← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

115 01

အပိုင်း(၁၁၅) မျက်နှာကြောသေနေခြင်း

ဘမ်း

မြေပြင်ပေါ်သို့ လေးလံသော တစ်စုံတစ်ရာက ပြုတ်ကျလာသော အသံက ရှုရှင်းအား သတိကပ် အိပ်နေရာမှ နှိုးထသွားစေသည်။ သူမက မျက်လုံးကို သတိအပြည့်ကပ်ကာ ဖွင့်လိုက်ပြီး နံဘေးမှ ဓာတ်မီးကိုပင် ဖွင့်လိုက်ကာ အသံလာရာဘက်သို့ ထိုးလိုက်သည်။

ရှုရှင်းသည် မီးကို အလောတကြီး ဖွင့်လိုက်ခြင်း မဟုတ်ချေ။ ကားအပြင်ဘက်တွင် အကာအကွယ်စက်ကွင်းကို ထားပြီး ဇွန်ဘီများ မဝင်နိုင်အောင် လုပ်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ဖွင့်ရဲခြင်း ဖြစ်သည်။

မြေပြင်တွင် လူတစ်ယောက် လဲနေကြောင်းကိုလည်း မြင်ရ၏။ ရှုရှင်းက ကားတံခါးကို ဂရုတစိုက်ဖွင့်လိုက်ပြီး လက်ထဲတွင် လက်နက်ကို ကိုင်ကာ အခြားတစ်ဖက်က ဓာတ်မီးကို ကိုင်ပြီး တဖြည်းဖြည်း ကပ်သွားလိုက်သည်။

“ငါ ဘာလို့ ဒီအဝတ်အစားကိုမြင်ဖူးနေတယ်လို့ ခံစားမိနေတာလဲ”

သူမက နီးကပ်သွားလေလေ တစ်ဖက်သူ၏ အဝတ်အစားကို ရင်းနှီးလေလေ ခံစားရလေလေ ဖြစ်ပြီး စိတ်ထဲတွင် ပို၍အထွန့်တက်သည်။ သူမက သစ်သားချောင်းဖြင့် မြေပြင်တွင် လဲနေသော အမျိုးသားကို တစ်ဖက်လှန်ပစ်လိုက်သည်။ တစ်ဖက်သူ၏ ရုပ်ရှည်ကို ရှင်းလင်းစွာ မြင်ရပြီးနောက် မည်သည့်အတွက်ကြောင့် ရင်းနှီးကြောင်း နားလည်သွားသည်။

ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူမကို ကယ်ခဲ့တဲ့ ပုယွမ်ကျိုးဆိုတဲ့ မျက်နှာကြော တင်းတင်းနဲ့ မဟုတ်ဘူးလား။

ရက်အနည်းငယ်လောက်ပဲ လူစုခွဲရသေးတယ်၊ ဘယ်လိုဖြစ်ပြီး ဒီအရှုပ်အထွေးထဲ ပြန်ရောက်လာတာလဲ၊ နောက်ပြီး သူမ မှတ်မိတယ် မှန်မယ်ဆိုရင် သူတို့ရဲ့ ပန်းတိုင်က မြို့တော် B ပါ။ ဒါက မြို့တော် C ဘက်လေ ဘက်မှ မတူတာ။

အရှေ့ဘက် နယ်စပ်နားတွင် မြို့တော် J၊ မြို့တော် B နှင့် မြို့တော် H တို့ ရှိသည်။ ထိုအတိုင်း ရှေ့ဆက်သွားမည်ဆိုလျှင်လည်း မြို့တော် B သို့ တန်းရောက်သွားမည် ဖြစ်သည်။ အရှေ့တောင်ပိုင်း၏ အရှေ့ဘက် တည့်တည့်ကို လျှောက်သွားပါက မြို့တော် H သို့ ရောက်မည်ဖြစ်သည်။ မြို့တော် H ကို ဖြတ်သွားခဲ့လျှင် မြို့တော် C ကို ရောက်မည် ဖြစ်သည်။

ထိုလူကို လမ်းတဝက်တွင် နှိုးလာပြီး ဆိုးရွားသောအရာများ မလုပ်လာစေရန် အလို့ငှာ မေ့ဆေးကို ကြိုတင်ကာ ထိုးထားလိုက်ပြီး ကြိုးဖြင့် ခပ်တင်းတင်း ချည်ကာ အာမခံချက်အပြည့် ယူထားလိုက်သည်။

ပုယွမ်ကျိုး နှိုးလာသည်နှင့် ပထမဦးဆုံး လှုပ်ဆောင်သည်က ပတ်ဝန်းကျင်ကို လေ့လာခြင်းဖြစ်သည်။ ထိုအခါ တစ်ကိုယ်လုံးက ထုံထိုင်းပြီး အင်အားပင် မရှိကြောင်း သိလိုက်သည်။ သူသည်လည်းပါးစပ်ကို တိတ်ဖြင့် အပိတ်ခံထားရသလို ကားနောက်ခုံတွင် ကြိုးဖြင့် အချည်ခံထားရသည်။ သူ၏ နှလုံးသားကပင် အေးစိမ့်သွားသည်။

လက်စသတ်တော့ အာ…သူဒီလူတွေရဲ့ လက်က မလွတ်သွားဘဲဖမ်းမိသွားသေးတာကိုး။ သူလည်း သူနဲ့ သီးသန့်ခွဲပြေးသော ယွီချွမ်ခွမ်းက အောင်မြင်စွာ လွတ်မြောက်သွားရန် မျှော်လင့်သည်။ အနည်းဆုံးတစ်ယောက်ကတော့ဖြင့် လုံခြုံစွာ ရှင်သန်နိုင်သေးသည်။

ပုယွမ်ကျိုးက ရုန်းကန်မှု ရပ်တန့်လိုက်ကာ ကားနောက်ခုံပေါ်တွင်သာ ထိုအတိုင်း လဲနေလိုက်ပြီး မျက်နှာကျက်ကိုသာ ကြည့်နေတော့သည်။

အပြင်ဘက်တွင် မီးမွှေးနေသော ရှုရှင်းကလည်း အသံကို ကြားလိုက်သည်။ ထို့နောက် ပြန်တိတ်သွားသောကြောင့် နားကြားမှားသည်ဟုပင် ထင်လိုက်သည်။ ထို့ကြောင့် ကားတံခါးကို လာဖွင့်လိုက်သောအခါမှသာ ပုယွမ်ကျိုးက အသံကြားသည့်တိုင် မျက်ခွံပင် မလှုပ်လာကြောင်း မြင်ရသည်။

“ဖူး…ဟားဟား”

115 02

ရှုရှင်းကလည်း ပုယွမ်ကျိုး၏ အမူအရာကြောင့် သဘောကျသွားပြီး ပုယွမ်ကျိုး၏ ပါးစပ်မှ တိတ်ကို သွားဖြဲလိုက်သည်။

“!!!”

ကောင်မလေးတစ်ယောက်၏ ရယ်သံကို ကြားသောအခါ ပုယွမ်ကျိုးက တအံ့တဩပင် မော့ကာ ကြည့်လာသည်။ ထို့နောက် မယုံကြည်နိုင်သောမျက်နှာထားမျိုး ဖြစ်သွား၏။ သူသည်လည်း ကတုံးအစ်ကိုကြီး၏ပိုင်နက်ထဲတွင် ထိုမိန်းကလေးကို မမြင်ခဲ့ဖူးသည်မှာ သေချာသည်။ သို့သော် ရယ်သံက ရင်းနှီးလွန်းနေသည်။

“မင်းပဲ”

သူ၏အထူးစွမ်းရည်ကို ကျေးဇူးတင်ရပေမည်။ သူသည်လည်း သူ၏အရှေ့မှ ရုပ်ဆိုး အကျည်းတန်သော ရွာသူနှင့် တူသည့်မိန်းမက လွန်ခဲ့‌သော ရက်အနည်းငယ်က တစ်ကြိမ်ဆုံခဲ့ဖူးသည့် ရှုရှင်းဖြစ်ကြောင်း တန်း၍ မှတ်မိလိုက်သေးသည်။

“ဟင် ဘယ်သူ”

ပုယွမ်ကျိုးက သူမကို ချက်ချင်းမှတ်မိလိုက်သည်။ ရှုရှင်းသည်လည်း စိတ်ထဲတွင် ဖော်ပြရန် ခက်ခဲသော အံ့အားသင့်မှုကို ခံစားလိုက်ရ၏။ တစ်ဖက်သူက သူမကို လှည့်စားရန် ကြိုးစားနေမည်ကို ကြောက်ရွံ့သည်။ ထို့ကြောင့် လေသံကို ပြောင်းလိုက်ပြီး မျက်ခုံးပင့်ကာ မေးသည်။

“ရှောင်ရှုလေ”

“ဟင် နင် ငါ့ကိုဘယ်လို မှတ်မိတာလဲ။ ငါ အရင်ကပုံစံနဲ့မှ မတူတာ။ နင့်မှာ အထူးစွမ်းရည် ရှိလို့လား”

ပုယွမ်ကျိုးက သူမကို အမှန်တကယ်သိနေကြောင်း အသိပြုပြီးသည့်အခါ ရှုရှင်းကလည်း သိချင်စိတ်ပြင်းပြသွားပြီး မေးလိုက်သည်။

“ငါက အသံကမှတ်မိတာ။ ဒါက ငါ့ရဲ့ အထူးစွမ်းရည်နဲ့ ပတ်သက်လိမ့်မယ်။ ငါ့ရဲ့ အထူးစွမ်းရည်က ဦးနှောက်ကို လွန်ကဲလွန်းတဲ့ အတိုင်းအတာအထိ မြှင့်တင်ပေးထားတာပဲ”

“ဦးနှောက်ကို လွန်ကဲလွန်းတဲ့ အတိုင်းတာအထိ မြှင့်တင်…ဆိုတော့ နင့်ရဲ့ ဦးနှောက်က ကမ္ဘာကပ်ဘေးမတိုင်ခင်က စူပါ brain တွေနဲ့တူတာလား”

“အင်း တွက်ချက်မှု၊ အရှိန်နှုန်း၊ ဗဟုသုတသိုလှောင်နှိုင်စွမ်းအားအရှိန်နှုန်း ပမာဏ စသဖြင့် အရာအားလုံးကတော့ အတူတူလောက်ပဲ ထင်တယ်”

“ဝိုး အံ့ဩဖို့ကောင်းလိုက်တာ နင် ကမ္ဘာကပ်ဘေးမတိုင်ခင်က ဘာအလုပ်လုပ်တာလဲ။ အခု သဘာဝလွန်စွမ်အား နှိုးထတယ်ဆိုတာကလည်း အဲဒီအလုပ်နဲ့ သက်ဆိုင်တယ် မဟုတ်လား”

“ငါက သိပ္ပံသုတေသန လုပ်ခဲ့တာ”

“ဝိုး…. ဆိုတော့ နင်က သုတေသန ပညာရှင် ဖြစ်နေခဲ့တာကိုး။ နင့်ရဲ့ပညာရှင်အလုပ်က ငါ နင့်ကို ဒီလို ကြိုးချည်ထားရတဲ့အပေါ် နည်းနည်းလေး အပြစ်မကင်းသလို ခံစားလာရစေတယ်”

သိချင်စိတ်က တစ်ချက်ဖြစ်သည်။ သိသွားသည်နှင့် ဖုံးကွယ်ထားရန်လည်း မလိုအပ်တော့ပေ။ ထို့ကြောင့် ရှုရှင်းနှင့်ပုယွမ်ကျိုးတို့ကလည်း ခပ်အေးအေး စကားပြောလိုက်ကြသည်။

“ဆိုတော့ နင့်ရဲ့ နောက်ပိုင်းအကြံအစည်က ဘာလဲ”

“ဘာမှ မရှိဘူး”

115 03

“ဒါဆိုရင် နင်ဘာလို့ ငါနဲ့အတူ မြို့တော် C ကိုမ လိုက်ခဲ့တာလဲ။ ငါတို့ လမ်းတောက်လျှောက် တစ်ယောက်ကို တစ်ယောက် အဖော်ပြုလို့ရတယ်လေ”

“…”

“ကောင်းပြီ။ မင်းအရင်ဆုံး ငါ့ကို လွှတ်ပေးလို့ရမလား။ ငါ ဒီအတိုင်း နေရတာ လက်တွေ ထုံထိုင်းနေပြီ”

ပုယွမ်ကျိုး၏မျက်နှာတွင် မည်သည့်အမူအရာမှ မမြင်ရပေ။

“မရဘူး။ နင်က ငါ့ကို မခြိမ်းခြောက်နိုင်ဘူးဆိုတာ ငါ့မှာအာမခံချက် မရှိဘူးလေ။ ဆိုတော့ ငါ့ရဲ့ ကိုယ်ပိုင်လုံခြုံရေး နောက်ပြီး ငါတို့ လမ်းမှာ အချင်းချင်း အဆင်ပြေပြေနဲ့ သဟဇာတဖြစ်ဖြစ် သွားနိုင်ရေးအတွက် ဒီအတိုင်းလေးပဲ နေလိုက်ပါ။ ဒါမှ ငါ စိတ်အေးမှာ”

ရှုရှင်းသည်လည်း တစ်ဖက်သူက ထိုအတိုင်း အကြာကြီး နေနေရသောကြောင့် ထုံထိုင်းခြင်း ရှိမရှိဆိုသည့်အချက်ကို ထည့်မပြောတော့ချေ။ မေ့ဆေး မပြယ်သေးလို့ နေမှာပါ။

သူမသည်လည်း ပုယွမ်ကျိုး၏ပြောစကားကို အပြည့်အဝ ယုံကြည်သည်လည်း မဟုတ် မယုံကြည်လည်း မဟုတ်ဆိုသော အနေအထားမျိုးဖြစ်သည်။ သူမက ယန်မော့ မဟုတ်ပေ။ တစ်ဖက်သူက လိမ်မလိမ် တန်းမသိနိုင်ပေ။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ကင်းအောင် အရင်ဆုံး လုပ်ရပေမည်။

သူမက ပုယွမ်ကျိုးကို သူမနှင့်အတူ ခေါ်လာသည့်အကြောင်းပြချက်လည်း ရှိသည်။ ပုယွမ်ကျိုး ယခုပြောသမျှ အချက်အလက်တိုင်းကသာ မှန်ကန်နေခဲ့လျှင် သူမကသာ ပုယွမ်ကျိုးကို ပြန်ခေါ်သွားခဲ့ပါက သုတေသန ပညာရှင် တစ်ယောက်ကို ခေါ်လာသလို ဖြစ်နေပေလိမ့်မည်။ အနာဂတ်တွင်လည်း ဒုက္ခအများကြီးသက်သာနိုင်သေးသည်။

ပုယွမ်ကျိုးက သူမကို လိမ်ခဲ့လျှင်လည်း မြို့တော်ဆီသို့ ပြန်သောလမ်းတွင် နေရာလပ်နယ်မြေထဲမှ ပစ္စည်းများကို ထုတ်မသုံးရုံသာ ရှိပေမည်။ လူပိုတစ်ယောက် ခေါ်သွားခြင်းအားဖြင့် ကြီးကြီးမားမား မဆုံးရှုံးနိုင်ပါချေ။

အဆုံးသတ်တွင် ရှုရှင်းက ပုယွမ်ကျိုး အနားတွင်သာ ရှိနေမည် ဆိုပါက နှစ်ယောက်လုံးက အလှည့်ကျ ကားမောင်းနိုင်သည့်အချက်ကို ထည့်သွင်းစဉ်းစားလိုက်ပြီး ကြိုးဖြည်ပေးလိုက်သည်။ မည်သို့ပင် ဆိုစေ သူမတစ်ယောက်တည်း ခရီးသွားစဉ်ကထက် နှစ်ဆ ပို၍ မြန်ဆန်စွာ ခရီးသွားနိုင်မည် ဖြစ်သည်။

ပို၍ရင်းနှီးသွားပြီးနောက် ရှုရှင်းသည်လည်း သူ၏ မျက်နှာအမူအရာမဲ့ခြင်းက တမင်တကာ လန်းအောင် ဟန်ဆောင်နေခြင်းမဟုတ်ဘဲ မျက်နှာကြောသေနေသော သူမျိုးကဲ့သို့သာဖြစ်ကြောင်း သိလိုက်သည်။ သူ့တွင်လည်း အမူအရာ ထူးထူးခြားခြား မပြတတ်သူသာဖြစ်သည်။

သူ၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာမျိုးမှ မရှိသည့်အတွက်ကြောင့် ကိုးရိုးကားရား မဖြစ်စေရန်အလို့ငှာ သူ့ကိုယ်သူ အလွန်လန်းသောသူအဖြစ် ရုပ်ဖျက်ပြီး စကားမပြောခဲ့ရုံသာ ဖြစ်သည်။

ရှုရှင်းက အမှန်တရားကို သိသွားသောအခါ သူမက အော်ရယ်လုနီးပါးဖြစ်သွားသည်။ ပုယွမ်ကျိုးကသာ သူမကို ရိုက်မည်ဟု မခြိမ်းခြောက်ခဲ့လျှင် အချိန်တန်ကြာအောင် ရယ်မိလောက်သည်။

သူမသည်လည်း ထောင်လွှားသည်ဟု ထင်ရသည့် သူ၏ အရေခွံအောက်တွင် ထိုကဲ့သို့ စကားများသော သူရှိမှန်းသာ သိနေခဲ့မည်ဆိုလျှင် ပုယွမ်ကျိုး၏ မျက်နှာကိုပင် ဆက်ကြည့်နိုင်လိမ့်မည် မဟုတ်ပေ။ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ ရယ်မိမည်ကို ကြောက်ရသည်။

******

All Chapters