အခန်း ၁၀၉
Vol. 11 Ch. 109
109 01
အပိုင်း (၁၀၉) ကြည့် ကောင်းကင်ပေါ်ကနေ လူတစ်ယောက်ကျလာတယ်
“ရှင်းပေါင်…”
ရှုရှင်းသည်လည်း ဇွန်ဘီတစ်ကောင်က သူမဆီ ပြေးလာမှန်းမြင်သောအခါ တစ်ဖက်သို့လှည့်ပြီး ရှောင်လိုသည်။ သို့သော် ခြေတစ်လှမ်းပင် မလှမ်းရသေးခင် တစ်စုံတစ်ယောက်က လည်ပင်းဂုတ်ဖက်မှ အင်္ကျီကော်လံကို ဆောင့်ဆွဲပြီး မြောက်မတင်လိုက်သည်။ ဇွန်ဘီများ၏ လက်သည်းများက အလွန်စူးရှကာ ချွန်ထက် ရှည်လျားနေသည်။ သူမ၏ လည်ပင်းနှင့် နီးသောကြောင့် သူမသည်လည်း ခပ်ကြမ်းကြမ်း မလုပ်ရဲသလို ရုန်းလည်း မရုန်းကန်ရဲချေ။ အကယ်၍ သူမက သတိမထားမိခဲ့လျှင် တစ်ခါတည်း အသတ်ခံရနိုင်ပြီး တုတ်ထိုးပင် ဖြစ်သွားနိုင်သည်။
ထိုသို့ဖြင့် လည်ပင်ကို အဆွဲခံလိုက်ရသော ရှုရှင်းကလည်း မလှုပ်ရဲတော့ချေ။
ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ခပ်မြန်မြန် ရောက်လာကြသည်။ ယန်မော့ကလည်း သူ၏ လက်အားသွားသည်နှင့် ရှုရှင်းဆီ အပြေးလာသည်။ သို့သော် ထိုတတိယအဆင့် ဇွန်ဘီက ရှုရှင်းကို ခေါ်သွားလိုနေကြောင်းကို မြင်ရသောအခါ သူသည်လည်း ရှိသမျှ လက်ကျန်စွမ်းအားကို အတင်းညှစ်ထုတ်ကာ တားရန် ကြိုးစားသည်။ တတိယအဆင့် အရှိန်နှုန်းမြင့် ဇွန်ဘီက သူ၏ လက်ရှိ အနေအထားမျိုးအရ လိုက်မှီနိုင်သောအ နေအထားမျိုးကို ကျော်လွန်နေသည်။ သူက သဘာဝလွန်စွမ်းအားကို အကန့်အသတ်သို့ ရောက်သည်အထိ ညှစ်ထုတ်ကာ ထုတ်သုံးသေးသည်။ တိုင်အောင် တစ်ဖက်သူ၏ ကိုယ်ပေါ်တွင် အမှတ်အသားရာကိုသာ ချန်ထားရန် တတ်နိုင်ခဲ့လေသည်။
“အား…”
သူ၏ ချစ်ရသူကို သူ၏ မျက်စိရှေ့တွင် ခေါ်ဆောင်သွားခံရသည့်အခါ သူသည် ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။ သို့သော် သူသည် ဘာကိုမှ မတတ်နိုင်တော့ပေ။ ကူကယ်ရာမဲ့သောခံစားချက်နှင့် ကိုယ့်ကိုယ်ကိုယ် မုန်းတီးသော ခံစားချက်က ယန်မော့၏ နှလုံးသားထဲတွင် တိုက်စားလာပြီး သွေးကြောများကို တဖြည်းဖြည်းချင်းစီ ဖျက်ဆီးက မျက်လုံးများကို နီသွားစေသည်။
“ဖူး…”
ခန္ဓာကိုယ်ထဲမှ သဘာဝလွန်စွမ်းအားများကို လွန်ကဲလွန်းစွာ အသုံးပြုသောအခါ ခန္ဓာကိုယ်ကို ပြင်းထန်သောတန်ပြန်သက်ရောက်မှုက ဖြစ်လာသည်။ ဒေါသထွက်နေသောအရှိန်နှင့် ပေါင်းစပ်လိုက်သော် ယန်မော့သည် သွေးတစ်လုတ် အန်ပြီးနောက် ယိုင်ထိုးကာ မတည်မငြိမ်ဖြစ်လာသည်။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ရှုရှင်းက အဖမ်းခံရမှန်း မြင်သည်။ သူတို့သည်လည်း ချက်ချင်းဆိုသလို အော်ဟစ်ပြီး သူတို့ကို တိုက်ခိုက်နေသော အကောင်နှစ်ကောင်ကို ခပ်မြန်မြန် ဖြေရှင်းပြီး ယန်မော့၏ လှုပ်ခါနေသော ကိုယ်ကို အပြေးအလွှားလာတွဲပေးကြသည်။
ယန်မော့၏ အပေါ်ယံလောကအပေါ် အာရုံခံစားနိုင်စွမ်းအားက ကုန်ဆုံးသွားကာ ထုံထိုင်းစွာဖြင့်သာ အရှေ့ဘက်သို့ လမ်းလျှောက်နေသည်။ သူ၏ ခြေလမ်းများက ပေါ့ပါးလိုက် လေးလံလိုက် ဖြစ်နေသည်။ သူသည် အချိန်မရွေးလဲကျသွားနိုင်သည်။
ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း သူ၏ ခံစားချက်က ဆိုးရွားနေမှန်းသိသည်။ သူတို့ဟာ မည်သို့သော နှစ်သိမ့်သည် စကားလုံးကို ပြောပြော အသုံးမဝင်လောက်ပေ။ ထို့ကြောင့် ရှိသမျှအချိန်ကို အရဖမ်းဆုပ်ယူကာ အင်အားကို ပြန်ဖြည့်နေပြီး သူတို့၏ မရီးကိုသာ ကယ်ရန် အမြန်ဆုံး ဆုံးဖြတ်လိုက်သည်။
သူတို့က RV ၏ တံခါးနားသို့ ရောက်သွားသောအခါ အတွင်းတွင် အိပ်ပျော်နေသည့် ရှောင်ပိုင်ကို မြင်ရသည်။ ထို့နောက် ယန်မော့သည် ဘာကိုမှ မပြောနိုင်တော့ဘဲ ချက်ချင်းဆိုသလို သတိလစ်သွားသည်။ မူချီမိုင်ကလည်း ခြေမြန်လက်မြန်ရှိပြီး သူ့ကို မြေပြင်ပေါ်သို့ ပြုတ်မကျသေးခင် လှမ်းထိန်းလိုက်နိုင်သည်။ သူသည် ပုရှန်းဝမ်ကို ကြည့်ချိန်တွင် ပူပန်မှုများကို မြင်ရသည်။
ဇွန်ဘီ၏ လက်ထဲတွင် ကော်လံမှ ဂုတ်ဆွဲ ချီခံလိုက်ရသော ရှုရှင်းကလည်း ယန်မော့အား စိတ်အေးစေရန် လှမ်းအော်သတိပေးလိုသေးသည်။ သို့သော် သူမက ပါးစပ်ဟလိုက်သည်နှင့် သူမ၏ လည်ဂုတ်မှ အရေပြားပေါ်သို့ ဇွန်ဘီ၏ အေးစက်ကာ ချွန်ထက်သော လက်သည်းက လာထိသလို ခံစားလိုက်ရသည်။
ဇွန်ဘီ၏လက်သည်းကလည်း အဆိပ်ရှိသည်။ ပိုဆိုးသည်မှာ အဆင့်သုံးအဆင့် ဇွန်ဘီ ဖြစ်နေသည်။ သူသည်လည်း လူသားအမြောက်အများနှင့် သူ၏ ဇွန်ဘီမျိုးတူများစွာကို စားထားခဲ့သည်။ ထိုလက်သည်းထဲတွင် ဘတ်တီးရီးယား မည်မျှ ရှိနေကြောင်း မသိနိုင်ပေ။ ထို့ကြောင့် ရှုရှင်းသည် ပါးစပ်ကို ပိတ်လိုက်သည်။
109 02
တစ်စုံတစ်ယောက်က လည်ဂုတ်မှ ကြောင်ပေါက်လေးတစ်ကောင် သို့မဟုတ် ပါပီလေးတစ်ကောင်ကဲ့သို့ ဂုတ်ဆွဲ ခေါ်ခံရသည့် ခံစားချက်ကမူ အတော်စိတ်လှုပ်ရှားစရာ ဖြစ်သည်။ အထူးသဖြင့် မြင့်မားလွန်းသော တိုက်များအကြားတွင် ပျံသန်းရသည့် ခံစားချက်မျိုး ဖြစ်သည်။ ဒုက္ခိတ မဖြစ်စေရန်အလို့ငှာ အတတ်နိုင်ဆုံး ကြိုးစားပြီး ခြေထောက်များကို မည်သည့်နေရာနှင့်မှ မထိစေရန်သာ ကြုံ့ထားရသည်။
သူမဟာ ခေါ်ဆောင်သွားခံရပြီးနောက် မည်သို့သော အခြေအနေမျိုးကို ကြုံတွေ့ရမည်မှန်းမသိသေးပေ။ သူမ၏ ခေါင်းက နာကျင်လွန်းသဖြင် ပေါက်ကွဲမတတ်ဖြစ်လာသည့်တိုင်အောင် မျက်လုံးကိုပင် မမှိတ်ရဲဘဲ ခြေထောက်ကို တင်းတင်း ကြပ်ကြပ် ဖိဆိတ်၍ အာရုံစိုက်ထားရသည်။
“ဟီး ဟီး ဟီး”
ရုတ်တရက် နောက်ထပ် ဇွန်ဘီ တစ်ကောင်၏ အော်သံကို ကြားရသည်။ ရှုရှင်းက တုန်ယင်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားသည်။
မဟုတ်တာ မဟုတ်တာ ဒီဇွန်ဘီက ဇွန်ဘီတွေ စုဝေးရာ အရပ်ကို ခေါ်လာတာတော့ မဟုတ်ပါဘူးနော်…
“ဟီးဟီး ဟိုးဟိုး ဟားဟား”
ရုတ်တရက် သူမကို ဂုတ်ဆွဲထားသော ဇွန်ဘီက ရုတ်တရပ် ထအော်သည်။
အခြေအနေကသာ ခွင့်ပြုမည် ဆိုလျှင် ရှုရှင်းကလည်း နားကိုပင် အုပ်လိုက်ကာ နားမခံ့နိုင်သော အသံကို ရှုံ့ချချင်နေသည်။
တစ်ဖက်က မည်သို့ပြန်ဖြေလိုက်မှန်းမသိပေ။ ရုတ်တရပ် သူမကို ချီထားသော ဇွန်ဘီက လက်လွှတ်လိုက်သည်။ ထိုအတိုင်း လွှတ်ချလိုက်ခြင်း ဖြစ်သည်။ လွှတ်ချလိုက်ပြီးသည်နှင့် သူက အသံလာရာဘက်သို့ အပြေးသွားသည်။
ရှုရှင်း “!!!”
အစ်ကိုကြီးရေ သိုင်းလောက အသိစိတ်မရှိဘူးလား ကျေးဇူးပြုပြီး ဒါက သုံးထပ်တောင် မြင်တဲ့ နေရာကနော်။
မသွားခင်လေး နည်းနည်းပါးပါး ပြောပြီး ထားခဲ့ပါအုံးလား ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ ပစ်ချထားခဲ့တာလဲ။
ဟာ မဟုတ်ဘူး အား…သေစမ်း ဇွန်ဘီ အစ်ကိုကြီး ဇွန်ဘီ အစ်ကိုကြီးရေ အခြားသူရဲ့ အသက်ကို ဂရုစိုက်ပေးပါအုံး…
သူမသည် လွတ်လွတ်လပ်လပ် ပြုတ်ကျသွားသောကြောင့် သက်တောင့်သက်သာပင် ဖြစ်နေသည်။ သို့သော် ထိုအချိန်အတောအတွင်း သူမ၏ စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ပြေးသွား၏။ သူမက ပြုတ်ကျပြီး သေသွားမည့် အခြေအနေကို မစိုးရိမ်ပေ။ အကြောင်းမူကား ထိုသို့ ဖြစ်နိုင်ချေ မရှိပေ။ ဘာပဲ ဖြစ်ဖြစ် အောက်ရောက်တော့မယ်ဆိုရင် နေရာလပ်နယ်မြေထဲက မွေ့ရာလေးကို ထုတ်ပြီး ခင်းလိုက်ရုံပဲလေ။
လွယ်လွယ်လေး..
မျှော်လင့်ချက်ကမူ အပြည့်ဖြစ်သည်။ အစစ်အမှန်ကခက်ခဲသည်။
“ကြည့်အုံး ကြည့်အုံး ကောင်းကင်က လူကျလာတယ်။”
“ကောင်မလေး ကောင်မလေး မြန်မြန်လေး ကယ်ဖို့ လမ်းရှာကြ”
သူမကပင် နေရာလပ်နယ်မြေထဲမှ မွေ့ရာကို မထုတ်ရသေးခင် အောက်ဖက်မှ လူအော်သံကို ကြားလိုက်ရသည်။
******