အခန်း ၁၉၆
Vol. 20 Ch. 196
196 01
အပိုင်း (၁၉၆) အနက်ရောင်ဝတ်စုံ
တိုက်ပွဲက တစ်နာရီနီးပါးကြာသည်။ နှစ်ဖက်လုံးကလည်း ပြင်းထန်သော ဆုံးရှုံးမှုများနှင့် ဖြစ်သည်။ လက်နက်တိုက်နားရှိ အမြင့်တစ်နေရာတွင် အလောင်းများ ထပ်နေသည်။ အချို့သော အလောင်းများက အထူးစွမ်းအားရှိသော သူများ၏အလောင်းများဖြစ်ပြီး အချို့သောအလောင်းများက မျိုးရိုးဗီဇပြောင်းလဲထားသော တိရစ္ဆာန်များ အပင်များ၏ အလောင်းများဖြစ်သည်။ အားလုံးက ပုံထပ်နေကြသည်။
အချို့သော အကြောင်းပြချက်များကြောင့် ထိုအပင်များ တိရစ္ဆာန်များသည် တိုက်ခိုက်မှုကို ယာယီအားဖြင့် ရပ်တန့်သွားပြီး နောက်ဆုတ်သွားကြသည်။ ကျန်သော စိတ်စွမ်းအားများက လက်နက်တိုက်ဖက်သို့ တဖြည်းဖြည်း ပြန်ဆုတ်လာကာ အသက်ရှူချိန် ရသွားသည်။
လူအရေအတွက်ကို ရေတွက်ပြီးနောက် စွမ်းအားရှင် တဝက်ကျော်က ဆုံးရှုံးသွားခဲ့ကြောင်းကို သိလိုက်သည်။ ကျန်သော လူအယောက်လေးဆယ်ကျော်ကလည်း အမျိုးမျိုးသော ဒဏ်ရာများနှင့်ဖြစ်သည်။ စွမ်းအားရှင်များ၏စွမ်းအားနှင့် သူတို့၏ အင်အားကလည်း အကန့်အသတ်သို့ပင် ရောက်သွားသည်။ ကံကောင်းသည်မှာ ထိုအကောင်များက ဆက်လက်ပြီး မတိုက်ခိုက်ကြတော့ပေ။
ယန်ရင်ယီက သူ၏ လူများအား ဒဏ်ရာရသောလူများထံသို့ ဆေးနှင့် ရိက္ခာများကို ပို့ပေးခိုင်းလိုက်သည်။ ထိုအချိန်တွင် လက်နက်တိုက်ကြီးတစ်ခုလုံးက ပတ်တီးစည်းသံ၊ စားသောက်သံများနှင့်သာ ပြည့်နှက်နေလေသည်။
ယန်မော့တို့အဖွဲ့တွင် ပုယွမ်ကျိုးကသာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည်။ သူ၏ အထူးစွမ်းရည်က ရှုရှင်းနှင့်တူသည်။ ထို့ကြောင့် သူ့တွင် တိုက်ခိုက်နိုင်စွမ်းရည် မရှိပေ။ သူသည် ယောက်ျားရင့်မာကြီးတစ်ယောက်အနေဖြင့် အခြားသော သူများ၏ အကာအကွယ်အောက်တွင် တစ်ချိန်လုံး မနေချင်ပေ။ ထို့ကြောင့် သူသည် သူ၏ ရုပ်ပိုင်းဆိုင်ရာအင်အား ကုန်ခမ်းသွားသည့်အထိ အခြားသောသူများနှင့်အတူ တိုက်ခိုက်ခဲ့သည်။
“ကျွတ် ကျွတ် ကျွတ် ဒီဒဏ်ရာကို ကြည့်အုံး လက်မောင်းတောင် ပြတ်တော့မယ်။ မင်းရဲ့လက်မောင်းမရှိဘဲ အနာဂတ်မှာ လက်တွေ့စမ်းသပ်မှုတွေ ဘယ်လိုလုပ်မလဲဆိုတာကို ကြည့်ရအောင်”
ပုရှန်းဝမ်က ခပ်တိုးတိုးရေရွတ်ရင်း ပတ်တီးစည်းပေးနေသည်။ ရှုရှင်းကလည်း ပုယွမ်ကျိုး၏ မျက်နှာသေနှင့် မျက်နှာပေါ်မှ စိတ်ပျက်အားငယ်မှုကို မြင်နိုင်သည်။
“အား…”
အများရှေ့တွင်မှု ရှုရှင်းက သူမ၏အထူးစွမ်းအားကို သုံးကာ မကုသပေးရဲချေ။ သူမ၏ အလင်းကုသခြင်းက ကုသသောအခါ အဖြူရောင်အလင်းများ ထွက်တတ်သည်။ ထို့ကြောင့် မှေးမှိန်သော လက်နက်တိုက်ထဲတွင် လမ်းလျှောက်နေသော မီးသီးကြီးနှင့်တူသည်။ ထိုအတွက်ကြောင့် အခြားသောသူများ သတိမထားမိစရာ အကြောင်းမရှိပေ။
အပြင်ဘက်မှ သားရဲများနှင့် အပင်များက မည်သည့်အချိန်တွင် ထပ်ပြီးတိုက်ခိုက်မည်ကို မသေချာသည့်အခါ အားလုံးကလည်း အချိန်ကို အမိအရယူပြီး အင်အားကို ပြန်ဖြည့်နေရလေသည်။
အင်အားနည်းနည်း ပိုရလေလေ သဘာဝလွန်စွမ်းအား နည်းနည်း ပိုရလေလေ ဖြစ်ပြီး ရှင်သန်ရန် မျှော်လင့်ချက် များလေလေ ဖြစ်သည်။
ရှုရှင်းက ယန်မော့၏ ဒဏ်ရာကို ပတ်တီးစည်းပေးရင်း သူ၏လက်မောင်းကို ဖက်ကာ ပခုံးပေါ်မှီကာ နားသည်။ ထို့နောက် နားနားကပ်ကာ ခပ်တိုးတိုးပြောသည်။
“ယောကျ်ား…အခုလေးတင် ပေါ်လာတဲ့ အဲဒီအပင်တွေနဲ့ တိရစ္ဆာန်တွေ နောက်ဆုတ်သွားပြီးတဲ့နောက်မှာ ငါ့ရဲ့နှလုံးသားထဲက မသက်မသာ ဖြစ်တဲ့စိတ်က ပိုပြီး ပြင်းထန်လာတယ်။ ငါ နည်းနည်းစိုးရိမ်တယ်”
“ငါ ရှိတယ်”
ယန်မော့က ရှုရှင်း၏လက်ကို ခပ်တင်းတင်းကိုင်သည်။ သူ၏ မျက်လုံးထဲတွင် အနီရောင် အလင်းက လက်သွား၏။ သူ သူ့ရဲ့ ရှင်းပေါင်ကိုသူ့ဆီကနေ ဘယ်တော့မှ ယူခွင့်ပြုမှာ မဟုတ်ဘူး လုံးဝပဲ။
နာရီဝက်ခန့်ကြာပြီးနောက် အပြင်မှ တိရစ္ဆာန်များက တိုက်ခိုက်မည့် လက္ခဏာ မပြလာသေးပေ။ ထို့ကြောင့် ယန်ရင်ယီကလည်း ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူတို့နှင့်အတူ ခေါ်လာသောသူများအား လက်နက်တိုက်ထဲမှ ပစ္စည်းများကို သိမ်းယူစေသည်။
196 02
အတွင်းထဲသို့ ဝင်ရောက်လာပြီးမှ လက်နက်တိုက်က မည်မျှကျယ်ကြောင်း မြင်လိုက်ရသည်။ ထိုနေရာသည် စတုရန်မီတာ သုံးရာကျော်ကျော်ခန့် ကျယ်သော နေရာကြီးဖြစ်သည်။ ဂူကလည်း သုံးမီတာခန့်မြင့်၏ အတွင်းမှ လက်နက်ပူများက သူမ၏ နေရာလပ် နယ်မြေမှ လက်နက်များနှင့်နှိုင်းယှဉ်ကြည့်သော် သမုဒ္ဒရာထဲမှ ရေစက်နှင့်ပင် တူသည်။ ထို့ကြောင့် သူမ၏တပ်မက်စိတ်ကို မဆွဲဆောင်နိုင်ပေ။
သို့သော် အခြားသော သူများကမူ အစောပိုင်းတိုက်ပွဲတွင် သူတို့၏ အသင်းဖော်အမြောက်အများကို ဆုံးရှုံးထားရသည်။ ထို့ကြောင့် သူတို့သည်လည်း အခြေစိုက်စခန်းမှ လူများကို စိန်ခေါ်နိုင်စွမ်းရည် မရှိကြတော့ပါပေ။ လောဘကြီးလျှင်ပင် လောဘကြီးပြီး ရထားသော အရာများကို သုံးဖြုန်းနိုင်စွမ်းရည် ရှိရပေမည်။ အနည်းဆုံး အသက်ရှင်နေရန် လိုအပ်သည်။
ယန်ရင်ယီက လူများကို ခေါ်ကာ ပစ္စည်းများ သိမ်းခိုင်းနေသောအခါ မည်သူကမှ ဘာကိုမှ မပြောကြဘဲ ဒီအတိုင်းသာ ကြည့်နေကြသည်။
အပြင်ဘက်တွင်…
တောင်တန်းနှင့် တောအုပ်ထဲမှ အပင်များနှင့် တိရစ္ဆာန်များသည်လည်း အလွန်အမင်း ရွံ့စရာကောင်းသော အရှိန်အဝါတစ်ခုက ချည်းကပ်လာမှန်း သတိထားမိလေရာ ခံစားရမိသည်နှင့်ကြောက်လန့်ကာ ထွက်ပြေးသွားကြသည်။
ထိုပုံရိပ်က အနက်ရောင် ခြုံလွှာကြီးနှင့် ပတ်ထားသည်။ ခေါင်းအစ ခြေအဆုံးမည်သည့်အ ရေပြားမှ ပေါ်မနေခဲ့ပေ။ သူ၏ ခန္ဓာကိုယ်အနေအထားအရ သူသည် သန်မာ အင်အားကြီးပုံ မရပေ။ အနီးကပ်ကြည့်ရှုလျှင် ထိုခန္ဓာကိုယ်က ဖြောင့်မတ်နေခြင်း မရှိဘဲ ကျောက ကုန်းနေကြောင်း မြင်နိုင်သည်။ လှုပ်ရှားမှုများကလည်း တောင့်တင်းမှုများကို ဖော်ထုတ်ပြသနေသည်။
သူ၏ အနက်ရောင် ဝတ်ရုံ အောက်ဖက်မှ ဖြာထွက်လာသော အနက်ရောင် အငွေ့များက အနီးအနားမှ ဆင့်ကဲပြောင်းလဲထားသော အပင်နှင့်တိရစ္ဆာန်များကို ရွံရှာကာ ကြောက်ရွံ့စေသည်။
ထိုသူက သူ၏ကိုယ်ပိုင် အရှိန်နှုန်းနှင့်တင် လက်နက်တိုက်၏ တံခါးနားသို့ ရောက်လာသည်။ နောက်ဆုံးတွင် ကြီးမားသော ဝတ်ရုံအောက်မှ ဖုံးကွယ်ထားသော မျက်နှာကို တဖြည်းဖြည်း မြောက်လိုက်သည်။
******