အခန်း ၁၆၈
Vol. 17 Ch. 168
168 01
အပိုင်း (၁၆၈) H မြို့သို့ရောက်ခြင်း
သူတို့၏ သွားလာရေးယာဉ်ကို ဆုံးရှုံးလိုက်ရသည့်အတွက်ကြောင့် ရှန်းရုန်ချန်းတို့အဖွဲ့သည်လည်း ခြေထောက်ကိုသာ သုံးကာ ခရီးဆက်သွားရသည်။ ပိုဆိုးသည်မှာ သူတို့၏ ရိက္ခာအများစုကို ကားနောက်ဖုံးထဲတွင် ထည့်ထားခြင်း ဖြစ်သည်။ သူတို့က ကားထဲမှ ထွက်ပြေးသောအခါ လူ အရင်ထွက်လိုက်ရသည်။ ပစ္စည်းများကိုပင် မယူနိုင်ခဲ့သေးချေ။ ထို့ကြောင့် တကွဲတပြားစီ ရှိနေသော ရိက္ခာအနည်းငယ်သာ ကျန်တော့သည်။
ရိက္ခာနှင့် သွားလာရေးယာဉ်ကို ဆုံးရှုံးလိုက်ရသောအခါ သူတို့အနေနှင့် H မြို့ကို လုံလုံခြုံခြုံပြန်ရန် အလွန်ခက်ခဲလေသည်။
“အားလုံးပဲ ဝမ်းမနည်းကြနဲ့။ ငါတို့မှာ ကျန်သေးတဲ့ စားစရာက ဒီနေ့အတွက်တော့ လုံလောက်တယ်။ ငါတို့အရှေ့ဖက်ကို မြန်မြန်သွားပြီး အခြားစားစရာတွေ ရှာနိုင်မလားလို့ ကြည့်ရအောင်။ ကံကောင်းမယ်ဆိုရင်တော့ သုံးလို့ရမဲ့ ကားမျိုးဖြစ်မှာပေါ့”
“အင်း ယန်မော့တို့အသင်းက အရမ်းတစ်ကိုယ်ကောင်းဆန်တယ်။ သူတို့က သူတို့အသက်ဘေးက လွှတ်အောင်ပဲ ထွက်ပြေးချင်တာ။ ငါတို့အသက်ကို ဂရုမစိုက်ဘူး။ ငါတို့က ဒီလောက် အဝေးကြီးလာပြီး သူတို့ကို လာကြိုတာလေ။ သူတို့က ကျေးဇူးမသိတတ်ပါဘူး”
လူတစ်ယောက်က အထွန့်တက်သည်။
“ကောင်းပြီ အခုလောကက ဘယ်လိုဖြစ်နေလဲ မသိဘူးလား။ အခြားသူတွေကို မှီခိုလို့မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့နဲ့မှ မသက်ဆိုင်တာ။ သူတို့က ငါတို့အပေါ်လည်း ဘာတာဝန်ယူစိတ်မှ ရှိမှာလည်း မဟုတ်သလို တာဝန်ယူပေးဖို့ တာဝန်လည်း မရှိဘူး။ မင်းတို့က တောင်ကို မှီခိုရင် တောင်က ပြိုသွားနိုင်သေးတယ်။ လူကို မှီခိုမယ်ဆိုရင် လူက ထွက်ပြေးအုံးမှာ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် မှီခိုမှ ရလိမ့်မယ်”
ရှန်းရုန်ချန်းက သူတို့၏ အထွန့်တက်စကားကို ဖြတ်ပြောသည်။
ပြောရမည်ဆိုလျှင် သူသည်လည်း ယန်မော့တို့၏ အပြုအမူကို အနည်းနှင့်အများ သဘောမကျဖြစ်သည်။ သို့သော် သူသည်လည်း တစ်ဖက်သော သူများ၏ အပြုအမူက မမှားယွင်းမှန်းလည်း နားလည်သည်။ ယန်မော့တို့က ပုံမှန်မဟုတ်သော အခြေအနေကို ဖုံးကွယ်ထားခဲ့လျှင် သူတို့က ရှင်သန်နိုင်မလားဆိုသည့်အချက်က မေးခွန်းထုတ်စရာ ဖြစ်သည်။
မည်သူကမှ ဘာကိုမှ မပြောကြတော့ပေ။ ရှန်းရုန်ချန်းက ခေါင်းဆောင်ဖြစ်သည်နှင့်အမျှ အများစုက ကမ္ဘာကပ်ဘေး စဖြစ်ချိန်ကတည်းက သူ့နောက်မှ လိုက်လာကြသူများဖြစ်သည်။ ထို့ကြောင့် သူပြောသောစကားကို နားထောင်သည်။ အစောပိုင်းက အထွန့်တက်ခဲ့သော သူကလည်း ခေါင်းကို ငုံ့လိုက်သည်။ သို့သော် သူ၏ မျက်လုံးထဲတွင် အငြိုးတရားကို မြင်နိုင်သည်။
မနက်စာကို အစောတလျှင်စားပြီးနောက် ရှန်းရုန်ချန်းတို့အဖွဲ့က H မြို့သို့ စတင်ကာ ထွက်လာခဲ့ကြသည်။
ကျားဖြူနှင့် နှင်းဝံပုလွေတို့က တောင်တန်းနှင့် တောအုပ်ကို ဖြတ်သန်းကာ သွားလာနေကြပြီ ဖြစ်သည်။ လမ်းမှ အနှောက်အယှက်များက သူတို့အတွက် ကိတ်မုန့်စားသလောက် လွယ်သည်။ ထို့ကြောင့် ရှေ့သို့သွားသည့် အရှိန်နှုန်းကလည်း လမ်း၏ ဝရုန်းသုန်းကားအခြေအနေကြောင့် အရှိန်လျော့သွားခြင်းပင် မရှိတော့ပေ။ ပုံမှန်ထင်ပင် မြန်ဆန်နေသေးသည်။
ထို့ကြောင့် သူတို့သည်လည်း လမ်းခရီးတွင် ကားမမောင်းတော့ဘဲ တိုက်ရိုက်ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ဇွန်ဘီ သလင်းအမြူတေကိုမူ မမေ့လျော့ခဲ့ပေ။ သူတို့က လမ်းတောက်လျှောက် တွေ့သမျှ ဇွန်ဘီတိုင်းကို အလွတ်မပေးတတ်ချေ။ မကြာခဏဆိုသလိုပင် ဇွန်ဘီများပေါများသော နေရာကို အထူးတလည် ရှာကာ စုဆောင်းတတ်သေးသည်။ ထိုသို့ဖြင့် ထိုအကွာအဝေးကို တစ်လနီးပါး အချိန်ယူရသည့် အရာမှ လဝက်တည်းနှင့် ရောက်သွားသည်။
“ကျွတ်ကျွတ် ကျွတ် H မြို့က ကမ္ဘာကပ်ဘေးမတိုင်ခင်က တော်တော်လေးကို စည်ကားတဲ့မြို့ဆိုတဲ့အတိုင်းပဲ အခြေစိုက်စခန်းကတောင်မှ လုံခြုံမှု အပြည့်ပေးနိုင်တယ်”
ပုရှန်းဝမ်က သူ၏ အရှေ့မှ လုံခြုံရေးအခြေစိုက်စခန်းကို မြင်သောအခါ သက်ပြင်းကို ချသည်။
ထိုအခြေစိုက်စခန်းက သံမဏိ သံပြားကြီးနှင့်တူသည်။
168 02
လုံခြုံရေးအခြေစိုက်စခန်း၏ အပြင်ဘက်နံရံကလည်း မီတာနှစ်ဆယ်နီးပါးမြင့်သည်။ အပြင်ဘက်ဆုံးအလွှာကလည်း အရေပျော်ထားသော သံမဏိကို ခပ်ထူထူလောင်းထားသောကြောင့် အလွန်အမင်း ခိုင်မာသည့်ပုံရသည်။ အနည်းဆုံး အဆင့်သုံးအောက်မှ ဇွန်ဘီများက ထိခိုက်အောင် မလုပ်နိုင်ပေ။
“အင်း တကယ်ကို အကြီးအကျယ်ဆောက်ထားတာပဲ။ မင်းတို့ကသာ ရေတွက်ကြည့်မယ်ဆိုရင် တစ်တိုင်းပြည်လုံးမှာ H မြို့ကပဲ ဒီလိုမျိုးလုပ်နိုင်လောက်တယ်”
နံရံပေါ်မှ သတ္ထုအထူနှင့် အခြေစိုက်စခန်း၏ ဝန်းကျင်ကို အကဲခတ်ပြီးနောက် ရှုရှင်းကပင် မှင်သက်သွားသည်။ သူမ၏ နေရာလပ်နယ်မြေထဲတွင် သိုလှောင်ထားသော ပစ္စည်းများက လုံးဝ ပြီးပြည့်စုံသည်။ သို့သော် လေးလံသော သတ္ထုများမရှိပေ။
သူမသည်လည်း အစပိုင်းကတည်း နေရာလပ်နယ်မြေ၏ တတိယအထပ်တွင် လုံခြုံမှု အခြေစိုက်စခန်းရှိသောကြောင့် တည်ဆောက်ရန် မလိုသည့်အချက်ကို ထည့်တွက်ခြင်းအားဖြင့် အများကြီး မသိုလှောင်ထားခဲ့ပေ။ သို့သော် သူမသည် မနေနိုင်ဘဲ သက်ပြင်းချမိသည်။ သို့သော် အားမကျမိပါပေ။ မည်သို့ပင်ဆိုစေ သူမတို့၏ အခြေစိုက်စခန်းက ပို၍ကောင်းမွန်ပြီ လုံခြုံမည်ဖြစ်သည်။ နေရာလပ်နယ်မြေ၏ တတိယအလွှာမှ အခြေစိုက်စခန်းကလည်း လုံးဝပြီးပြည့်စုံသည့် ခုခံရေးစနစ်နှင့် လုံခြုံရေးဒိုင်းပါ ရှိသေးသည်။
H မြို့သို့ ပထမဦးဆုံးအကြိမ် ရောက်လာသောအခါ သူတို့သည်လည်း တန်းစီပြီး စာရင်းသွင်းရန် လိုအပ်သည်။ ထိုအခါမှသာ ဝင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူတို့သည်လည်း ကားကို ပြောင်းစီးလိုက်ပြီး စိတ်စွမ်းအား ပညာရှင်အတန်းတွင်သာ တင်ရပ်၍ တန်းစီလိုက်သည်။ ထို့နောက် သိပ်မကြာခင် သူတို့၏ အလှည့်ဖြစ်သည်။
“နာမည်”
“ယန်မော့”
“ယန်မော့ဟုတ်လား”
စာရင်းသွင်းသည့် အလုပ်လုပ်နေသော ဝန်ထမ်းကလည်း တအံ့တဩကြည့်သည်။ ထို့နောက် ရောက်လာသော သူများကို သေချာကြည့်သည်။ တစ်ဖက်သောသူက ဝန်ထမ်းအဖွဲ့ဝင်များအားလုံးကို ခွဲဝေပေးထားသော ဓာတ်ပုံထဲမှ ပုံနှင့်တူကြောင်းမြင်သောအခါ အားလုံးက စိတ်လှုပ်ရှားသွားကြသည်။
“ခေါင်းဆောင်ယန် မင်းနောက်ဆုံးတော့ ရောက်လာပြီပေါ့။ ခေါင်းဆောင်ယန်က မင်းကို စောင့်ခိုင်းထားတာ တော်တော် ကြာပြီ။ အခုပဲ ယန်မိသားစုရဲ့ ခေါင်းဆောင်ကို ခေါ်သွားပေးမယ်”
“အင်း စာရင်းသွင်းဖို့ကရော”
သူ၏ တုန့်ပြန်မှုကို မြင်သောအခါ ယန်မော့ကလည်း နားလည်လိုက်သည်။ သူဟာ မျက်ခုံးပင် ပင့်လိုက်ပြီး တစ်ဖက်သူ၏ စကားကို သဘောတူလိုက်သည်။ မည်သို့ပင် ဆိုစေ သူတို့က H မြို့သို့လာသည်မှာ ယန်ချွယ်ကို တွေ့ရန် ဖြစ်သည်။ ထို့ကြောင့် အနှေးနှင့်အမြန် တွေ့ရတော့မည် ဖြစ်လေရာ စောတွေ့၍လည်း ပြဿနာမရှိပေ။ မည်သို့ပင်ဆိုစေ ရှောင်၍ မရပေ။
“ရတယ်။ ငါတို့ နောက်မှ မင်းတို့ရဲ့ အသင်းဝင်တွေကို လာပြီး မေးမြန်းတော့မယ်။ အခုလောလောဆယ် ယန်မိသားစုရဲ့ ခေါင်းဆောင်ကို တွေ့ဖို့ခေါ်သွားပေးမယ်”
ဝန်ထမ်းက အလွန်အမင်းနွေးထွေးကာ ပျူငှာသည်။ အစောပိုင်း အပြုအမူမျိုးနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။
“အင်း လမ်းပြ”
ယန်မော့က ရှုရှင်း၏ လက်ကို ကိုင်ပြီး ဝန်ထမ်း၏ဘေးမှ ကပ်လျှောက်သည်။ အနောက်ဖက်မှ နေ၍ ပုရှန်းဝမ် ပုယွမ်ကျိုးနှင့် မူချီမိုင်တို့က လိုက်လာသည်။
ပုရှန်းဝမ် : ယန်ချွယ်က တကယ်ကို မြေခွေးအိုကြီးပဲ။ သူ့ရဲ့ လက်အောက်ငယ်သားတွေကို ဓာတ်ပုံတွေ ခွဲထားတာဖြစ်မယ်။ ဒါမှ ငါတို့ ရောက်လာတာ သူတို့မသိတဲ့ အခြေအနေမျိုးကို ရှောင်နိုင်မှာ
မူချီမိုင် : ဒါကတင် ယန်ချွယ်ရဲ့ H မြို့က အဆင့်အတန်းကို သိနိုင်တယ်။ မြို့ဂိတ်မှာတောင် သူ့လူတွေ ရှိနေတာလေ။ ငါတို့ သတိထားရမယ်။ အထူးသဖြင့် ယွမ်ကျိုး မင်းက ယန်ချွယ်နဲ့ အဆက်အသွယ်လုပ်ဖူးတာ မဟုတ်ဘူးဆိုတော့ သတိထား။
ပုယွမ်ကျိုး : သိပြီ ငါ လုပ်မယ်
ပုယွမ်ကျိုး၏အတွင်းစိတ်ထဲမှ အတွေး : ငါဘာလို့ အထင်သေးခံရတယ်လို့ ခံစားမိနေတာလဲ။ သူက အလွယ်တကူ အရူးလုပ်ခံပြီး တွေ့ကရာလူနောက်ကို လိုက်မဲ့လူလား
168 03
ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကသာ သူ၏ အတွင်းစကားကို ကြားမည်ဆိုလျှင် “သေချာပေါက် လိုက်မှာပေါ့…” ဟု ဖြေလောက်သည်။
သူ့ကို ရှုရှင်းက အလွယ်တကူ ပြန်ပေးဆွဲခဲ့သည့်အချက်ကို စဉ်းစားကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်လုံး၏ စိတ်ထဲတွင် ပုယွမ်ကျိုးက ဝဖီးနေသော သိုးဖြစ်သည်။
လိုက်ပို့ပေးသော ဝန်ထမ်းကလည်း ကမ္ဘာကပ်ဘေးကာလ မတိုင်ခင်က အနေအထားမျိုးနှင့် လုံးဝ မခြားနားသည့် အဆင့်အတန်းမြင့်သော စံအိမ်ကြီးထံသို့ ခေါ်သွားပေးသည်။
တံခါးဝတွင် လူတစ်ယောက်က သူတို့ကို အသင့်စောင့်နေမည် ဖြစ်သည်။
ထို့ကြောင့် တစ်စုံတစ်ယောက်က အရင်လာရောက် အကြောင်းကြားထားမှန်း သိနိုင်သည်။
“အိမ်တော်ထိန်းကျန်း ငါ လူခေါ်လာပြီ”
စံအိမ်တံခါးဝမှ လူကို မြင်လိုက်သည်နှင့် ဝန်ထမ်းကလည်း အရှေ့ဘက်သို့ ခပ်မြန်မြန်လျှောက်လာကာ လေးလေးစားစားပြောသည်။
“အင်း မင်းလုပ်တာတော်တယ် ဒီမှာ မင်းရဲ့ဆုလာဘ်”
အိမ်တော်ထိန်းကျန်းဟုခေါ်သော သူက အိတ်ကပ်ထဲမှ အဆင့်နှစ်သလင်းအမြူအတေ သုံးလုံးကို ထုတ်လိုက်ပြီး တစ်ဖက်သူကိုပေးသည်။
“ကောင်းပြီ ကောင်းပြီ ဒါဆိုရင် ငါသွားတော့မယ်”
ဝန်ထမ်းကလည်း ဆုကို ယူပြီးသည်နှင့် ပျော်ရွှင်စွာ ထွက်သွားသည်။
ဝန်ထမ်းက ထွက်သွားပြီးသည်နှင့် အိမ်တော်ထိန်းကျန်းက ထိုနေရာတွင် ရပ်နေကာ ပြောသည်။
“မင်းက သခင်လေး ယန်မော့ ထင်တယ်။ သခင်က အထဲမှာ စောင့်နေတယ် ငါ့နောက်က လိုက်ခဲ့”
ထိုသို့ ပြောပြီးသည်နှင့် ထိုသူက ယန်မော့တို့၏ တုန့်ပြန်မှုကိုပင် မစောင့်ဘဲတစ်ဖက်သို့ လှည့်ကာ အတွင်းသို့ဝင်သွားသည်။ ယန်မော့တို့ကို အလေးအနက်ပင် မထားပေ။
“ဟွန့်”
ယန်မော့က အေးစက်စွာ နှာခေါင်ရှုံ့သံနှင့်အတူ ပြင်းထန်သော စိတ်စွမ်းအားလှိုင်းကလည်း ဖြာထွက်လာကာ အရှေ့မှ လျှောက်နေသော အိမ်တော်ထိန်းကျန်းကို တိုက်ရိုက်ပင် ဆွဲချကာ မြေပြင်သို့ ပစ်ကပ်ပစ်လိုက်သည်။
******