← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

127 01

အပိုင်း (၁၂၇) အကြံအစည်

ယန်မော့က ထိုအကြောင်းကို ထုတ်ပြောလာကတည်းက သူ၏ စိတ်ထဲတွင် အကြံရှိထားပြီးလောက်သည်။

“ငါတို့ အခြေစိုက်စခန်းထဲမှာ ပိုင်ကျန်းချူရဲ့ဂုဏ်သတင်းနဲ့ ပတ်သက်ပြီး ကြားထားတယ်။ သူက ထောင်လွှားတယ်။ မင်းမူမှုအပြည့်နဲ့ အင်အားကိုသုံးပြီး ဖိနှိပ်တယ်တဲ့။ သူက သူ့ကိုယ်သူ အင်အားကြီးတယ်လို့ ထင်နေတာ မဟုတ်လား။ ဆိုတော့ သူဘယ်လောက် အင်အားကြီးလဲဆိုတာ ပြခိုင်းလိုက်ရအောင်”

“လူတစ်ယောက်ရှာပြီး သူ့ကို S အဆင့် တာဝန်ယူအောင် မြှောက်ပင့်ခိုင်းလိုက်။ လျှန်ပေ့ရဲ့ မြေးမကိုလည်း သူနဲ့အတူ လိုက်သွားခိုင်းရအောင် နည်းလမ်းတစ်ခုရှာ။ အဲဒီနောက် ချီမိုင်နဲ့ငါက သူတို့နောက်က ခိုးလိုက်သွားပြီး သူတို့ကို သတ်လိုက်မယ်။ သာမာန်လူတွေက S အဆင့် တာဝန်ကို လုပ်နေရင်း သေတာက ပုံမှန်ပဲ မဟုတ်ဘူးလား”

ယန်မော့၏အသံက ပေါ့ပါးသည်။ လှုပ်ခတ်မှုပင် မရှိပေ။ သို့သော် တိတ်ဆိတ်သော ဧည့်ခန်းအတွင်းတွင်မူ ဖော်ပြရန်ခက်ခဲသော ကြမ်းတမ်းရက်စက်မှုမျိုး ရှိနေသည်ဟု ထင်ရသည်။

“အဲဒီနောက် အခြားတစ်ယောက်ယောက်ကို သုံးပြီး ဒီကိစ္စကို ပိုင်မိသားစုနဲ့ လျှန်ပေ့ကို အကြောင်းကြားခိုင်းလိုက်။ ပိုင်ကျန်းချူကို သူ့ရဲ့ အသက်သွေးကြောလို့ သတ်မှတ်ထားတဲ့ ပိုင်ရှန်းတိကတော့ သေချာပေါက်ကို လူလွှတ်ပြီး ကယ်လိမ့်မယ်။ ပိုင်မိသားစုရဲ့ အခြေစိုက်စခန်းက သေချာပေါက် စောင့်ကြပ်တဲ့သူ နည်းသွားမှာ။ ရှင်းပေါင်နဲ့ရှန်းဝမ် မင်းတို့ နှစ်ယောက်ကတော့ သူတို့ရဲ့အခြေစိုက်စခန်းထဲကို ခိုးဝင်ပြီး အပြောင်းရှင်းလိုက် တစ်ပြားတောင် မချန်နဲ့”

တိတ်တဆိတ် နားထောင်နေသော လူလေးယောက်က ပိုင်မိသားစုအတွက် ဖယောင်းတိုင် ထွန်းပေးလိုက်ကြသည်။

သူတို့သည်လည်း ယန်မော့၏ အကြံအစည်က မှားသည်ဟု မထင်သလို ရက်စက်သည်ဟုလည်း မထင်ပါပေ။ အဆုံးသတ်ကာလမျိုးတွင် ရန်သူကို ကိုင်တွယ်သောအခါ မည်သည့် နည်းလမ်းကမှ မလွန်ကဲပေ။

“နေအုံး ငါ ခဏလောက် ဖြတ်ပြောမယ်နော်”

ပုယွမ်ကျိုးက လက်ကို အားနည်းစွာ မြောက်သည်။ ရှုရှင်းတို့ကလည်း သူ့ကို လှည့်ကြည့်ပြီး သူ၏ စကားကို နားထောင်ပေးကြသည်။

“မင်း တာဝန်ပေးတဲ့ အချိန်မှာ ငါ့ကို‌မေ့သွားသလိုပဲ။ ငါ့ကိုလည်းတာဝန်‌ မပေးရသေးဘူး”

“မစိုးရိမ်ပါနဲ့။ မင်းအလှည့်က နောက်မှ ငါတို့က ပိုင်မိသားစုကို ကိုင်တွယ်ပြီးရင် လျှန်ပေ့အတွက်က မင်းကိုလိုပြီလေ”

“ငါလား”

“အင်း မင်း လျှန်ပေ့က အရင်တုန်းက မင်းရဲ့သုတေသန ရလဒ်တွေကိုခိုးသုံးပြီး နာမည်ကောင်းယူထားတယ်မဟုတ်လား။ ဆိုတော့ အဲဒီ အချက်ကြောင့်ပဲ အခြေစိုက်စခန်းက သူ့ကို ခေါ်တာ။ အခြေစိုက်စခန်းကလည်း သူ့ကို အနောက်ဖက်က တွန်းနေပြီဆိုတော့ သူလည်း လှည့်ကွက်တွေ ကုန်ပြီး စိုးရိမ်စိတ် များနေတော့မှာ”

“သူကသာ အောင်မြင်မှု ရထားတဲ့ သုတေသန ရလဒ်တွေရဲ့ပိုင်ရှင် အစစ်အမှန် သိပ္ပံသုတေသန ပညာရှင် မင်းက အခြေစိုက်စခန်းကို ရောက်လာပြီ ဆိုတာကို သိရင် သေချာပေါက်ကို အပျော်လွန်ပြီး ခြိမ်းခြောက်မှု အမျိုးမျိုးလုပ်ပြီး သူ့ကို ကူညီခိုင်းဖို့ မင်းဆီလာမှာပဲ”

“အင်း သူသေချာပေါက် လာလိမ့်မယ်”

“ဟုတ်တယ် လျှန်ပေ့ရဲ့အကျင့်စရိုက်မျိုးနဲ့ဆိုရင် အနာဂတ်အခြေစိုက်စခန်းထဲမှာ သူလိုချင်တဲ့ ဘဝကို ရဖို့ အဲ့ဒီလို သေချာပေါက် လုပ်မှာ။ အခု လျှန်ပေ့ရဲ့ အကျည်းတန်တဲ့ မျက်နှာကို အားလုံးကို ပြရမယ်လေ”

127 02

“သူက မင်းကို ပထမဦးဆုံး ဆက်သွယ်လာတဲ့အခါ ပြတ်ပြတ်သားသားငြင်းလိုက်။ ဒုတိယတစ်ကြိမ်ဆက်သွယ်လာတဲ့အခါ ထပ်ငြင်းလိုက်အုံး။ တတိယတစ်ကြိမ်ဆိုရင် သူ့ရဲ့စိတ်ရှည်မှုက ကုန်ဆုံးတော့မယ်။ အဲဒီအချိန်အခါမှ မင်းတွေ့ဖို့ တောင်းဆိုတာကို လက်ခံလိုက်”

“နေရာကိုတော့ မင်းရွေး အဲဒီနောက် သူ့ကိုကြိုတင် ပြင်ဆင်ထားတဲ့ နေရာကို ခေါ်သွားမယ်။ မင်းရဲ့စကားလုံးတွေကတဆင့် အဲဒီနေ့က အဖြစ်အပျက်ကို ထုတ်ပြောခိုင်းမယ်။ အဲဒီနောက် အခြေစိုက်စခန်းထဲက လူတွေအားလုံးကိုလည်း သူ့ရဲ့ သိပ္ပံသုတေသန ရလဒ်တွေအားလုံးက သူများဆီက ခိုးထားတယ်ဆိုတာကို ကြားအောင် လုပ်ရမယ်။ ထိပ်ပိုင်းက သူတွေကလည်း ဒီအကြောင်းအရာကိုသိရင် တော်တော်လေးကို ဒေါသထွက်သွားမှာသေချာတယ်။ နောက်ပြီး လျှန်ပေ့ရဲ့ကံကြမ္မာက မြင်သာသွားပြီ။ သူရဲ့ လဲကျမယ့် ကံကြမ္မာက သိသာထင်ရှားနေတယ်။ သူ့ရဲ့အသက်ကို ကယ်တင်နိုင်မလားဆိုတာက တော်တော်လေးကို လျှို့ဝှက်ဆန်းကျယ်သွားပြီ”

ပုယွမ်ကျိုး၏ မျက်လုံးက တောက်ပသထက် တောက်ပလာသည်။ သူ၏ မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် ခက်လာသည်။ သူသည်လည်း ယန်မော့၏ အကြံအစည်အတိုင်း ချက်ချင်းလုပ်ပြီး လျှန်ပေ့ကို အမြင့်မှ ဆွဲချကာ လူတိုင်းက သတ်ချင်ကြသည့် လမ်းပေါ်မှ ကြွက်ဖြစ်စေချင်သွားသည်။

“ကောင်းပြီ ငါ မင်းပြောတဲ့အတိုင်းလုပ်မယ်။ ငါ သေချာပေါက် အဲဒီလို အပြည့်အဝ ပူးပေါင်းပေးမယ်”

ပိုင်မိသားစုနှင့် လျှန်ပေ့ကို ကိုင်တွယ်မည့် အကြံအစည်များအားလုံးကို အလုံးအရင်းဖြင့် စီစဉ်၍ ပြီးသွားသည်။ ပထမဦးဆုံးအနေဖြင့် ယန်မော့ကလည်း ထောင်ထောင်လွှားလွှားနေတတ်သော အသင်းတစ်သင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ဦးဆောင်ပြီး S အဆင့် တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ခိုင်းလိုက်သည်။ ထို့နောက် လူများကို စီစဉ်၍ ပိုင်ကျန်းချူ မကြာခဏ လျှောက်နေကျ လမ်းပေါ်တွင် သူ့အကြောင်းကို တိတ်တဆိတ် ပြောခိုင်းသည်။ ထို့ကြောင့် သူသည်လည်း ထိုအကြောင်းအရာကို မတော်တဆကြားပြီး သူ၏ တိုက်ခိုက်လိုစိတ်ဆန္ဒက လှုံ့ဆော်ခံရသည်။

“ကျွတ်ကျွတ် ကျွတ် အာရုဏ်ဦးအသင်းရဲ့ ခေါင်းဆောင်က အခြေစိုက်စခန်းက အင်အားအကြီးဆုံး အသင်းတစ်သင်းဆိုတဲ့အတိုင်းပဲ S အဆင့် တာဝန်နှစ်ခုကိုတောင် အချိန်တိုအတွင်း ပြီးအောင် လုပ်သွားတာနော်”

“အာ…ဘယ်သူက မဟုတ်ဘူး ပြောနိုင်လို့လဲ စကားမစပ် ညီအစ်ကို မင်းက ပိုင်မိသားစုက သခင်လေးနဲ့ တာဝန်အတူ လုပ်ဖူးတယ်မလား။ ငါကြားတာတော့ သူ့ရဲ့ အင်အားကလည်း မနိမ့်ဘူးဆို သူလည်း S အဆင့် တာဝန်ကို လုပ်နိုင်မှာလား”

“အာ…မပြောနဲ့တော့ ပိုင်မိသားစုကသခင်လေးက အာရုဏ်ဦးအသင်းရဲ့ ခေါင်းဆောင်ကို ဘယ်ယှဉ်နိုင်မှာလဲ။ သူကသာ အသင်းကို ဦးဆောင်မယ်ဆိုရင် သေချာပေါက် လုပ်နိုင်မှာ မဟုတ်ဘူး”

အနားတွင် ရပ်နေသော ပိုင်ကျန်းချူက ထိုစကားကိုကြားလိုက်ပြီး ဆွံအသွားသည်။ သူ၏ လက်သီးကိုလည်း တင်းတင်းကြပ်ကြပ် ဆုပ်ထား၏။ လက်သည်းကလည်း အသားထဲသို့ စိုက်ဝင်လာကာ ဒေါသကို ဖိနှိပ်ရသည်။

သူသည်လည်း ထိုနှစ်ယောက်က အဝေးကို လျှောက်သွားသည်အထိ စောင့်ပြီးမှသာ ထောင့်တစ်နေရာမှ ထွက်လာကာ ကျောပြင်ကို ကြည့်သည်။ ထို့နောက် တစ်ဖက်သို့ လှည့်၍ တာဝန်ခန်းမထဲသို့ အပြေးဝင်သွားလေသည်။

******

All Chapters