အခန်း ၈၆
Vol. 9 Ch. 86
86 01
အပိုင်း ၈၆
ရှုရှင်းနှင့် ပုရှန်းဝမ်တို့ နှစ်ယောက်ကလည်း တောင်တန်းထဲတွင် ရှင်သန်ရာတွင် အတွေ့အကြုံ မရှိချေ။ ထို့ကြောင့် အင်အား ကြီးမားသောသူ နောက်သို့ ခိုကပ်ရန် ဆုံးဖြတ်လိုက်ကြသည်။
ကျားဖြူနှင့် နှင်းဝံပုလွေတို့က အချိန်အတန် ကြာသည်အထိ ပေါ်မလာတော့ပေ။ သူတို့သည်လည်း တောတောင်ထဲတွင် ပျော်ပါးနေပြီး မြင်ကွင်းမှ ပျောက်သွားသည်။
ရှုရှင်းတို့ကလည်း သူတို့ လုံခြုံရေးကို မစိုးရိမ်ခဲ့ချေ။ သူတို့က ပိုင်ဆိုင်ထားသော ဖျက်ဆီးခြင်း စွမ်းအားမျိုးနှင့် တိုက်ခိုက်နိုင်စွမ်းရည်အရ အပင်နှင့် တိရစ္ဆာန်များကသာ ဝိုင်းအုံပြီး မတိုက်ခိုက်သမျှ ပြဿနာ မရှိနိုင်ပါပေ။
တောထဲမှ ကောင်းကင်က အပြင်ဘက်ထက် အမှောင် ပိုမြန်သည်။ ခြောက်နာရီသာ ရှိသေးသည် မူချီမိုင်က မီးကို စမွှေးနေပြီး မီးမှိန်သော နှစ်ယောက်ကို အလင်း ပေးနေလေသည်။
ရှုရှင်းက ပထမဦးဆုံး အကြိမ်အဖြစ် တောထဲတွင် နေဖူးခြင်းဖြစ်သည်။ မီးကလည်း နေရာအကန့်အသတ်ကိုသာ အလင်းပေးနိုင်၏။ ဝေးကွာသော နေရာက မဲမှောင်နေပြီး အလင်းကို မမြင်ရချေ။ မကြာခဏဆိုသလို အမည် မသိရသော ပိုးကောင်များ၏ အန္တရာယ်ကိုလည်း ကြားရသေးလေရာ ခြောက်ခြားစရာ ဖြစ်လေသည်။
ရှုရှင်းသည် ကြောက်လွန်းသဖြင့် ယန်မော့၏ အနောက်မှသာ အမြှီး သေးသေးလေးကဲ့သို့ ကပ်လိုက်နေသည်။ သူ၏ အနားမှပင် မသွားတော့ပေ။
“ဒီနေ့ ဘာလို့ အရမ်း ကပ်နေတာလဲ”
ရွက်ဖျင်တဲထိုးရင်း အလုပ်များနေသော ယန်မော့က အနောက်ဘက်သို့ လှည့်လိုက်ချိန်တွင် ရှုရှင်းနှင့် တိုက်မိမလို ခဏခဏ ဖြစ်နေလေရာ မနေနိုင်ဘဲ သူမကို ကြည့်ရသည်။
“အချစ် ငါ နည်းနည်း ကြောက်တယ်၊ နင့်အနားကပ်နေမှ လုံခြုံမှာ”
ရှုရှင်း၏ အသံလေးက တိုးတိုးလေးဖြစ်ပြီး စေးကပ်ကပ်လေး ဖြစ်နေသည်။ သူမကလည်း သူမ၏ ကြောက်ရွံ့မှုနှင့် ပတ်သက်ပြီး နည်းနည်းလည်း ရှက်နေပုံရ၏။ ထို့ကြောင့် အသံကလည်း တော်တော်လေး တိုးနေသည်။
ယန်မော့က သူမ၏ စကားကို ကြားသောအခါ သူ၏နှလုံးသားကို ငှက်မွှေးလေးဖြင့် လာရောက် အတို့ခံရသလို ခံစားလိုက်ရပြီး ယားယံကာ နူးညံ့သွား၏။
“ကောင်းတယ် ကောင်းတယ်။ ရတယ် ရတယ်.. ရွက်ဖျင်တဲ ထိုးတာက ပြီးတော့မှာ။ ငါ့ကို ခဏလောက်လေးပဲ စောင့်ပေးပါလား”
ယန်မော့က ချော့မြူသော အသံနှင့် ပြောနေခြင်းဖြစ်သည်။
“အင်း ငါ နင့်ကို မနှောင့်ယှက်ပါဘူး၊ ဒီအတိုင်း နင့်ဘက် ကပ်နေမှာလေ” ရှုရှင်းကလည်း လိမ်လိမ်မာမာလေး ခေါင်းငုံ့လိုက်ရင်း ယန်မော့ကိုသာ မှီခိုမှု အပြည့်နှင့် ကြည့်သည်။
ဇနီးဖြစ်သူ၏ မျက်လုံးထဲမှ မှီခိုမှုအပြည့် ရှိနေသော အကြည့်မျိုးကို မြင်ရသည့်အခါ ယန်မော့၏ နှလုံးသားကလည်း ရေကန်အဖြစ် ပြောင်းသည်အထိ အေးမြပြီး အရည် ပျော်ကျသွားသည်။
ဘာလို့ သူမက ဒီလောက်အထိ ချစ်စရာ ကောင်းနေတာလဲ ဟမ်….
ထို့ကြောင့် သူသည်လည်း ပို၍ မြန်ဆန်စွာ အလုပ် လုပ်တော့သည်။
“ချီမိုင် ခဏနေကျရင် ငါ့ကို ရွက်ဖျင်တဲမှာ တစ်ခုခု လိုသလားလို့ စစ်ပေးအုံး ရှင်းပေါင်က ဒီပတ်ဝန်းကျင်ကို ကြောက်တယ်၊ ငါ အဖော်ပြုပေးလိုက်အုံးမယ်”
ရွက်ဖျင်တဲ ထိုးပြီးသည်နှင့် သူက တစ်ဖက်သို့ လှည့်ကာ မူချီမိုင်ကို လှမ်းခေါ်လိုက်သည်။ ရှုရှင်း၏ မျက်နှာကို ထည့်သွင်း စဉ်းစားခြင်းအားဖြင့် အနားကိုသာ ကပ်ပြီး အကြောင်းပြချက်ကို ရှင်းပြပေးလိုက်သည်။
“မော့ကော ရတယ် ကိစ္စမရှိဘူး၊ မင်း မရီးကိုသာ သွားပြီး အဖော်ပြုပေးနေလိုက် ကြောက်တာက ပုံမှန်ပါပဲ”
မူချီမိုင်က ယန်မော့ထက် အသက်ကြီးသော်လည်း ယန်မော့ကို စိတ်ရင်းဖြင့် လေးစားခြင်းဖြစ်သည်။ ထို့ကြောင့် မော့ကောဟုသာ ခေါ်သည်။
“အင်း ကျေးဇူးအများကြီး တင်ပါတယ်”
86 02
သူတို့သည် ညီအစ်ကို ဖြစ်လာသည်မှာ ဆယ်နှစ်ကျော် ကြာပြီဖြစ်သည်။ ထို့ကြောင့် အများကြီး ပြောနေရန် မလိုအပ်ပါပေ။ ယန်မော့က မူချီမိုင်၏ ပုခုံးကိုသာ ပုတ်လိုက်ပြီး ရှုရှင်းဆီသို့ လျှောက်လာ၏။
“ချစ် ပြီးသွားပြီလား”
ယန်မော့က အနားသို့ လာသည်နှင့် ရှုရှင်းကလည်း ယန်မော့ အနားသို့ ကပ်လိုက်သည်။
“အင်း လိမ္မာတယ်”
သူ၏ရင်ခွင်ထဲသို့ ပစ်ဝင်လာသော နူးညံ့ကာ မွှေးပျံ့သည့် ကောင်မလေးကို ပွေ့ဖက်လိုက်ပြီး သူ၏ ရင်ခွင်ထဲတွင် မှီနေစေလိုက်သည်။ ဒီနည်းအားဖြင့် သူမအား လုံလောက်သော လုံခြုံမှုကို ပေးစွမ်းလေသည်။
“အာ”
ယန်မော့ကလည်း အနားတွင် ရှိသေးကာ ရှုရှင်း၏ ကြောက်ရွံ့မှုကလည်း တဖြည်းဖြည်း လျော့သွားသည်။ ရုတ်တရက် သူမ၏ အနောက်ဘက် မြက်ခင်းထဲမှ အမောတကော အသက်ရှူသံလို အသံမျိုးကို ကြားလိုက်ရပြီး တိရစ္ဆာန်များ၏ အူသံကိုလည်း ကြားရသည်။
“အား”
ယခုလေးတင် စိတ်အေးကာစ ရှုရှင်းက လန့်သွားပြီး ထခုန်ကာ ယန်မော့၏ ကိုယ်ပေါ်သို့ ခိုအားလား တစ်ကောင်ကဲ့သို့ ခုန်ကပ်သည်။
“ရှင်းပေါင် တာ့ပိုင်တို့ ပြန်လာတာလေ”
ယန်မော့က ခေါင်းကို လှည့်ပြီး တစ်ချက်ကြည့်ကာ ရှုရှင်း၏ ကျောကို ပုတ်ပြီး နှစ်သိမ့်ပေးရသည်။
အတော်လေးကို ပျော်ရွှင်ကာ ပြန်လာခဲ့သော တာ့ပိုင်နှင့် ရှောင်ပိုင်တို့ကလည်း သူတို့၏ သခင်မသည် သူတို့ကို ယခင်ကကဲ့သို့ ပြေးပြီး ပွေ့ဖက်ကြိုဆိုမည်ဟု ထင်ထားသည်။ မပျော်လင့်ထားစွာပင် သခင်မက ကြောက်လန့်ကာ သခင်ဖြစ်သူ ကိုယ်ပေါ်သို့ ခုန်တက်နေသည်။
တာ့ပိုင်နှင့် ရှောင်ပိုင်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်သည်။ တစ်ယောက်ကို တစ်ယောက်လည်း လှောင်ပြောင်နေကြ၏။
“မင်း ခြောက်လိုက်တာ မင်း ခြောက်တာ”
တာ့ပိုင်/ရှောင်ပိုင် : မင်း လုပ်တာ… ငါ မလုပ်ဘူး မင်း လုပ်တာ
ထိုသို့ဖြင့် အတူတကွ ဆော့ပြီး ပြန်လာကာစ ကလေး နှစ်ကောင်က အချင်းချင်း သဘောမကျ ဖြစ်သွားပြီး အချင်းချင်း လှောင်ပြောင်နေကြကာ ခေါင်းကို လွှဲလိုက်ကြသည်။
******