အခန်း ၁၈၀
Vol. 18 Ch. 180
180 01
အပိုင်း (၁၈၀) အကာအကွယ်စက်ကွင်းရဲ့ အသုံးပြုပုံအသစ်
ဟစ် ဟူး….
ဇွန်ဘီအုပ်လိုက်ကြီးဟာ တစ်စုံတစ်ရာ၏ဆွဲဆောင်မှုကို ခံရပုံရပြီး ဦးတည်ရာဖက် တစ်ခုတည်းသို့ ရူးသွပ်စွာ ဝင်ရောက်နေသည်။ တစ်စုံတစ်ယောက်ကသာ အမြင့်ပိုင်းမှ ငုံ့ကြည့်လိုက်မည်ဆိုလျှင် ထိုဇွန်ဘီများ လိုက်နေသည်မှာ ဒရုန်းလေးနှစ်ခုဖြစ်ကြောင်း မြင်ရပေမည်။ အပေါ်တွင်လည်း လတ်ဆတ်သော ဝက်သားတစ်တုံးစီ တင်ထားပြီး သွေးများက တစက်စက် ကျနေ၏။ ထိုဒရုန်းများက အမြင့်ပိုင်းမှ ပျံလိုက် အနိမ့်ပိုင်းမှ ပျံလိုက် လုပ်နေသည်။ တစ်ခါတစ်ရံတွင် မြန်သွားသည်။ တစ်ခါတစ်ရံတွင် နှေးသွားသည်။ ထိုသို့ဖြင့် ထိုဇွန်ဘီများ အပြေးလာရန် မျှားနေသည်။
ယန်မော့နှင့်ပုယွမ်ကျိုးတို့က ဒရုန်းတစ်ခုစီကို ကိုင်တွယ်နေခြင်းဖြစ်သည်။ နှစ်ယောက်လုံးက စိတ်စွမ်းအားပညာရှင်များ ဖြစ်သည်။ နှစ်ယောက်လုံး၏ စိတ်စွမ်းအားကိုလည်း ဖြန့်ကျက်ထားနိုင်သည်။ ထို့ကြောင့် ဇွန်ဘီများ၏ အခြေအနေကို အချိန်တိုင်း စောင့်ကြည့်နေနိုင်လေရာ ထောင်ချောက်ထဲသို့ တက်တက်ကြွကြွ ဝင်လာစေရန် ကွက်တိဖမ်းဆုပ်နိုင်ပေလိမ့်မည်။
မူချီမိုင်၊ ပုရှန်းဝမ်နှင့် ရှုရှင်းတို့ကမူ ပတ်ဝန်းကျင်တွင် အရေးပေါ် အခြေအနေများ မဖြစ်အောင် စောင့်ကြပ်ရန် တာဝန်ယူထားရသည်။
“ဘယ်လိုထင်လဲ။ ငါ့ရဲ့နည်းလမ်းက အချိန်ကုန်သက်သာတယ်မလား”
ရှုရှင်းက သူမ၏ ခေါင်းလေးကို မော့ရင်း ဂုဏ်ယူစွာ ပြောသည်။
“အိုး အရမ်းတော်တယ်။ ဒီနည်းလမ်းက ဇွန်ဘီတွေကို တကယ်ကို ဆွဲဆောင်နိုင်တာပဲ။ ဇွန်ဘီတွေများတဲ့ နေရာကို သွားဖို့ အချိန်ကျပြီ”
ပုရှန်းဝမ်ကပင် ရှုရှင်းကို လက်မထောင်ပြသည်။
ဒရုန်းကို ထိန်းချုပ်ရန် အာရုံစိုက်ထားသော ယန်မော့ကလည်း နှစ်ယောက်၏ စကားကို ကြားပြီး နှုတ်ခမ်းများက ကော့တက်သွားသည်။
“3…2…1 သွား”
ယန်မော့က တိတ်တဆိတ် ရေတွက်ပြသည်။ သူတို့က ထိုသို့ပြောလိုက်သည်နှင့် နှစ်ယောက်လုံးက ထိန်းချုပ်သော ရီမုတ်ပေါ်မှ အနီရောင်ခလုတ်ကို တန်း၍ နှိပ်လိုက်သည်။ မြေပြင်မှ ဇွန်ဘီ အုပ်ကြီးက ရုတ်တရက် ပျောက်သွား၏။ နောက်မှ လိုက်လာသော ဇွန်ဘီများကလည်း တွင်းထဲသို့ ကျသွားကြသည်။ အောက်ဖက်မှ မီးတောက် ဝုန်းကနဲ ထတောက်သည်။
ရှုရှင်းက ရှောင်ပိုင်ကို စီးရင်း ချဉ်းကပ်သွားသည်။ လေထံတွင် ဝဲပျံနေသေးသော ဒရုန်းကိုလည်း နေရာလပ် နယ်မြေထဲသို့ ထည်သိမ်းလိုက်၏။ ထို့နောက် သူမ၏ သဘာလွန်စွမ်းအားများထဲမှ ပထမတစ်မျိုးကို အရင်ထုတ်လွှင့်လိုက်ခြင်းအားဖြင့် ထိုမီးတောက်လောင်နေသောတွင်းကြီး တစ်ခုလုံးကို အုပ်ပစ်လိုက်သည်။ ထိုသို့ဖြင့် ထိုမီးတောက်နှင့် တွင်းကြီးတစ်ပတ်လည်လုံးကို ထိန်းချုပ်ထားပြီးသားဖြစ်သည်။ အကာအကွယ်စက်ကွင်း အပြင်ဘက်မှ အပူချိန်ကိုပင် မခံစားရတော့ချေ။ သိပ်မကြာခင်ကမှ ရှုရှင်းသည် အပြင်လျှောက်သွားရင်း ပျင်းလာသောအခါ အထူးစွမ်းရည်ကို သုံးပြီး ဇွန်ဘီများအပေါ် ပြောင်းပြန်သက်ရောက်မှုမျိုး ရမရ စမ်းသပ်ကြည့်ခဲ့သည်။ မမျှော်လင့်ထားစွာပင် သူမသည် အကာအကွယ်စက်ကွင်း၏ နောက်ထပ် အသုံးဝင်ပုံ နည်းလမ်းတစ်မျိုးကို ရှာတွေ့ခဲ့သည်။
အကာအကွယ်စက်ကွင်းအား ထိုဇွန်ဘီများပေါ်သို့ ပြောင်းပြန်အနေဖြင့် ပြန်တင်ပေးလိုက်သည့်အခါ အတွင်းဘက်မှ အသံများအားလုံးကို ပိတ်ဆို့သွာပြီး ဇွန်ဘီများကလည်း အပြင်သို့ မထွက်လာနိုင်တော့ချေ။ သူတို့သည် ကြည်လင်သော ဖန်တစ်ထပ်ဖြင့် အအုပ်ခံထားရသကဲ့သို့ ဖြစ်လာ၏။ သဘာဝလွန်စွမ်းအားပညာရှင်များကလည်း အလားတူသာ ဖြစ်သည်။
“ဒီတစ်သုတ်မှာ ဇွန်ဘီက တော်တော်လေးများတယ်။ အင်း…သူတို့ကို လုံးဝ လောင်ကျွမ်းသွားစေဖို့ တစ်နာရီတော့ ကြာမယ်ထင်တယ်”
ပုယွမ်ကျိုးကလည်း တွင်းထဲမှ ပြာအဖြစ် ပြောင်းနေသော ဇွန်ဘီများ၏ အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ ဦးနှောက်ကို လျှင်မြန်စွာလည်ပတ်ကာ တွက်ချက်ပေးသည်။
“တစ်နာရီက ကြာတယ်။ အခြားအထူးစွမ်းရည်ရှိတဲ့သူတွေ ဒီနားက ဖြတ်သွားမှာကို ကြောက်ရတယ်။ ရှန်းဝမ်၊ ချီမိုင် မင်းတို့နှစ်ယောက် အချင်းချင်းပူးပေါင်းပြီး မီးတောက်ရဲ့ အပူချိန်ကို မြှင့်လိုက်”
ယန်မော့က တစ်ခဏခန့် စဉ်းစားပြီးနောက် ပြောလိုက်သည်။
180 02
“ရှင်းပေါင် ငါတို့ ရိက္ခာတွေ သွားဝယ်တုန်းက လောင်စာထည့်ဝယ်လာသေးတယ်မလား။ အဲဒါလေး နည်းနည်းလောက် ထုတ်လိုက်ပါအုံး”
“အင်း ရတယ်လေ”
ရှုရှင်းကလည်း လိမ်လိမ်မာမာနှင့် စတင်ကာ ရှာပေးသည်။
သူတို့ဝယ်ထားသော ပစ္စည်းများက များလွန်းသည်။ ထို့ကြောင့် ရောနှောနေလေရာ မည်သည့်အရာကို ဝယ်ထားပြီး မည်သည့်အရာကို မဝယ်ထားဘူး ဆိုသည်ကိုပင် မေ့နေတတ်သည်။ သူမက ဝယ်ထားသော ပစ္စည်းများကို နေရာခွဲခဲ့ပြီးနောက် အကန့်ခွဲကာ ထားထားရသည်။ ထိုအခါမှသာ ရှာရလွယ်မည် ဖြစ်သည်။
“တွေ့ပြီ”
ရှုရှင်းက လက်ကို တစ်ချက်ယမ်းလိုက်သောအခါ လောင်စာဗူး ဆယ်ဗူးကျော်ကျော်ကို တွေ့ရသည်။
“ဒါဆိုရင် လုံလောက်လား”
ထိုဗူးများက သာမာန်အရွယ်အစားများ မဟုတ်ပေ။ တစ်ခုချင်းစီတိုင်းက သာမာန်ကတ်ထူပုံး၏ သုံးဆခန့်နီးပါး ကြီးသည်။
“ဒါက လုံလောက်တာထက်ကို ပိုပါတယ်”
ယန်မော့က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ၏ သဘာဝလွန်စွမ်းအားကို သုံး၍ ထိုသေတ္တာများအားလုံးအား မြောက်ပြီး ထိုတွင်းထဲသို့ အရပ်မျက်နှာအနှံ့မှ ပစ်ထည့်လိုက်သည်။
တွင်းထဲမှ မီးတောက်က ဟုန်းကနဲ ထတောက်သည်။ ထို့နောက် အကာအကွယ်စက်ကွင်းကို ထိမိပြီးလျှင် မီးတောက်က တစ်ဖန် ထိုးကျသွားသည်။ အတွင်းမှ ဇွန်ဘီများကလည်း ပို၍မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။
******