← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

97 01

အပိုင်း (၉၇) အံ့အားသင့်စရာကောင်းတဲ့ နားလည်လွဲမှားမှု

“အဆင့်လေးဟုတ်လား”

ယန်မော့၏ စကားလုံးများထွက်လာသောအခါ လန်ကျင်းမင်က ထအော်သည်။

“အဆင့်လေးဆိုတော သေချာလား”

ရှောင်းလုံက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ မျက်နှာကလည်း လေးလံနေသည်။ ယန်မော့က ထိုမေးခွန်းကို မဖြေချေ။

ရှုရှင်းကလည်း ရှောင်းလုံ၏ မေးခွန်းက ပေါက်ကရဟု ထင်သည်။ ယန်မော့က မသေချာရင် ပြောမှာလား။

ရှောင်းလုံကလည်း မေးပြီးပြီးချင်း နောင်တရသွားသည်။ သူတို့က အဆက်အသွယ် လုပ်သည်မှာ သိပ်မကြာသေးသော်လည်း ယန်မော့ဟာ ဘယ်သောအခါမှ မတွေးတောဘဲ ပြောတတ်သည့် သူမျိုး မဟုတ်မှန်း ရှောင်းလုံသိသည်။

“ငါ တောင်းပန်ပါတယ် ငါ ရုတ်တရက် ထုတ်ပြောလိုက်မိတာ”

“ကိစ္စမရှိဘူး။ ဒီအဆင့်လေး ဇွန်ဘီကိုပဲ ဘယ်လို ကိုင်တွယ်မလဲဆိုတာကိုပဲ စဉ်းစားရအောင်”

ယန်မော့ကလည်း ရှောင်းလုံ၏ စကားကို စိတ်ထဲတွင် ထားမနေချေ။ အခြားသော သူနှင့် အရေးမပါသော ကိစ္စနှင့် ပတ်သက်ပြီး ငြင်းခုံနေခြင်း နှင့် နှိုင်းယှဉ်ကြည့်သော် သိပ်မဝေးသော တစ်နေရာမှ အဆင့်လေး ဇွန်ဘီကသာ သူ၏ အာရုံနှင့် ထိုက်တန်သည်။

“အဆင့်လေး ဇွန်ဘီကတော့ ငါတို့ ကိုင်တွယ်ဖို့ တကယ်ခက်မှာ။ ငါတို့ ဂရုတစိုက်ပြင်ဆင်ရလိမ့်မယ်”

ရှောင်းလုံက အဆင့်လေး ဇွန်ဘီ ပုန်းနေသော နေရာကို ကြည့်လိုက်သည်။ ကံကောင်းသည်မှာ သူသည် သိပ်မကြာခင်က အဆင့်သုံးသို့ တက်ပြီးကာစဖြစ်သည်။ သို့မဟုတ်ပါက ဒီတာဝန်ကိုပင် လက်လျော့ရန် ရွေးချယ်မိလောက်သည်။

အဆင့်တက်ပြီးချိန်တိုင်းလိုလို အင်အားက ခုန်ပျံကျော်လွားတက်သွားနိုင်သည်။ စိတ်စွမ်းအား ပညာရှင်ဖြစ်စေ ဇွန်ဘီ ဖြစ်စေ အလားတူ ဖြစ်သည်။

သူသာ ဒုတိယအဆင့်တွင်သာဆိုလျှင် အဆင့်လေး ဇွန်ဘီကို ရင်ဆိုင်ရသောအခါ တွေးတောရန်ပင် မလိုအပ်ချေ။ သူ၏ အသက်ကိုသာ အလကားပေးလိုက်သင့်သည်။ အခြားစကားဖြင့် ပြောရသော် ယခုသူက အဆင့်သုံးဖြစ်သည်။ ယန်မော့တို့ အသင်းထဲမှ လူလေးယောက်၏ အစစ်အမှန်အင်အားကို မသိသေးသော်လည်း အဆင့်သုံးထက် မနိမ့်နိုင်ကြောင်း သေချာ၏။

တတိယအဆင့် စိတ်စွမ်းအား ပညာရှင် ငါးယောက်အပြင် အခြားသောစိတ်စွမ်းအား ပညာရှင်များက ထောက်ပံ့ကူညီပေးနေသည့်အခါ အနိုင်ရနိုင်ချေက ခြောက်ဆယ်ရာခိုင်နှုန်းဖြစ်သည်။

“ခေါင်းဆောင်ယန် ခဏနေရင် မင်းတို့အသင်းထဲက လူတိုင်းရဲ့ အပြည့်အဝ ပူးပေါင်းမှုကို ငါလိုအပ်တယ်”

ရှောင်းလုံက မျက်လုံးကို ပြန်ဝင့်လိုက်ရင်း ယန်မော့ကို ကြည့်ပြီး‌ ပြောသည်။

“အင်း ငါတို့က ပူးပေါင်းဖို့ သဘောတူထားပြီးကတည်းက အကောင်းဆုံး ကြိုးစား ပူးပေါင်းပေးမှာပါ။ ရှန်းဝမ်၊ ချီမိုင်နဲ့ ငါက မင်းရဲ့ အကြံအစည်အတိုင်း ပူးပေါင်းပေးမယ်”

ယန်မော့က ရှုရှင်းကို ထည့်မပြောသွားပေ။ ရှင်းလင်းစွာပင် ရှုရှင်းက ရှောင်းလုံ၏ အမိန့်အောက်တွင် မပါဝင်ကြောင်း ဖော်ပြသည်။

“ကောင်းပြီလေ ငါမင်းရဲ့ စကားကို ကြားတော့ စိတ်အေးပြီ”

97 02

ရှုရှင်းကလည်း ဒီလမ်းတောက်လျောက် သူမ၏ အစစ်အမှန် သဘာဝလွန်းစွမ်းအားကို ထုတ်ပြခဲ့ခြင်း မရှိပေ။ ထို့ကြောင့် နေရာလပ် စွမ်းအားကို ပိုင်ဆိုင်ထားသော သူဟုသာ ထင်လိုက်သည်။ ထို့ကြောင့် တိုက်ခိုက်နိုင်စွမ်းရည် ရှိလိမ့်မည် မဟုတ်ပေ။

လူနှစ်ယောက်၏ အတွေးရည်ရွယ်ချက်က ကွာခြားသည်။ သို့သော် ထူးဆန်းစွာဖြင့် လိုက်ဖက်ညီနေ၏။

သူမအတွက် အလုပ်မပေးကြောင်း ကြားသောအခါ ယန်မော့၏ နံဘေးနားမှ ရှုရှင်းက ပါးစပ်လှုပ်သွားသည်။ သို့သော် ယခင်တစ်ခေါက်က သင်ခန်းစာကို သိလိုက်ပြီး ထပ်မပြောတော့ချေ။

ရှောင်းလုံနှင့် ယန်မော့တို့က အဆင့်လေး ဇွန်ဘီကို ရင်ဆိုင်မည့် အကြောင်းကို ဆွေးနွေးနေကြချိန်တွင် ရှုရှင်းက မေးချင်နေသည်။ : ငါဘယ်သူလဲ ငါဘယ်မှာလဲ နင်တို့ ဘာတွေ ပြောနေကြတာလဲ။

သူမသည် စကားလုံးများကို နားလည်နိုင်သည်မှာလည်း ရှင်းရှင်းလင်းလင်းကို နားလည်နိုင်သည်။ သို့သော် နားမလည်နိုင်သလိုလည်း ဖြစ်နေသေးပြန်၏။

ရှုရှင်းကလည်း ဦးနှောက်ဉာဏ်ရည်မြင့်သော သူများကို အမှန်တကယ် မုန်းတီးမိသည်။ သူတို့သည် သူတို့ပြောသော စကားမျိုးကို ဘယ်သောအခါမှ အဆုံးမသတ်ဘဲ အခြားတစ်ဝက်ကို ချန်ထားရစ်ခဲ့သည်။

သေစမ်း.. နင်တို့တွေ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်တာ ပြဿနာမရှိတာ သေချာရဲ့လား။ ဘာလို့ အခြားသူတွေရဲ့ ဆန္ဒကို ထည့်သွင်းမစဉ်းစားပေးကြတာလဲ။

သူမသည် နားထောင်နေသော်လည်း ဘာမှ နားမထောင်သေးသလိုမျိုး ဖြစ်နေသည်။ ပါဝင်နေသော်လည်း မပါဝင်နေသလိုမျိုး ဖြစ်နေသည်။

ဒေါသထွက်ဖို့ ကောင်းလိုက်တာ…

ရှုရှင်းက ကားထဲသို့ ပြန်ရောက်သည်အထိ သုန်မှုန်ကာ စိတ်ကောက်နေသည်။

“ရှင်းပေါင် ဘာဖြစ်လို့လဲ မင်းကို ဘာတာဝန်မှ မပေးလို့ စိတ်ကောက်သွားတာလား”

ယန်မော့ကလည်း ရှုရှင်းနှင့် မျက်လုံးတစ်တန်းတည်း ဖြစ်သည့်အထိ ကိုယ်ကို ငုံ့ကိုင်းလိုက်သောအခါ ရှုရှင်းသည် မော့ပင် မကြည့်ဘဲ မြင်နိုင်သွားသည်။

“အင်း နင်တို့ ဘာပြောနေလဲဆိုတာ ငါ နားမလည်လို့”

ယန်မော့၏ အမှောင်မျက်လုံးကို မြင်ရသည့်အခါ ရှုရှင်းသည်လည်း လေလျော့သွားသော ဘောလုံးကဲ့သို့ ဖြစ်သွားသည်။ ဒေါသများအားလုံးကလည်း ပျောက်သွားပြီး သူမ၏ အစစ်အမှန်အတွေကို မျက်နှာပူပူနှင့် ထုတ်ပြောလိုက်ရသည်။

“ဟား ရှင်းပေါင်း ရှင်းပေါင်က ဘာလို့များ ဒီလောက်ထိ ချစ်ဖို့ကောင်းနေတာလဲ။ ဟမ်… ချစ်ဖို့ကောင်းလို့ ငါမင်းကိုတောင် ဝှက်ထားချင်တယ်။ ခဏနေရင်း ရှောင်ပိုင်ကိုပဲ မင်းကို ကောင်းကင်ပေါ်ကို ခေါ်သွားခိုင်းလိုက်လေ။ အဲဒီက မြင်ကွင်းက ပိုကျယ်တယ်။ မင်းအနေနဲ့ ပတ်ဝန်းကျင် အခြေအနေကိုလည်း ကူကြည့်ပေးဖို့ အခွင့်သာတာပေါ့။ ဟုတ်တယ်မလား မင်းက မင်းရဲ့ သဘာဝလွန်စွမ်းအားကို သုံးတဲ့အချိန်မှာလဲ သိဖို့ခက်သွားပြီလေ”

ယန်မော့က ခပ်ဟဟရယ်ရင်း ရှုရှင်း၏ နှုတ်ခမ်းကို အသာနမ်းကာ သူ၏ အကြံအစည်အကြောင်း ပြောပြသည်။

“အင်း ငါနားလည်ပါတယ် ဒါပေမဲ့ နင်လည်း သတိထားရမယ်နော်”

ရှုရှင်းက ခေါင်းကို ညိတ်ပြီး ယန်မော့၏ စီစဉ်မှုအတိုင်း လက်ခံသည်။ ထို့နောက် ရှောင်ပိုင်၏ ကျောပေါ်သို့ ကုန်းတက်သည်။

97 03

သခင်ဖြစ်သူ၏ခေါ်သံကို ကြားသည်နှင့် ရှောင်ပိုင်ကလည်း ပျော်ရွှင်စွာ အော်ဟစ်ကာ လာပြီး ရှုရှင်းကို ကျောပေါ်သို့ ကောက်တင်ကာ လေထဲသို့ သွားသည်။ သခင် ဖြစ်သူကို ပတ်စီးနိုင်ရန် ခေါ်ပေး၏။

ရှောင်ပိုင်က သခင်ဖြစ်သူကို လေထဲသို့ပျံသန်းရန် ခေါ်သွားပေးချိန်တိုင်းလိုလို သခင် ဖြစ်သူ၏ အလွန်ပျော်တတ်သည်။ သူသည်လည်း သူ၏ သခင်ကို ပျော်စေလိုသည်။ ဤသို့ဖြင့် သခင်ဖြစ်သူ ကောင်းကောင်းပျော်ရွှင်နိုင်အောင် လှည့်ပတ်ပျံသန်းပေးရသည်။

“ဝိုး…အဲ့ဒီကျားဖြူက တောင်ပံပါတာပဲ ပျံနိုင်တယ်”

လန်ကျင်းမင်ကလည်း အလိုလျောက်ပင် တအံ့တဩ အသံထုတ်ပေးသည်။ အားလုံး၏ မျက်လုံးထဲတွင်လည်း အံ့အားသင့်မှုများကို မြင်နိုင်၏။ သူတို့မြင်ဖူးသမျှထဲတွင် ပထမဦးဆုံး ပျံသန်းနိုင်သော ဆင့်ကဲပြောင်းလဲထားသည့် သားရဲဖြစ်လေသည်။

နှစ်ဘဝနေဖူးသော ယဲ့ယွီအန်းကသာ မကြာခဏဆိုသလိုသာ ကြည့်သည်။ ထို့နောက် ပြန်ပြန်လွဲသွား၏။

သူမယခင်က ပျံသန်းသော ဆင့်ကဲပြောင်းလဲထားသော သားရဲများကို မမြင်ဖူးသော်လည်း ကြားဖူးထားသည်။ ထို့ကြောင့် ထူးထူးခြားခြား မအံ့ဩပါပေ။

ရှုရှင်းတို့က ဇွန်ဘီများ ဝိုင်းနေသော နေရာ၏ မီတာတစ်ရာဝန်းကျင်အတွင်းသို့ ဝင်လိုက်သည်နှင့် ဇွန်ဘီများကလည်း ချက်ချင်း ပြန်လှည့်လာကာ သူတို့ဆီသို့ ခုန်အုပ်သည်။

ရှောင်းလုံက လက်ထဲမှ လျှပ်စီးလုံးများကို အဆင့်လေးဇွန်ဘီရှိသော နေရာသို့ ပစ်လွှတ်နေပြီး အခြားသာ သူများကလည်း အပြေးလာနေသော ဇွန်ဘီများကို ရင်ဆိုင်ရန် ကူညီပေးသည်။ နဂိုက အဆင့်လေးဇွန်ဘီ နေနေသောကြောင့် သားကောင်ကလည်း ကွဲထွက်သွားပြီး မဲတူးကာ မီးခိုးများထနေသည့်အတွင်းပိုင်းက ပေါ်လာသည်။ သို့သော် မည်သည့်ဇွန်ဘီ၏ လက္ခဏာကိုမှ မမြင်ရပေ။

“အရှေ့မှာ”

ယန်မော့၏ စိတ်စွမ်းအားကလည်း အဆင့်လေး ဇွန်ဘီကို ပစ်မှတ်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ထိုအကောင်၏ နေရာပြောင်းလဲသွားကြောင်း ချက်ချင်း တန်းသိလိုက်သည်။ အဆင့်လေးဇွန်ဘီက ထိုမိုးလုံလေလုံ ခိုလှုံရေးစင်တာ ဝင်ပေါက် အထက်နားတွင် ဖြစ်သည်။ ထိုအခါမှသာ သူ၏ ပုံစံအစစ်အမှန်ကို မြင်လိုက်ရသည်။ သူ၏ အဝတ်အစားများက စုတ်ပြဲနေပြီး လက်မောင်းကလည်း ပုံမှန်မဟုတ်စွာကျနေသည်။ ထို့ကြောင့် အခြားသော ဇွန်ဘီများ၏ လက်မောင်းနှင့်ပင် မတူတော့ပေ။ သူ၏ ခရမ်းရင့်ရောင် နှုတ်ခမ်းက လတ်ဆတ်သော သွေးများနှင့် စွန်းထင်းနေသည်။ သူဟာ တစ်စုံတစ်ရာကို ဝါးနေပုံရသည်။

“ဟစ် ဟား”

သူတို့ဟာ သူ၏ ပိုင်နက်အတွင်း ပေါ်လာပြီး သူ့ကို တိုက်ခိုက်လိုက်သောအခါ သူ့ကို ရန်စခံရသလိုမျိုးဖြစ်သွားပြီး မနှစ်မြို့သော အော်သံကြီးကို ထုတ်သည်။ သူ၏ အပြည့်အဝ မဝါးစားရသေးသော သွေးသားများကလည်း ပါးစပ်ထဲမှ ထွက်ကျလာကာ အလွန်အမင်း ရွံစရာကောင်းသည်။

“ဟွန့် ရိုင်းလိုက်တာ စားသောက်နေရင်း စကားမပြောရဘူးဆိုတာ မသိဘူးလား”

ရှုရှင်းကလည်း ထိုမြင်ကွင်းကြောင့် ရွံသွားသည်။ သူမကာ ကြက်သီး တဖြန်းဖြန်းထလာကာ ရွံရှာစွာပြောသည်။

ကံကောင်းသည်မှာ ထိုဇွန်ဘီက လည်း သူတို့၏ ပြောစကားကို နားမလည်ပေ။ သို့မဟုတ်ပါက သူမကို သတ်ရန် အရင်ဦးဆုံး စာရင်းသွင်းလောက်လေသည်။

ဇွန်ဘီများက နားမလည်သော်လည်း အနားမှ လူများက နားလည်သည်။ ရှုရှင်းကလည်း သူတို့နှင့် သိပ်မဝေးသော အမြင့်တစ်နေရာတွင်သာ ရှိနေခြင်း ဖြစ်ပြီး ရှောင်ပိုင်ကလည်း ခပ်နိမ့်နိမ့်ပျံသန်းပေးနေခြင်း ဖြစ်သည်။ ထို့ကြောင့် အားလုံးကလည်း ကြားလိုက်ရသည်။

လူတိုင်း၏ နှုတ်ခမ်းထောင့်က တွန့်သွားသည်။ သို့သော် ယန်မော့ကသာ အလိုလိုက်သလို ပြုံးသည်။

97 04

အနားမှ ဇွန်ဘီများက ပို၍ ကြမ်းတမ်းစွာ တိုက်ခိုက်လာကြသည်။ အဆင့်လေးဇွန်ဘီက ညွှန်ကြားချက် ပေးလိုက်သည်နှင့် တူသည်။ ကမ္ဘာကပ်ဘေးရောက်ပြီး နှစ်တဝက်သာ ကြာသေးသည်။ ဇွန်ဘီများက အဆင့်လေးသို့ပင် တက်ပြီး သူတို့နှင့် လာကြုံမည်ဟု မထင်ထားလောက်ပေ။

ရှောင်ပိုင်က ရှုရှင်းကို ခေါ်၍ လေထဲသို့ တိုက်ရိုက်ထိုးတက်သွားပြီး သူတို့ကို ခုန်အုပ်လာသော ဇွန်ဘီတိုင်းကို ရှောင်သည်။ ထိုသို့ဖြင့် ရှုရှင်းကို ဝိုင်းလိုသော ဇွန်ဘီများက လက်ဗလာနှင့် ကျန်ရစ်ခဲ့သည်။ ရှောင်းလုံနှင့် ယန်မော့တို့ကလည်း ဇွန်ဘီအုပ်ကို ကျော်ဖြတ်ပြီး အဆင့်လေး ဇွန်ဘီရှိရာသို့ သွားသည်။ သူတို့၏ ကိုယ်ပိုင် အထူးစွမ်းရည်များကို သုံးကာ ဇွန်ဘီများကို ရင်ဆိုင်၏။

အတွင်းပိုင်းတွင်…

“ယွမ်ကျန်း ငါတို့ သတင်းပို့ပြီးတာဘယ်လောက် ကြာသွားပြီလဲ”

လျှန်ပေ့က မြေပြင်တွင် အားနည်းစွာ လှဲနေလေသည်။ သူသည်လည်း အချိန်တန်ကြာအောင် မည်သည့် ရေကိုမှ မသောက်ထားရသောကြောင့် နှုတ်ခမ်းများကပင် ကွဲအက်နေပြီး အသံကပင် ခြောက်သွေ့နေသည်။

“ပါမောက္ခ လွန်ခဲ့တဲ့ သုံးရက်လေးရက်လောက်က ထင်တယ်”

ငယ်ရွယ်ပုံရသော လူငယ်တစ်ယောက်က ဖြေသည်။

“ယွမ်ကျန်း ကယ်ဆယ်ရေးအသင်း ရောက်လာတဲ့အထိ ငါ ထိန်းနိုင်တော့မယ် မထင်ဘူး။ ယာကျွင်းကို မင်းကို ဂရုစိုက်ဖို့ အပ်ပါတယ်။ မင်း ငါ့လို အဖိုးကြီးတစ်ယောက်ရဲ့တောင်းဆိုမှုကို သဘောတူပေးနိုင်မလား အဟမ်း”

လျှန်ပေ့က အားနည်းစွာ ချောင်းဟန့်သည်။ သူဟာ နောက်ဆုံးသော စီမံမှုများကို လုပ်ချင်နေသည်။

“အဖိုး အဖိုး ကယ်ဆယ်ရေးအသင်း ရောက်လာတဲ့အထိ သေချာပေါက် ထိန်းထားနိုင်မှာ ပေါက်ကရတွေ မပြောပါနဲ့”

လျှန်ယာကျွင်း၏ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်နေပြီး အဖိုးဖြစ်သူ၏ စကားလုံးများကို နားထောင်လိုစိတ်မရှိတော့ပေ။

လျှန်ပေ့က လျှန်ယာကျွင်းကို လျစ်လျူရှုကာ ဘေးနားမှ ဖြေရန်အတွက် ခေါင်းမာနေသော နင်ယွမ်ကျန်းကို ကြည့်သည်။

“ပါမောက္ခလျှန် ငါ အတတ်နိုင်ဆုံး ကြိုးစားပြီး သူမကို အပြင်ကို ခေါ်ထုတ်ပေးမယ်လို့ပဲ ကတိပေးနိုင်မယ်။ ကျန်တာတော့ အာမမခံနိုင်ဘူး”

နင်ယွမ်ကျန်းက သက်ပြင်းကို ချပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။

ပြောရမည် ဆိုလျှင် နင်ယွမ်ကျန်းသည် လျှန်ပေ့၏ တောင်းဆိုချက်ကို သဘောတူလိုစိတ်ပင် မရှိပါပေ။ သူနှင့် လျှန်ပေ့ကလည်း အချင်းချင်း ရင်းနှီးကျွမ်းဝင်ခြင်းပင် မရှိပေ။ သုတေသန အသက်မွေးဝမ်းကြောင်းတွင်လည်း အဆက်အသွယ်အများကြီးပင် မရှိပေ။ သို့သော် ကမ္ဘာအဆုံးသတ်ကာလပြီးနောက် ထွက်ပြေးရင်းနှင့်သာ နီးကပ်သွားခြင်း ဖြစ်သည်။ ပို၍ဆိုးသည်မှာ ထွက်ပြေးသည့် ကာလအတောအတွင်းတွင်လည်း လျှန်ယာကျွင်းက အလွန်အမင်း နုနယ်သလို ပြုမူခဲ့သည်။ မည့်သည့်အခြေအနေကို တွေ့ကြုံစေခဲ့ကာမူ အကြိမ်တိုင်းလိုလို တောက်လျှောက် အော်နေတတ်၏။ သူတို့နှင့်အတူ ထွက်ပြေးသော သူများကလည်း ထိုအော်သံကြောင့် သေဆုံးကြရသည်။ သူမကြောင့်လည်း အသက်ကို ပေးဆပ်ရသူများ ရှိ၏။ သို့သော် ပြဿနာရှာသော သူက အသက်ရှင်ပြီး ကောင်းမွန်နေသည်။ ဒါဟာ ဒီအကြိမ်တွင် အမှန်တကယ်ကို မမျှတချေ။

နင်ယွမ်ကျန်းသည်လည်း ထိုသူမက အန္တရာယ်ကျရောက်နေသောအခါ သူမကို ကာကွယ်ပေးသော အနားမှလူကို တွန်းထုတ်ခဲ့သောအချက်ကို အမြဲတစေ မှတ်မိနေသည်။ ထို့ကြောင့် သူသည်လည်း လျှန်ယာကျွင်းကို အလွန်မုန်းတီးမိလေသည်။

လျှန်ပေ့က မည်သို့သော စိတ်မျိုးဖြင့် သူ့လက်သို့ အပ်လာမှန်းပင် နားမလည်နိုင်ပေ။

97 05

“အာ ကျန်းယွမ် …ယာကျွင်းက ငယ်သေးတယ်လေ။ နောက်ပြီး မိန်းကလေးတစ်ယောက် နည်းနည်းလေး ကြောက်တတ်တာပါ ဒါကြောင့် တမင်တကာ လုပ်တာ မဟုတ်ပါဘူး သူမရဲ့ အရင်အပြုအမူတွေကို ငါ့လို သေခါနီးအဖိုးကြီးအတွက် မခွင့်လွှတ်ပေးနိုင်ဘူးလား”

လျှန်ပေ့ကလည်း သူလိုချင်သော အဖြေကို မရသည့်အခါ သက်ပြင်းကို ချပြီး ထပ်ပြောပြန်သည်။ သူဟာ နင်ကျန်းယွမ်ကို လူ့အသိစိတ်အား ပြန်ပေးဆွဲချင်နေသည်။

“စိတ်မရှိပါနဲ့ ငါပြောတဲ့ အတိုင်းပဲ အတတ်နိုင်ဆုံး လုပ်ပေးနိုင်မယ်။ ပါမောက္ခလျှန် စကားလျှော့ပြောပါ အင်အားထိန်းပါ”

လျှန်ပေ့၏ အသိစိတ်ကို ငွေညှစ်သလို လာညှစ်နေသော အခြေအနေမျိုးကို ရင်ဆိုင်ရသည့်အခါ နင်ကျန်းယွမ်က လက်လျော့ပေးမည် မဟုတ်ပေ။

နံဘေးမှ နားထောင်နေသော လျှန်ယာကျွင်းကလည်း နင်ကျန်းယွမ်က လက်မခံလိုမှန်း သိသည်။ သူမက မုန်းတီးမှုအပြည့်နှင့် နှုတ်ခမ်းကို ကိုက်နေ၏။ သူမသည် ယခင်က ယခုလိုမျိုး ရှုံ့ချခံရဖူးခြင်း မရှိပေ။ ကလေးဘဝကတည်းကပင် တစ်ခါမှ ထိုးနှက်ခံရဖူးခြင်း မရှိပါပေ။ သူမက လှပသည်။ မိသားစု နောက်ခံကလည်း ကောင်းသည်။ အနားမှ ကောင်လေးတိုင်းက သူမကို ဝိုင်းကာ ဖားနေတတ်ပြီး လိမ္မာနာခံကြ၏။ သို့သော် ထိုအမျိုးသားဆုံးကဲ့သို့ အချောဆုံးသူ၏ အရှေ့မှ ယခုလို ဖြစ်သွားမည်ဟု မထင်ထားမိပေ။

လျှန်ပေ့ကလည်း နင်ကျန်းယွမ်၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်ပြီး စိတ်ပျက်လက်ပျက်ဖြင့်သာ ပါးစပ်ပိတ်လိုက်ရသည်။

လမ်းတောက်လျှောက်တွင် သူသည် နင်ကျန်းယွမ်ကို သတိထားမိခဲ့သည်။ နင်ကျန်းယွမ်က တာဝန်ယူစိတ်ကြီးမားလွန်းသော အသိစိတ်ရှိသူ ဖြစ်သည်။ သူသည် အထူးစွမ်းအားကိုလည်း နိုးထလာခဲ့၏။ သူကိုယ်တိုင်က ကယ်ဆယ်ရေးအသင်းကို မစောင့်နိုင်လျှင် မြေးဖြစ်သူအား တစ်ဖက်သူထံ အပ်ထားခဲ့မည်ဟု တွေးထားသည်။ နင်ကျန်းယွမ်ကသာ သဘောတူသမျှ နင်ကျန်းယွမ်၏ အကျင့်စရိုက်အရ သေချာပေါက် အဆုံးထိ တာဝန်ယူပေးပေလိမ့်မည်။

ထိုသို့ဖြင့် သူသည်လည်း အဆုံးသတ်ကာလတွင် ယာကျွင်းအတွက် လွတ်လမ်းတစ်ခုကို ရှာတွေ့နိုင်သည်။ သို့သော် နင်ကျန်းယွမ်က သူ၏ တောင်းဆိုမှုကို လက်မခံဘဲ ရှိနေမည်ဟု မထင်ထားမိပေ။ အမှောင်ထုထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးသွား၏။ ထိုနေရာအတွင်း ခပ်တိုးတိုး အသက်ရှူသံများကိုသာ ကြားရသည်။

အပြင်ဘက်မှ ယန်မော့ ရှောင်းလုံနှင့် အဖွဲ့ကလည်း ဇွန်ဘီများနှင့် ကြမ်းတမ်းစွာ ရှင်ဆိုင်နေရသည်။ ထိုအဆင့်လေး ဇွန်ဘီသည် အရှိန်နှုန်းစွမ်းရည်ကို ပိုင်ဆိုင်ထားပြီး အလွန်အမင်းကို မြန်ဆန်လေသည်။ ထို့ကြောင့် ယန်မော့နှင့်ရှောင်းလုံ၏ တိုက်ကွက်အများစုကို လွဲချော်သွားစေပြီး မကြာခဏ ဆိုသလို အခြားသောသူများကိုလည်း ဒုက္ခလာလာပေးသေးသည်။

ထိုအဆင့်လေး ဇွန်ဘီက သူတို့မျှော်လင့်ထားသည်ထက် ကိုင်တွယ်ရပိုခက်နေသည်။

ရှောင်ပိုင်က ရှုရှင်းကို ခေါ်ပြီး ကောင်းကင်တွင်သာ နေနေသည်။ ရှုရှင်း၏ အထူးစွမ်းရည်က တိုက်ခိုက်စွမ်းအား မဟုတ်ပေ။ ထို့ကြောင့် ရှုရှင်းသည်လည်း အားလျားမနေပေ။ သူမသည် သေနတ်တစ်လက်ဖြင့် အောက်ဖက်မှ ဇွန်ဘီများကို ရှင်းပေးနေသည်။

သို့သော် သူမက အမြင့်ပိုင်းမှ ဖြစ်ပြီး မြင်ကွင်းပိုကျယ်သောကြောင့် တစ်စုံတစ်ယောက်က ဇွန်ဘီတစ်ကောင်ကို လွဲချော်သွားသည်နှင့် ရှုရှင်းကလည်း ချက်ချင်း သတိထားမိပြီး ပစ်ပေးတတ်သည်။ ထို့ကြောင့် အားလုံးသည်လည်း လုံခြုံမှုကို ခံစားကြရသည်။

ယန်မော့နှင့် ရှောင်းလုံတို့က ထိုအရှိန်နှုန်းရှိသည့် ဇွန်ဘီကို ရင်ဆိုင်နေကြောင်း မြင်သောအခါ ရှုရှင်းက ပို၍ပင် စိုးရိမ်စိတ်များသွားသည်။ ရှုရှင်းက သဘာဝလွန်စွမ်းအားကို အသက်သွင်းထားသည်။ သူမ၏ ညာဖက်လက်တွင် ဆုယွမ် (နတ်သမီး တုတ်တံ) က ပေါ်လာပြီး သူတို့ကို ကူညီကာ ကန့်သတ်စက်ကွင်းကို ချပေးရန် ကြံစည်သည်။

ကံဆိုးစွာပင် ထိုအဆင့်လေးဇွန်ဘီ၏ အရှိန်နှုန်းကလည်း မြန်ဆန်လွန်းလေရာ ရှုရှင်းကပင် မမြင်ရဘဲ ဖြတ်ကနဲ ဖြတ်ကနဲ ဆိုသလို ပျောက်ပျောက်နေသည်။ ထို့ကြောင့် ကန့်သတ်စက်ဝန်းထဲတွင် ချုပ်ထားရန် မဖြစ်နိုင်ပါပေ။

ရှုရှင်းက ရွေးချယ်စရာ မရှိလေဘဲ ထိုဆုယွမ်အား ယန်မော့ ပုရှန်းဝမ် မူချီမိုင်တို့၏ ကိုယ်ပေါ်တွင်သာ အကာအကွယ်စက်ကွင်းအဖြစ် ချပေးလိုက်ရသည်။

97 06

ရှုရှင်း၏ ကာကွယ်မှုကို ခံပေးလိုက်ရသော သူများကလည်း ရင်းနှီးကျွမ်းဝင်သော စွမ်းအင်လှုပ်ခပ်မှုကို ခံစားမိသည့်အခါ မည်သည့် အမူအရာကိုမှ ထူးထူးခြားခြား မပြသကြပေ။ သူတို့သည် ဇွန်ဘီများကိုသာ ပုံမှန်အတိုင်း ရင်ဆိုင်နေသည်။

သို့သော် သူတို့နှင့် နီးကပ်သော သူများကမူ ထိုအခိုက်အတန့်တွင် ထူးဆန်းသော သဘာဝလွန်စွမ်းအား လှုပ်ခပ်မှုကို ခံစားလိုက်ရ၏။ ထိုအကြားတွင် ဇွန်ဘီများ ဖုံးကွယ်နေသည်ဟုသာ ထင်လိုက်ကြပြီး လန့်သွားကြသည်။ အခြားသော သဘာဝလွန်စွမ်းအားရှိသော ဇွန်ဘီများကလည်း အလားတူ ပင် တောင့်တင်းကုန်သည်။

အချိန်တန်ကြာပြီးသည့်တိုင်အောင် မည်သည့် ထူးဆန်းသည့် စွမ်းအားမှ ထပ်မရောက်လာတော့ပေ။

သူတို့ဘဲ အကြောက်လွန်ပြီး အန္တရာယ်ကို ခံစားမိနေတာလား…

ရှုရှင်း၏ အကာအကွယ်စက်ကွင်းက ဖောက်မြင်ရမတတ် ကြည်လင်နေသည်။ ဇွန်ဘီများကိုသာ သီးသန့် သက်ရောက်မှု ရှိ၏။ အခြားသော သူများကလည်း ပက်ပင်းတိုးလျှင်ပင် ထူးထူးခြားခြား ခံစားမိမည် မဟုတ်ပေ။ ထိုအတွက်ကြောင့်လည်း ရှုရှင်းက လူပေါင်းများစွာအကြားတွင် ထုတ်ပြရဲခြင်း ဖြစ်သည်။

အကာအကွယ်စက်ကွင်း၏ သက်တောင့်သက်သာရှိစွာ ကာကွယ်ပေးမှုကို ခံလိုက်ရသည့်အခါ ယန်မော့တို့ သုံးယောက်ကလည်း လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်လေသည်။

လူအများစုက အပြေးလာနေသော ဇွန်ဘီများကို တိုက်ခိုက်ရင်း အလုပ်များနေကြချိန်တွင် အောက်ဖက်တွင် ဇွန်ဘီများက ခွဲခြားဆက်ဆံကာ တိုက်ခိုက်နေကြကြောင်းကို သတိမထားမိကြချေ။ သူတို့သည်လည်း ပုရှန်းဝမ် မူချီမိုင်တို့ကို မတိုက်ခိုက်တော့ဘဲ လျစ်လျူရှုထားသကဲ့သို့ အခြားသော သူများကိုသာ ဝိုင်းပြီး တိုက်ခိုက်နေကြလေသည်။

ရှုရှင်းသည်လည်း အဆင့်လေး ဇွန်ဘီကို ကန့်သတ်စက်ကွင်းချချင်သည့် ကိစ္စကို ဘယ်သောအခါမှ လက်မလျော့သေးပေ။ ယန်မော့တို့အနားတွင်သာ ကန့်သတ်စက်ကွင်းကို အသင့်ပြင်စောင့်ထားလိုက်၏။

ယန်မော့နှင့် ရှောင်းလုံတို့က အဆင့်လေး ဇွန်ဘီနှင့် တိုက်ခိုက်နေချိန်တွင် တစ်ဖက်သူ၏ အရှိန်နှုန်းက သိသိသာသာ နှေးကွေးသွားကြောင်း ခံစားမိလိုက်သည်။

သူ၏ ကိုယ်ပေါ်မှ အကာအကွယ်စက်ကွင်းကို ခံစားမိထားသော ယန်မော့ကလည်း ရှုရှင်းက ကူညီပေးနေမှန်း တန်းသိလိုက်သည်။ ထို့ကြောင့် ပုံမှန်မဟုတ်သည့် အမူအရာကို မပြသလိုက်ချေ။

“သူ့ရဲ့ အရှိန်နှုန်းက နှေးသွားတာ ခံစားမိလား”

ရှောင်းလုံးကလည်း ယန်မော့ကို မေးသည်။

******

All Chapters