← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

98 01

အပိုင်း (၉၈) အခုက ငါ့ဆီကနေ လျှို့ဝှက်ချက်သေးသေးလေးတွေ ဖုံးကွယ်နေပြီ ပေါ့လေ

“အင်း သူအင်အားကုန်နေတာ ဖြစ်မယ်”

ယန်မော့ကလည်း အသင့်လျှော်ဆုံးသော အဖြေကိုသာ ဖြေလိုက်သည်။

ယန်မော့က ဆုံးဖြတ်ချက်ကို ကြာပြီး ရှောင်းလုံကလည်း ဖြစ်ထိုက်သည်ဟု ထင်လိုက်သည်။ သို့သော် အများကြီး တွေးမနေတော့ပေ။

ကန့်သတ်စက်ကွင်းက ထိုအဆင့်လေးဇွန်ဘီအား တစ်ဆယ်ရာခိုင်နှုန်းနီးပါး ကန့်သတ်နိုင်သည်။ ဒါဟာ အရှိန်နှုန်းကို အဓိကသွားပြီး သက်ရောက်သည်။ ထို့ကြောင့် နဂိုက အရှိန်နှုန်းကို မှီခိုကာ တိုက်ခိုက်နေသော ဇွန်ဘီကလည်း သူ၏ အရှိန်နှုန်းက တစ်ဆယ်ရာခိုင်နှုန်းအထိ ရုတ်တရက် ထိုးကျသွားသောအခါ ယန်မော့တို့အတွက် အလျှင်းသင့်သွားသည်။ မည်သို့ပင် ဆိုစေ သူတို့ကလည်း ဇွန်ဘီနောက်သို့ တောက်လျှောက်လိုက်ရင်း အရှိန်အားဖြင့်ကျင့်သားရလာပြီ ဖြစ်သည်။ ယခုအခါ ယန်မော့နှင့် ရှောင်းလုံတို့၏ တိုက်ကွက်တဝက်ကျော်ကျော်ခန့်က သူ၏ကိုယ်ပေါ်သို့ ကျလာပြီး အခြားတစ်ဖက်မှလူများကလည်း သူတို့ကို ဝိုင်းနေသောဇွန်ဘီအုပ်ကို ဖြေရှင်းပြီး လာရောက်ကာ ကူညီပေးကြသည်။

လက်သီးနှစ်ဖက်က လေးဘက်ကို မယှဉ်နိုင်ပေ။ ပုရွက်ဆိတ်ကပင် ဆင်ကို သတ်နိုင်သည်။ ထို့ကြောင့် အဆင့်လေး ဇွန်ဘီဆိုလျှင် မပြောသင့်တော့ပေ။ ထို့ကြောင့် အားလုံး၏ ဝိုင်းက သုတ်သင်မှုကို ခံရလေသည်။

အဆင့်လေးဇွန်ဘီကို အောင်မြင်စွာဖယ်ရှားပြီးနောက် အားလုံးကလည်း ကြမ်းတမ်းသော တိုက်ပွဲအပြီး ပင်ပန်းသွားကြသည်။ ယန်မော့က သူ၏ စိတ်စွမ်းအားကို ဖြန့်ကာ ပတ်ဝန်းကျင်တစ်ခုလုံးကို လေ့လာကြည့်လိုက်သည်။ အဆင့်လေးဇွန်ဘီကို ကိုင်တွယ်ရသော အခါ သူသည်လည်း အင်အားအများကြီး ကုန်သွားပြီး မျက်နှာကလည်း ဖျော့တော့နေသည်။ ယခုလိုယန်မော့ကို မြင်ရသည့်အခါ ရှုရှင်းက စိတ်မကောင်းဖြစ်သွားပြီး အနားသို့ပင် ပြေးအလွှားသွားကာ အားဖြည့်ပေးချင်သည်။ ထိုအခါမှသာ သူက သက်တောင့်သက်သာ ရှိနိုင်မည် ဖြစ်သည်။

ယန်မော့က ရှုရှင်း၏ ရည်ရွယ်ချက်ကို သိသည်။ သူမ၏စွမ်းအားကို သုံးတော့မည့် ရှုရှင်း၏လက်ကို ကိုင်ပြီး ခေါင်းကို အသာခါပြသည်။

“ငါ အထဲက လူတွေကို ကယ်ဖို့ လူခေါ်သွားလိုက်မယ်။ မင်း လိုက်ချင်သေးလား”

ရှောင်းလုံကလည်း အနားသို့လာပြီးမေးသည်။

“မလိုက်တော့ဘူး။ အထဲမှာတော့ အန္တရာယ်မရှိလောက်တော့ပါဘူး။ လူကယ်ပြီး ပြန်ခေါ်လာရမှာက မင်းအလုပ်လေ။ ငါတို့ ဝင်မပါတော့ဘူး”

“အင်း ကောင်းပြီ”

ယန်မော့က မဝင်နိုင်ပေ။ ရှောင်းလုံကလည်း ငြင်းစရာမရှိပေ။

ထိုအချိန်ကတည်းက ယန်မော့သည် လူကယ်ရာတွင်သာ ကူညီပေးမည် ကယ်ပြီးနောက်ပိုင်း ကိစ္စကို တာဝန်မယူဟု ပြောထားပြီးသား ဖြစ်သည်။ သူသည်လည်း နားလည်ပြီးသားဖြစ်သည်။ ထို့ကြောင့် ရှောင်းလုံက အသင်းကို အတွင်းဘက်သို့ ခေါ်သွားပြီး ကားနှင့် ပစ္စည်းများကို စောင့်ကြည့်ရန် လီဟုန်ရှန်းကို ချန်ထားရစ်ခဲ့သည်။

ရှုရှင်းကလည်း အခြေစိုက်စခန်းထဲတွင် စာရင်းသွင်းသောအခါ သူမ၏ နေရာလပ် စွမ်ရည်ကို ထုတ်ပြောပြီးသား ဖြစ်သည်။ ထို့ကြောင့် လီဟုန်ရှန်း၏ အရှေ့တွင် နေရာလပ်စွမ်းရည်ကို ထုတ်သုံးရာတွင် ပြဿနာမရှိပါပေ။

အတွင်းဘက်မှ လူများ၏ အခြေအနေကို မသိနိုင်သေးပေ။ သူတို့၏ ခန္ဓာကိုယ်အခြေအနေကလည်း မကောင်းမွန်သေးချေ။ ထို့ကြောင့် ဒီနေ့ ကြမ်းတမ်းသော တိုက်ပွဲပြီးနောက် အလွန်ပင်ပန်းနေကြလောက်သည်။ သူတို့သည် အပြေးအလွှား ပြန်ကြလောက်မည့် အချက်ကို တွေးတောပြီး ဒီည ဒီနေရာတွင် နားလောက်သည်ဟု တွေးလိုက်သည်။

98 02

နားစရာကို ရှာပြီးသည်နှင့် ရှုရှင်းက ရွက်ဖျင်တဲ နှစ်ခုကို ထုတ်လိုက်သည်။ အရင်တစ်ခေါက်က သုံးပြီးသား ဖြစ်သောကြောင့် ရွက်ဖျင်တဲ ထိုးပြီးသား ဖြစ်နေသည်။ သူတို့ လေးယောက်ကလည်း နှစ်ယောက်တစ်တွဲစီ ဝင်လိုက်ကြ၏။

“ရပြီ ရှင်းပေါင် ငါအခု တကယ်အဆင်ပြေပြီ။ ကြည့်အုံး မင်းက မင်းရဲ့ စွမ်းအားကို သုံးပြီး ငါ့ရဲ့စွမ်းအင် တဝက်ကျော်ကျော်လောက်ကို ပြန်ဖြည့်ပေးလိုက်တာပဲ”

ယန်မော့က ရှုရှင်းကို ပွေ့ဖက်ရင်း သူမ၏ ပခုံးပေါ်တွင် မေးတင်ကာ နားသည်။

“အင်း နင်အရင်ကထက် အများကြီး အဆင်ပြေသွားတဲ့ပုံ။ပဲ တကယ်သက်သာတယ်မလား။ ငါ ရှန်းဝမ်နဲ့ ချီမိုင်ကို သွားကြည့်ပေးလိုက်အုံးမယ် ။သူတို့လည်း အင်အားအများကြီး ကုန်ထားတာ”

ရွက်ဖျင်တဲ၏ အကာကြောင့် ရှုရှင်းသည်လည်း သူမ၏ သဘာဝလွန်စွမ်းအားကို ထုတ်ကာ ယန်မော့၏ ကုန်ဆုံးသွားသော စွမ်းအားများကို ပြန်ဖြည့်ပေးလိုက်သည်။ ယန်မော့၏ မျက်နှာက နီလာမှသာ သူမက ရပ်တန့်လိုက်၏။ ထို့နောက် ပုရှန်းဝမ်နှင့် မူချီမိုင်ကိုလည်း မမေ့သေးပါချေ။

ရှုရှင်းက ချက်ချင်း ထကာ ဘေးရွက်ဖျင်တဲသို့သွားပြီး ထိုနှစ်ယောက်၏ အင်အားကိုလည်း ပြန်ဖြည့်ပေးလိုက်သည်။ ယန်မော့ကလည်း ရွက်ဖျင်တဲထဲတွင် တစ်ယောက်တည်း နားပြီး ကျန်ရစ်ခဲ့သည်။

ရှုရှင်း ပြန်ရောက်လာသောအခါ ယန်မော့က ဇွန်ဘီသွေးများ စိုနေခဲ့သော ဝတ်စုံကို လဲပြီးသားဖြစ်သည်။ ထို့ကြောင့် လူကြီး လူကောင်းနှင့် တူသွား၏။ ရှုရှင်းကလည်း ညစ်ပတ်သော အဝတ်အစားကို ရွံရှာသည်။ ထို့ကြောင့် အဝတ်အစား အသစ်လဲလိုက်သည်။

သူမက အဝတ်အစားလဲပြီးရုံသာ ရှိသေးသည်။ အပြင်ဘက်မှ အသံကို ကြားရသည်။ ရှောင်းလုံတို့ ပြန်ထွက်လာလောက်လေပြီ။

ရှုရှင်းက သိချင်စိတ် အပြည့်ဖြင့် ယန်မော့ကို ခေါ်ကာ တက်ကြည့်ရန် ပြင်လိုက်၏။ ရွက်ဖျင်တဲမှ ပြန်ထွက်ရန် တစ်စက္ကန့်အလိုတွင် ထူးဆန်းသော မိန်းကလေးတစ်ယောက်၏ အသံကို ကြားပြီး ရပ်သွားသည်။

လေသံက အလွန်အလိုလိုက်ခံထားရပုံပေါက်သည်။ ရှုရှင်းကလည်း ခေါင်းကို လှည့်၍ နံဘေးနားမှ အဆွဲခေါ်ခံထားရသော ယန်မော့ကို ကြည့်ပြီးနောက် ခြေထောက်ကို ပြန်ရုတ်လိုက်သည်။ ထို့နောက် တစ်ဖန်လှည့်ပြီး ယန်မော့ကို ပြန်ဆွဲခေါ်သွားသည်။

“ရှင်းပေါင် အပြင်ထွက်ကြည့်မယ်လို့ ပြောတာ မဟုတ်ဘူးလား ဘာဖြစ်ပြန်ပြီလဲ”

ယန်မော့ကလည်း ရှုရှင်း၏ အကြည့်ကြောင့် နည်းနည်းစိတ်ရှုပ်သွားပြီး နည်းနည်း နားမလည်နိုင်သလို ဖြစ်သွားသည်။ သူ၏ ဇနီးလေး၏ အတွေးယာဉ်ကြောကို အမြန်ဆုံး နားလည်နိုင်အောင် ကြိုးစားရင်း သူက လှမ်းမေးလိုက်သည်။

“ငါ ရုတ်တရက် ရွက်ဖျင်တဲမှာ ပြတင်းပေါက်တွေ ရှိတာကို သတိရသွားလို့ အထဲကနေလည်း ကြည့်လို့လည်း ရတယ်လေ အထဲက ကြည့်တာ ပိုမကောင်းဘူးလား”

ရှုရှင်းကလည်း အစစ်အမှန် အကြောင်းပြချက်ကို မပြောဘဲ အကြောင်းပြချက် တစ်ခုကို ပေးလိုက်သည်။

“ဟင် ရှင်းပေါင် မင်းငါ့ကို အမှန်တရားတောင် မပြောပြတော့ဘူး ဆိုတော့ အခုကစပြီး ငါ့ဆီကနေ လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတော့မယ်ပေါ့လေ”

ယန်မော့က မျက်လုံးကို မှေးစင်းလိုက်ပြီး အဆုံးအစမဲ့သော ဆုံးရှုံးမှုများ သယ်ဆောင်ထားသည်ဟု ထင်ရသည့် လေသံမျိုးနှင့် ပြောသည်။

“ငါ ငါ…ငါပြောမယ်နော် နင်ငါ့ကို ဒေါသမထွက်နဲ့”

“အင်း ငါ ကတိပေးတယ် တကယ်ဒေါသမထွက်ဘူး”

98 03

“တကယ်တော့ ငါ ခုနက အပြင်ဘက်ကနေ မိန်းမအသံကြားလိုက်တယ်။ တကယ်လို့ နင်ဒီမျက်နှာနဲ့သာ အပြင်ကို ထွက်သွားမယ်ဆိုရင် သေချာပေါက်ကို နင့်ကို ကြိုက်သွားမယ့် အခွင့်အရေးက တအားများတယ်လေ။ နင်က ငါ့အပိုင် အခြားမိန်းမတွေ တပ်မက်တာမျိုးကို မလိုချင်ပါဘူး”

ယန်မော့က ဟန်ဆောင်နေမှန်း သူမကို တမင်တကာ ဝမ်းနည်းအောင် လုပ်လို၍မှန်း သိနေသည့်တိုင်အောင် ရှုရှင်းကလည်း မနေနိုင်ဘဲ အညံ့ခံလိုက်ရင်း အတွေးကိုသာ ထုတ်ပြောလိုက်သည်။

“ဖူး….ရှင်းပေါင် မင်းက တအားချစ်ဖို့ကောင်းတာပဲ။ ငါက နာမည်ကျော်ကောင်လို့များ ထင်နေတာလား။ အမျိုးသမီးတိုင်းက ငါ့ကို သဘောကျမှာမှ မဟုတ်တာ။ မစိုးရိမ်နဲ့ တစ်ယောက်ယောက်က ငါ့ကို သတ်မှတ်ခဲ့ရင်တောင်မှ ငါက မင်းအပိုင်ပဲ”

ယန်မော့က ရှုရှင်း၏ မျက်နှာပေါ်မှ အသားနည်းနည်းလေးကို သဘောတကျ အသာဖိညှစ်လိုက်ပြီး ရင်ခွင်ထဲထည့်ကာ ဆွဲဖက်သည်။

“ဟင့် ငါ့ကို မရယ်နဲ့”

ယန်မော့၏ ရင်ခွင်ထဲတွင် မှီနေသော ရှုရှင်းကလည်း ယန်မော့၏ ရင်ဘတ်ကို လက်ညိုးဖြင့်ထိုးသည်။

“အင်း လိမ္မာ လိမ္မာ မင်း မထွက်နဲ့ဆိုရင် ငါမထွက်တော့ဘူးနော်။ အခု ရွက်ဖျင်တဲထဲမှာပဲ နေပြီး လှမ်းကြည့်တော့မယ်”

ယန်မော့ကလည်း လက်ကို မြောက်လိုက်ပြီး ရွက်ဖျင်တဲ၏ ပြတင်းပေါက် အဝတ်ကို မလိုက်သည်။ ထိုအခါ ရှုရှင်းသည်လည်း အပြင်ဘက်မှ အခြေအနေကို လှမ်းမြင်လိုက်ရသည်။

အပြင်ဘက်က ရှုရှင်းတွေးထားသလို အမှန်တကယ် စည်ကားနေသည်။

“ရှောင်းကော ငါ့ အဖိုးက တကယ် အဆင်ပြေမှာ မဟုတ်လား”

လျှန်ယာကျွင်းက ရှောင်းလုံ၏ အနားသို့ အတင်းကပ်လာပြီး သူမ၏ ခန္ဓာကိုယ်ဖြင့် သူ့ကို မှီမတတ် ကပ်လာသည်။

“ကျန်းချုံက ရှင်းရှင်းလင်းလင်း ရှင်းပြထားပြီးသား။ ပါမောက္ခလျှန်က အချိန်တန်ကြာအောင် ရေမသောက် ဘာမှ မစားထားဘဲ နေခဲ့လို့ အဲ့ဒီလို ဖြစ်သွားတာ။ ဒါ့အပြင် အင်အားကုန်နေတာလဲ ပါတယ်။ ဒါကြောင့် သတိမေ့သွားတာပဲ။ သူနိုးလာတဲ့အခါ ကောင်းကောင်းကျွေးလိုက်ရင်း ကောင်းသွားလိမ့်မယ်”

ရှောင်းလုံက ခြေတစ်လှမ်းခန့် နောက်ဆုတ်ပြီး ခြေတစ်လှမ်းခန့် ခြားလိုက်လေရာ လျှန်ယာကျွင်းက ဟန်ချက်ပျက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

ထိုအခြေအနေကိုကြည့်နေသော အသင်းထဲမှ လူများက ကျင့်သားရနေသကဲ့သို့ ဖြစ်သည်။ သူသည် စစ်တပ်ထဲတွင် ရှိနေကတည်းက ရှောင်းလုံသည် ကောင်မလေးများထဲတွင် အလွန်ကျော်ကြားသည်။ ရှောင်းလုံ၏ အာရုံကို ဆွဲဆောင်ရန် အလို့ငှာ အမျိုးမျိုးသော နည်းလမ်းများကို သုံးကာ ချဉ်းကပ်ရန် ကြိုးစားသူများ ရှိသည်။ ရှောင်းလုံ၏ အသင်းဖော်များအနေဖြင့် သူတို့သည်လည်း ဒီလို အခြေအနေမျိုးကို မြင်ဖူးနေကြဖြစ်သည်။ လျှန်ယာကျွင်း၏ ယခု နည်းလမ်းကမူ မရင့်ကျက်လွန်းချေ။ ယခင် ဖျားယောင်းဖူးသော နည်းလမ်းများနှင့် နှိုင်းယှဉ်ကြည့်သော် ယခု နည်းလမ်းများက ကလေးဆန်လွန်းလေသည်။

ယဲ့ယွီအန်းကလည်း လျှန်ယာကျွင်းက ရှောင်းလုံကို ကပ်တွယ်နေသည်ကို စိတ်ဝင်တစား ကြည့်နေသည်။ သူမကလည်း သဘောမကျ မဖြစ်ပါပေ။

ရှောင်းလုံကလည်း ယဲ့ယွီအန်းက ပွဲကြည့်သလို ကြည့်နေမှန်းလည်း မြင်သည်။ ထို့ကြောင့် သူသည် အကြောင်းပြချက် အချို့ကြောင့် မပျော်မရွှင် ဖြစ်သွားသည်။ သူ၏ အမူအရာက ပို၍သာ အေးစက်လာသည်။ သူသည် အနားကို ထပ်ကပ်ချင်နေသော လျှန်ယာကျွင်းကို လျစ်လျူရှုကာ ကားထဲသို့သာ သွားလိုက်သည်။

သူတို့ နောက်ပိုင်း ဘာပြောမှန်းတော့ မကြားရပေ။ သို့သော် အမူအရာကို ကြည့်ရုံဖြင့်တင် သူမ၏ စိတ်ထဲတွင် စကားလုံးသောင်းကျော်နှင့် ဝတ္ထုတစ်ပုဒ်က ပေါ်လာသည်။

98 04

ထိုပြတင်းပေါက်လေးကတဆင့် ကယ်ဆယ်ခံလိုက်ရသော လူသုံးယောက်က အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက် ဖြစ်ကြောင်း မြင်နိုင်သည်။ လူသုံးယောက်ကိုသာ ကယ်ဆယ်ထာနိုင်၏။ သို့သော် ရှောင်းလုံနှင့် အဖွဲ့ကမူ အတွင်းတွင် အချိန်တန်ကြာ နေခဲ့ကြသည်။ ထို့ကြောင့် တစ်စုံတစ်ရာ ဖြစ်ခဲ့လောက်မည်ဟု တွေးလိုက်၏။

ရှုရှင်းကလည်း ယခု မြင်ကွင်းကတဆင့် ကယ်ဆယ်ခံလိုက်ရသော ကောင်မလေးက အမျိုးသားဇာတ်လိုက် ရှောင်းလုံကို ချစ်ကျွမ်းဝင်သွားကြောင်း သိလိုက်သည်။

ဆိုတော့ မက်မွန်သီးဆိုးကို ရှောင်းလုံက ခူးသွားတာပဲ။

ဘယ်လိုလုပ်ရမလဲ။

ရှုရှင်းသည်လည်း ရုတ်တရက် အခြားသူ၏ ကံဆိုးမှုအတွက် ဝမ်းသာအားရ ဖြစ်မိသွားသည်။

ဟီးဟီး ငါ တကယ်အကျင့်ဆိုးတာပဲ။

ရှုရှင်းက ပါးစပ်ကို အုပ်ထားပြီး အရူးလေးကဲ့သို့ ရယ်နေသည်။

“ရှင်းပေါင် အခု အခြားသူက ငါ့ကို မြင်မြင်ချင်း မချစ်တော့ဘူးဆိုတာမြင်ပြီး စိတ်အေးနိုင်ပြီလား”

ရှုရှင်းက ခိုးရယ်နေကြောင်း မြင်သောအခါ ယန်မော့ကလည်း ကူကယ်ရာမဲ့ပြီး သဘောကျနေသည်။

နှစ်နာရီနီးပါး အနားယူပြီးနောက် ရှောင်းလုံတို့ အသင်းကလည်း ယန်မော့တို့အသင်းနှင့်သိပ်မဝေးသော တစ်နေရာတွင် ရွက်ဖျင်တဲ ချသည်။

ညစာစားချိန်ရောက်မှသာ ရှုရှင်းတို့က အပြင်ထွက်တော့သည်။

သူသည် ရှောင်းလုံ၏ အသင်းဘက်မှ အခြေအနေကို တစ်ချက် ကြည့်လိုက်သေးသည်။ ကယ်ဆယ်ခံထားရသော လူသုံးယောက်က မီးပုံနားတွင် တိတ်တဆိတ် ထိုင်နေကြသည်။ သူတို့၏ နွမ်းနယ်နေသော မျက်နှာများကလွဲပြီး အခြားသော ဒဏ်ရာများကို မမြင်ရပါပေ။

မီးက မွှေးကာစဖြစ်သည်။ သူတို့က မီးပုံနားတွင် ထိုင်နေရုံသာ ရှိသေးသည်။ ရှောင်းလုံကလည်း ကယ်ဆယ်ပြီးသော လူသုံးယောက်နှင့် ရောက်လာသည်။

“ဒါက ဆည်းဆာချိန် (အရင်က အာရုဏ်ဦးလို့ သုံးထား) အသင်းရဲ့ ခေါင်းဆောင် ယန်မော့ အသင်းဝင်တွေကတော့ ပုရှန်းဝမ်၊ မူချီမိုင်၊ ရှုရှင်းတဲ့ ဆည်းဆာချိန်အသင်းကလည်း ခင်ဗျားတို့ကို ကယ်ဆယ်ခဲ့တဲ့အကျိုးအမြတ် တဝက်ပါတယ်”

“ဒါက ပါမောက္ခလျှန်ပေ့ သုတေသန ပညာရှင် နင်ကျန်းယွမ် ပါမောက္ခလျှန်ရဲ့ မြေး လျှန်ယာကျွင်း”

ရှောင်းလုံက ယန်မော့တို့ကို တစ်ဖက်သုံးယောက်နှင့် အချင်းချင်း မိတ်ဆက်ပေးသည်။ ယန်မော့တို့ကလည်း နာမည်ခေါ်သည့်အတိုင်း ခေါင်းသာ ညိတ်၏။ ဒါကို လက်ခံသည်ဟု ယူဆနိုင်သည်။

“ငါတို့ကို ကယ်ဆယ်ပေးတာ ကျေးဇူးတင်ပါတယ် တကယ်လို့ အနာဂတ်မှာ ငါကူညီပေးနိုင်တာများ ရှိမယ်ဆိုရင် ငါ့ကို ကျေးဇူးပြုပြီး အကြောင်းကြားလိုက်ပါ ငါ သေချာပေါက် ကူညီပေးမယ်”

စားသောက်ပြီး နာရီအနည်းငယ်ခန့် အနားယူပြီးသောအခါ လျှန်ပေ့ကလည်း အင်အားအများကြီး ပြန်ရပြီ ဖြစ်ကာ မတ်တပ်ရပ်နိုင်ပြီ ဖြစ်သည်။

ရှောင်းလုံက သူတို့ကို ကယ်ဆယ်သောအခါ နောက်ထပ်တစ်သင်းရှိသေးကြောင်း ပြောကြသည်။ သို့သော် ဝင်မလာခဲ့ချေ။ ယခုအခါ အချင်းချင်း မိတ်ဆက်ပေးလာပြီ ဖြစ်သည်။ ထို့ကြောင့် လျှန်ပေ့၏ စိတ်ကလည်း တက်ကြွသွားသည်။ အပြင်သို့ လွှတ်ကာ ကယ်ဆယ်ရေးတာဝန်ကို လုပ်ဆောင်နိုင်သော အသင်းက သေချာပေါက် အင်အားကြီးရပေမည်။ မြို့တော် C ၏ အခြေစိုက်စခန်းသို့ မရောက်သေးခင် ဆက်ဆံရေးကောင်းတည်ဆောက်ရန် အခွင့်ရေးကောင်း ယူထားရပေမည်။ ဒါက သူ့အတွက် အကျိုးအမြတ်သာ ရှိမည် ဖြစ်ပြီး ဘယ်သောအခါမှ သူ့ကို ထိခိုက်စေမည် မဟုတ်ပေ။

98 05

လျှန်ပေ့ကလည်း သူ၏စိတ်ထဲတွင် ပေသီးခေါက်နေသည်။ သို့သော် သူ၏ မျက်နှာတွင် ကျေးဇူးတင်သောအမူအရာမျိုး အပြည့်နှင့် ဖြစ်သည်။

“ကယ်ဆယ်ရေးအသင်းကို အခြေစိုက်စခန်းက ထုတ်တာ ဆိုတော့ ပြန်သွားတဲ့အခါ ထိုက်တန်တဲ့ ရလဒ်တွေကို အခြေစိုက်စခန်းက ပေးမှာပါ။ ပါမောက္ခလျှန်က စိုးရိမ်စရာ မလိုပါဘူး”

ကုန်လွန်ခဲ့သော နှစ်များတွင် ယန်မော့ဟာ အမျိုးမျိုးသော မကောင်းဆိုးရွား မိစ္ဆာများကို ကြုံတွေ့ခဲ့ပြီးသား ဖြစ်ကာ လျှန်ပေ့၏ မျက်လုံးထဲမှ တွက်ချက်မှုကို တစ်ချက် ကြည့်လိုက်ရုံဖြင့် မြင်သည်။ ထို့ကြောင့် သူသည် အကွာအဝေးခြားသော စကားမျိုးကို ပြောလိုက်သည်။

“အခြေစိုက်စခန်းက အခြေစိုက်စခန်းလေ။ ငါက ငါ အခုစကားက ငါ့ရဲ့ စိတ်ရင်းပါ ခေါင်းဆောင်ယန် တကယ်လို့ အနာဂတ်မှာ အကူအညီလိုရင် ပြောပါ”

လျှန်ပေ့ကလည်း ယန်မော့၏ငြင်းဆန်မှုကို မကြားချင်ယောင်ဆောင်ပြီး ဆက်ပြောသည်။

အတူလိုက်လာသော နင်ကျန်းယွမ်က လှောင်ပြောင်လိုသော အရိပ်ဖြတ်ပြေးသွားသည်။ လျှန်ပေ့နှင့် လျှန်ယာကျွင်းတို့အပေါ် သဘောမကျမှုက ပိုပြင်းထန်လာသည်။

“ကောင်းပြီ ငါတို့ အခု နှုတ်ဆက်ပြီးပြီ ဆိုတော့ ပြန်ရအောင်”

ရှောင်းလုံကလည်း အနီးအနားတွင် ရပ်နေရုံဖြင့် လျှန်ပေ့၏ မကောင်းသော ရည်ရွယ်ချက်ကို ကြည့်သည်။ ထို့ကြောင့် စိတ်မရှည်မှုက ဖြတ်ပြေးသွားပြီး ပြန်ရန် တိုက်တွန်းသည်။

“မင်းတို့ရဲ့ အသင်းမှာ ကောင်မလေးတစ်ယောက်တည်းရှိတာ မဟုတ်လား ဆိုတော့ အချင်းချင်းကစားဖော်ရှိမှာ မဟုတ်ဘူး။ ယာကျွင်းကလည်း မင်းတို့နဲ့ သက်တူ ရွယ်တူပဲလေ ဆိုတော့ များများအဆက်အသွယ်လုပ်ကြပေါ့။ ကလေးတွေမှာ ပြောစရာများများ ရှိမှာပဲ”

ဒီအတိုင်း ပြန်မသွားလိုသော လျှန်ပေ့၏ မျက်လုံးက အနောက်ဖက်တွင် ရပ်နေသော လျှန်ယာကျွင်းဆီ ရောက်သွားသည်။ သူ၏ မျက်လုံးက တောက်ပသွားပြီး အရှေ့သို့ ဆွဲခေါ်သည်။

ရှောင်လုံတို့ အနားယူသော နေရာကလည်း ယန်မော့တို့နှင့် သိပ်မဝေးချေ။ ထို့ကြောင့် ရှုရှင်းနှင့် ယဲ့ယွီအန်းတို့ကလည်း ထိုစကားများကို ရှင်းရှင်းကြားလိုက်သည်။ နှစ်ယောက်လုံးက တိတ်တဆိတ်မျက်လုံးလှန်သည်။

“ဟားဟား မလိုပါဘူး ငါတို့အသင်းက လူတွေ အားလုံးကလည်း အရမ်းငယ်တာ ဆိုတော့ အချင်းချင်း စကားပြောဆို ဆက်သွယ်ဖို့ကလည်း ပြဿနာမရှိဘူး နောက်ပြီး ငါ့ယောက်ျားကလည်း ငါနဲ့အတူ ကစားပေးမှာပေါ့။ ဆိုတော့ ကျေးဇူးအများကြီး တင်ပါတယ်”

ရှုရှင်းကလည်း တိုက်ရိုက်ပင် ငြင်းဆန်လိုက်ပြီး အကူအညီ မလိုကြောင်း ပြောသည်။

“မလိုဘူး”

ယဲ့ယွီအန်းက ပို၍တိုက်ရိုက်ကျသည်။ သူမက နောက်ထပ်တစ်ဘဝ ထပ်မံရှင်သန်နိုင်ခဲ့သည့် အခါ အခြားသော သူများ၏ မျက်နှာကို ကြည့်နေမည် မဟုတ်ပေ။

လျှန်ယာကျွင်းကလည်း တိုက်ရိုက်အငြင်းခံရသောအခါ ရှက်သွားသည်။ စိတ်ထဲတွင်လည်း အငြိုးထားလိုက်သည်။

ရှုရှင်းက ရွက်ဖျင်တဲထဲမှ ထွက်လာသောအခါ လျှန်ယာကျွင်းက သူကို တန်း၍ သတိထားမိလိုက်သည်။ အနီးကပ်ကြည့်လာမှသာ ရှုရှင်း၏ ပုံစံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ပြီး မနာလိုစိတ်များက ပြင်းထန်လာသည်။

98 06

သူတို့နှစ်ယောက်လုံးက မိန်းမတွေပဲလေ။ ဘာလို့ ရှုရှင်းက ဒီလောက်ကံကောင်းပြီး ဒီလောက်ထိ တော်လွန်းတဲ့ ယန်မော့လို လူကို ရတာလဲ။ သူမကတော့ သူမကြိုက်တဲ့ သူကို တွေ့တာတောင်မှ သူက အရမ်းအေးစက်နေတယ်။

နောက်ပြီး အဲဒီ ယဲ့ယွီအန်းဆိုတဲ့ မိန်းမကလည်း ရှောင်းကောနဲ့ ဆက်ဆံရေး အရမ်းကောင်းတာ ဟွန့်

လျှန်ပေ့သည်လည်း အခုလို တိုက်ရိုက်အငြင်းခံရမည်ဟု မထင်ထားမိပေ။ သူလည်း နည်းနည်း ရှက်သွားပြီး လျှန်ပေ့၏ အနောက်မှသာ ပြန်လိုက်သွားလိုက်သည်။

နင်ကျန်းယွမ်က ယန်မော့တို့ကို ခေါင်းအသာ ငြိမ့်ပြပြီးနောက် လှည့်ထွက်သွားလိုက်သည်။

သူတို့ ယခု စကားပြောသော အမူအရာအရ ယန်မော့သည် သူတို့နှင့် အဆက်အသွယ် သိပ်မလုပ်ချင်မှန်း မြင်သည်။ ထို့ကြောင့် ဒီကျေးဇူးကြွေးကို စိတ်ထဲတွင်သာ မှတ်ထားရန်သာ ဆုံးဖြတ်ထားလိုက်သည်။ နောက်ပိုင်းလိုအပ်လျှင် ပြန်လည် ပေးဆပ်မည် ဖြစ်သည်။

တစ်ဖက်သို့ ပြန်ရောက်သည်နှင့်အားလုံးက ရိုးရှင်းသော စားစရာများကို စားကာ ဗိုက်ဖြည့်လိုက်ကြသည်။

“အား…”

အပြင်ထွက်စားစရာရှာပြီး ပြန်လာသော ကျားဖြူနှင့်နှင်းဝံပုလွေဖြူတို့ကို မြင်သောအခါ ထိုအကောင်များကို မမြင်ဖူးသည့် လျှန်ယာကျွင်းက ထအော်သည်။

“!!!”

ယန်မော့၏ ပခုံးပေါ်တွင် မှီထားပြီး ငိုက်မြည်းနေသော ရှုရှင်းက ရုတ်တရက် လန့်သွားသည်။ သူမက မျက်လုံးပြူးပြီး ထထိုင်လိုက်သည်။

ယန်မော့ကလည်း ရှုရှင်း၏ တုံ့ပြန်မှုကြောင့် လန့်သွားသည်။ ရှုရှင်းက လန့်ပြီး နိုးလာသောကြောင့် မျက်နှာပေါ်မှ ကြောက်ရွံ့နေသော အမူအရာမျိုးကို မြင်သောအခါ ယန်မော့က ရှုရှင်းကိုချက်ချင်းပွေ့ဖက်လိုက်ပြီး အသာချော့လိုက်သည်။

ရင်နှီးကျွမ်းဝင်ပြီး လုံခြုံသော ရင်ခွင်ထဲတွင် လှဲလိုက်မှသာ ရှုရှင်း၏ အခုန်နှုန်းမြန်ဆန်နေခဲ့သော နှလုံးသားကလည်း ပြန်လည် တည်ငြိမ်သွားသည်။

သူ၏ ဇနီးလေးက ပြန်လည် အဆင်ပြေးသွားကြောင့် မြင်သောအခါ ယန်မော့က ယခုလေးတင် အော်လိုက်သော သူကို တစ်ချက် ကြည့်သည်။ သူ၏ မျက်လုံးက စူးရှသွားသည်။

“ဒီမှာ ဒီမှာ ဝံပုလွေ…”

ပိန်းပိတ်အောင် မဲမှောင်သော ညတွင် မီးပုံမီးအလင်းကလည် ပတ်ဝန်းကျင်ကို အလင်းပေးထားသည်။

လျှန်ယာကျွင်း၏ စူးရှပြီး ကွဲအက်နေသော အသံကြီးက အားလုံးကို မျက်မှောင်ကြုတ်မိစေသည်။

လျှန်ယာကျွင်းက ရှောင်းလုံ၏ အနောက်တွင် ကြောက်လန့်တကြားပုန်းပြီး ရှောင်းလုံ၏ အင်္ကျီစကို လက်နှစ်ဖက်လုံးဖြင့် ဆွဲထားသည်။

“မိန်းကလေးလျှန် ဒါက ဆည်းဆာချိန်အသင်းရဲ့ ဝံပုလွေတွေပါ။ ငါတို့ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူးဆိုတော့ မကြောက်နဲ့ ကျေးဇူးပြုပြီး ငါ့ရဲ့အင်္ကျီကို လွှတ်ပေးပါ”

ရှောင်းလုံက ကွက်တိ အချိန်မှီ မရှောင်နိုင်တော့ချေ။ သူ၏ အဝတ်ကပင် ပြဲတော့မည်ဟု ခံစားနေရသည်။ သူ၏ အမူအရာကလည်း သုန်မှုန်လာပြီး ရေပင် ကျမတတ်ဖြစ်လာသည်။ သူ၏ မျက်ဝန်းထောင့်ကတဆင့် ပွဲကြည့်နေပုံရသော ယဲ့ယွီအန်း၏ အမူအရာကို မြင်သောအခါ ပို၍ပင် သဘောမကျ ဖြစ်လာသည်။ ထို့ကြောင့် သူ၏ အင်္ကျီကို ဆက်ကနဲ ဆွဲကာ ဆောင့်ရုန်းလိုက်သည်။

“ရှောင်း…ရှောင်းကော”

လျှန်ယာကျွင်းကလည်း တစ်ဖက်သူကို မယုံနိုင်စွာ ကြည့်သည်။ တစ်ဖက်သူက ထိုမျှအထိ လူကြီးလူကောင်းမဆန်စွာ ပြုမူလိမ့်မည်ဟု မထင်ထားမိပေ။ သူက အင်္ကျီကို ဆောင့်ရုန်းသွားလေရာ သူမကပင် လဲကျသွားရသည်။

ထို့အပြင် ယဲ့ယွီအန်းကို တစ်ချက်ကြည့်လိုက်သော အကြည့်ကိုလည်း သတိထားမိလိုက်သည်။ လျှန်ယာကျွင်းကလည်း ရုတ်တရက် ရှောင်းလုံ၏ အပြုအမူကြောင့် သင့်တော်သည့် အကြောင်းပြချက်ကို ရှာတွေ့သွားပြီး ယဲ့ယွီအန်းကို သာ စူးစိုက်ကြည့်လိုက်သည်။

******

All Chapters