အခန်း ၁၆၇
Vol. 17 Ch. 167
167 01
အပိုင်း (၁၆၇)
ခေါင်းသုံးလုံးမြွေက လုပ်သော ဆူညံသံကို ကျေးဇူးတင်ရပေမည်။ မြေပြင်တွင် ကြီးမားသော ကွဲအက်ကြောင်းရာကြီးက ပေါ်လာပြီး လူသားများနှင့် ဇွန်ဘီများအား တူညီသော ထိတ်လန့်မှုကို ပေးသည်။ လူသားများက ဉာဏ်ကောင်းသည်။ ထို့ကြောင့် ရှောင်နိုင်၏။ ဇွန်ဘီများက ဉာဏ်မကောင်းကြပေ။ ထိုသို့ဖြင့်ထိုကွဲအက်ကြောင်းရာကြီးက ဇွန်ဘီများအတွက် ကြီးမားသောထိတ်လန့်မှု ဖြစ်သွားသည်။
ပတ်ဝန်းကျင် ကွဲအက်ကြောင်းရာများ၏ အကူအညီကတဆင့် ရှုရှင်းတို့အဖွဲ့ကလည်း ယာယီလုံခြုံသော နေရာကို ရှာတွေ့သွားသည်။
လွန်ကဲလွန်းသောအန္တရာယ်မှ ထွက်ပြေးခဲ့ရသည့် အတွေ့အကြုံမျိုးကြောင့် သူတို့၏ တင်းကြပ်နေသော သွေးကြောများကလည်း ပြေလျော့သွားချိန်တွင် ရုတ်တရက် မောပန်းနွမ်းနယ်လာသည်။
“ဇွန်ဘီတွေ လုံးဝမရှိတာဆိုတော့ ဒီနေရာက တော်တော်လေးလုံခြုံတယ်။ ဒီနေရာမှာပဲ နားရအောင်”
ယန်မော့ကလည်း အားလုံး၏ မျက်လုံးထဲမှ နွမ်းနယ်မှုများကိုမြင်သည်။ ထို့ကြောင့် သူသည် စိတ်စွမ်းအားကို ဖြန့်ကျက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သည်။
ယန်မော့၏စကားကို ကြားမှသာ ရှုရှင်းက နေရာလပ်နယ်မြေထဲမှ ကျားဖြူနှင့် နှင်းဝံပုလွေတို့ကို ထုတ်လိုက်သည်။ သူတို့လေးယောက်၏ အရွယ်အစားကလည်း အဆင့်တက်လာသည်နှင့်အမျှ ပိုကြီးလာသည်။
အဆင့်လေးသို့ ရောက်ရှိသွားပြီးနောက် သူတို့၏ အရွယ်အစားက တော်တော်လေး ကြီးလာသည်။ ထို့ကြောင့် သူတို့၏ ကျောပေါ်တွင် လူနှစ်ယောက် တစ်ခါတည်းလဲရန် လုံလောက်နေသည်။
ရှုရှင်းနှင့် ယန်မော့တို့က ရှောင်ပိုင်၏ ကျောပေါ်တွင် လဲနေပြီး တာ့ပိုင်ကို ပုယွမ်ကျိုးကို ပေးထားသည်။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း သူတို့၏ အသီးသီးသော ကလေးများ၏ ကျောပေါ်တွင် လဲနေသည်။
ကျားဖြူနှင့် နှင်းဝံပုလွေတို့ ရှိသောကြောင့် ရွက်ဖျင်တဲထိုးရန် အခြားသော နည်းလမ်းမျိုးနှင့် အိပ်စက်ရန် စသဖြင့် အခြေအနေမျိုးဖြင့် ဒုက္ခများရန် မလိုအပ်ချေ။ အရေးပေါ်အခြေအနေမျိုးသာ ရှိလျှင်လည်း ကျားဖြူနှင့်နှင်းဝံပုလွေတို့က သူတို့ကို အရင်ခေါ်ပြေးနိုင်သည်။ ထို့ကြောင့် ပြဿနာ မရှိပါပေ။
“အင်း လုံးဝကို နူးညံ့အိစက်နေတာပဲ။ သက်တောင့်သက်သာရှိတယ်”
ရှုရှင်းက ရှောင်ပိုင်၏ကျောပေါ်သို့ ပစ်လှဲလိုက်ပြီး သက်တောင့်သက်သာရှိစွာ သက်ပြင်းချသည်။ သူမသည် အမွှေးပွတိရစ္ဆာန်များကို မပွေ့ဖက်ရသည်မှာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့် တော်တော်လေးကို လွမ်းနေသည်။
“သတိထား ပြုတ်ကျမယ်”
ရှောင်ပိုင်၏ ကျောပေါ်သို့ တက်နေသော ယန်မော့ကလည်း ဇနီးလေး၏ ခါးကို အသာဖက်ထားပြီးနောက် ရင်ခွင်ထဲတွင် ပွေ့ထားသည်။ ဒီနည်းအားဖြင့် ပြုတ်မကျအောင် ထိန်းထားသည်။
“ငါသိပါတယ် မကျပါဘူး”
ရှုရှင်းက ပါးစပ်ဖြင့် ပြန်ငြင်းသည်။ သို့သော ခန္ဓာကိုယ်ကမူ ရိုးသားသည်။ ယန်မော့၏ ရင်ခွင်ထဲတွင် သက်တောင့်သက်သာ ရှိသော နေရာကို ရှာနေပြီ ဖြစ်သည်။
သူဟာ ခေါင်းကို ငုံ့၍ ရှုရှင်း၏ နဖူးကို အသာနမ်းလိုက်ပြီးမှသာ ရှုရှင်း၏ လက်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ ထို့နောက် အာရုံမတက်ခင်အထိ အိပ်သည်။ အရာအားလုံးကလည်း အကောင်းဆုံးအခြေအနေသို့ ပြန်ရောက်လာသည်။
“မော့ကော ငါတို့ ရှန်းရုန်ချန်းတို့ကို စောင့်ဖို့လိုသေးလား”
167 02
မနက်စာစားပြီးနောက် ရှန်းရုန်ချန်းတို့က ပေါ်မလာကြောင်း တွေးမိလေရာ ပုယွမ်ကျိုးကလှည့်ပြီး မေးသည်။
“မလိုဘူး သူတို့ သေလားရှင်လားတောင် မသိဘူး။ သူတို့ကို စောင့်ရင်း အချိန်ဖြုန်းစရာလည်း မလိုဘူး။ Hမြို့ကို တိုက်ရိုက်သွား”
ယန်မော့က တစ်ခဏခန့် စဉ်းစားပြီးနောက် ခေါင်းကိုခါသည်။
“ငါလည်း ရှန်းရုန်ချန်းတို့နဲ့အတူသွားရတာ မကြိုက်ပါဘူး။ နဂိုအကြံအစည်က ပြောင်းဖို့လိုတယ်။ နောက်မှ အသေးစိတ်ဆွေးနွေးကြမယ်။ အရင်သွားကြတာပေါ့”
ယန်မော့က အောက်ဖက်မှ ရှောင်ပိုင်ကို အသာပုတ်လိုက်သည်။ ရှောင်ပိုင်ကလည်း အတောင်ပံကို ဖြန့်ပြီး အရင်ပြန်သွား၏။ တာ့ပိုင်ကလည်း နံဘေးမှ ကပ်လိုက်သည်။ ကျွိမ်ဖုန်းနှင့် တာ့ယွင်တို့ကလည်း အပြေးလိုက်လာ ကြသည်။
တာ့ပိုင်၏ ကျောပေါ်မှ ပုယွမ်ကျိုးက ပြင်ဆင်ထားခြင်း မရှိလေရာ ရုတ်တရက် ပြုတ်ကျလုနီးပါးဖြစ်သွားသည်။ ထို့ကြောင့် တာ့ပိုင်၏ကျောပေါ်သို့ ပြန်ကုန်းလိုက်ရင်း အမွှေးကို တင်းတင်းကြပ်ကြပ် ကိုင်ထားရသည်။ လက်ကို လွှတ်လိုက်သောအခါ သူ၏ လက်ထဲတွင် ဖြူဖွေးသော အမွှေးလက်နှစ်ဆုပ်စာ ပါသည်။ ထို့နောက် ပြန်လည်ငုံ့ကြည့်လိုက်သောအခါ ယခုလေးတင် သူလှမ်းဆွဲလိုက်သော နေရာက အမွေးတော်တော်ကျဲသွားသည်။
ပုယွမ်ကျိုးက လက်ကို တိတ်တဆိတ် ယမ်းခါလိုက်သည်။ ထို့နောက် ကောင်းကင်းကို ကြည့်သည်။ ထို့နောက် မြေပြင်ကို ပြန်ကြည့်၏။ ဘာမှ မဖြစ်သကဲ့သို့ ဟန်ဆောင်သည်။
တာ့ပိုင်ကလည်း သူ့ကျောသူ နားမလည်သလို ကြည့်သည်။
ထူးဆန်းလိုက်တာ ရုတ်တရက် ကျောက ကျောစိမ့်သွားသလိုပဲ ဘာဖြစ်တာလဲ…
သူ၏ ကိုယ်ပေါ်တွင် အမွှေးအများကြီး ရှိနေသောကြောင့် တာ့ပိုင်ကလည်း ပုံမှန်မဟုတ်သည့် အခြေအနေကို ချက်ချင်းသတိမထားမိလိုက်ပေ။ ထို့ကြောင့် ဆက်ပြီး လိုက်သွားလိုက်သည်။
ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း တာ့ယွင်နှင့် ကျွိမ်ဖုန်းတို့၏ လှုပ်ရှားမှုကို မျှော်လင့်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် နဂိုကတည်းက ခန္ဓာကိုယ်ကို ကျောနား ကပ်ထားလိုက်သည်။ သူတို့က စတင်ကာ ပြေးပြီးမှသာ တည်ငြိမ်စွာနှင့်ထိုင်လိုက်သည်။
******