← Chapters

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း ၂၀၀

Vol. 20 Ch. 200

200 01

အပိုင်း (၂၀၀)

ယန်မော့က လက်ကို မြောက်ပြီး ရွက်ဖျင်တဲနားတွင် အကာအကွယ်ကို ချထားလိုက်ပြီးမှသာ သူတို့၏စကားကို မည်သူမှ ချောင်းနားမထောင်နိုင်အောင် ကာလိုက်သည်။

“မင်းရဲ့သာမာန် မျက်စိနဲ့တော့ ဘာကိုမှ မမြင်ရဘူး။ ဒါပေမဲ့ စိတ်စွမ်းအားကို သုံးပြီး စစ်ဆေးကြည့်လိုက်တာ တစ်ခုခုမှားနေတာကို ရှာတွေ့လိုက်တယ်။ သူ့ရဲ့ အဆင့်က ထင်သလောက် မမြင့်ဘူး။ သူ့ရဲ့ အင်အားက အင်အားသုံးပြီး အမြင့်ခံထားရတဲ့ပုံပဲ။ ဒါကြောင့် ငါတို့ ပူးပေါင်းအားထုတ်လည်း အလွယ်တကူ မသတ်နိုင်တာပေါ့”

“သူ့ရဲ့ အင်အားအပြင် နားလည်ရအခက်ဆုံးက ငါ့ရဲ့ စိတ်စွမ်းအားကိုသုံးပြီး စစ်ဆေးကြည့်လိုက်တဲ့အခါ ထွက်လာတဲ့ အနက်ရောင်အငွေ့တွေပဲ။ သာမာန်မျက်လုံးနဲ့တော့ မမြင်ရဘူး”

ထိုသို့ပြောပြီးနောက် ယန်မော့က တစ်ခဏခန့် ရပ်တန့်သွားသည်။ ထိုအရာကို မည်သို့ ဖော်ပြသင့်ကြောင်း စဉ်းစားနေသည်။

ပုယွမ်ကျိုးက အလွန်အမင်း စောင့်ကြည့်နိုင်စွမ်းရည် ကောင်းမွန်သူ ဖြစ်သည့်အလျှောက် ယန်မော့၏ စကားကို ဝင်ပြောသည်။

“အနက်ရောင်စွမ်းအင်က တစ်ခုခုမှားနေလို့လား”

“အင်း ငါ့ရဲ့စိတ်စွမ်းအားက အနက်ရောင် စွမ်းအင်ကိုထိလိုက်တဲ့အချိန်မျာ အရမ်းဆိုးရွားတဲ့ ခံစားချက်ရတယ်။ မဲမှောင်ပြီး တွန့်လိမ်နေတာ အေးစက်ပြီး အေးခဲမတတ်ဘဲ သွေးသံရဲရဲနဲ့စေးကပ်တဲ့ခံစားချက်က မျက်နှာကို လာရိုက်သလိုပဲ”

ယန်မော့က အတတ်နိုင်ဆုံးစကားကို ရွေးသုံးသည်။ ရှုရှင်းကလည်း ထိုခံစားချက်ကို ပုံဖော်ကြည့်ပြီး တုန်ယင်သွားကာ ကိုယ့်လက်မောင်းကိုယ် ပြန်ဖက်ထားလိုက်သည်။

“အင်း…ရွံစရာပဲ။ တာ့ပိုင်တို့ အနက်ရောင်ဝတ်စုံနဲ့တိုက်ခိုက်တဲ့အချိန်မှာဖော်ပြတဲ့ ရွံရှာမှု ကြောက်ရွံ့မှုပုံစံကတဆင့် နောက်ပြီး ငါတို့ကို တိုက်ခိုက်နေတဲ့ အကောင်တွေ ရုတ်သိမ်းသွားတာကတဆင့် ဒီအနက်ရောင်ဝတ်စုံနဲ့ ဇွန်ဘီက သာမာန်မဟုတ်ဘူးဆိုတာ သိနိုင်တယ်”

ယန်မော့က တိတ်သွားသည်။

“နောက်ပြီး ကိစ္စတစ်ခုရှိသေးတယ်။ ရှင်းပေါင်က အဲဒီအနက်ရောင်ဝတ်စုံနဲ့ ဇွန်ဘီ သူမဆီလာတာလို့ ယုံကြည်နေတယ်”

???

“ဘာ”

“ဘာလို့လဲ”

လူတိုင်းက အလွန်အံ့ဩသွားသည်။ သူတို့ကလည်း ရှုရှင်းကို ကြည့်ကြ၏။

“ရပ်…ရပ် ရပ် ငါ့ကို ဘာလို့ လာကြည့်တာလဲ။ ငါက တိရစ္ဆာန်ရုံထဲက မျောက်မဟုတ်ဘူးနော်။ သူ ဘာလို့ ငါ့ကို ဖမ်းချင်မှန်းလည်း ငါမသိဘူး ဟုတ်ပြီလား”

ရှုရှင်းက မျက်နှာကိုလက်ဖြင့် အုပ်ပြီး ကျယ်လောင်စွာ သက်သေထူသည်။

“အဟမ်း”

အားလုံးကလည်း ချောင်းဟန့်ရင်း အကြည့်လွဲလိုက်ကြသည်။

“အဲဒီ အနက်ရောင်ဝတ်စုံနဲ့ဇွန်ဘီနဲ့ ပတ်သက်တဲ့ အကျိုးအကြောင်းမသင့်တဲ့ ကိစ္စတွေကတဆင့် သူ့ရဲ့ဇစ်မြစ်က မရိုးရှင်းဘူးဆိုတာ ဖော်ပြတယ်။ ဒါပေမဲ့ သူအရင်ကတော့ မပေါ်လာဖူးသလိုပဲ။ ဆိုလိုတာက သူ့ရဲ့နောက်က အင်အားစုက လှုပ်ရှားဖို့မသင့်လျော်လို့ ဒါက ငါတို့ရဲ့ အခွင့်အရေးပဲ”

ယန်မော့က လက်ကို မြောက်လိုက်ပြီး ရှုရှင်း၏ခေါင်းကို အသာပုတ်သည်။ သူ၏ မျက်လုံးထဲမှ အလင်းက အသာလက်သွားသည်။

“အဲဒီ နောက်ကွယ်က အင်အားစုရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် အရေးအကြီးဆုံးအချက်ကတော့ ဘာက သူတို့ကို ရှုရှင်းကို အာရုံစိုက်စေတာလဲ။ ဘာက သူတို့ရဲ့ အာရုံစိုက်မှုနဲ့ထိုက်တန်လဲဆိုတာကို သိအောင် လုပ်ရမယ်”

လူအားလုံးထဲတွင် မဟာဦးနှောက်ရထားသော ပုယွမ်ကျိုးက အမြန်ဆုံးတုံ့ပြန်ပြီး ကွက်တိ ဖမ်းဆုပ်လိုက်မိသည်။

200 02

“အင်း ဒါပေမဲ့ ငါကတော့ငါနဲ့ ပတ်သက်ပြီး ဘာက ထူးခြားလဲမသိပါဘူး”

ရှုရှင်းက သက်ပြင်းချသည်။

“သဘာဝလွန်စွမ်းအား”

စက္ကန်အနည်းငယ်ကြာပြီးနောက် လူလေးယောက်လုံးက တစ်ပြိုင်နက်တည်းပြောသည်။

ရှုရှင်း : ???

“သူမရဲ့ သဘာဝလွန်စွမ်းအားဖြစ်နိုင်ချေ အရမ်းမြင့်တယ်။ အစပိုင်းကတည်းက ရှင်းပေါင်ရဲ့သဘာဝလွန်စွမ်းအားက သာမာန်လူတွေနဲ့ ခြားနားပြီးသား။ သူမရဲ့ သဘာဝလွန်စွမ်းအားက ငါတို့လို တစ်မျိုးတည်းမဟုတ်ဘူး။ အရင်က လုံးဝမပေါ်ဖူးတဲ့ အမျိုးအစားလိုပဲ ထူးခြားနေတာ”

“ရှင်းပေါင်ရဲ့အစောပိုင်းစွမ်းရည်တွေကလည်း အနည်းနဲ့အများ ထူးခြားနေတာ။ ဒါပေမဲ့ အခြားသူတွေ တပ်မက်လောက်တဲ့ အဆင့်အထိ မဟုတ်ဘူး။ ဒါပေမဲ့ အဆင့်လေးကို ရောက်ပြီးတဲ့နောက်မှာ အသစ်နိုးထလာတဲ့ အဲဒီ အလင်းကုစားခြင်းက သလင်းအမြူအတေထဲက ဇွန်ဘီဗိုင်းရပ်ပိုးကိုတောင် သန့်စင်နိုင်တာက ဒါက တအားအင်အားကြီးလွန်းတယ်”

“ဒါပေမဲ့ ငါတို့ ဒီစွမ်းရည်ကို ဘယ်သူ့ကိုမှ မပြောပြဖူးဘူး”

ပုရှန်းဝမ်က သံသယအပြည့်နှင့်ပြောသည်။

“အင်း ငါတို့ ရှင်းပေါင်ရဲ့ ထူးခြားတဲ့ အထူးစွမ်းရည်တွေကို အပြင်လူတွေကို ပြောပြလို့ မရဘူး။ အနက်ရောင်ဝတ်စုံနဲ့ ဇွန်ဘီရဲ့နောက်ကွယ်က အဲဒီ အင်အားစုက ဒီစွမ်းရည်ကို ထောက်လှမ်းနိုင်တဲ့ နည်းလမ်း ရှိနေလိမ့်မယ်”

ယန်မော့က ထပ်ပြောသည်။ သူ၏ အသံက တင်းမာနေသည်။

******

All Chapters