေအနေလည်း ရှိတာ မဟုတ်ဘူး။ မနက်ဖြန်က ဘယ်လို ဖြစ်မလဲ ဆိုတာတောင် သိတာမဟုတ်ဘူး။ အခြားသူကို ကူညီလိုက်ရင်း ဝန်ထုပ် ဝန်ပိုးတွေ သယ်လာသလို ဖြစ်မှာပေါ့။ အနာဂတ်မှာ အခြေအနေတွေ အဆင်ပြေမှ စဉ်းစားပေးရင်လည်း ပြဿနာတော့ မရှိသေးဘူး”
“အာ…ဆိုရိုးစကားက ဘာပါလိမ့် ‘ဆင်းရဲနေရင် ကိုယ့်ဘာသာကိုယ် အရင်ဂရုစိုက် ချမ်းသာနေရင် လောကကို ကာကွယ်’ တဲ့ ဆိုသလိုပေါ့”
ရှုရှင်း၏ ပြောစကားကို နားထောင်နေသော ပုရှန်းဝမ်ကပင် ရှုရှင်းကို လက်မထောင်ပြသည်။
အာ…အသိစိတ်ကတော့ မြင့်တယ်။
အဓိကသော့ချက်ကမူ ရှုရှင်းက ပင်ကိုယ်အသိစိတ် ရှိနေရုံသာ မကသေးလေဘဲ ခေါင်းလည်း ရှင်းသည်။ ဘာလုပ်ရမည်ကိုလည်း သိသည်။
အသင်းထဲတွင် မလုပ်ရဆုံးသော ကိစ္စက တစ်သင်းလုံးကို ဆွဲချနိုင်သော စိတ်ထွေပြားသော သူမျိုး မဖြစ်ခြင်း ဖြစ်သည်။
မော့ကောက မရီးလို မိန်းကလေးမျိုးကို ဘယ်လိုများ သွားရှာထားသလဲ မသိပါဘူး သူလည်း တစ်ယောက်လောက် သွားရှာချင်လိုက်တာ။
ပုရှန်းဝမ်ကပင် ယန်မော့ကို နည်းနည်း အားကျသွားသည်။
******