← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

183 01

အပိုင်း (၁၈၃) အနီရောင်နားကို နီးလေလေ ရဲလေလေပဲ

အစည်းအဝေးခန်းက တိတ်သွားသည်။ ဖုန်းကျန်းကလည်း သူ၏စိတ်ထဲတွင် ကောင်းကျိုးဆိုးကျိုးကို တွက်ဆနေသည်။ သူ၏နှလုံးသားမှ ကြေးခွံကလည်း ရှေ့ပြန်နောက်ပြန် ယမ်းနေသည်။ သူသည် တစ်ဖက်သူ၏ ပြောစကားကို အပြည့်အဝ မယုံကြည်နိုင်သေးပေ။ သို့သော် ထိုကိစ္စကသာ အောင်မြင်သွားခဲ့လျှင် အကျိုးအမြတ်ရှိမည်မှာ သေချာသည်။

“ခေါင်းဆောင်ယန်က ငါသာ မင်းနဲ့ပူးပေါင်းဖို့ သဘောတူမယ်ဆိုရင် ငါရဲ့ကိုယ်ပိုင်အနာဂတ်က သေချာသွားတဲ့အပြင် ငါ့နောက်ကိုလိုက်တဲ့ မရေမတွက်နိုင်တဲ့ လူပေါင်းများစွာလည်း ရှိလာလိမ့်မယ်။ ခေါင်းဆောင်ယန်ကသာ ငါ့ကို သဘောတူစေချင်ရင် ရိုသားမှုကို ပြရမယ်ဆိုတဲ့ အဓိပ္ပာယ်လား”

“ဒါပေါ့ ပူးပေါင်းမှုဆိုတာက နှစ်ဖက်လုံးသဘောတူမှ ဖြစ်တာ”

ယန်မော့က လက်ထဲမှ ခွက်ကို ချသည်။

“အခြေစိုက်စခန်းရဲ့ ခေါင်းဆောင်က ဒီလောက် အများကြီး ပြောနေမှတော့ ငါကလည်း ငါတို့ရဲ့ပူးပေါင်းမှုမှာ ငါ့ရဲ့ရိုးသားမှုကို ပြသတဲ့အနေနဲ့ ငါအခု ရထားတဲ့သတင်းအချက်အလက်အချို့ကို ပြောပြပေးမယ်”

“နားထောင်နေပါတယ်”

“လွန်ခဲ့တဲ့ နှစ်ဝက်လောက်ကတည်းက အထူးစွမ်းရည်ရှိတဲ့လူတွေက အပြင်ထွက်ပြီး တာဝန်တွေလုပ်တယ်။ အဲဒီနောက် ပျောက်သွားတယ်။ လွန်ခဲ့တဲ့နှစ်လအတွင်းမှ အဆင့်နိမ့်ပိုင်းက အထူးစွမ်းရည်ရှိတဲ့လူတွေက ပိုပြီးအပျောက်များလာတယ်။ ဒါတွေအားလုံးက ယန်ချွယ်နဲ့ သုတေသနကျောင်းက လုပ်တာပဲ”

“ခေါင်းဆောင်ယန်က ဒါက နည်းနည်း ချဲ့ကားလွန်းရာ မရောက်ဘူးလား။ ကမ္ဘာကပ်ဘေးကာလမှာ လူတွေက တာဝန်ထွက်လုပ်တယ်။ နေ့တိုင်းလိုလို သေနေကြတယ်။ ဘယ်လိုကြောင့် သူတို့လုပ်တယ်လို့ သေချာနေတာလဲ”

“ခေါင်းဆောင်ဖုန်း စိုးရိမ်စိတ်မများပါနဲ့။ ငါတို့ ခေါင်းဆောင်ပြောတာကို အရင်နားထောင်ပြီးမှ ဆုံးဖြတ်ချက်ချပါ”

မူချီမိုင်က ဝင်ပြောသည်။

“ပျောက်သွားတဲ့ လူတွေက အခြေခံအားဖြင့် ဘယ်အသင်းမှ မဖွဲ့ထားတဲ့လူတွေ၊ ဘယ်အသင်းကမှ မဟုတ်တဲ့သူ အင်အားက သာမာန်အဆင့်မှာပဲ ရှိတဲ့သူတွေ၊ ဒီလူတွေက ပျောက်ကွယ်သွားတဲ့အခါ တူညီတဲ့အချက်တစ်ချက်ရှိတာကို တွေ့တယ်။: အဲဒီတာဝန်တိုင်းမှာ ယန်မိသားစုက လူတွေ ပေါ်လာတာ။ ဒါမှမဟုတ် ယန်မိသားစုက ထုတ်ပြန်ထားတဲ့ တာဝန်တွေ ဖြစ်နေတာ။ ဒါမှမဟုတ် ယန်မိသားစုက တာဝန်ယူထားတဲ့ တာဝန်တွေ ဖြစ်နေတာ။ ဒါမှမဟုတ်ရင်လည်း အနည်းနှင့်အများဆိုသလို ယန်မိသားစုနဲ့ ပတ်သက်နေတာပဲ”

“သူတို့က လှုပ်ရှားတဲ့ပုံစံနဲ့ သူတို့ ပစ်မှတ်ထားတဲ့သူတွေအပေါ် သုံးသွားတဲ့ နည်းလမ်းက အရမ်းကို ပညာသားပါတယ်။ ဒီလူတွေအားလုံးက အခြေစိုက်စခန်းက အရာရှိတွေအားလုံး အာရုံမစိုက်မယ့် သူမျိုးတွေပဲ။ နောက်ပြီး ပျောက်သွားတဲ့ အရေအတွက်နဲ့ အကြိမ်အရေအတွက်က တိုးသထက် တိုးလာတယ်။ အနာဂတ်မှာ ပိုပြီးဆိုးလာအုံးမှာ။ အဲဒီနောက် အာဏာပိုင်တွေက ဝင်ပါချင်တယ်ဆိုရင်တောင်မှ အခြေအနေကို ထိန်းချုပ်လို့ မရနိုင်တော့ဘူး”

ယန်မော့က ဖုန်းကျန်းကို ပြုံး၍ကြည့်သည်။

ဖုန်းကျန်း၏ ဟန်ချက်ညီစွာ ယမ်းခါနေသော ကြေးခွံက တစ်ဖက်စောင်းသွားသည်။ သူက စိတ်ကို ဆုံးဖြတ်ချက် ချလိုက်သည်။

“ကောင်းပြီ ငါ ဒီပူးပေါင်းမှုကို သဘောတူတယ်။ မင်းကို ကူညီပြီး ယန်မိသားစုကို ကိုင်တွယ်ဖို့ လူလွှတ်လိုက်မယ်။ မင်း အကူအညီလိုအပ်တာရှိရင်လည်း ယန်ပြောင်ကို လာရှာလို့ရတယ်။ သူ မင်းကို ကူညီလိမ့်မယ်”

“ပျော်ရွှင်စရာကောင်းတဲ့ ပူးပေါင်းမှုပါ”

ယန်မော့က လက်ထဲမှ ရေနွေးခွက်ကို မြောက်ပြပြီး တစ်လုတ်တည်း အကုန်သောက်သည်။

သူတို့သည် ထိုအစည်းအဝေးခန်းထဲတွင် ငါးနာရီနီးပါး ထိုင်ကာ ပြောလိုက်ကြသည်။ ထိုသို့ဖြင့် ပူးပေါင်းမှုအားလုံးကို ဆွေးနွေး၍ ပြီးသွားသည်။

183 02

အချိန်တစ်ခုကြာအောင် အာရုံစိုက်ထားရသည့်အခါ သူကိုယ်တိုင်ကလည်း ပင်ပန်းသလို ခံစားရသည်။ ထို့နောက် သူသည် အစည်းအဝေးခန်းထဲမှ ထွက်ပြီး သူတို့၏ နေထိုင်ရာ တိုက်ခန်းသို့ ပြန်သည့်တိုင်အောင် သူ၏စိတ်ထဲတွင် အမျိုးမျိုးသော ထောင်ချောက်ဆင်နည်းလမ်းများက မျောလွှင့်နေသေးသည်။

“ရှင်းပေါင် အာရုံပြန်စိုက်အုံး။ မင်း တောက်လျှောက် စိတ်ကူးယဉ်နေတာ”

ယန်မော့က မျက်လုံးထဲတွင် မေးခွန်းသင်္ကေတများ ပြည့်နှက်နေသော ရှုရှင်းကို လှမ်းဆွဲသည်။ သူဟာ ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

“ဟင် ငါတို့ အိမ်ပြန်ရောက်ပြီလား”

ရှုရှင်းက နည်းနည်း ငေးမှိုင်နေသည်။ သူမက အရှေ့မှ ရင်းနှီးကျွမ်းဝင်သော ပုံစံကို မြင်သောအခါ တိုက်ခန်းသို့ ပြန်ရောက်လာကြောင်းသိလိုက်သည်။

“အာ… ငါ တစ်ညနေလုံး နင်တို့ ပြောတာတွေ နားထောင်နေတာလေ။ ငါ့ရဲ့ ခေါင်းသေးသေးလေးက ပေါက်ကွဲတော့မယ်လို့တောင် ခံစားရတယ်. တဝီဝီတောင် မြည်နေပြီ။ ငါရတဲ့ အချက်အလက်တွေကို မနည်းမြိုချနေရတယ်”

“အချစ် ငါတို့ ပူးပေါင်းတဲ့အချိန်မှာ အသာစီးရထားတယ်လို့ ပြောတာ မှတ်မိပါသေးတယ် ဆိုတော့ ဘယ်အသာစီးရတာလဲ”

“ဖုန်းကျန်းက ဦးနှောက်ကောင်းလို့ အခြေစိုက်စခန်းရဲ့ ခေါင်းဆောင်ဖြစ်နေတာ။ အပေါ်ယံမှာတော့ နှစ်ဖက်လုံးက အများကြီး ရနေတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ ဒီတစ်ညနေမှာ ငါးနာရီလုံးလုံး စိတ်ပိုင်းဆိုင်ရာ အလုပ်ကို လုပ်ထားခဲ့တာ အလဟဿတော့ မဟုတ်ဘူး။ ယွမ်ကျိုးရဲ့စွမ်းရည်က ဘာလဲဆိုတာမမေ့နဲ့”

ထိုစကားကို ကြားသော် ရှုရှင်းကလည်း ယန်မော့နှင့် အခြားသော သူများ၏ မျက်နှာကို ကြည့်သည်။ ထိုအခါ သူတို့အားလုံးက အသာစီးရထားသလို ပြုမူနေကြကြောင်း မြင်ရသည်။

ရှုရှင်းကလည်း ပုယွမ်ကျိုးနှင့် စတွေ့ခဲ့ချိန်က တစ်ဖက်သူက ထင်သလောက် ကောက်ကျစ်မည်ဟု မခံစားခဲ့ရပါချေ။ ဆိုတော့ သူတို့နဲ့ အတူနေတာများလို့ ကောက်ကျစ်သွားတာလား။

ပုယွမ်ကျိုး : တူညီတဲ့ ငှက်မွှေးတွေက ငှက်တစ်ကောင်းတည်းမှာ စုဝေးနေတယ်ဆိုတဲ့ ဖြစ်နိုင်ချေကရော…

တစ်နေ့လုံး ပင်ပန်းနွမ်းနယ်ပြီးနောက် အားလုံးကလည်း လောဘတကြီးစားသောက်ကာ အိပ်ယာဝင်ကြသည်။

ညနက်ပိုင်းတွင် အခြားသော သူများက နှစ်ခြိုက်စွာအိပ်မောကျနေသည်။ အခြားသော သူများကမူ လမ်းပေါ်တွင် လျှောက်ပြေးနေသော ကြွက်များနှင့်တူသည်။

ယန်မိသားစု စံအိမ်နှင့်ဆက်သွယ်ထားသော မြေအောက်လမ်းတွင် လျှို့ဝှက်ခန်းတစ်ခုကို အထူးတလည် ဆောက်ထားသည်။ ထိုအချိန်တွင် ယန်ချွယ်နှင့် တုရွှယ်ဖုန်းတို့က လျှို့ဝှက်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေကြသည်။

“မင်းလည်း ဒီညနေက အဖြစ်အပျက်ကို သတင်းရမယ်လို့ ငါ သေချာတယ်။ အခြေစိုက်စခန်းက လူတွေက ယန်မော့တို့အသင်းကို ပထမဦးဆုံးအကြိမ် ဆက်သွယ်တယ်။ ဒါပေမဲ့ လက်ဗလာနဲ့ ပြန်သွားခဲ့ရတယ်။ အဲဒီနောက် လှုပ်ရှားမှု မရှိဘူး။ ဒါကို ရုတ်တရက်ကြီး ဘာလို့ သူတို့ဆီလာတာလဲ”

တုရွှယ်ဖုန်းက အနက်ရောင် လည်သာဆိုဖာပေါ်တွင် မှီထိုင်နေပြီး လက်ထဲမှ စီးကရက်ကိုလည်း ကိုင်ထားကာ တစ်ရှိုက်ပြီးတစ်ရှိုက် ရှိုက်ဖွာနေရင်း ပါးစပ်မှလည်း မီးခိုးများက တောက်လျှောက်ထွက်နေသည်။ ထို့ကြောင့် အခန်းသေးသေးလေးတစ်ခုလုံးကို မီးခိုးများ ပြည့်သွားသည်။

“အခြေစိုက်စခန်းက လူတွေက သူတို့ကို သူတို့ဘက် ဆွဲသွင်းချင်လို့ သူတို့ကို သွားရှာကြတာ။ ငါ ယန်မော့ကို သိတယ်။ သူတို့က သူ့ကို ဘက်တော်သားအဖြစ် ဆွဲသွင်းချင်တယ်ဟုတ်လား။ ဒါကတော့ ခက်တယ်”

ယန်ချွယ်က လှောင်သည်။

“ယန်မော့တို့က ဒီနေ့ ငါးနာရီတောင် နေခဲ့တာနော်”

တုရွှယ်ဖုန်းက သတိပေးလိုက်သည်။ သူ၏ စီးကရက်ထဲမှ ပြာကိုလည်း ခါထုတ်လိုက်သည်။

“ငါးနာရီမပြောနဲ့ နာရီငါးဆယ်ဆိုရင်တောင်မှ ယန်မော့က ဆန္ဒမရှိသမျှ သူတို့ သူ့ကို ဘယ်လိုမှ ဆွဲသွင်းလို့ မရဘူး”

ယန်ချွယ်ကမူ ယုံကြည်မှု အပြည့်နှင့်ပြောသည်။

183 03

“မင်း သတိတော့ ကပ်ထားသင့်တယ်။ ပေါ့သေးသေး သဘောမထားနဲ့။ မနက်ဖြန် သွားပြီး စုံစမ်းကြည့်လိုက်။ အခုတော့ နောက်ကျနေပြီ ငါအရင်ပြန်တော့မယ်”

တုရွှယ်ဖုန်းက လက်ထဲမှ စီးကရက်ကို ပြာခွက်ထဲသို့ ထည့်လိုက်ပြီး မတ်တပ်ထရပ်ကာ ခြေလှမ်းအနည်းငယ် လှမ်းသည်။ ထို့နောက် ရုတ်တရက် ရပ်တန့်သွားကာ ယန်ချွယ်ကို နောက်လှည့်ကြည့်သည်။

“မနက်ဖြန် ငါ့ကို လူနည်းနည်းပို့ပေးလိုက်”

“လူထပ်ပို့ပေးရမှာလား။ လွန်ခဲ့တဲ့သုံးရက်က အထူးစွမ်းရည်ရှိတဲ့ လူငါးယောက် ပို့ထားတာ မဟုတ်ဘူးလား”

ယန်ချွယ်က မျက်မှောင် ကြုတ်သည်။

“ကျွတ် အရင်တစ်ခေါက်က ပို့ထားတဲ့အဲ့ဒီလူတွေက အရည်အသွေးနိမ့်တယ်လေ။ တစ်သုတ်‌လောက် စမ်းသပ်ပြီးတာနဲ့ သေသွားကြရော၊ သူတို့က နှိပ်စက်မှုဒဏ်ကိုတောင် မခံနိုင်ကြဘူး။ အံ့ဩစရာကောင်းတာက အားလုံးက စွမ်းအားရှင်တွေ ဖြစ်နေတာပဲ။ သူတို့ရဲ့ နောက်ခံက အလဟဿဖြစ်သွားတယ်”

တုရွှယ်ဖုန်းကလည်း စမ်းသပ်မှုပင် မစရသေးခင် သေသွားသော စိတ်စွမ်းအားပညာရှင်များကို ပြန်တွေးမိသွားသည်။ သူ၏ မျက်လုံးများကလည်း လှောင်ပြောင်လိုစိတ်များ ပြည့်နှက်လာသည်မှာ သူပြောနေသည်မှာ လူသားများမဟုတ်ဘဲ ပုရွက်ဆိတ်သာသာ အသုံးမကျသော အကောင်များကို ပြောနေသည်နှင့်ပင် တူသည်။

“ဒါပေမဲ့ အခုတလောစမ်းသပ်မှုတွေ လုပ်ရင် သတိထားနော်။ ဒီအချိန်အတောအတွင်းမှာ စွမ်းအားရှင်တွေ အမြောက်အများ ပျောက်နေတာဆိုတော့ အခြေစိုက်စခန်းက သံသယဝင်လာလောက်တယ်။ အခုအနေအထားအရ ထိပ်တိုက်ရင်ဆိုင်လို့ မရသေးဘူး”

“အခြေစိုက်စခန်းမှာစိတ်စွမ်းအား ပညာရှင်တွေ အများကြီး ရှိနေတာပဲ။ ဒီထက် ပိုယူလိုက်ရင်တောင်မှ ပြဿနာမရှိသေးဘူး။ ဒီအတိုင်းသာ ဆက်လုပ်စမ်းပါ။ မင်းကသာ ရှာတွေ့သွားမှာကို တကယ်ကြောက်နေရင် အခြေစိုက်စခန်းက လူတွေကို လုပ်လို့ ရမှာတောင် မဟုတ်ဘူး။ အပြင်ဘက်က လူတွေကိုပဲ ယူရမှာပေါ့ ဟုတ်တယ်မလား ဘာပဲဖြစ်ဖြစ် ဘယ်လိုနည်းလမ်းကိုပဲ သုံးသုံး ငါရရင် ပြီးတာပဲ”

လက်တွေ့စမ်းသပ်မှုနှင့် ပတ်သက်လာသောအခါ တုရွှယ်ဖုန်းက အခြားသော အချိန်က ပြောနေချိန်ကကဲ့သို့ ပျင်းရိလေးတွဲနေခြင်း မရှိပေ။

“အင်း ငါသိပြီ။ ငါ အပြင်ဘက် အထီးကျန် စွမ်းအားရှင်တွေ ရှိမလားလို့ ရှာကြည့်ထားလိုက်မယ်”

ယန်ချွယ်ကလည်း မျက်မှောင်ကို စိုးရိမ်တကြီး ကြုတ်သည်။ သူ၏ စိတ်ထဲတွင် နောင်တပင် ရလာသည်။

သူသည်လည်း တုရွှယ်ဖုန်းအား စမ်းသပ်ခံပစ္စည်းများ ထောက်ပံ့ပေးမည်ဆိုသော ကတိပေးခဲ့ခြင်းအား နောင်တရလာသည်။ သူသည်ပင် တစ်ဖက်လူ၏ စမ်းသပ်လိုစိတ်က ကြီးမားမည်ဟု မထင်ထားမိပေ။ သူသည် ယခုတလော လူပေါင်းများစွာ လာတောင်းနေ၏။ နောက်ဆုံးတစ်ခေါက်ကနှင့် ထပ်ပေါင်းခဲ့သော် အစမှအဆုံးအထိ ပို့ထားခဲ့သော လူအရေအတွက်က တစ်ရာကျော်နေပြီ ဖြစ်သည်။

ယန်ချွယ်သည်လည်း တုရွှယ်ဖုန်း ယခင်တစ်ခေါက်က သူ့ကို ပြသခဲ့သော လက်တွေ့စမ်းသပ်မှုရလဒ်အကြောင်းကို တွေးမိလိုက်သည်။ သူသည်ပင် အန်ချင်စိတ် ပေါက်လာကာ လက်တွေ့စမ်းသပ်ခန်းထဲမှ ခပ်မြန်မြန် ထွက်သွားလေသည်။

******

All Chapters