အခန်း ၁၅၈
Vol. 16 Ch. 158
158 01
အပိုင်း (၁၅၈)
လူအနည်းငယ်သာ ရှိသော လူသူရှင်းလင်းသည့် တောင်အနက်ပိုင်းတွင် စစ်အရောင် ရွက်ဖျင်တဲသုံးခုက သိုဝှက်လျှက်သားရှိနေပြီး ပတ်ဝန်းကျင် မျက်နှာသွင်ပြင်အနေအထားနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နေသည်။ အထူးတလည် ကောင်းမွန်သော အမြင်အာရုံမရှိပါက ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။
အပြင်မထွက်ရသည်မှာ အချိန်တန်ကြာပြီ ဖြစ်သော ကျားဖြူနှင့် နှင်းဝံပုလွေတို့ကလည်း ထိုတောင်တန်းနယ်မြေတွင် ပျော်ရွှင်စွာ သွားလာနေကြသည်။ ရွက်ဖျင်တဲနှင့် မီတာတစ်ထောင် ဝန်းကျင်အတွင်းမှ ဆင့်ကဲပြောင်းလဲထားသော တိရစ္ဆာန်များအားလုံးကိုလည်း နဂိုမူလ ပိုင်နက် နယ်မြေမှ မောင်းထုတ်ပစ်လိုက်သည်။ အခြားသော အကောင်များကို မချဉ်းကပ်အောင် ထိန်းထားသည်။
ကျားဖြူနှင့် နှင်းဝံပုလွေတို့ကပိုင်နက်နယ်မြေကို ပြင်းထန်စွာ အာရုံခံနိုင်စွမ်းအား ရှိသည်။ သူတို့သည် သူတို့၏ သခင်များဖြစ်ပြီး သခင်များနှင့် အလွန်အမင်း ရင်းနှီးသည့်အလျောက် အခြားသော သားရဲကောင်များကို နီးကပ်ခွင့် ပြုလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် လုံခြုံသော ဝန်းကျင်အတွင်းတွင်ရှိနေသောအခါ ရှုရှင်းတို့ကလည်း အာရုံစိုက်ပြီး စုပ်ယူကာ ကျင့်ကြံနိုင်သွားလေသည်။
သူတို့သည် ထူးဆန်းသော ဥက္ကာခဲမုန်တိုင်းပြီးနောက် အပြင်သို့ ပထမဦးဆုံးအကြိမ် ထွက်ကြခြင်းဖြစ်သည်။ အပြင်ဘက်မှ အခြေအနေက ပို၍ပင်ဆိုးရွားနေသည်။ ဇွန်ဘီများကလည်း ဆင့်ကဲပြောင်းလဲလာကြ၏။ လူသားများ၏ ရှင်သန်ရန် ရရှိနိုင်သော အရင်းအမြစ်များကလည်း တိုးမြင့်ခံရသကဲ့သို့ ဖြစ်လာသည်။ လူ့သဘာဝမှ ဆိုးယုတ်မှုကလည်း ပို၍ပင် သိသာထင်ရှားလာသည်။
အင်အားကြီးသော သူကနောက်ဆုံး ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ အားနည်းသောသူက ထိန်းချုပ်ခံရပြီးကြိုးကိုင် ခံရမည်။ ထို့ကြောင့် ထိုကဲ့သို့သောဝန်းကျင်မျိုးတွင် ခြေကုတ် အရယူလျှင် သန်မာသောအင်အားဖြင့်လည်း ရပ်တည်ရပေမည်။
ရှုရှင်း၊ ပုရှန်းဝမ်၊ ပုယွမ်ကျိုးတို့သည် အဆင့်သုံးအဆင့် စိတ်စွမ်းအား ပညာရှင်များဖြစ်သည်။ မူချီမိုင်ကမူ အဆင့်လေးသို့ တက်သွားပြီးသည်မှာ သိပ်မကြာသေးပေ။ ယန်မော့ကလည်း အဆင့်လေးသို့ ရောက်နေသည်မှာ အချိန်တစ်ခုကြာပြီ ဖြစ်သည်။
ပြောရန်ပင် မလိုလောက်အောင် ယန်မော့၏ ဒီတစ်ခေါက် ပန်းတိုင်က အဆင့်ငါးသို့ တက်ရန် ဖြစ်သည်။
ကံကောင်းသည်မှာ မူချီမိုင်က ဒီတစ်ခေါက်တွင် အဆင့်လေးအဆင့် လေစွမ်းအား သလင်းအမြူအတေကို ရရှိထားသည်။ တူညီသောအဆင့်နှင့် တူညီသောအခြေပြုစွမ်းအားရှိသော သလင်းအမြူအတေကို စုပ်ယူခြင်းအားဖြင့် သူ၏ အင်အားက အများကြီး တိုးတက်နိုင်သည်။ မူချီမိုင်ကလည်း သူသည် ဒီတစ်ခေါက် အဆင့်လေး အဆင့်မြင့်အဆင့်သို့ တက်ရောက်နိုင်မည်ဟု ယူဆထားသည်။
ပုရှန်းဝမ်သည် နဂိုကမူ အဆင့်သုံးအထွတ်အထိတ်တွင် ဖြစ်သည်။ သူဟာ ယခုအခါ သူ၏ အခြေပြုစွမ်းအားချင်းကိုက်နေသော သလင်းအမြူအတေ သုံးလုံးကို ရရှိထားသည်။ ထို့ကြောင့် အဆင့်လေး အလယ်အလတ်အဆင့်သို့ တစ်ဖြောင့်တည်းတက်ရန်ပင် ပြဿနာမရှိပါပေ။ ပုယွမ်ကျိုးကလည်း ဒီတစ်ခေါက် ရရှိထားသော စိတ်စွမ်းအား သလင်းအမြူအတေ နှစ်လုံးထဲမှ တစ်လုံးကို ရထားသည်။ ထို့ကြောင့် သူသည်လည်း အဆင့်လေးသို့ တက်နိုင်သည်။
ရှုရှင်း : …
တစ်ဦးတည်းသော တတိယအဆင့် ရှုရှင်း : နင်တို့ရဲ့ သူငယ်ချင်းက အဖွဲ့လိုက် စကားပြောခန်းထဲ မဝင်တော့ဘူး။
သူမသည်လည်း အသင်းထဲတွင် အဆိုးဆုံးဆိုသောအနေအထားမျိုးကို လက်ခံနိုင်ပြီးသည်မှာ ကြာပြီ ဟု ယူဆထားသည်။ သို့သော် ယခုလို ဖြစ်ချိန်တိုင်းလိုလို သူမ၏ နှလုံးသားကို ဓါးပေါင်းများစွာက လာထိုးနေသလို ခံစားရသည်။
အစပိုင်းတွင်မူ ရှုရှင်းက ရုန်းကန်ချင်သေးသည်။ ယခုမူ ထိုးနှက်ချက်ကို ကျင့်သားပင်ရသွားပြီး ဓားပင် နည်းနေသေးသလို ခံစားရသည်။
သူမကလည်း အခြားသော အခြေပြုစွမ်းအားများ၏ သလင်းအမြူအတေများထဲမှ စွမ်းအားများကို စုပ်ယူရန် ကြိုးစားဖူးသည်။ သို့သော် နည်းနည်းလေးပင် စုပ်ယူ၍ မရကြောင်း သိလိုက်သည်။ အခြေပြုစွမ်းအား မရှိသော သလင်းအမြူအတေထဲမှ စိတ်စွမ်းအားက လွဲပြီး အခြားမည်သည့်စွမ်းအားကိုမှ စုပ်ယူ၍ မရပါပေ။
ရှုရှင်းက လက်ကိုသာ ဖြန့်လိုက်သည် : အချိန်လည်းယူတာပေါ့ တစ်ခါတည်းနဲ့လည်း မဝသွားနိုင်ဘူး။
158 02
အချိန်က တဖြည်းဖြည်း ကုန်သွားသည်။ ထိုသို့ဖြင့် မသိလိုက်မသိဘာသာပင် လတဝက်ခန့် ကြာသွားသည်။ ထိုအချိန်ကာလအတောအတွင်းတွင် ကျားဖြူနှင့် နှင်းဝံပုလွေတို့ကလည်းနှစ်ဖွဲ့ခွဲကာ လှုပ်ရှားသည်။ တစ်ဖွဲ့က အမဲလိုက်နေချိန်တွင် အခြားသော တစ်ဖွဲ့က နေခဲ့ကာ သူတို့ကို စောင့်ကြပ်ပေးသည်။
“ဟင် ဘာအနံ့လဲ ချဉ်စုပ် နံဟောင်နေတာပဲ”
သူမက ကျင့်ကြံရာမှ ထွက်လာသောအခါ ဆိုးရွားသော အနံ့ကို ရလိုက်သည်။ သူမ၏ နုနယ်သော နှာခေါင်းလေးကို ထိန်းချုပ်လိုက်ပြီး အသက်ရှူပြောင်းထားလိုက်သည်။ ထို့နောက် အနံ့လာရာသို့ မျက်လုံးကို ဖွင့်ကာကြည့်လိုက်ပြီးနောက် ခေါင်းကို ငုံ့လိုက်မိသည်။ ထိုအခါ ထိုအနံ့က သူမထံမှ ဖြစ်ကြောင်း မြင်လိုက်ရသည်။
မည်သည့်အချိန်ကမှန်းမသိ သူမ၏ ခန္ဓာကိုယ်အပေါ်ယံတစ်ခုလုံးတွင် အညိုရင့်ရောင် အလွှာတစ်လွှာ အုပ်နေသည်။ ရွှံ့တစ်လွှာ လာအုပ်ထားသည်နှင့်ပင် တူသေးသည်။ သူမသည် ထိုအရာက မည်သည့်အရာဖြစ်ကြောင်း အာရုံမခံနိုင်တော့ဘဲ နေရာလပ်နယ်မြေထဲမှ RV ကို ချက်ချင်းထုတ်လိုက်ပြီး ရေချိုးခန်းထဲသို့ အပြေးဝင်ကာ နာရီဝက်ခန့် ဆေးကြောပြီးမှသာ အနံ့ကောင်းသွားလေသည်။
မနှစ်မြို့နိုင်သော ထိုအနံ့ကလည်း ပျောက်သွားသောအခါ ရှုရှင်းသည်လည်း သူမ အဆင့်လေးသို့ တက်ရောက်ပြီးသောကြောင့် ရရှိလာသော စွမ်းရည် အသစ်ကို လေ့လာချိန်ရသွားသည်။
သူမက ကြည့်လေလေ မျက်ခုံးက ကြုတ်လေလေ ဖြစ်သွားသည်။
******