← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

84 01

အပိုင်း ၈၄

တာဝန်တစ်ခုပြီးနောက် ရှုရှင်းတို့ လေးယောက်လုံးသည် အခြေစိုက်စခန်း ထဲတွင်သာ အားအားယားယား လျှောက်သွားနေလိုက်ကြသည်။

သေချာပေါက် သူတို့ လက်လျှော့တာတော့ မဟုတ်ဘူး။

မည်သို့ပင်ဆိုစေ သူတို့သည် နေ့တိုင်းလိုလို လေ့ကျင့်ရင်း နေ့တိုင်းလိုလို အကန့်အသတ်မျိုးနှင့် ကိုယ့်ကိုယ်ကို စိန်ခေါ်တတ်ကြ၏။

ကျားဖြူနှင့်ဝံပုလွေဖြူတို့ကလည်း ယခင်တာဝန် အတောအတွင်း သူတို့ကို ပေးထားသော အမြူတေများကို သုံးပြီး အောင်အောင်မြင်မြင် အဆင့်တက်ရန် ကြိုးစားနေကြပြီ ဖြစ်သည်။

ဒီတစ်ကြိမ်တွင် သူတို့သည် နေရာလပ် နယ်မြေထဲတွင် အဆင့်တက်ရန် မလိုအပ်တော့ချေ။ စံအိမ်က လုံလောက်အောင် ကြီးသည်။ အောက်ထပ်မှ အခန်း နှစ်ခန်းကိုလည်း သူတို့အတွက် သီးသန့် ရှင်းပေးထားလိုက်၏။ ထို့ကြောင့် အချိန်မရွေး ဝင်ရောက်ပြီး ကျင့်နိုင်သည်။

တိရိစ္ဆာန်များ၏ ဒုတိယအဆင့် နိုးထမှုက ပထမအဆင့်နှင့် ခြားနားသည်။ အရွယ်အစား အများကြီး မပြောင်းသွားတော့ချေ။ ရှုရှင်းတို့ကလည်း တစ်ပတ်နီးပါးခန့် စောင့်ဆိုင်းပြီးမှသာ ပိုင်ဝူနှင့် ရွှယ်လန်တို့က နိုးလာသည်။

(ပိုင်ဝူ = ကျားဖြူ/ ရွှယ်လန် = နှင်းဝံပုလွေ)

“ရှောင်ပိုင် ရှောင်ပိုင် ဘယ်လိုနေလဲ။ တစ်ခုခု ခြားနားသလို ခံစားရလား”

ရှုရှင်းကလည်း ရှောင်ပိုင်၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် သိုင်းဖက်လိုက်ပြီး ပွတ်သပ်နေရင်း ပြောသည်။

“ဝူး”

ရှောင်ပိုင်ကလည်း ရှုရှင်း၏ စကားကို နားလည်သည်။ သူက သူ၏ ရှေ့လက်လေး တစ်ဖက်ကို မြှောက်၍ ရှုရှင်း၏ ခြေထောက်ကို အသာပုတ်ပေး၍ စလုပ်ပြရ သင့်မသင့် မေးသည်။

“ကောင်းပြီ ရှောင်ပိုင် ကျေးဇူးပြုပြီး ဖျော်ဖြေပြပါအုံး”

ရှုရှင်းကလည်း လက်ကို လွှတ်ပေးလိုက်ပြီးနောက် ရှောင်ပိုင်အတွက် နေရာ ဖယ်ပေးလိုက်သည်။

“အာ ဝူး”

ရှောင်ပိုင်က အနည်းငယ် ဝေးဝေးသို့ လျှောက်သွားလိုက်သည်။ သင့်လျော်သော အကွာအဝေး ရောက်မှသာ ရပ်သည်။ ထို့နောက် အကြိမ်အနည်းငယ်ခန့် ကျောပြင်ကို ခါပြီးနောက်တွင် နှင်းဖြူရောင် တောင်ပံ တစ်စုံက ကျောပေါ်တွင် ပေါ်လာကာ လေပေါ်သို့ မြောက်တက်သည်။

“!!!”

ရှုရှင်းကလည်း ရှောင်ပိုင် ထုတ်ပြသော စွမ်းအားကြောင့် လုံးဝ မင်သက်သွားသည်။ သူမက ရှောင်ပိုင်ကိုကြည့်ပြီး လက်ကို ဆန့်ထုတ်ကြည့်သည်။ သို့သော် နံဘေးမှ အရာကို မကြည့်မိဘဲ ဆွဲဆိတ်လိုက်၏။

“ဟစ် မရီး မရီး ဘာလို့ ငါ့ကို လာဆိတ်နေတာလဲ”

အပြစ်ကင်းစင်ရှာသော မတရားခံရသူ ပုရှန်းဝမ်က ခုန်ထကာ နာကျင်စွာ အော်နေသည်။

84 02

“ငါ အိပ်မက် မက်လားလို့ ကြည့်တာလေ နာလား”

“နာတာပေါ့ အရမ်းနာတာပေါ့၊ မရီးရယ် မင်း အိပ်မက် မက်နေတာ မဟုတ်ပါဘူး”

“ကောင်းပြီ ကောင်းပြီ ဆိုတော့ တကယ်ပေါ့၊ အချစ် ကြည့်အုံး ရှောင်ပိုင် ပျံနေပြီ”

ရှုရှင်းကလည်း ရန်မေ့၏လက်ကို ဆွဲကာ လှုပ်ခါရင်း ပျော်ရွှင်စွာ ခေါ်ပြ၏။

“အင်း ငါ မြင်တယ်လေ၊ ရှောင်ပိုင်က တော်လိုက်တာ သူ့ရဲ့ သခင်လိုပဲ”

ယန်မော့က ရှောင်ပိုင်ကို ချီးကျူးနေရင်း ရှုရှင်းကိုပါ တွဲပြီး ချီးကျူးသည်။

“ကျွိမ်ဖုန်း နိုးထလာမယ့် သဘာဝလွန် စွမ်းအားကို လျှောက်တွေးရုံနဲ့ ငါ စိတ်လှုပ်ရှားလာပြီ”

ရှောင်ပိုင်၏ သဘာဝလွန်စွမ်းအား နိုးထလာခြင်းက သူတို့ကိုလည်း အတော်လေး အံ့ဩသွားစေသည်။ ထို့ကြောင့် သူတို့ အဖော်များ နိုးထလာမည့် သဘာဝလွန် စွမ်းအားကိုလည်း စိတ်ဝင်စားနေ၏။ တာ့ပိုင်၊ ကျွိမ်ဖုန်း၊ တာ့ယွင် တို့ကလည်း သူတို့၏ အသီးသီး စွမ်းအားများ နိုးထလာကြသည်။

တာ့ပိုင်က အမှန်တကယ်အားဖြင့် ရှားပါးသော အမှောင်အခြေပြု စွမ်းအားကို ရသည်။ ထိုအမှောင်စွမ်းအင်က မြင့်မားသော ပွတ်တိုက်ကာ ဖျက်ဆီးနိုင်စွမ်းရည် ရှိသည်။ ထိုအရာဖြင့် ထိသွားပါက ထိသောနေရာ တစ်ခုလုံးကို ချက်ချင်း မဖြတ်တောက်ခဲ့လျှင် ယိုယွင်းပျက်စီးသော နေရာက ပို၍ကြီးမားသထက် ကြီးမားလာမည်ဖြစ်သည်။ တိုက်ခိုက်နေချိန် အတောအတွင်း အမှောင်စွမ်းအား သုံးထားသော လက်သည်းဖြင့် ရိုက်လိုက်မည် ဆိုပါက ရန်သူကို ပြင်းထန်စွာ ထိခိုက်သွားနိုင်စေသည်။ အင်အား ကြီးမားလွန်းသော လက်နက်အဖြစ် သုံးနိုင်သည်ဟု ပြောရပေမည်။

ကျွိမ်ဖုန်းကမူ သူ၏နာမည်အတိုင်း အရှိန်နှုန်းနှင့် ဆက်စပ်သော စွမ်းရည်ကို ရသည်။ အဆင့်မြင့်လာသောအခါ နေရာရွှေ့ပြောင်းနိုင် စွမ်းရည်ပင် ရှိလာမည် ဖြစ်သည်။ တာ့ယွင်ကမူ သခင်ဖြစ်သူနှင့် ဆန့်ကျင်ဘက် စွမ်းရည်ကို ရသည်။ သူသည် ရေအခြေပြုစွမ်းရည်ကို နိုးထလာသည်။ ရေဘောလုံးများ ထုတ်နိုင်သည်။

အကောင်ငယ်လေး လေးကောင်ကလည်း အလွန်လိမ္မာကြ၏။ ထို့ကြောင့် ရှုရှင်းကလည်း သူတို့၏မိဘဟု ခံစားရပြီး ကပ်စေးနည်း မနေတော့ဘဲ ရက်ရောစွာဖြင့် ကျွေးလိုက်သည်။

ထိုသို့ဖြင့် သူတို့ ကြိုက်သော အသားများ၊ အဆာပြေမုန့်များစွာ ထုတ်လိုက်ပြီး စိတ်ကြိုက် စားစေသည်။ အရေအတွက်ကိုမူ မကန့်သတ်ထားပေ။

ကျူးဖြူနှင့် နှင်းဝံပုလွေ တို့ကလည်း အလွန်အမင်း ကျေနပ်သွား၏။

သူတို့ စကား မပြောတတ်တော့ သူတို့ သဘောကျတာကို ဘယ်လို ဖော်ပြသလဲဆိုရင် …

သူတို့အရှေ့မှ ပြောင်ရှင်းနေသော မုန့်ပုံနှင့် ပလပ်စတစ်အိတ်ပုံကို ကြည့်ရုံနှင့် သိနိုင်၏။

ကံကောင်းသည်မှာ သူတို့၏ မိသားစုက ကြွယ်ဝသည်။ သို့မဟုတ်ပါက ထိုအစားကြီးသူ လေးကောင်နှင့် မွဲသွားလောက်၏။

“ပိုင်ဟူနဲ့ ရွှယ်လန်တို့ အားလုံးက အဆင့်တက်သွားပြီဆိုတော့ ငါတို့လည်း သူတို့ရဲ့ စွမ်းအင်အသစ်ကို ကျင့်သားရအောင်လို့ အပြင် ခေါ်ထုတ်သင့်ပြီ ထင်တယ်”

ရှုရှင်းကလည်း ယန်မော့၏ ကိုယ်ပေါ်တွင် ပျင်းတိပျင်းရွဲ မှီနေရင်း ကော်ဖီစားပွဲပေါ်မှ တီဗွီ အပြားလေးကို စိုက်ကြည့်နေရင်းနှင့် ခပ်တိုးတိုး ပြောသည်။

“အင်း နောက်နှစ်ရက်လောက်နေရင် တာဝန်စင်တာကို သွားပြီးတော့ တာဝန် သွားရှာရင်းနဲ့ သင့်တော်တဲ့ တာဝန်လေးရှိရင် ယူတာပေါ့ လေ့ကျင့်ရအောင်”

ယန်မော့က လိမ္မော်သီးကို အခွံနွှာပြီး နှစ်ခြမ်းခွဲကာ ရှုရှင်းကို ကျွေးနေရင်း ပြောသည်။

“သူတို့ရဲ့ လက်ရှိအင်အားမျိုးနဲ့ ဆိုရင်တော့ ပထမအဆင့် စွမ်းရည်လောက်က သက်ရောက်မှု မရှိလောက်တော့ဘူး၊ ငါတို့ တာဝန်ကို ဂရုတစိုက် ရွေးရမယ်”

84 03

ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ရှုရှင်းတို့၏ နေ့စဉ်ချစ်ကြောင်း ပြနေသည့် အခြေအနေမျိုးကို ကျင့်သားပင် ရသွားပြီး လျစ်လျူရှုနိုင်လာပြီ ဖြစ်သည်။

သူတို့ ခွေးစာ စားရလွန်းလို့ နည်းနည်းလေးလောက်က ဘယ်လိုမှ မနေတော့ဘူး။

“ချီမိုင် မင်းနဲ့ရှန်းဝမ် မနက်ဖြန် တာဝန်စင်တာကို သွားပြီး တစ်ချက် သွားကြည့်လိုက်၊ သင့်တော်တာရှိရင် ပြန်ယူလာခဲ့ မရှိရင်တော့ သဘက်ခါ ငါနဲ့ရှင်းအာပဲ သွားပြီး ကြည့်လိုက်မယ်၊ အလျင်လိုစရာ မလိုဘူး”

သူသည် လိမ္မော်သီး တစ်ခြမ်းကို ရှုရှင်းကို ကျွေးပြီး ကျန်သော တစ်ခြမ်းကို ကိုယ်တိုင် စားသည်။ ထို့နောက် တစ်ရှူးကိုထုတ်ပြီး လက်ကို အေးအေးဆေးဆေး သုတ်နေ၏။

“အင်း အဲဒီလိုပဲ လုပ်တာပေါ့”

မူချီမိုင်ကလည်း သဘောတူသည်။

မူချီမိုင်နှင့် ပုရှန်းဝမ်တို့ကလည်း သူတို့၏ပိုင်ဝူ၊ ရွှယ်လန်တို့၏ အမြင်ကို အလွန် ဂရုစိုက်သည်။ မနက်စောစောကတည်းက ထွက်သွားလိုက်ကြသည်။

အသင်းတာဝန်များကို ယူဆောင်သွားသော အသင်းများကလည်း အောင်အောင်မြင်မြင်ဖြင့် လုပ်နိုင်ခဲ့လေရာ တာဝန်ကို လက်ခံသူက ပိုများလာသည်။ ထို့ကြောင့် တာဝန်ကောင်းကို ရွေးချယ်လိုလျှင် စောစော သွားသင့်သည်။

မူချီမိုင်နှင့် ပုရှန်းဝမ်တို့က တာဝန်ခန်းမ အပြင်ဘက်သို့ သွားပြီး စောင့်နေလိုက်သည်။ ထိုနေရာတွင် စောင့်နေသော လူတန်း အနည်းငယ်ပင် ရှိသေး၏။

“ဘာလို့ ပြိုင်ပွဲဝင်နေသလို ခံစားရတာလဲ၊ အခြေစိုက်စခန်းမှာ လူတွေ ပိုများလာတဲ့အခါ တစ်ညလုံးများ တန်းစီရမှာလား”

ပုရှန်းဝမ်က မူချီမိုင်ကို အသာတို့ပြီး မေးသည်။

“မဟုတ်လောက်ဘူး၊ အခြေစိုက်စခန်းရဲ့ အခြေအနေက အစဦးပိုင်းအဆင့်ပဲ ရှိနေသေးတာလေ၊ အရာအားလုံးက စတင်နေရတာ၊ အနာဂါတ်မှာ တာဝန်တွေ ပိုများလာမှာ၊ တာဝန်ခွဲဝေပေးတဲ့ စနစ်ကလည်း သီးသန့် ခွဲထုတ်တာမျိုးတွေ အဆင့်မြှင့်တင်တာမျိုးတွေ ရှိလာလိမ့်မယ်၊ တစ်ချက်ကြည့်ရုံနဲ့ မင်းရဲ့ပြဿနာကို လူတိုင်း မြင်နိုင်တာပဲ၊ ဒီတော့ အထက်က လူတွေကလည်း အရူးတွေ မဟုတ်ဘူး၊ သူတို့ တိုက်ရိုက် ဖြေရှင်းလိမ့်မယ်”

မူချီမိုင်၏ ကျားမျက်လုံးက အနားမှလူများကို တစ်ချက် ဝေ့ဝဲ ကြည့်လိုက်ပြီး မည်သို့သောသူများက အချင်းချင်း စကားနှိုက်နေကြောင်း မည်သို့သော သူများက လူတန်းရှည်ကို မြင်ပြီး စိတ်ပျက်သွားကြကြောင်း မြင်နေရသည်။ မူချီမိုင်၏အရပ်က သူ့အား သာလွန်မှုမျိုးကို ပေးစွမ်းသည်။ နှစ်ပေါင်းများစွာ လေ့ကျင့်ထားပြီး မီးခိုးရောင်လောကတွင် လျှောက်လှမ်းခဲ့ချိန်ကလည်း သူက သဘာဝကျကျပင် ကြမ်းတမ်းသော အရှိန်အဝါမျိုးကို ထုတ်ထားသည့် အလျောက် အနားသို့ လူမကပ်ရဲအောင် ဖြစ်စေသည်။

သာမန်လူများကလည်း သူ၏ကြမ်းတမ်းသော ကျားမျက်လုံးဖြင့် စိုက်ကြည့်ခံရရုံနှင့် ကြောက်ရွံ့သွားတတ်သည်။ ထို့နောက် အနားလာပြီး စကား မပြောရဲကြပေ။

သူသည် ယန်မော့၊ ရှုရှင်း၊ ပုရှန်းဝမ်တို့နှင့်အတူ ရှိနေမှသာ သူ၏ အရှိန်အဝါကို ချုပ်ထိန်းထားတတ်ပြီး သာမန်လူနှင့်သာ တူသည်။

“ဟုတ်တယ် မြန်မြန်လုပ် တံခါးက ဖွင့်တော့မယ်၊ မြန်မြန်သွားပြီး တန်းစီရအောင်”

ပုရှန်းဝမ်နှင့် မူချီမိုင်တို့က အချင်းချင်း သိကြသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ကမ္ဘာ့အဆုံးသတ်ကာလ ပြီးနောက်လည်း အမြဲတမ်း အတူတူ ရှိနေကြ၏။ ထို့ကြောင့် မူချီမိုင် ထုတ်ထားသည့် အရှိန်အဝါကိုလည်း မကြောက်တော့ပေ။ မူချီမိုင်၏ လက်မောင်းကို ဆွဲထုတ်ပြီး အရှေ့သို့ လျှောက်သွား၏။

သူတို့က ဒီနေ့ အစောကြီး ရောက်လာဖြစ်သည်။ ထို့ကြောင့် ပထမတစ်သုတ် ရွေးချယ်ခွင့် ရသွားသည်။

84 04

သူတို့နှစ်ယောက်က တာဝန်များကို လှန်လှော ရှာဖွေနေသည်။ သူတို့ကို နောင်တရစေသည်မှာ မည်သည့်တာဝန်ကမှ သူတို့၏ လိုအပ်ချက်နှင့် မကိုက်ညီပေ။

ကံကောင်းသည်လားမသိ သူတို့သည်လည်း သည်အခြေအနေကို မျှော်လင့်ထားပြီးသား ဖြစ်နေသည်။ တာဝန် အများကြီးရှိသည်။ သို့သော် ရွေးချယ်စရာက နည်း၏။ ထို့ကြောင့် အလျင်မလိုကြတော့ပေ။

သူတို့က စောစော ရောက်လာသော်လည်း မည်သည့်တာဝန်မှ မယူသွားပေ။ သည်အတိုင်းသာ ကြည့်ပြီး ထွက်သွားသည်။ ထို့ကြောင့် အနောက်မှ လူများကလည်း ထိုနှစ်ကောင်ကို အရူးများဟု ကျိန်ဆဲနေကြသည်။

******

All Chapters