အခန်း ၇၉
Vol. 8 Ch. 79
79 01
အပိုင်း (၇၉) အသားကို တောင့်တခြင်း
ယန်မော့က မျက်လုံးကို ဖွင့်လိုက်သောအခါ သူ၏မျက်လုံးထဲသို့ ခေါင်းသုံးခေါင်း ဝင်လာသည်။ သူက မျက်ခုံးကိုပင့်လိုက်ပြီး ခေါင်းသုံးခေါင်းကို ရိုက်ချသည်။
“အရမ်းကပ်လွန်းတယ် ဘာလုပ်နေတာလဲ”
“…”
သုံးယောက်လုံးက မျက်တောင် တဖြတ်ဖြတ်ခတ်သည်။ သို့သော် မည်သူကမှ ယန်မော့၏ စကားကို မဖြေဘဲ တွန်းထုတ်ခံရသည့် အမူအရာကိုပင် မရွေ့ကြပေ။
“မင်းတို့ ဘာမှ မပြောဘူးဆိုရင် ငါပြောမယ် ဟုတ်ပြီလား”
မည်သူကမှ သူ့ကို အာရုံမစိုက်သည့်အခါ ယန်မော့ကလည်း အရင်စပြီး ပုရှန်းဝမ်ဘက်သို့ လက်ညိုးထိုးသည်။
“မော့…မော့…မော့ကော…”
ယန်မော့၏ လက်သီးက နီးသထက် နီးကပ်လာသည့်အခါ ပုရှန်းဝမ်ကလည်း မနေနိုင်ဘဲ လက်လျော့ပေးလိုက်သည်။ သူသည် အနောက်ဖက်သို့ စောင်းလိုက်ပြီး ယန်မော့၏ ဆန့်ထုတ်ထားသော လက်ကို ရှောင်သည်။
“ဟား ဟား နင်ရှုံးပြီ နင်အရှုံးပေးရမယ်။ မှတ်ထား နင် စားသောက်တဲ့အချိန်ကျရင် အရွက်ပဲ စားရမယ်။ အသားမစားရဘူး”
“ဟန်နီ နိုးလာပြီလား ဘယ်လိုနေသေးလဲ”
တစ်စုံတစ်ယောက်က အပြစ်ယူသွားသည်နှင့် ရှုရှင်းကလည်း ဟန်ဆောင်မနေတော့ဘဲ ကုတင်ပေါ်သို့ ချက်ချင်းတက်ထိုင်လိုက်ကာ ယန်မော့၏ ဘေးနားသို့ကပ်သွားသည်။
“နေလို့ကောင်းတယ်။ ငါ အဆင့်သုံးကို အောင်အောင် မြင်မြင်တက်သွားပြီ။ မင်းတို့ ခုနက ဘာတွေ ကစားနေတာလဲ”
ယန်မော့က ရှုရှင်း၏ ဆံပင်ကို အသာသပ်ပေးရင်း ညင်သာစွာ ပြောသည်။
“ငါတို့တွေဒီအတိုင်း 123 ကျောက်ရုပ်ဆိုတဲ့ ဂိမ်းကို ကစားနေတာ။ အရင်စလှုပ်တဲ့သူက ဒီည ညစာမှာ အသားမစားရဘူး”
ရှုရှင်းကလည်း ယန်မော့အား သူမ၏ ဆံပင်ကို ဖွခိုင်းလိုက်ရင်းသူတို့ အခုလုပ်နေသော ဂိမ်းအကြောင်းကို ပြောပြလိုက်သည်။
“ဆိုးလိုက်တာ”
“အာ…မော့ကော .. မော့ကော ဘက်လိုက်တာပဲ။ မော့ကော သူတို့နှစ်ယောက်လုံးကိုသာ အရင်စပြီး တိုက်ခိုက်လိုက်မယ်ဆိုရင် ငါရှုံးမှာ မဟုတ်ဘူးလေ။ ဆိုတော့ ဒီအပြစ်က ရက်စက်လွန်းတယ်လို့ ထင်တယ်”
ပုရှန်းဝမ်ကလည်း ကူကယ်ရာမဲ့မိသွားသောကြောင့် အော်သည်။
“အင်း…ဒါလည်း ကောင်းတာပဲ။ မင်းအခုတလော ဝိတ်တက်လာတယ်လို့ ငါခံစားရတယ် ဆိုတော့ အသားလျော့စား အရွက်များများစား”
ပုရှန်းဝမ်၏ ငိုငြီးသံကို လျစ်လျူရှုပြီးနောက် နောက်ထပ် ထိုးနှက်ချက်ကို ထပ်ထည့်သည်။
“ငါ…ငါက ဝတယ် ဘယ်လို ဖြစ်နိုင်မှာလဲ။ ငါ့ရဲ့ ခန္ဓာကိုယ်က သန်မာတဲ့ ကြွက်သားတွေ အပြည့်ပဲ။ မင်းကြည့် မင်းကြည့် ငါပြောတာ မှန်မမှန်သိရအောင်”
79 02
ပုရှန်းဝမ်က မယုံကြည်နိုင်မှုအပြည့်ဖြင့် သူ၏ ကြွက်သားများကို ညစ်ကြည့်ပြီးနောက် မူချီမိုင်၏ လက်ကိုပင် လှမ်းဆွဲကာ ညှစ်ခိုင်းလိုက်သည်။
“ကျွတ် မင်းရဲ့ ကြွက်သားတွေက တအားနူးညံ့နေတာ လုံလောက်တဲ့ လေ့ကျင့်မှု မရှိသေးဘူး။ ရဲဘော် လေ့ကျင့်ခန်း များများလုပ်”
မူချီမိုင်က ညှစ်ကြည့်ပြီးနောက် မှတ်ချက်ချသည်။
“…”
ပုရှန်းဝမ်က စိတ်ဓာတ်ကျသွားသည်။
သူ အလွန်ဂုဏ်ယူရသော ကြွက်သားများကို ညင်သာလွန်းသည်ဟု ပြောလိုက်သည်။
ယန်မော့က နိုးလာပြီးနောက် ကားကို လုံခြုံသော နေရာသို့ ပြောင်းကာ မောင်းသည်။ ရှုရှင်းကလည်း နေရာလပ် နယ်မြေထဲမှ စားစရာများ ထုတ်လာသည်။
အနံ့များ မထွက်စေရန် အလို့ငှာ လေသန့်စက်ကိုပင် ထုတ်လိုက်သေးပြီး ဘယ်တစ်လုံး ညာတစ်လုံး ချထားလိုက်သည်။
“ဝိုး…မင်းကအရမ်း ရက်စက်တာပဲ ငါ့ကို အသားတစ်ကိုက်လေးတောင် မကျွေးဘူးလား။ ငါအရမ်းဝမ်းနည်းလွန်းလို့ ပါးစပ်ထဲကနေတောင် သရေတွေ ကျလာပြီ”
စားပွဲပေါ်မှ အရသာရှိသော စားစရာများကို ကြည့်ပြီး မြင်ရသော်လည်း အစားနိုင်သော အချက်ကို တွေးမိသော ပုရှန်းဝမ်က သူ၏ ငယ်ရွယ်သော နှလုံးသားလေးဟာ ကြီးမားစွာ သက်ရောက်ခံနေရသည်ဟု ခံစားရသည်။ သူသည် အသားရနံ့ကို ရပြီး ပါးစပ်ထဲတွင် အရည်ရွဲလာသည်။
ရှေးခေတ်ကာလတွင် လျိုယီချင်က ဇီးသီးကို ကြည့်ရုံဖြင့် ရေဆာပြေခဲ့သည်။ သို့သော် ဒီနေ့တွင်မူ ပုရှန်းဝမ်ကလည်း အသားကို ကြည့်ရုံဖြင့် သူ၏ စားသောက်ချင်စိတ်ကို ကျေနပ်အောင် လုပ်နေရသည်။
ထိုလေးယောက်လုံးက ဗိုက်အပြည့်စားသောက်ပြီးနောက် စတင်ကာ စကားပြောကြသည်။
“မော့ကော တတိယအဆင့်သလင်းအမြူတေထဲမှာ စွမ်းအင်အများကြီးပဲလား”
“အင်း တတိယအဆင့် သလင်းအမြူအတေက ပေးတဲ့ စွမ်းအင်က ပထမ အဆင့်ရဲ့ နှစ်ဆနီးပါးပဲ ဆိုတော့ ငါ တတိယအဆင့်ကို တိုက်ရိုက်တက်သွားတာ အံ့ဩစရာတော့ မရှိဘူး”
“ဇွန်ဘီတွေကြားမှ တတိယအဆင့်တွေ ရှိနေမယ်လို့တောင် မထင်ထားဘူး။ တတိယအဆင့် စိတ်စွမ်းအားကတောင် အခြားဇွန်ဘီတွေကို ထိန်းချုပ်နိုင်နေတယ်။ ငါတို့ကသာ ဒါကို ရှာမတွေ့သေးဘဲ ဆက်ပြီး ကြီးထွားခွင့်ပြုလိုက်ရင် တော်တော်လေးကို ကြောက်စရာကောင်းတဲ့ ဘုရင်အဆင့် တည်ရှိမှုကြိး ဖြစ်သွားလိမ့်မယ်”
“အဲဒီနောက် ငါတို့ ဖြေရှင်းမယ်ဆိုရင် ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်သတ်တာနဲ့ မတူသွားဘူးလား။ ငါတို့ရဲ့ အကျိုးအမြတ်ကိုလည်း ရမယ်။ လူသတ်လက်နက်ကိုလည်း ဖြေရှင်းပြီးသားပဲလေ”
ရှုရှင်းက ယန်မော့၏ လက်ကို ပျင်းတိပျင်းရွဲ့ကိုင်နေပြီးနောက် ခပ်အေးအေးပြောသည်။
ရှုရှင်းသည် မူချီမိုင်၏ ဇွန်ဘီဘုရင်အကြောင်း ပြောသံကို ကြားသောအခါ မူလဝတ္ထုထဲတွင် မေ့နေခဲ့သော ကိစ္စတစ်ခုကို သတိရသွားသည်။
ရှုရှင်းသည်လည်း သူမဟာ ဒီလောကတွင် နှစ်နှစ်နီးပါးပင် နေထိုင်ခဲ့ပြီးကြောင်း သတိရလာသည်။
ရှုရှင်းက သူမ၏ ကိုယ်ပိုင် ဘဝထဲတွင် နှစ်မြုပ်နေခဲ့ပြီး အတတ်နိုင်ဆုံး အမျိုးသား ဇာတ်လိုက် အမျိုးသမီး ဇာတ်လိုက်ကို ရှောင်နိုင်ရန် ကြိုးစားနေခဲ့သည်။ ထို့ကြောင့် အဝေးမှသာလျှင် ပိုသိလေသည်။
79 03
မူလဝတ္ထုဇာတ်ကြောင်းက အမျိုးသမီးဇာတ်လိုက် ပြန်လည် မွေးဖွားလာပြီးချိန်တွင် ဗဟိုပြုကာ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ သူမက ယခုအခါ အမျိုးသမီး ဇာတ်လိုက်နှင့် အတူ မရှိချေ။ ထို့ကြောင့် ဇာတ်ကြောင်း အများစုကလည်း မေ့လျော့သွားခဲ့သည်။
သူမက ဝတ္ထု၏ တဝက်ကျော်ကျော်ကို ဖတ်ထားဖူးသည်။ ထိုထဲတွင် ဇွန်ဘီ ဘုရင်ဆိုသော တည်ရှိမှုမျိုးက မရှိပါပေ။ သို့သော် ကမ္ဘာကပ်ဘေး၏ နှောင်းပိုင်းအဆင့်တွင် တွေ့ဆုံခြင်း ရှိမရှိ မသေချာပေ။
ဒုတိယတစ်ရက်တွင်မူ သူတို့က တစ်မနက်ခင်းလုံး ဇွန်ဘီများကို ထွက်သတ်ပြီးနောက် အခြေစိုက်စခန်းသို့ ပြန်ကြသည်။
အပြန်လမ်းတွင် ကျားဖြူနှင့် ဝံပုလွေဖြူတို့ကလည်း ကြောင်အရွယ်အစားလေးအထိ ကျုံ့လိုက်ပြီး ကားထဲတွင် ထိုင်နေကာ စစ်ဆေးသည့် လမ်းတောက်လျှောက် လိုက်လာသည်။
ရှင်းလင်းသော လမ်းကြောင်းကို ရှာပြီးသည်နှင့် အခြေစိုက်စခန်းကို ဝင်ကြသည်။
ရှုရှင်းတို့က ဝန်ဆောင်မှုခန်းမတို့ အရင်ဦးဆုံးသွားကာ ကောင်တာဆီသို့တောက်လျှောက်သွားပြီး တာဝန်ကို အပ်သည်။
“ဟယ်လို နင်တို့ အသင်းရဲ့ တာဝန်က ပြီးပြည့်စုံတဲ့ ခွဲစိတ်ကုသမှု ကိရိယာပစ္စည်း အစုံလိုက် ယူလာပေးရမှာမလား။ ဒါပေမဲ့ ဒီလို ပစ္စည်းတွေက အမြောက်အများကြီး ရှိနေတယ်ဆိုကတည်းက ယူလာခဲ့တဲ့ ပစ္စည်းရဲ့ ပြည့်စုံမှုအပေါ် မူတည်ပြီးတော့အ မှတ်တွေရပါလိမ့်မယ်”
“အင်း ဒီမှာပါ စစ်ကြည့်လိုက်အုံး”
ရှုရှင်းကလည်း အမှတ်ကို နှုတ်မနှုတ် ဂရုစိုက်မနေချေ။ မည်သို့ပင် ဆိုစေ သူတို့က ခွဲစိတ်ခန်းတစ်ခန်းလုံးအား ပြောင်းရွေ့လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်စုံလုံးပါသည်။
ဝန်ထမ်းက ဖောင်များကို ယူပြီးနောက် ယူလာသော ပစ္စည်းများနှင့် တိုက်စစ်ကြည့်ပြီးနောက် ပို၍ပင် ကြောက်လန့်လာသည်။
ဘာကိုမှ မထားခဲ့ဘူး… အကုန်ယူလာတာပဲ။
ထိုတာဝန်၏ ခက်ခဲမှုအရ စွမ်းအင်အမှတ် ရှစ်ထောင်ပေးထားသည့် အခြေအနေအတိုင်း သိနိုင်သည်။
အသင်းထဲမှ နေရာလပ် စွမ်းရည်ရှိသော သူမျိုးကသာ ထိုကဲ့သို့သော တာဝန်မျိုးကို လုပ်နိုင်သည်။
ဖြစ်စဉ်ကို လွဲပြောင်းအပ်ပေးသောဝန်ထမ်းကလည်း အပြုအမူများကတဆင့် ပို၍သာ လေးစားဟန် ပြလာကြသည်။ တစ်ဖက်သူကို အတင်းဖားရန် မကြိုးစားသော်လည်း မကောင်းသည့် အမြင်တော့ဖြင့် မရှိချင်ကြပေ။
စွမ်းအင် အမှတ် ရှစ်ထောင်ကို အသင်း၏ စွမ်းရည်ကတ်ထဲသို့ ထည့်ပေးသည်။ မည်သို့ခွဲစေမည် ဆိုသော ကိစ္စက သူတို့၏ ကိစ္စဖြစ်သည်။ ရှုရှင်းနှင့် ယန်မော့က စွမ်းရည်ကတ်များကို ထုတ်ယူပြီး တစ်ဖက်သို့လှည့်ကာ တာဝန်ခန်းမထဲမှ ထွက်လာချိန်တွင် သူတို့၏ အနောက်ဖက် သိပ်မဝေးသော တစ်နေရာမှ တစ်စုံတစ်ယောက်က သူတို့၏ ကျောပြင်ကို စိုက်ကြည့်နေခဲ့ကြောင်း သတိမထားမိခဲ့ချေ။
“သူမလား သူမက အသက်ရှင်နေတုန်းလား။ C မြို့ရဲ့ အခြေစိုက်စခန်းကို လာပြီး ငါ့ကို ရှာတာလား”
ပိုင်ကျန်းချူက ရှုရှင်း၏ ထွက်သွားသော ကျောပြင်ကို ကြည့်ပြီး မျက်မှောင်ကို ကြုတ်ကာ ရေရွတ်နေသည်။
“ဝမ်းကွဲ ဘာလို့ ရပ်နေတာလဲ”
ပိုင်ရို့ချင်က ရုံးခန်းထဲမှ ထွက်လာသောအခါ ထိုနေရာတွင် ရပ်နေသော ဝမ်းကွဲဖြစ်သူကို မြင်လိုက်ပြီးနောက် လှမ်းမေးသည်။
ပိုင်ရို့ချင်က ခေါင်းကို လှည့်ကာ ကြည့်သည်။ သို့သော် ဘာကိုမှ မမြင်ရပေ။ ထို့ကြောင့် တစ်ဖက်သူက ငေးငိုင်နေသည်ဟုသာ ထင်လိုက်သည်။
“အာ..ဘာမှမဟုတ်ဘူး ရို့ချင် မင်းပြီးပြီလား။ ငါတို့ သွားရအောင်လေ အဖိုးက ငါတို့ကို စောင့်နေတယ်”
ပိုင်ကျန်းချူက ယခုအဖြစ်အပျက်ကို စိတ်ထဲတွင်သာ ထားထားလိုက်သည်။ သူသည် ပြန်ပြီး စစ်ဆေးကြည့်ပြီးမှသာ တစ်ဖက်သူ၏ အခြေအနေကို အတည်ပြုရမည်ဟု ဆုံးဖြတ်လိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က အခြေစိုက်စခန်းထဲတွင် တွေ့ထားသော ထူးခြားသည့် အမျိုးသမီးအကြောင်းကို တွေးမိသောအခါ ပိုင်ကျန်းချူက ပြုံးလိုက်သည်။ သူသည်လည်း ကမ္ဘာအဆုံးသတ်ကာလပြီးနောက် သူ၏ နှလုံးသားကို အခုန်နှုန်း မြန်ဆန်စေသောအမျိုးသမီးနှင့် တွေ့ရမည်ဟု မထင်ထားမိပေ။ သူသည် ထိုအခွင့်အရေးကို အပြည့်အဝ ဖမ်းဆုပ်ရပေမည်။
******