← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

164 01

အပိုင်း (၁၆၄) ထွက်ခွာဖို့ ပြင်ဆင်ခြင်း

C မြို့ အခြေစိုက်စခန်း…

“အောက်ကလူတွေရဲ့ သတင်းအချက်အလက်အရ အာရုဏ်ဦးအသင်းရဲ့ ခေါင်းဆောင်က H မြို့ကိုသွားဖို့ သဘောတူလိုက်တယ်။ ငါတို့ တားသင့်လား”

“ငါတို့က တားလို့ ရမှာတဲ့လား။ အာရုဏ်ဦးအသင်းက တစ်ယောက်ချင်းစီတိုင်းက ဘယ်လောက်သန်မာလဲဆိုတာ မသိတာလဲ မဟုတ်ဘူး။ နောက်ပြီး သူတို့ရဲ့ အဲဒီ ဆင့်ကဲပြောင်းလဲထားတဲ့ တိရစ္ဆာန်တွေကတင် ငါတို့ကို ခက်ခဲစေလောက်မှာ။ သူတို့ကို မတားနိုင်ခဲ့တဲ့အပြင် ဒုက္ခပါ ရောက်သွားလိမ့်မယ်”

“ဒါပေမဲ့ တကယ်လို့ အခြေစိုက်စခန်းက ဒီလောက်အင်အားကြီးတဲ့အဖွဲ့ကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် ငါတို့ရဲ့ အင်အားက အများကြီး အထိနာသွားလိမ့်မယ်”

“ငါတို့ဘာတတ်နိုင်လို့လဲ။ ငါတို့က ကိုယ့်အင်အားကိုယ် မသိဘဲနဲ့ သူတို့ကို သွားတားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲသလို မဖြစ်သွားဘူးလား။ အခြားစိတ်စွမ်းအား ပညာရှင်တွေကလည်း ငါတို့ရဲ့ အခြေစိုက်စခန်းက စိတ်စွမ်းအားပညာရှင်အသင်းကို နေဖို့ အတင်းတွန်းအားပေးတဲ့ အကြောင်းကို သိသွားကြရင် သူတို့လည်း အခြေစိုက်စခန်းကို ရွံ့ရှာသွားလိမ့်မယ်။ အဲဒီနောက် အများကြီး ဆုံးရှုံးလိမ့်မယ်”

ထိုစကားလုံးများ ထွက်လာသည်နှင့် အစည်းအဝေးခန်း တစ်ခုလုံးကို တိတ်ဆိတ်သွားသည်။ အစည်းအဝေးခန်းထဲတွင် ထိုင်နေသော သူတိုင်းကလည်း အုပ်ချုပ်မှုရေးရာဘက်ပိုင်းမှ လူရင်းများဖြစ်ကြသည်။ ထို့ကြောင့် ကောင်းကျိုးဆိုးကျိုးကို ချိန်ဆခြင်းက သူတို့ အတော်ဆုံး ဖြစ်သည်။ မည်သည့် ချဉ်းကပ်မှုလမ်းက သူတို့၏ အကျိုးအမြတ်ကို အမြင့်ဆုံးရစေနိုင်ကြောင်းနားလည်ကြသည်။

ဒီတစ်ခေါက် ထွက်ခွာမှုတွင် ရှုရှင်းတို့က C မြို့ အခြေစိုက်စခန်းကို ဘယ်သောအခါမှ ပြန်လာနိုင်မည် မဟုတ်ပေ။ သူတို့သည်လည်း အနည်းဆုံး H မြို့သို့ သွားရန် နှစ်ဝက်ခန့် ကြာနိုင်ကြောင်း နားလည်နေသည်။ ရှုရှင်း၏ အသစ်စက်စက် နိုးထထားသော စွမ်းရည်မျိုးကြောင့် နေရာလပ် နယ်မြေ တတိယအဆင့်မှ အခြေစိုက်စခန်းကို ဖွင့်နိုင်ချေက မြန်လာသည်။ ယခုအခါ လမ်းတဝက်နီးပါးပင် ရောက်လာပြီ ဖြစ်သည်။

ထို့ကြောင့် လက်ရှိအရှိန်နှုန်းအတိုင်းသာ ဆိုလျှင် နောက်ထပ် တစ်နှစ်ခန့် ကြာပြီးရုံနှင့် တတိယအလွှာမှ အခြေစိုက်စခန်းကို ဖွင့်နိုင်လောက်သည်။ ထိုအခါ သူတို့တွင်လည်း ကိုယ်ပိုင်နယ်မြေရှိလာမည်ဖြစ်ပြီး သဘာဝကျကျပင် C မြို့ အခြေစိုက်စခန်းသို့ ပြန်လာနိုင်တော့မည် မဟုတ်ပေ။

“ငါတို့ ဒီတစ်ခေါက် ပြန်လာမှာ မဟုတ်ဘူး ဆိုတော့ ပစ္စည်းတွေ အားလုံးကိုအပြည့် သိမ်းထားကြတော့ ရှင်းပေါင်က အဲဒီ ပစ္စည်းတွေကို နေရာလပ်နယ်မြေထဲကို ထည့်ပေးလိမ့်မယ်။ အပြင်ဘက်မှာ‌ နေ့စဉ် အသုံးအ‌ဆောင်ပစ္စည်း နည်းနည်းလောက်ပဲ ချန်ထားတော့”

ညစာစားပြီး အေးအေးဆေးဆေး အားလပ်နေသည့် အချိန်မျိုးတွင် ယန်မော့က ဗုံးတစ်လုံးကို ချပေးသည်။

“ဘာ…ဘာ..ဘာ ငါတို့ ပြန်မလာတော့ဘူး ဟုတ်လား။ ဒီတစ်ခေါက် H မြို့ကို သွားတာက ယန်ချွယ်ရဲ့ ပိုင်နက်ကိုသိမ်းယူတော့မှာလား။ စိတ်လှုပ်ရှားစရာပဲ”

ယန်မော့၏ စကားအဓိပ္ပာယ်ကိုနားလည်သွားသော ပုရှန်းဝမ်က ဆိုဖာပေါ်တွင် ခုန်ပေါက်သည်။

“…”

“မင်းဒီလောက်ထိ စိတ်လှုပ်ရှားစရာ မလိုဘူး။ ငါတို့က ယန်ချွယ်ရဲ့ ပိုင်နက်နယ်မြေကို သွားသိမ်းမှာမဟုတ်ဘူး။ ငါတို့ရဲ့ ကိုယ်ပိုင် အခြေစိုက်စခန်း ရလာမှာ”

စိတ်လှုပ်ရှားနေသော ပုရှန်းဝမ်ကို တစ်ချက် ကြည့်ပြီးနောက် ယန်မော့က နောက်ထပ် ဗုံးတစ်လုံးကို ပစ်ချလိုက်သည်။

ပုရှန်းဝမ် : !!!

မူချီမိုင် : !!!

ပုယွမ်ကျိုး : !!!

အခြေအနေအားလုံးကို သိသော အတွင်းလူနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ရှုရှင်းကလည်း အတွင်းပုံပြင်ကို ကြိုသိထားသည်မှာ ကံကောင်းသည်ဟု ခံစားရသည်။ အထူးသဖြင့် ပုံမှန်အားဖြင့် သူမထက် ဉာဏ်ကောင်းလေ့ရှိသော သူများကို မြင်ရသောအခါ အတော်လေးကို ဂုဏ်ယူသွားသည်။ ဟီးဟီး….

164 02

“မော့ကော မင်းဆိုလိုတာက…ငါတို့ H မြို့က လုံခြုံရေး အခြေစိုက်စခန်းကြီးကို တိုက်ရိုက်လုမှာလား”

ပုရှန်းဝမ်က ဂရုတစိုက်မေးသည်။

“…”

ယန်မော့ : ….

“ငါတို့ အခြားသူတွေရဲ့ ပိုင်နက် နယ်မြေကို လုမှာ မဟုတ်ဘူး။ ငါတို့အပိုင် အသစ်စက်စက် အခြေစိုက်စခန်းတစ်ခုရမှာ။ ဒါက လုံလောက်အောင် ရှင်းပြီလား”

ရှုရှင်းကလည်း စိုးရိမ်စိတ်များသွားပြီး ဝင်ရောက်ရှင်းပြပေးရသည်။

“ဒါပေမဲ့ ငါတို့က ငါးယောက်တည်းလေ။ အခြေစိုက်စခန်းအသစ်တစ်ခုဆောက်ဖို့က အရမ်းကြာမှာနော်”

ထိုသို့ အတော်လေးကို ဒုက္ခများသော မေးခွန်းမျိုးကို ရင်ဆိုင်ရသည့်အခါ တွေးကြည့်ရန် မလိုလောက်စွာပင် မူချီမိုင် မေးမြန်းကြောင်း သိနိုင်သည်။

“ဟီးဟီး အချိန်ကျလာရင် နင်တို့ သိမှာပေါ့။ နင်တို့လည်း သေချာပေါက် အကျိုးပြုရမှာပါ။ အခုလောလောဆည်တော့ အနာဂတ်မှာ ငါတို့အတွက် လုံခြုံမှုအခြေစိုက်စခန်း ရလာမယ်ဆိုတာကိုပဲ သိထားဖို့ လိုအပ်တယ်။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပေါ့”

ရှုရှင်းက လျှို့ဝှက်ဆန်းကျယ်သလို ပြုံးလိုက်သည်။ အများကြီး မဖော်ပြပေ။

ရှုရှင်း၏စကားကို ကြားသောအခါ ပုရှန်းဝမ်၏ စိတ်ကလည်း သူတို့၏ ကိုယ်ပိုင် အခြေစိုက်စခန်းကို တည်ဆောက်ရန် အလို့ငှာ နေ့အချိန်အတောအတွင်း အုတ်ခဲများရွေ့ နံရံများ တည်ဆောက်ပြီး ညအချိန်တွင်လည်း မီးများထွန်း၍ ဇွန်ဘီများသတ်ကာ ကြွယ်ဝမှုကို ထိန်းသိမ်းနေရသော ပုံရိပ်ကို တွေးမိသွားသည်။ သူက ထိုသို့ တွေးမိသောအခါ ရုတ်တရက် သူ၏ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီးက အလွန်လေးလံသွားသလို ခံစားလိုက်ရသည်။

မူချီမိုင်နှင့် ပုယွမ်ကျိုးတို့၏ အမူအရာကလည်း ပုရှန်းဝမ်နှင့် တူသည်။ သူတို့အားလုံးကလည်း လေးလံလွန်းသော တာဝန်ယူစရာကြီးကို တွေးမိသွားပြီး ခရီးရှည်ကြီး လှမ်းရအုံးမည်ဟု တွေးမိကြသည်။

“ဟား ဟား ဟား”

ထိုသုံးယောက်က အမျိုးမျိုးပြသနေသော အမူအရာများကို ကြည့်ပြီး ရှုရှင်းက အော်ရယ်သည်။ ရှုရှင်းက ရယ်ရလွန်းသဖြင့် ဗိုက်ပင် အောင့်လာသည်။ သို့သော် အရယ်မရပ်နိုင်ပေ။ သူမက ထိုသုံးယောက်၏ပုံစံကို ကြည့်လေလေ ရယ်စရာ ကောင်းသည်ဟု ခံစားရလေလေ ဖြစ်သည်။

သူတို့ သုံးယောက်ကလည်း ရှုရှင်းက မည်သည့်အရာကို ရယ်နေမှန်း နားမလည်နိုင်ပေ။ တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

******

All Chapters