မင်းတို့အားလုံးကို စားပစ်မယ်
Vol. 6-10 Ch. 144
အခန်း (၁၄၄) : မင်းတို့အားလုံးကို စားပစ်မယ်
ရှန်ထျန်း၏ အချိန်အတော်ကြာ ကြိုးစားအားထုတ်မှုက အတားအဆီးကို ကျော်ဖြတ်သွားကာ အဆုံးမဲ့စွမ်းအားတို့က မြစ်တစ်စင်းနှယ် သူ့ခန္ဓာကိုယ် တစ်လျှောက်မှ ထွက်ပေါ်လာသလို ခံစားလိုက်ရသည်။
ထိုစဉ် ရှန်ထျန်း၏ ခန္ဓာကိုယ်မှ မီးတောက်ရဲရဲသဖွယ် အနီတောက်တောက် ကိုယ်ထည်မာ ချီစွမ်းအား အငွေ့အသက်များ ပိုမို၍ ထွက်ပေါ်လာသည်။ ရှန်ထျန်း၏ ချီများက ထကြွလာကာ သူ့မီးစာကျမ်းက ကိုယ်ထည်မာ ချီစွမ်းအားအဖြစ် ပြောင်းလဲသွားလေသည်။
ဤသို့ ကိုယ်ထည်မာ ချီစွမ်းအားကို ဖွဲ့စည်းနိင်ခြင်းမှာ နတ်ဘုရား ကိုယ်ထည်မာကျင့်ကြံသူသည် အဝေးတိုက်ကွက် ရှိသွားခြင်းနှင့် အတူတူ ဖြစ်၏။
ဓားပျံကို ထိန်းချုပ်၍ ခြေလှမ်းရာချီ အကွာရှိ ရန်သူကို သတ်နိုင်သည့် အခြေတည်အဆင့် ကျင့်ကြံသူများနှင့် မယှဉ်နိုင်သေးသော်လည်း သူတို့၏ ချီစွမ်းအားကို ဆယ်မီတာအတွင်း ကောင်းစွာ ထိန်းချုပ်နိုင်သွားသည့်အတွက် အသာစီးရလာပေသည်။
ဤသည်မှာ နတ်ဘုရား ကိုယ်ထည်မာ ကျင့်ကြံသူများ၏ အမှန်တကယ် ထူးခြားသော တိုက်ခိုက်မှု ဖြစ်၏။
ရှန်ထျန်း ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော မီးတောက်ကဲ့သို့ ချီစွမ်းအားက ပို၍ သိပ်သည်းလာကာ လေဟုန်နှင့်အတူ မြင့်တက်သွားပြီး တကယ့်မီးတောက်သဖွယ် ဆယ်မီတာလောက် အရှိန်ပြင်းပြင်း တောက်လောင်နေဟန်ပေါ်သည်။
ပုံမှန်အားဖြင့် နတ်ဘုရား ကိုယ်ထည်မာ ကျင့်ကြံသူများ၏ ချီစွမ်းအားသည် ထူးကဲရုပ်လွန်အဆင့် ရောက်ရှိသွားသည့်အခါ၌ပင် သုံးမီတာဝန်းကျင်သာ ရှိတတ်ကြသည်။ နတ်ဘုရား ကိုယ်ထည်မာ ပါရမီရှင်များ၏ ချီစွမ်းအား အရှိန်အဝါကသာ ကန့်သတ်ချက်ကို ကျော်လွန်ကာ ဆယ်မီတာလောက်အထိ ရောက်သွားခြင်း ဖြစ်၏။
လက်ရှိ ချိုင့်ဝှမ်းနှင့် အထွတ်အမြတ်မြေများရှိ ပင်မတပည့်များ၏ ချီစွမ်းအားသည် ၁၅ မီတာအထက် ရောက်နိုင်လေသည်။ ထူးကဲရုပ်လွန်အဆင့် ရောက်ရှိသွားသော လူတစ်ယောက်၏ ချီစွမ်းအား အမြင့်မှာ သူတို့ပါရမီအနေနှင့် သေချာသည့် အဆင့်တစ်ခုသို့ ရောက်သွားကြောင်း ညွှန်ပြနေခြင်း ဖြစ်သည်။
သူတို့၏ ချီစွမ်းအား အရှိန်အဝါက မြင့်လေလေ နတ်ဘုရား ကိုယ်ထည်မာကျင့်ကြံသူ၏ အခြေခံက ပို၍ ခိုင်မာလေလေ ဖြစ်၏။ နောင်အနာဂတ်၌ ချီစွမ်းအားကို နတ်ဘုရား ကိုယ်ထည်မာ ကျင့်ကြံသူ၏ အတွင်းအင်္ဂါရပ် ငါးမျိုးအဖြစ် သန့်စင်သည့်အခါ ပို၍ လွယ်ကူသွားပေလိမ့်မည်။
အချုပ်အားဖြင့် အခြေခံအုတ်မြစ်သာ မငြိမ်မသက် ဖြစ်နေပါက အောင်မြင်လာဖို့ ခက်ခဲပေမည်။
လက်ရှိ ရှန်ထျန်း၏ ချီစွမ်းအားက ၁၅ မီတာမျှ ရှိနေပြီး ဆက်လက် မြင့်တက်နေဆဲ ဖြစ်၏။
သူ့ချီစွမ်းအားများကို စုစည်းလိုက်ရင်း ရှန်ထျန်းက သူ့ခန်းမင်လက်စွပ်မှ အံ့ဖွယ်ရစ်ပတ်နွယ်ပင်များကို ထုတ်ကာ ကြံချောင်းသဖွယ် ဝါးစားပစ်လိုက်တော့သည်။
ထိုအဖြစ်အပျက်ကြောင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင် လေးပင်က ရှန်ထျန်းကို ကြည့်ကာ ပို၍ ဒုန်းဆိုင်းပြေးကြတော့သည်။ သူတို့အနေနှင့် ဤလူသားကို မာတာနွယ်ပင်ကြီးဆီ မြန်မြန် ပို့ပေးမှ ဖြစ်မည်။ မဟုတ်ပါက သူတို့ အစားခံရလိမ့်မည်။
အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီး လေးပင်၏ အမြန်နှုန်းကို သတိထားမိလိုက်ပြီးနောက် ရှန်ထျန်းက ချီစွမ်းအားကို မြန်မြန်ဆန်ဆန် ဖွဲ့စည်းဖို့ ကြိုးစားလိုက်သည်။
ကိုယ်ထည်မာ ချီစွမ်းအားဆိုသည့်အရာမှာ ကျင့်ကြံသူများ၏ အတွင်းအားသာ ဖြစ်၏။ များများ ဖိနှိပ်ထားနိုင်သည့်အခါ “ ကြံ့ခိုင်မှုနှင့် ယန်” ဖြစ်ပေါ်လာသည်။
တိုက်ပွဲအတွင်း ဤလက္ခဏာရပ်မှာ နတ်ဘုရား ကိုယ်ထည်မာ ကျင့်ကြံသူများကို သူတို့ခန္ဓာကိုယ်မှ ချီစွမ်းအား ထုတ်လွှင့်နိုင်စေကာ ချီစွမ်းအား လက်ဝါးကဲ့သို့သော တိုက်ခိုက်မှုများ လုပ်နိုင်အောင် ခွင့်ပြုပေးထားသည်။
ကျင့်ကြံခြင်းအတွက် ကျင့်ကြံသူ ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်နိုင်ကာ အတွင်းအင်္ဂါများကို အတိအကျ သန့်စင်နိုင်လေသည်။ ကျင့်ကြံသူများ၏ အတွင်းအင်္ဂါများက ချီစွမ်းအား အားဖြည့်တင်းမှုနှင့် သန့်စင်မှုတို့ကြောင့် သိသိသာသာ အားကောင်းလာလိမ့်မည်။
ကျင့်ကြံသူများအတွက် အတွင်းအင်္ဂါများအနေနှင့် အားပြင်းပြင်း တိုက်ကွက် ခံရလျှင်ပင် ဒဏ်ရာရဖို့ ခက်သွားရုံသာမက လူသားခန္ဓာကိုယ်၏ အတွင်းပိုင်းအထိ အားဖြည့်ပေးထားသောကြောင့် ပို၍ အားကောင်းလာလိမ့်မည်။
ထို့ကြောင့် ချီစွမ်းအားဖြင့် အတွင်းအင်္ဂါများကို သန့်စင်နိုင်ဖို့ရာကား ထူးကဲရုပ်လွန်အဆင့်၏ ပင်မရည်ရွယ်ချက် ဖြစ်ပေသည်။ အတွင်းအင်္ဂါများကို မပျက်စီးနိုင်တော့သည့်အထိ သန့်စင်ပြီးမှသာ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားဖြင့် အတွင်းနှင့်အပြင် ဓမ္မစွမ်းအားများကို ထိုးဖောက်နိုင်လာလိမ့်မည်။
ဝိညာဉ်ကျောက်တုံးများက အမှုန့်ဖြစ်သွားပြီး အံ့ဖွယ်ရစ်ပတ်နွယ်ပင်များက အခွံ့သာ ကျန်ခဲ့လေလေ ရှန်ထျန်းက သူ့ခန္ဓာကိုယ်၏ ဆာလောင်မှုက ယာယီ အဆာပြေသွားကြောင်း ခံစားမိလိုက်သည်။ သူက ဆက်မစားနိုင်တော့ပေ။
လက်ရှိ သူ့ခန္ဓာကိုယ်ပေါ်မှ ချီစွမ်းအားသည် အနီရင့်ရင့် ဖြစ်နေပြီး ၃၀ မီတာ ကျော်လွန်သွားလေပြီ။
ချီစွမ်းအား အရှိန်အဝါက အံ့ဖွယ်ရစ်ပတ်နွယ်ပင်နှင့် ထိတွေ့သွားသည့်အခါ နွယ်ပင်ကား စတင်လောင်ကျွမ်းလာလေ၏။ အံ့ဖွယ်ရစ်ပတ်နွယ်ပင်များသည် ချီစွမ်းအားကို ခံစားမိလိုက်သည်နှင့် အသည်းအသန် ရုန်းကန်ကုန်ကြသည်။
ရှန်ထျန်း မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ မျက်ဆံအတွင်းကား မီးတောက်များ ရှိနေသလို ဖြစ်နေသည်။ စွမ်းအားများ ပြည့်ဝနေသလို ခံစားနေရပြီး ကနဦး ဝိညာဉ်အဆင့် ကျင့်ကြံသူကိုပင် တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်တော့မလို ခံစားနေရသည်။
အကယ်၍ ကနဦး ဝိညာဉ်အဆင့် ကျင့်ကြံသူ ရှိနေပါက သူ ဘာမှမပြောလိုက်သလို မှတ်ယူရပေမည်။
ရှန်ထျန်းက ညာဘက်လက်ကို ဆန့်ထုတ်ကာ သူ့လက်ချောင်းထိပ်၌ ငွေရောင် လေးလံအဆီအနှစ် ရေစင်က ကခုန်နေသည့်အလား ရစ်ပတ်သွားလေသည်။
ရှန်ထျန်းက လေးလံအဆီအနှစ် ရေစင် ထိန်းချုပ်မှုအား တိုးမြင့်လာကြောင်း ခံစားမိလိုက်သည်။
အစပိုင်းတွင် ရှန်ထျန်းက ရန်သူနှင့် ရင်ဆိုင်ဖို့ရာ လေးလံအဆီအနှစ် ရေစင်အား လက်သီးချက်ထဲ ထည့်ပေါင်းခြင်းမျိုး သို့မဟုတ် နဝမ နတ်မိုးကြိုးကို ထုတ်သုံးခြင်းမျိုးသာ အသုံးပြုနိုင်သည်။
သို့သော်လည်း ယခုအခါ ရှန်ထျန်းက သူ အလိုရှိသလို လေးလံအဆီအနှစ် ရေစင်အား ထိန်းချုပ်နိုင်နေလေပြီ။
လေးလံအဆီအနှစ် ရေစင်က ချက်ချင်းဆိုသလို ငွေရောင်တောက်ပနေသည့် ပါးပါးရှည်ရှည်လေး ဖြစ်လာသည်။ အထူမှာ ကန့်သတ်ချက် ရောက်သွားသော်လည်း ယခင်ထက် များစွာတည်ငြိမ်လာလေ၏။
ရှန်ထျန်းအနေနှင့် ဤတစ်ခေါက် ပြီးပါက လေးလံအဆီအနှစ် ရေစင်ကို လက်နက် တန်းဖွဲ့၍ သုံးနိုင်လိမ့်မည်ဟု ခံစားနေမိသည်။
“ များများစားစား တွေးမနေနဲ့ … အခု ထွက်ပြေးဖို့သာ အာရုံစိုက်ထား ”
ရှန်ထျန်းက အသက်ပြင်းပြင်းရှုကာ ကျောက်စိမ်းရေစင်ဓားကို ဆွဲနှုတ်လိုက်သည်။ ဓားက တောက်ကနေပြီး ရေကဲ့သို့ ရောင်ပြန်ဟပ်နေလေသည်။
“ ဓားကောင်းလေးပဲ ”
ရှန်ထျန်းက ကျောက်စိမ်းရေစင်ဓားကို ညာဘက်လက်မှ ကိုင်ဆွဲထားရင် ဘယ်ဘက်လက်ဖြင့် ဓားသွားပေါ် လေးလံအဆီအနှစ် ရေစင်အား လွှမ်းခြုံစေလိုက်သည်။
ကျောက်စိမ်းရေစင်ဓားကား ငွေဖြူရောင် အရည်တစ်လွှာ ဖြစ်ပေါ်လာပြီး ပို၍ ထက်ရှကာ အန္တရာယ်များသည့်ဟန် ပေါ်လာသည်။
ရှန်ထျန်း၏ မျက်ဝန်းက အေးစက်စက် ဖြစ်လာပြီး အင်အားထုတ်ဖော်လိုက်သည်နှင့် သူ့ချီစွမ်းအားတို့က ခန္ဓာကိုယ်တစ်လျှောက် တောက်လောင်လာသည်။
ဤသည်မှာ မီးစာကျမ်း၌ မှတ်တမ်းတင်ထားသော ဓမ္မနည်းစနစ် တစ်ခု ဖြစ်၏။ ထိုအရာက ချီစွမ်းအားကို လောင်ကျွမ်းစေခြင်းဖြင့် အင်အားကို နှစ်ဆ တိုးမြင့်ပေးနိုင်လေသည်။ ထူးကဲရုပ်လွန်အဆင့်ရှိ နတ်ဘုရား ကိုယ်ထည်မာကျင့်ကြံသူများ၏ တိုက်ခိုက်နည်းတစ်ခု ဖြစ်ပေသည်။ တစ်ခါအသုံးပြလိုက်သည်နှင့် ဆိုးကျိုးနှင့် ဒဏ်ရာများကို ဖြစ်လာစေနိုင်သေးသည်။
သူက အဆီအနှစ်စွမ်းအားများကို လောင်ကျွမ်းပစ်စေသောကြောင့် တစ်ခါတည်း အများကြီး အသုံးပြုလိုက်ခြင်းက ရုပ်ပိုင်းဆိုင်ရာ ယိုယွင်းလာစေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သေဘေးနှင့် ရင်ဆိုင်ရသည့်အခါ ရှန်ထျန်းအနေနှင့် ရွေးချယ်စရာ မရှိတော့ချေ။ သူ့ချီစွမ်းအားများကို လောင်ကျွမ်းစေလိုက်ပြီး နတ်ဆိုးများနှင့် သေခြင်းရှင်ခြင်း တိုက်ပွဲသာ ရင်ဆိုင်လိုက်မည်။
ဝုန်း …
ရှန်ထျန်းက ချီစွမ်းအားကို ပြန်လည် စုပ်ယူလိုက်ပြီး မကုန်ခမ်းနိုင်သော စွမ်းအားများကို ထုတ်လွှင့်လိုက်သည်။
ထိုစဉ် သူ့ကြွက်သားများက ဖောင်းတက်လာပြီး ဆံပင်များလည်း ထောင်လာသည်။ သူ့ခန္ဓာကိုယ်မှ အနီရင့်ရင့် အလင်းရောင် တောက်ပလာပြီး သူ ဝတ်ဆင်ထားသော လိပ်နက်ချပ်ဝတ်အား အရောင်တောက်ပြောင်လာစေသည်။
တစ်ချိန်တည်းတွင် ရှန်ထျန်းက လေးလံအဆီအနှစ် ရေစင်နှင့် အနီရင့်ရင့် အငွေ့အသက်တို့ ပေါင်းစပ်ထားသည့် ကျောက်စိမ်းရေစင်ဓားကို မ ယူလိုက်ပြီး ပြေးလွှားနေသည့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်များဆီ အပြင်းအထန် ခုတ်ချပစ်လိုက်သည်။
ကျောက်စိမ်းရေစင်ဓားက ဆယ်မီတာ ရှည်လျားသော ဓားအငွေ့အသက်တို့ ထုတ်လွှင့်လိုက်လေ၏။
ရွပ် …
ထိုစဉ် ကျောက်စိမ်းရေစင်ဓားသည် မရပ်တန့်နိုင်တော့မည့်ဟန် မပေါ်ဘဲ ဓားအငွေ့အသက်ကား အံ့ဖွယ်ရစ်ပတ်နွယ်ပင်များအား နှစ်ပိုင်းပြတ်သွားစေသည်။ သူတို့က စာရွက်တစ်ရွက်ကဲ့သို့ ပိုင်းဖြတ်ခံလိုက်ရသောကြောင့် အရည်များက နေရာအနှံ့ လွှင့်စင်သွားလေသည်။
ရှန်ထျန်းက အားရပါးရ ဟစ်ကြွေးကာ အံ့ဖွယ်ရစ်ပတ်နွယ်ပင် လှောင်ချိုင့်ကြားမှ ကျားတစ်ကောင် ခုန်ထွက်လာသလိုမျိုး ထွက်လာလိုက်သည်။
သူ့လောင်ကျွမ်းနေသော ချီစွမ်းအားက သူ့အား ဆေးသုံးထားသလို ခံစားနေမိစေသည်။ မောပန်းနွမ်းလျခြင်း ဆိုသော စကားလုံးက သူ့အတွက် မသက်ဆိုင်သော ဝေါဟာရ ဖြစ်နေ၏။ သူ အလိုရှိသည်ကား သူ့အင်အားအကုန် ထုတ်သုံးလိုက်ဖို့သာ ဖြစ်၏။
ဝုန်း…
ရှန်ထျန်းက သူ့ခရမ်းရွှေတူကို ဆင့်ခေါ်ကာ ညာဘက်လက်တွင် ကိုင်ဆောင်ထားလိုက်သည်။ သူက တူကို မိုးပေါ်မြှောက်လိုက်ရင်း အနက်ရောင် မိုးကြိုးများ ရုတ်ချည်း စုစည်းလာကာ ဧရာမ လိပ်နက်သဏ္ဌာန်ကို ဖွဲ့စည်းလိုက်သည်။
ဘုန်း …
နတ်သားရဲဆယ်ကောင်အနက် လိပ်နက်ကား ဖိနှိပ်ခြင်း၌ အထူးပြုသော တည်ရှိမှုမျိုး ဖြစ်၏။
လိပ်နက်သဏ္ဌာန်က ပို၍ ထင်ရှားလာကာ အံ့ဖွယ်ရစ်ပတ်နွယ်ပင်များကို ဖိနှိပ်ထားလိုက်ကာ သုံးမီတာရှည်လျားသော ခရမ်းရွှေတူကြီးက နွယ်ပင်များဆီ ကျရောက်လာကာ မြေပြင်ပေါ် ပြားပြားဝပ်သွားစေသည်။
နောက်အခိုက်အတန့်လေး၌ ကျောက်စိမ်းရေစင် ဓား ကိုင်ဆောင်ထားသော ရှန်ထျန်း၏ ဘယ်ဘက်လက်ဖြင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်များကို နှစ်ပိုင်းပိုင်းပစ်ကာ အစိမ်းရောင် အရည်များလည်း ပြန့်ကျဲကုန်လေသည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူထက် ပိုအဆင့်မြင့်သော အံ့ဖွယ်ရစ်ပတ်နွယ်ပင်များသည် ရှန်ထျန်း၏ အားအပြည့် တိုက်ခိုက်မှုအောက်တွင် သုံးမိနစ်ပင် မခံလိုက်ပေ။
“ ငါ့ဒေါသကို ခံစားကြည့်ကြစမ်း ”
ရှန်ထျန်းက အံ့ဖွယ်ရစ်ပတ်နွယ်ပင် တစ်ဝက်ကို ကောက်ကာ ကိုက်ပစ်လိုက်သည်။
ဂလု … ဂလု …
ရှန်ထျန်းက ချိူချိူချဉ်ချဉ် အရည်များကို သောက်သုံးပစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲ အသန့်စင်ဆုံး စွမ်းအင်အဖြစ် သန့်စင်ပစ်လိုက်သည်။ ရှန်ထျန်းခန္ဓာကိုယ်ကို လွှမ်းခြုံထားသော မီးတောက်များက လောင်စာ ရလိုက်သည့်အလား အပြင်းအထန် လှုပ်ရှားလာကြသည်။
ဝိညာဉ်မြူခိုးများက သူ့နတ်ဘုရားအသိစိတ်နှင့် အမြင်အာရုံကို မဖုံးလွှမ်းထားနိုင်တော့ပေ။
ရှန်ထျန်းက နှုတ်ခမ်းထောင့်မှ အရည်များကို သပ်ကာ “ ငါ့ကို ဖမ်းထားပြီးတော့ ဆော့နေရတာ အရမ်းကို ပျော်နေတယ်မလား။ အခု မင်းတို့အားလုံးကို စားပစ်မယ် ”